Chapter5
Viewers 545


အခန်း (၅) : အတူတကွ စီးနင်းခြင်း


သူ့ကို ပွေ့ချီထားသည့် လက်က သားကောင်ကို မြင်းပေါ်ပစ်တင်လိုက်သည့် စစ်သည်တော်အလား သူ့ကို မြှောက်ကာ မ,တင်လိုက်သည်။ ချိုးပေါ်သုန့်က အလန့်တကြား အော်ဟစ်လိုက်မိကာ၊ ဆင်နှာမောင်း၏ ဆွဲခေါ်ခြင်းကိုလည်းခံလိုက်ရပြီး အခင်းထူထူပေါ်သို့ ရောက်သွား၏။ ထိတ်လန့်တကြားဖြစ်နေဆဲတွင် သူ၏ခေါင်းစွပ်က ကျွတ်သွားလေရာ တိုက်ခတ်လာသော လေအေးကြောင့် ပို၍ပင် ထိတ်လန့်တုန်လှုပ်သွားလေတော့သည်။ 


....ဘာအလှတရားလဲ....ဘာကိုညင်သာတာလဲ...

အကုန်လုံးအတုအယောင်တွေပဲ!

အဖေတူ သားပဲ!


အမွေးရှည်ဆင်ကြီး ရှားအာလူကတော့ သူ၏မကျေနပ်ချက်တွေကို လုံးဝသတိမထားမိပေ။ သူက သူ့သခင်ပြန်သယ်လာသည့် အထူးတိုက်ပွဲနိုင်လက်ဆောင်ကို တော်တော်လေးစိတ်ဝင်စားနေပုံရပြီး သူ၏နှာမောင်းရှည်ကြီးနှင့် ချိုးပေါ်သုန့်၏ပခုံးကို အဆက်မပြတ်လာတို့နေ၏။ ချိုးပေါ်သုန့်က ၎င်းကိုတွန်းထုတ်လိုက်သော်လည်း ပြန်ရောက်လာပြီး နောက်ဆုံးတွင် လက်ကောက်ဝတ်ကို လာရစ်ပတ်ကာ သူ့လက်ကိုဆွဲယူသွားလေသည်။ 


ချိုးပေါ်သုန့်က စိတ်ဆိုးမာန်ဆိုးနှင့် 

“ငါ့ကိုလာမရှုပ်နဲ့....”


တိုးညှင်းသောအသံတစ်သံထွက်လာ၏။ 


သူ့လက်ဖမိုးက သစ်သားနှင့်သွားရိုက်မိသွားသည်။ 


သစ်သား

ပြား.....?


ချိုးပေါ်သုန့်က အံ့အားသင့်စွာ ခေါင်းလှည့်လိုက်၏။ 


လတ်စသတ်တော့ အမွေးရှည်ဆင်ကြီးက ကျောပေါ်မှာ ထမ်းစင်တစ်ခုသယ်ထားတာကိုး။ 


၎င်းက ထမ်းစင်ထက်စာလျှင် သစ်သားအိမ်ငယ်လေးနှင့်ပိုတူလေ၏။ အမွေးရှည်နှင်းဆင်က အလွန်တရာကြီးမားလှသောကြောင့် မုန်တိုင်းဒဏ်ကို ခံနိုင်ရည်ရှိရန် သူ့ပခုံးပေါ်ကနေ ခပ်စောင်းစောင်းလေး ဆင်းသွားသည့် တောင်စောင်းတစ်ခုလိုမျိုး အိမ်လေးကို တပ်ဆင်ထားခြင်းပင်ဖြစ်၏။ သစ်သားအိမ်ငယ်လေးက ဆင်ကြီး၏ကျောစောင်းပေါ်တွင် နားခိုလျက်ရှိပြီး မြင့်မားသောပခုံးနှင့်လည်ပင်းတို့က မုန်တိုင်းဒဏ်မှ ကာကွယ်ပေး‌နေ၏။ အရှေ့ဘက်ကုန်းနှီးကတော့ လည်ပင်းပေါ်၌ ရှိလေသည်။ 


အမွေးရှည်ဆင်ကြီးရှားအာလူက ချိုးပေါ်သုန့်၏လက်ကို လွှတ်ပေးလိုက်ပြီး သူ့နှာမောင်းထိပ်နှင့် ထမ်းစင်တံခါးကို ခေါက်လျက်....။


သူ့ကို အထဲဝင်ဖို့ တိုက်တွန်းနေ၏။ 


ချိုးပေါ်သုန့်က နှုတ်ခမ်းကိုတင်းတင်းစေ့လိုက်ပြီး အောက်ဆင်းကာ ဆင်ကြီး၏ကုန်းနှီးကို တင်းတင်းဆုပ်ကိုင်လိုက်သည်။ ကုန်းနှီးက အထဲသို့ခွက်ဝင်နေပြီး နည်းနည်းမတ်စောက်နေသော်လည်း ဆင်ကြီး၏နှာမောင်းက သူ့ဘက်ကိုဆန့်တန်းလာပြီး အလိုအလျောက်ပင် လှေကားလက်ရန်းအဖြစ် ဆောင်ရွက်ပေးနေ၏။  ချိုးပေါ်သုန့်၏ ဒူးခေါင်းက သစ်သားအိမ်ငယ်၏ အကာအရံနှင့်ထိမိသွားသောအခါ ဆင်နှာမောင်းရှည်ရှည်ကြီးက ကျွမ်းကျင်စွာကွေးညွတ်လာပြီး သူ့ကို တံခါးကူဖွင့်ပေးလာလေသည်။ 


...တကယ်တော့ သူက အင်မတန်ကိုမှ လှပပြီး တော်တော်လေးသိမ်မွေ့ပါ၏။ 


ချိုးပေါ်သုန့်က ကျေးဇူးတင်စကား ခပ်တိုးတိုးဆိုလိုက်၏။ 


ပြောပြီးသည်နှင့် သူက သစ်သားအိမ်ငယ်လေးထဲ ကမန်းကတန်းပြေးဝင်သွားသည်မှာ တစ်ခုခုက သူ့နောက်လိုက်နေသည့်အတိုင်းပင်။ 


အဖြူရောင်လေပြင်းသည် အမွေးရှည်ဆင်ကြီး၏ ထူထဲသောခြေလက်အင်္ဂါများကို ဖြတ်တိုက်သွားလေသည်။ ရှားအာလူက သူ၏ ကွေးတက်ပြီး အူကြောင်ကြောင်အပြုံးသဏ္ဌာန်ရှိသည့် ဆင်စွယ်တို့ကိုခါယမ်းကာ ကောင်းကင်ယံသို့ခေါင်းမော့လျက် တိုးညှင်းစွာအော်လိုက်တော့၏။ 


ရှစ်ဝူလော့က တစ်ချက်လှမ်းကြည့်လိုက်သည်။ 


တောင်ဆိတ်နှင့်သမင်တို့က တောင်ကြားထဲမှ ထွက်လာကြချေပြီ။ ဤနေရာထိခရီးနှင်လာကြသည့် အမွေးရှည်ဆင်ကြီး တစ်ရာကျော်ရှိပြီး သူတို့က နေရာဖြန့်ကြက်လိုက်ကြကာ ရှည်လျားကျဉ်းမြောင်းသည့် စက်ဝိုင်းသဏ္ဌာန်ပုံဖော်လိုက်သည်။ ရှားအာလူမှဦးဆောင်သည့် အသန်မာဆုံးအမွေးရှည်ဆင်ကြီး တစ်ဒါဇင်ကျော်လောက်က အရှေ့မှလျှောက်သွားပြီး ကျန်သည့်ဆင်များက တစ်ဖက်တစ်ချက်စီတွင်ရှိနေကြကာ ၎င်းတို့မှာ ဖြည်းဖြည်းချင်းရွေ့လျားနေသည့် တောင်တန်းများနှင့်ဆင်တူလေ၏။ 


လေနှင့်နှင်းတို့က တိုးမဝင်လာနိုင်တော့ပေ။ 


ထူလဲ့လူမျိုးများက အမွေးရှည်ဆင်တန်းကြီးများ၊ တောင်ဆိတ်နှင့်သမင်အုပ်များကို ပြန်လှည့်လာရန် ညွှန်ကြားသည့်အနေဖြင့် အချိန်ခပ်ကြာကြာလေး လေချွန်လိုက်သည်။ 


လေချွန်သံသည် တက်လိုက်ကျလိုက်ဖြင့် လေပြင်းတစ်ချက်တိုက်ခတ်လာတိုင်း ရှေးဟောင်းသံစဉ်သဖွယ်ဖြစ်နေတော့သည်။ 


ပြင်ဆင်မှုများ ပြီးစီးလုနီးပါးတွင် ထူလဲ့မျိုးနွယ်စုဝင်ဖြစ်သည့် ကျာ့ရှီးက နတ်ဆရာအကြီးအကဲနှင့်ဆွေးနွေးရန် ရောက်လာ၏။ သူ လျှောက်လာနေစဉ် ရုတ်တရက်မှာပင် ရှစ်ဝူလော့က လေးကိုဆွဲထုတ်လိုက်ပြီး နှင်းတောင်ကြား၏ ဘယ်ဘက်ခြမ်းရှိ တောင်ထွတ်ဆီ အလင်းကဲ့သို့အလျင်ဖြင့် မြားတစ်စင်းပစ်ခတ်လိုက်လေ၏။ 


ထူလဲ့စစ်သည်တော်အားလုံး သတိနိုးကြားသွားကြ၏။ တချို့က လေးကိုကိုင်ထားကြပြီး တချို့ကတော့ ဓားကိုဆုပ်ကိုင်ထားကြသည်။ 


အမွေးရှည်ဆင်များသည်ပင် ခေါင်းငုံ့ပြီး ဆင်စွယ်တွေကို လှစ်ဟပြလာကြသည်။ 


စည်ကားဆူညံနေခဲ့သည့် ဆီးနှင်းပြင်ဟာ ယခုချိန်တွင် တောဆိတ်နှင့်သမင်တို့၏ အဆက်မပြတ်နှာမှုတ်သံနှင့် လေတဝေါဝေါတိုက်သံတို့သာ ကြားရတော့၏။


“နတ်ဆရာအကြီးအကဲ...” 

ကျာ့ရှီးက ရှားအာလူရှိရာကို ကြည့်လိုက်ပြီးနောက် တောင်ထွတ်ရှိရာဘက်ကို ချီတုံချတုံနှင့် သံသယအကြည့်တို့ဖြင့် ကြည့်လိုက်၏။ 


ရှစ်ဝူလော့သည် ခေါင်းခါလိုက်ရင်း အဝေးက နှင်းတောင်ကြားကိုချိန်ထားသည့် သူ့လေးကို ဖြည်းဖြည်းချင်းရွှေ့လိုက်သည်။ 


“သွားကြမယ်”


…………………………


နောက်ဆုံးသော အမွေးရှည်ဆင်ကြီး၏အရိပ်က နှင်းလမ်းကြောင်းအကျယ်ကြီးထဲ ပျောက်ကွယ်သွားလေပြီ။ နှင်းတွေက တောင်စောင်းမှလျှောကျသွားစဉ် လူတော်တော်များများ၏ပုံရိပ်တွေက ထွက်ပေါ်လာ၏။ သူတို့အားလုံးက ဖရိုဖရဲဖြစ်နေပုံပေါ်ပြီး အဝတ်များကလည်း စုတ်ပြဲနေသည်မှာ အလယ်ပိုင်းလွင်ပြင်ဝတ်စုံအဖြစ် မမှတ်မိလုနီးနီးပင်။ အေးခဲနေသော ရာသီဥတုကတောင် သူတို့ကို ချွေးစေးအနှံ့ပြန်လာစေ၏။ 


“ကိုး‌ယောက်မြောက်အကြီးအကဲရို့ ဒါ ခင်ဗျားပြောတဲ့ ‘လုံးဝဖော်ထုတ်ခံရမှာမဟုတ်ဘူး’ ဆိုတာလား?”


သူတို့ထဲမှတစ်ယောက်က ဖြူဖပ်ဖြူရော်မျက်နှာနှင့် တိုးညှင်းစွာ ဒေါသတကြီးပြောလာ၏။ 


သစ်သားမြားတစ်စင်းက သူတို့ရှေ့ရှိ ကျောက်တုံးတစ်တုံးပေါ်တွင် စိုက်ကျနေလျက်။ 


အနက်ရောင်ငှက်မွေးနဲ့ သစ်သားမြား!


သူမတ်တပ်ရပ်လိုက်ချိန် တခြားလူတွေ၏မျက်နှာက အအေးဒဏ်ကြောင့် ပြာနှမ်းနေသော်လည်း စကားပြောလာသူကတော့ ဖြူဖျော့နေ၏။ သူက ထိုကျောက်တုံးတွင် လှဲနေခဲ့တာဖြစ်ပြီး သစ်သားမြားက သူ၏ လည်ပင်းကိုရှပ်တိုက်သွားပြီး မြေကြီးပေါ်စိုက်ကျသွားခဲ့သည်။


သူ့ကိုယ်ပေါ်မှာရှိသည့် အဆောင်ကြောင့်သာမဟုတ်ရင် အခုချိန် သူသေသွားလောက်ပြီ!


ထိုသို့ဆိုလျှင်တောင် မြားဖြတ်သွားသည့်အရှိန်ကြောင့် သူ့လည်ပင်းပေါ်တွင် သွေးထွက်နေသည့် ဟက်တက်ကွဲရာအရှည်ကြီး ပေါ်လာသေးသည်။ 


“ကိုး ယောက်မြောက်အကြီးအကဲရို့” ဟုခေါ်သည့် အမျိုးသားက လက်ထဲတွင် ရှေးဟောင်းကြေးမျက်နှာဖုံးကို ကိုင်ဆောင်ထားပြီး သူက ထပ်တူညီစွာပင် အံ့အားသင့်ပြီး မရေမရာဖြစ်နေလေ၏။


သို့ပေမဲ့ တစ်စုံတစ်ယောက်က သူ့ကို မေးခွန်းထုတ်လာသည့်အခါ သူက ချက်ချင်းပင် ရက်စက်ကြမ်းကြုတ်သောလေသံဖြင့် ပြောလိုက်၏။ “တကယ်လို့ ကျုပ်ရဲ့ သားရဲနတ်ဘုရားမျက်နှာဖုံးကြောင့်သာမဟုတ်ရင် ခင်ဗျားလည်ပင်းက ပြတ်ရှရာနဲ့ပဲ ပြီးသွားမယ်ထင်နေလား?”


“ဒါဆိုလည်း ဒီမြားအကြောင်းကို ခင်ဗျားဘယ်လိုရှင်းပြမလဲ?” 

ဂိုဏ်းခေါင်းဆောင်လော်က သရော်လိုက်သည်။ 


နှစ်ယောက်သား အငြင်းပွားကြတော့မည်ကို မြင်လိုက်ရသောအခါ ဖြူရော်ရော်မျက်နှာနှင့် ပညာရှင်က ကြားဝင်ဖျန်ဖြေလာ၏။

“ဒီတစ်ခေါက်တော့ ကောလာဟလတွေကို အတည်ပြုနိုင်သွားပြီ... သားရဲနတ်ဘုရားရဲ့ တန်ခိုးသာရှိနေသရွေ့ ဆီးနှင်းပြင်ရဲ့လူရိုင်းတွေက လုံးဝသတိထားမိမှာမဟုတ်ဘူး။ တကယ်လို့ အအေးလှိုင်းသာ ရုတ်တရက်မဖြတ်ခဲ့ရင်၊ ထူလဲ့နတ်ဆရာလည်း ရုတ်တရက်မပေါ်လာခဲ့ရင် အစီအစဉ်က အောင်မြင်နေလောက်ပြီ။ ရာသီဥတုက ခန့်မှန်းမရမှတော့လည်း အချင်းချင်းအပြစ်မတင်ကြရအောင်ပါဗျာ”


ရို့သခင်ကြီးနှင့်ဂိုဏ်းခေါင်းဆောင်လော်က ဒေါသတကြီး လက်လျှော့လိုက်ကြသည်။ 


ဂိုဏ်းခေါင်းဆောင်လော်က တောင်အောက်သို့ဆင်းရန်အတွက် ခြေလှမ်းလှမ်းလိုက်ချိန်တွင် ရုတ်တရက်ပင် လက်ဆန့်ပြီး သူ့လည်ပင်းက ဒဏ်ရာကို အုပ်ကိုင်လိုက်သည်။ သူထိကြည့်လိုက်သောအခါ သူ့လက်ဖဝါးက သွေးများဖြင့်စိုရွှဲနေသည်ကို တွေ့လိုက်ရသည်။ သူက ချက်ချင်း ပင့်သက်ရှိုက်လိုက်မိသည်။ 

“ဘာ...ဘာဖြစ်သွားတာလဲ?”


အခြားသူများသည် အစတုန်းကတော့ စိတ်မရှည်ဖြစ်သွားကြ၏။ မြောက်ဘက်အစွန်ဖျားရှိ ဆီးနှင်းပြင်က “အေးခဲနေသော မြေရိုင်းဒေသ၏အကျဉ်းထောင်” အဖြစ် လူသိများသည်။ ဤနေရာသို့ သိုင်းလောက မဟာမိတ်အဖွဲ့အစည်းထံမှ နှင်ထုတ်ခံရသူများအားလုံးမှာ သူတို့ခေတ်အခါက ပြဿနာအိုးတွေချည်းပင်။ သူတို့ လည်ပင်းကို မြားနဲ့ရှပ်ထိခံလိုက်ရတာက ဘာများအံ့ဩနေစရာရှိလို့လဲ?


သို့ပေမဲ့ မကြာခင် လူတိုင်းက တစ်ခုခုမှားယွင်းနေမှန်း သတိထားမိသွားကြသည်။ 


—ဂိုဏ်းခေါင်းဆောင်လော့က အန္တရာယ်များသော ခန္ဓာကျင့်ကြံရေးလမ်းစဉ်ကို ကျင့်သုံး၏။ အရိုးနှင့်ကြွက်သားကြံ့ခိုင်မှုအရဆိုလျှင် ဤနေရာရှိ လူအားလုံးက သူနှင့်မယှဉ်နိုင်ပေ။ 


မြားလေးတစ်စင်းက သူ့ကို လုံးဝထိတ်လန့်သွားစေမည်မဟုတ်။ 


မျက်နှာဖြူဖျော့ဖျော့နှင့်ပညာရှင်က အပြေးလာကြည့်သည့်အခါ ဂိုဏ်းခေါင်းဆောင်လော်၏ လည်ပင်းတစ်ဖက်ခြမ်းရှိ ဒဏ်ရာက သွေးများတစ်ပုံတစ်ခေါင်းထွက်နေပြီး သူမည်မျှပင် အတွင်းအားသုံးနေပါစေ သက်သာသွားသည့်လက္ခဏာမပြလာပေ။ ဤအခြင်းအရာကိုမြင်သော် မျက်နှာဖြူရော်ရော်နှင့်ပညာရှင်က ကမန်းကတန်းပင် ဆေးမှုန့်အချို့ကိုထုတ်ယူလိုက်ပြီး ဒဏ်ရာပေါ်ဖြူးလိုက်ကသည်။ သွေးတိတ်အောင် မလုပ်လိုက်နိုင်ခင်အထိ ဆေးအမျိုးအစားအစုံပြောင်းလိုက်ရသေးသည်။ 


“ဒီမြားက....”


အကြီးအကဲရို့မှာ သံသယဝင်လာမိပြီး စိတ်ထဲမတင်မကျဖြစ်သွား၏။ 


သူတို့ ဆီးနှင်းပြင်ကို နယ်နှင်ဒဏ်ပေးခံခဲ့ရသည်မှာ အချိန်တော်တော်ကြာခဲ့ပြီးဖြစ်ရာ ထူလဲ့နတ်ဆရာများနှင့် မကြာခဏ ထိပ်တိုက်တွေ့ခဲ့ဖူး၏။ သို့သော်လည်း သူတို့ထဲက မည်သူကမျှ ဤနတ်ဆရာလောက် ကြောက်ဖို့မကောင်းပါချေ။ 


“ကြည့်ရတာ ဒီလူက သာမန်ထူလဲ့နတ်ဆရာမဟုတ်တဲ့ပုံပဲ”

ဖြူရော်ရော်မျက်နှာနှင့်ပညာရှင်က တည်ကြည်လေးနက်သောအမူအရာနှင့် သူ့ဆေးအိတ်ကို ချထားလိုက်သည်။ 


ဆီးနှင်းပြင်ထဲတွင် ပိတ်လှောင်ခံထားရသည့် နတ်ဆိုးအမြောက်အမြားက အချင်းချင်း စိတ်ရှုပ်ထွေးစွာ ကြည့်လိုက်ကြသည်။ 


မျက်နှာဖြူရော်ရော်နှင့်ပညာရှင်က စိတ်လေးလံဖွယ်ရာလေထုကို အာရုံခံလိုက်မိသောကြောင့် တဒင်္ဂမျှတုံ့ဆိုင်းနေပြီးမှ ရုတ်တရက် လက်ခုပ်ထတီးပြီး ရယ်မောလာလေ၏။ 

“အားလုံးပဲ စိတ်ဓာတ်မကျသွားကြနဲ့၊ ကျုပ်မှာ ဒီထူလဲ့နတ်ဆရာနဲ့ရင်ဆိုင်နိုင်မဲ့ အစီအစဉ်ကောင်းတစ်ခုရှိတယ်...” 

သူက စကားကို တို့လို့တန်းလန်းနှင့် တစ်ဝက်တစ်ပျက်လုပ်မနေတော့ဘဲ အပြုံးပန်းဆင်ပြီး တန်းမေးလိုက်သည်။ 


“ခုနတုန်းက တောင်ကြားထဲက ကောင်ငယ်လေးကို လူတိုင်းမြင်လိုက်ကြလား?”


သူ တောင်ကြားထဲကကောင်လေးအကြောင်း ပြောလာသည်ကို ဂိုဏ်းခေါင်းဆောင်လော်က ကြားသောအခါမျက်ခုံးပင့်လိုက်လေသည်။ 


“မင်း သူ့ကို မျက်စိကျနေမှန်း ငါသိပါတယ်... ဒါပေမဲ့ အခုချိန်က အလှလေးတွေနဲ့ ကလူနေရမဲ့အချိန်မဟုတ်ဘူးလေ...ဟုတ်တယ်မလား?”


သူက မျက်နှာဖြူရော်ရော်နှင့်ပညာရှင်၏ စိတ်ထဲရှိ ရွံစရာကောင်းသောအတွေးတွေကို ဖြတ်မြင်နိုင်ပါ၏။ သို့ပေမဲ့ ပညာရှင်ကတော့ စိတ်မဆိုးသွား၊ သူ ပြုံးသာပြုံးလိုက်သည်။ 


“လူတိုင်းက အလှတရားကို မြတ်နိုးတတ်ကြတာပဲဟာ သေမျိုးသာသာကျုပ်က ကျိန်းသေပေါက် ခြွင်းချက်တော့ဘယ်ဟုတ်မလဲဗျာ” 


ထို့နောက် သူက စကားလမ်းကြောင်းလွှဲလိုက်၏။ “ဘာပဲဖြစ်ဖြစ် ဒီတစ်ကြိမ်တော့ ဂိုဏ်းခေါင်းဆောင် ကျုပ်ကို မှားစွပ်စွဲမိပြီ။ ခုနတုန်းက ကျုပ် အဲ့ဒီကောင်ငယ်လေးကို အနီးကပ်စောင့်ကြည့်နေခဲ့တာမို့လို့ ရှင်းရှင်းလင်းလင်း မြင်လိုက်ရတာ အာမခံတယ်....”


“ကျုပ် သူ့အင်္ကျီပေါ်မှာ ဘာမြင်လိုက်တယ်ထင်လဲ?” မျက်နှာဖြူဖျော့ဖျော့နှင့်ပညာရှင်က အပြုံးလေးနှင့်မေးလိုက်သည်။ 


“ဝေ့လည်ကြောင်ပတ်လုပ်မနေနဲ့တော့” တစ်စုံတစ်ယောက်က တရယ်တမောနှင့် 

“သူ ဘယ်လောက်အသားဖြူလဲ၊ နူးညံ့သိမ်မွေ့လဲ၊ သူဘယ်လိုအင်္ကျီချွတ်လဲဆိုတာအပြင် ခင်ဗျားဘာမြင်ရမှာမို့လို့လဲ?”


လူအုပ်က တသောသောရယ်လာကြသည်။ 

သိသိသာသာကိုပင် သူတို့အားလုံးမှာ အကြံတချို့ရှိနေကြ၏။ 


မျက်နှာဖြူဖျော့ဖျော့နှင့် ပညာရှင်က ရုတ်တရက်ပင် ပြုံးနေသည်မှ ရပ်တန့်သွား၏။ 

“သူ့ကို ကြံစည်နေတာလား”


သူက အေးစက်စက်နိုင်စွာ နှာမှုတ်လိုက်သည်။ 


“ခင်ဗျားတို့ ဒီအကြောင်းကို ရှင်းရှင်းလင်းလင်း နားလည်ပြီးသွားတာတောင် အကြံအစည်တွေရှိရဲသေးရင်တော့ ကျုပ် ချင်းမျိုးရိုးက ခင်ဗျားတို့ကို သူရဲကောင်းတွေအနေနဲ့ လေးစားသမှုပေးမယ်ဗျာ”


ပြောရင်းဖြင့် သူက နှင်းထဲတွင် သူ့ခြေချောင်းတွေနှင့် အလွန်တရာထူးဆန်းသည့် သင်္ကေတကိုဆွဲလိုက်သည်။ ၎င်းမှာ ငှက်ကိုးကောင်နားနေသည့် ရှေးဟောင်းသစ်ပင်ပုံပင်။ ငှက်ကိုးကောင် သစ်ပင်ပေါ်နားနေသည့် အမှတ်အသားပေါ်လာသည်နှင့် အခြားသူတွေ၏ရယ်သံတွေက ရုတ်ခြည်းရပ်တန့်သွားပြီး အမောက်မာဆုံးသူများသည်ပင် အံ့အားသင့်ရိပ်စွန်းလျက်။ 

“ဖူ ဖူစန်း? တုန်းကျိုးရဲ့ဖူဖုန်း...ချိုးမိသားစုပဲ!”  


“တုန်းကျိုး၏ချိုးမိသားစု” ဆိုသည့် စကားလုံးထွက်ပေါ်လာသည့်အခိုက် ပတ်ဝန်းကျင်ကတိတ်ကျသွားတော့သည်။ 


အချို့လူတွေဆိုလျှင် မကျေမချမ်းဖြစ်မှု၊ ဒေါသ၊ အထိတ်တလန့်ဖြစ်မှုနှင့် အကြောက်တရားတို့ကို ဖော်ထုတ်မိလျက် အမှတ်တမဲ့ လက်များတုန်ယင်လာကြသည်။ 


သေလောက်အောင်တိတ်ဆိတ်နေချိန် ဂိုဏ်းခေါင်းဆောင်လော်က ရုတ်တရက်လက်ခုပ်ထတီးပြီး ဆို၏။

 “ကောင်းတယ် ကောင်းတယ် ကောင်းတယ်။ ချင်းဟူလူကြီးမင်းက အရမ်းကိုတည်ငြိမ်အေးဆေးနေတာ မဆန်းတော့ပါဘူး၊ လတ်စသတ်တော့ ဒီတစ်လျှောက်လုံး အစီအစဉ်ချနေခဲ့တာကိုး”


မျက်နှာဖြူဖျော့ဖျော့နှင့်ပညာရှင်သည် ခေါက်ယပ်တောင်တစ်လက်ကို ဆွဲထုတ်ရင်း သူ့လက်ဖဝါးပေါ် ဖြည်းဖြည်းချင်းပုတ်နေလိုက်သည်။

 “အဲ့ဒီလူငယ်က ဝတ်ရုံရှည်ရှည်ဖားဖားကြီး ဝတ်ထားပြီးတော့ ငှက်မွေးကိုးချောင်းပါတဲ့ ကျောက်စိမ်းတန်ဆာဆင်ထားတယ်။ ချိုးမိသားစုတွေထဲမှာတောင် လက်တစ်ဆုပ်စာလောက်ကပဲ ဒီလိုမျိုးဆက်ဆံခံရတာ။ သူက ဓားနတ်ဘုရားရဲ့မျိုးဆက်လား ဝိုင်အမတရဲ့မျိုးဆက်လားဆိုတာတော့ ကျုပ်လည်းသေချာမသိပေမဲ့ သူ့အဆင့်အတန်းက ကျိန်းသေပေါက်မြင့်မှာပဲ...”


ဤအချက်ကိုမူ လူတိုင်း နားလည်သဘောပေါက်ကြ၏။


လူတော်တော်များများကတော့ တိုးတိုးတိတ်တိတ်ရယ်နေလျက်။ 


ချိုးမိသားစုသည် တုန်းကျိုး၏ ဩဇာအာဏာအကြီးဆုံးမိသားစုပင်။ 


ကာကွယ်တတ်လွန်းပြီး ကျိုးကြောင်းဆီလျော်မှုမရှိဟူ၍ နာမည်ဆိုးနှင့်ကျော်ကြားကာ သူတို့၏ မိသားစုဝင်ကို နာကျင်စေသည့် မည်သူ့အပေါ်ကိုမဆို သူတို့၏ကလဲ့စားက ရက်စက်ကြမ်းကြုတ်လွန်းသဖြင့် နတ်ဆိုးများကိုပင် ခိုက်ခိုက်တုန်သွားစေသည်။ မျက်နှာဖြူဖျော့ဖျော့နှင့်ပညာရှင်ပြောသည့်အတိုင်းပင် ထိုကောင်လေး၏အထောက်အထားကို သိသွားပြီးသည်နှင့် အကယ်၍ ပြိုင်ဘက်ကင်းအလှလေးက သူတို့လက်ထဲကျရောက်လာခဲ့လျှင်တောင် သူတို့က သူ့ကို ထိခိုက်နာကျင်အောင် မလုပ်ဝံ့ကြပေ။ 


ချိုးမိသားစု၏သဘာဝအရ သူတို့မျိုးနွယ်စု၏ လူငယ်မျိုးဆက်က ဆီးနှင်းပြင်ထဲမှာ ပိတ်မိနေသရွေ့ သူတို့ကိုရှာဖွေဖို့ ကျိန်းသေပေါက် အင်အားကြီးတပ်ဖွဲ့ကိုစုစည်းပစ်မှာပင်။ 


အဓိကအချက်က သူက ဒီနေရာမှာရှိနေတာပဲ...


အလယ်ပိုင်းလွင်ပြင်ဒေသရှိ စွမ်းအားကြီးသောမိသားစုများအတွက်တော့ ဆီးနှင်းပြင်မျိုးနွယ်စုများက ခြိမ်းခြောက်မှုတစ်ခုမဟုတ်ပါချေ။ 


အနှီသေသင့်သည့် ထူလဲ့လူမျိုးတွေက ဘာမှမဟုတ်သည့် လူရိုင်းမျိုးနွယ်စုသာသာပင်။ “ချိုးမိသားစု”အကြောင်းမပြောနှင့် သူတို့က “မျိုးရိုးမြင့်မိသားစု” ဆိုတာကို နားလည်ရဲ့လားတောင် မေးခွန်းထုတ်စရာပင်။ အနှီထူလဲ့လူရိုင်းများက သူတို့ ပြဿနာအကြီးကြီးရှာခဲ့ပြီဆိုတာ မသိသေးပေ....။ သူတို့ အဝေးကိုရောက်သွားပြီဆိုပေမဲ့ ခုနက ‌ရှင်းရှင်းလင်းလင်း မြင်လိုက်ရပါ၏။ 


အလယ်ပိုင်းလွင်ပြင်သားတွေအပေါ် လူရိုင်းတွေ၏အမုန်းတရားနှင့် အထင်သေးပုံအရဆို အလှလေးက ဆိုးဆိုးရွားရွား အနိုင်ကျင့်ခံရမှာ ကျိန်းသေပေါက်ပဲ... ဟုတ်တယ်မလား?


“ချိုးသခင်လေး အသေမစောဖို့ပဲ မျှော်လင့်ပါတယ်ကွာ” 

မျက်နှာဖြူဖျော့ဖျော့နှင့် ပညာရှင်၏မျက်လုံးထဲတွင် မနာလိုရိပ်တို့ထင်ဟပ်နေပြီး လက်စားချေလိုသောဆန္ဒက လျှပ်ပြေးသွားလေ၏။ 

“ပြန်သွားပြီး သတင်းဖြန့်ဖို့နည်းလမ်းရှာကြရအောင်”


သူက ခေါက်ယပ်တောင်ကို အသာအယာပုတ်လျက် တိုးညှင်းစွာဆိုလိုက်၏။


ထူလဲ့....


ဆီးနှင်းပြင်ရဲ့လင်းယုန်ဟုတ်စ?


__________



စာရေးသူ၏မှတ်ချက်:


ငှက်ကိုးကောင်သစ်ပင်ပေါ်နားနေတဲ့ သင်္ကေတက တရုတ်ပြည်ရဲ့ရိုးရာသင်္ကေတတွေထဲက တစ်ခုပါ။ တောင်နဲ့ပင်လယ်ရဲ့ဂန္တဝင်စာအုပ်ထဲမှာ “ထန်ချိုင့်ဝှမ်းတွင် နေဆယ်စင်းဖြာကျနေသည့် ဖူစန်းသစ်ပင်ရှိပြီး အဲ့ဒီချိုင့်ဝှမ်းက ဟေးချီမြောက်ပိုင်းတွင် တည်ရှိလေ၏။ ရေထဲမှာ သစ်ပင်အကြီးကြီးရှိပြီး အောက်ဘက်အကိုင်းတွေမှာ နေကိုးစင်း၊ အပေါ်အကိုင်းအခတ်မှာတော့ နေတစ်စင်းရှိလေသည်” လို့ ရေးသားမှတ်တမ်းတင်ထားပါတယ်။ 


ထန်ချိုင့်ဝှမ်းကို ဖူစန်း၊ စန်းလင်၊ ခုန်းစန်းနှင့် ချုံစန်း လို့လည်း ခေါ်ကြပါသေးတယ်။ အဲ့ဒီနေရာက ရှေးခေတ်တရုတ်ယဉ်ကျေးမှုမှာဆို အရှေ့ပိုင်းလွင်ပြင်ရဲ့ နိုင်ငံရေးနဲ့ယဉ်ကျေးမှုဆုံရာ ဗဟိုချက်ဖြစ်ပြီး ယင်းရှန်းလူမျိုးနဲ့ တခြားလူမျိုးစုတွေ သူတို့ဘိုးဘေးကို ဆည်းကပ်ပူဇော်ဖို့အတွက် အထွတ်အမြတ်ထားရာဒေသလည်းဖြစ်တယ်။ 


ချူးရွှယ်ကျိစာအုပ်ထဲမှာ ချီးယို့နဲ့ဟွမ်တိကြားကတိုက်ပွဲက ဖူစန်းမှာဖြစ်ခဲ့တယ်လို့ မှတ်တမ်းတင်ထားပါတယ်။ ကွေးဇိုင်ကလည်း “ခုန်စန်းသစ်ပင်က စိမ်းစိမ်းစိုစိုနှင့် အရပ်ရှစ်မျက်နှာသို့ ပျံ့နှံ့နေသည်။ ရှီးဟယ်ကတော့ နေနှင့်လကို အုပ်စိုးလျက်သားပင်” လို့ ရေးသားခဲ့ပါတယ်။ 


စန်းလင်နဲ့ဖူစန်းက ရှေးခေတ်တရုတ်ယဉ်ကျေးမှုမှာ အလွန်တရာအရေးပါခဲ့တယ်။ ဒီမှတ်တမ်းအတွက် အသေးစိတ်ကိုတော့ တရုတ်ကြေးခေတ် စာအုပ်ထဲမှာ ရှာကြည့်လိုက်ပါ။ ဖူစန်းက နေနဲ့လကို အစိုးရပါတယ်။ ဖူစန်းသစ်ပင်ပေါ်က ငှက်ကိုးကောင်က ရွှေကျီးကန်းကိုးကောင်ပဲ ဖြစ်ပါတယ်။ နတ်သစ်ပင်ပေါ်မှာ နတ်ငှက်တွေနားခိုနေတာက အရှေ့ဘက်ကျိုးနဲ့ဟန်မင်းဆက်ယဉ်ကျေးမှုရဲ့ အရေးကြီးဆုံးယဉ်ကျေးမှုသင်္ကေတတွေထဲကတစ်ခုပဲဖြစ်တယ်။ ဒါကို စန်းရှင်းသွေ့မှာတူးဖော်ခဲ့တဲ့ နီညိုရောင်အထွတ်အမြတ်သစ်ပင်က သက်သေပြနေပါတယ် : “ဖူစန်းသစ်ပင်ပေါ်မှာနားနေတဲ့ ငှက်ကိုးကောင်က နေကိုးစင်းရဲ့သင်္ကေတဖြစ်ပြီး တစ်ကောင်ကတော့ အပင်အောက်ခြေမှာ ပုန်းနေလေတယ်” အသေးစိတ်ကိုတော့ “နတ်ဘုရား၊ ကောင်းကင်ဘုံနှင့်မြေကြီး၏လမ်းစဉ်: နတ်ပညာဆိုင်ရာယုံကြည်ချက်များနှင့် ရိုးရာအယူအဆများ၏ဇစ်မြစ် ” မှာ ကြည့်ရှုနိုင်ပါတယ်။


[Xi's note -စာရေးသူရဲ့ မှတ်စုမှာပါတဲ့ "သစ်ပင်ထက်က ငှက်ကိုးကောင် ဒဏ္ဍာရီက တရုတ်ရှေးဟောင်းယဉ်ကျေးမှုမှာ အလွန်နက်ရှိုင်းပြီး စိတ်ဝင်စားဖို့ကောင်းတဲ့ အယူအဆတစ်ခုဖြစ်ပါတယ်။

၁။ ဖူစန်းသစ်ပင် (Fusang Tree - 扶桑)

ရှေးဟောင်းကျမ်းစာဖြစ်တဲ့ ရှန်းဟိုင်ကျင်း(တောင်နှင့်ပင်လယ်ကျမ်း) အရ ကမ္ဘာကြီးရဲ့ အရှေ့ဘက်အစွန်း ဟန်ချီလို့ခေါ်တဲ့ အရပ်မှာ "ဖူစန်း" လို့ခေါ်တဲ့ နတ်သစ်ပင်ကြီးတစ်ပင် ရှိပါတယ်။

ဒီသစ်ပင်က အလွန်ကြီးမားပြီး ကောင်းကင်ဘုံနဲ့ လူ့ပြည်ကို ဆက်သွယ်ပေးထားတဲ့ တံတားတစ်ခုလိုပါပဲ။အဲ့ဒီအပင်က နေမင်း (၁၀) စင်း နေထိုင်ရာနေရာ ဖြစ်ပါတယ်။ တရုတ်ဒဏ္ဍာရီမှာ နေမင်းဆိုတာ သာမန်အလင်းလုံးမဟုတ်ဘဲ " ရွှေကျီးကန်း"ဆိုတဲ့ နတ်ငှက်တွေ ဖြစ်ကြပါတယ်။

၂။ငှက်ကိုးကောင်နှင့် နေမင်းဆယ်စင်း

ရှေးခေတ်က နေမင်း (၁၀) စင်း ရှိခဲ့တယ်လို့ ယုံကြည်ကြပါတယ်။ နေမင်းတစ်စင်းက ကောင်းကင်ယံမှာ တာဝန်ကျနေချိန်မှာ ကျန်တဲ့နေမင်း (၉) စင်းကတော့ ဖူစန်းသစ်ပင်ရဲ့ အောက်ဘက်အကိုင်းအခက်တွေပေါ်မှာ ငှက်တွေအဖြစ် နားနေကြရပါတယ်။ဒါကြောင့် "သစ်ပင်ပေါ်က ငှက်ကိုးကောင်" ဆိုတာဟာ "နားနေတဲ့ နေမင်းကိုးစင်း" ကို ဆိုလိုတာဖြစ်ပြီး ကျန်တစ်စင်းကတော့ ကောင်းကင်မှာ အလင်းပေးနေတာကြောင့် အပင်ပေါ်မှာ မရှိတာဖြစ်ပါတယ်။

၃။ စန်းရှင်းသွေ့ ကြေးသစ်ပင် 

စာရေးသူ ရည်ညွှန်းထားတဲ့ စန်းရှင်းသွေ့ (Sanxingdui) ဆိုတာ တရုတ်ပြည် စီချွမ်းပြည်နယ်မှာ တူးဖော်ရရှိခဲ့တဲ့ အလွန်ဆန်းကြယ်တဲ့ ရှေးဟောင်းယဉ်ကျေးမှုတစ်ခုပါ။

အဲဒီနေရာကနေ အမြင့် (၄) မီတာနီးပါးရှိတဲ့ "ကြေးနီနတ်သစ်ပင်"ကြီးကို တူးဖော်ရရှိခဲ့ပါတယ်။

အဲဒီကြေးသစ်ပင်ရဲ့ အကိုင်းအခက်တွေပေါ်မှာ ငှက်ရုပ် (၉) ရုပ် ပါရှိပါတယ်။ ဒါက ဒဏ္ဍာရီထဲက ဖူစန်းပင်နဲ့ နေမင်းကိုးစင်းအယူအဆကို လက်တွေ့သက်သေပြလိုက်သလို ဖြစ်သွားတာကြောင့် ကမ္ဘာ့ရှေးဟောင်းသုတေသနမှာ အလွန်ကျော်ကြားပါတယ်။


ဖူစန်းက နေမင်းရဲ့ ဇာစ်မြစ်ဖြစ်လို့ အလွန်မြင့်မြတ်တဲ့ အနွယ်ဝင် ဖြစ်ပါတယ်။

နေမင်းကို ပိုင်စိုးတဲ့ မိသားစုဆိုတာ လောကကြီးကို အလင်းပေးနိုင်သလို၊ အလိုမကျရင် ပြာကျအောင်လည်း လုပ်နိုင်တဲ့ အင်အားရှိတယ်လို့ အဓိပ္ပာယ်ရပါတယ်။

ဒီအမှတ်အသားကို ဆင်မြန်းထားသူက အရှေ့ကျွန်းစု (တုန်းကျိုး) ရဲ့ အထက်တန်းလွှာ၊ နတ်ဘုရားသဖွယ် အစွမ်းထက်တဲ့ မျိုးနွယ်စုရဲ့ တိုက်ရိုက်ဆက်ခံ

သူဖြစ်နိုင်ပါတယ်။

ဒီပစ္စည်းက တရုတ်ပြည် စီချွမ်းပြည်နယ်၊ ကွမ်းဟန်မြို့မှာရှိတဲ့ စန်းရှင်းသွေ့ Museum မှာ တကယ့်အစစ်အမှန် ရှိနေတာပါ။ ရှေးခေတ်က လူတွေက ကောင်းကင်ဘုံနဲ့ ဆက်သွယ်ဖို့ ဒီသစ်ပင်ကို ကိုးကွယ်ခဲ့ကြတာ ဖြစ်ပါတယ်]