Chapter6
Viewers 534


အခန်း (၆) : အမှတ်အသား


ချိုးပေါ်သုန့်တစ်ယောက် သစ်သားအိမ်ငယ်လေးထဲဝင်ပြီးသည်နှင့် သူ၏မျက်ခုံးလှလှလေးတို့က တွန့်ချိုးသွားရသည်။ 


...တရားလွန်လိုက်တာ။ 


ဒါလုံးဝကို လက်မခံနိုင်စရာပဲ!


ဝက်သစ်ချသားဖြင့် ဆောက်ထားသည့် အိမ်ငယ်လေးက သန့်ရှင်းသပ်ရပ်နေပြီး ပရိဘောဂတစ်ခုတောင်မရှိပေ —စားပွဲမရှိ၊ ကုလားထိုင်မရှိ၊ အိပ်ရာမရှိ၊ စောင်လည်းမရှိ....ဘာဆိုဘာမှကိုမရှိတာပင်! အလှဆင်ပစ္စည်းအနေနှင့်သတ်မှတ်၍ရသည့် တစ်ခုတည်းသောအရာကား မျက်နှာဖုံးများချိတ်ရန်အတွက် ဖြစ်ပုံရသည့် သစ်သားနံရံတွင် သံနှင့်ရိုက်ထားသော ငွေရောင်တိရစ္ဆာန်ချိုတစ်ခုသာပင်။ 


ဒီလိုလက်ခံနိုင်စရာမရှိတဲ့အိမ်မျိုး သူတစ်ခါမှမမြင်ခဲ့ဖူးဘူး!

ဒါလူနေတဲ့နေရာရောဟုတ်ရဲ့လား?


ဂုဏ်သတင်းကြီးမားသော မိသားစုမှ သခင်လေးသည် မယုံကြည်နိုင်ဖြစ်နေပြီး ထိုနေရာမှာပင် အကြာကြီးရပ်နေကာ အသိစိတ်မကပ်နိုင်ဖြစ်နေရှာသည်။ 


တစ်ချိန်ကဆိုလျှင် ရာချီ၊ထောင်ချီလောက်ရှိသည့် အစေခံအလှလေးများက တိမ်စိုင်များကဲ့သို့ တောက်ပရွှန်းလဲ့နေသည့် ပိုးထည်များကို ချိုးမိသားစု၏ သခင်လေး လမ်းလျှောက်မည့် ကြမ်းပြင်ပေါ်တွင် ကော်ဇောများအစား ခင်းကျင်းပေးခဲ့ကြဖူးသည်။အရှေ့ဘက်တိုက်ကြီး၏ ရွှေမြို့တော်ရှိ ထူးကဲသည့် လက်မှုပညာဆိုင် ရာချီတို့သည်လည်း သစ်သားမှုန်များကို နှင်းပွင့်များကျဆင်းနေသကဲ့သို့ ထုဆစ်ခဲ့ကြပြီး၊ ချိုးမိသားစု၏ သခင်လေးအတွက် မြေပြင်ပေါ်တွင်လမ်းလျှောက်နေရသကဲ့သို့ပင် ကောင်းကင်ပေါ်တွင် ငြိမ်သက်စွာ ပျံသန်းနိုင်မည့် လေသင်္ဘောအား ဆောက်လုပ်ပေးရန် တန်းစီခဲ့ကြဖူးသည်....။ 


အဖြူရောင်လေပွေက တိုက်ခတ်လာပြီး အမွေးရှည်ဆင်ကြီးများ မည်သည့်နေရာ ရောက်နေပြီလဲဆိုသည်ကိုတော့ မသိရပေ။ အေးခဲနေသော ထင်းရှူးကိုင်းများက သစ်သားအိမ်ကို ပွတ်တိုက်သွားသည်။ 


ထိုအကိုင်းအခတ်များ ပွတ်တိုက်ရာမှ အသံတိုးတိုးလေးထွက်ပေါ်လာလေ၏။ 


ချိုးပေါ်သုန့်သည် ငေးကြောင်ကြောင်ဖြစ်နေခြင်းမှရပ်တန့်သွားရပြီး လှည့်ထွက်ရန်ပြင်လိုက်သည်။ 


—သူ့ကို ဒီမှာနေခိုင်းမယ်ပေါ့?


အသေသာ သတ်သွားလိုက်ပါတော့!


သစ်သားတံခါး ဟဟလေး ပွင့်သွားသည်နှင့် ပြင်းထန်သော လေပြင်းနှင့်နှင်းများက ထူထပ်စွာ တိုးဝင်လာပြီး ချိုးပေါ်သုန့်ကို နောက်သို့ ခြေလှမ်းအနည်းငယ်ယိုင်သွားစေကာ နံရံကိုဝင်တိုက်လုနီးပါးဖြစ်သွားစေသည်။ ကံကောင်းစွာနှင့် ရှားအာလူ၏ နှာမောင်းက အချိန်မီဆန့်တန်းလာပြီး တံခါးကိုထပ်ပိတ်ပေးသွားသည်။ ထိုအခါမှသာ ချိုးပေါ်သုန့်သည် အဖြူရောင်နှင်းမုန်တိုင်းက မည်မျှပင်ကြောက်မက်ဖွယ်ကောင်းသည်ကို အမှန်တကယ်ကြုံတွေ့လိုက်ရတော့သည်။ 


...သူ အမွေးရှည်ဆင်ကြီးရဲ့ ကျောကနေတစ်ဆင့် သစ်သားအိမ်ပေါ်ကိုတက်လာတုန်းက လေက ဒီလောက်မပြင်းသေးပါဘူး။ 


တစ်ချက်တစ်ချက်ပဲ လေတိုက်တာများလား?


ဗလာကျင်းနေသည့် သစ်သားအိမ်ထဲတွင် ခဏတာမတ်တပ်ရပ်နေပြီးနောက် သူ့ဆံပင်မှ နှင်းများက အရည်ပျော်သွားပြီး သူ့နှာခေါင်းပေါ် သို့ တစက်စက်ကျလာ၏။ ချိုးပေါ်သုန့်က သတိပြန်ဝင်လာပြီး သူ၏ နှင်းများဖုံးလွှမ်းနေသော ခန္ဓာကိုယ်နှင့် အိမ်ငယ်လေး၏ ကြမ်းပြင်ပေါ်ရှိ နှင်းအလွှာပါးပါးလေးကို ငုံ့ကြည့်လိုက်သည်...။ 

သူမှားသွားတယ်....သူ အစ်မဟယ့်နဲ့တခြားလူတွေ ဗျစ်တောက်ဗျစ်တောက်ပြောတာကို စောဒကမတက်ခဲ့သင့်ဘူး...

အခုသူတို့မရှိတဲ့အခါကျတော့ သူလည်း ဘာလုပ်ရမလဲဆိုတာ မသိတော့ဘူး....

သင်္ဘောပျံပျက်ကျသွားတုန်းက သူတို့ကို ကျောက်စိမ်းအဆောင်တွေ ပေးခဲ့သေးတယ်... သူတို့ အဲ့ဒါတွေကို ဖမ်းမိသွားရဲ့လားပဲ.... ပြီးတော့ တတိယဦးလေးရော? သူ အခုထိ အမူးမပြေသေးဘူးလား?


လူသူကင်းမဲ့နေသောသစ်သားအိမ်ငယ်လေးတွင် သခင်လေးက အသာရှိုက်လိုက်မိ၏။ 


သူသည် သစ်သားကြမ်းခင်းပေါ်မှ နှင်းကွက်ကို အလျင်စလိုသုတ်လိုက်ပြီး သူ၏ ထူထဲလေးလံသော အနက်ရောင်ကတ္တီပါဝတ်ရုံကိုချွတ်ကာ ကြမ်းပြင်ပေါ်တွင် ဖြန့်ခင်းရန်ပြင်လိုက်သည်။ ဝတ်ရုံက ကြမ်းပြင်ပေါ်ထိတော့မည့်ဆဲဆဲတွင် ချိုးပေါ်သုန့်သည် ဝတ်ရုံပေါ်ရှိ နှင်းများက မပြောင်စင်သေးသည်ကို သတိထားမိလိုက်သဖြင့် ခဏတန့်သွား၏။ 


ထားလိုက်တော့...


ဒီလောက်စုတ်ပြတ်နေတဲ့ဝတ်ရုံကို အခင်းအနေနဲ့သုံးရမှာ ဘယ်လောက်တောင် သက်သောင့်သက်သာမဖြစ်လိုက်လဲဆိုတာ ပုံဖော်ကြည့်လို့တောင်ရတယ်...


ချိုးသခင်လေး၏စကားများက လုံးဝကို ကိုယ်ရေးကိုယ်တာအရ မလိုမုန်းထားမှုများမှ အရင်းခံလာတာပင်။ 


ထူလဲ့မျိုးနွယ်စု၏ ချမ်းသာကြွယ်ဝမှုသည် အရှေ့ဘက်တိုက်ကြီးမှ ထိပ်သီးမိသားစုနှင့် မယှဉ်သာသော်လည်း သူတို့ထံတွင် တိုက်ကြီးဆယ့်နှစ်တိုက်လုံးရှိ မည်သူကမျှမယှဉ်နိုင်သည့် သားမွေးအရင်းအမြစ်များကို ပိုင်ဆိုင်ထားလေသည်။ 


မျိုးနွယ်စုရှိ အကောင်းဆုံးသားမွေးများကို အထူးတလည်ရွေးချယ်ပြီး နတ်ဆရာထံပေးပို့ရသည်။ 


နတ်ဆရာအကြီးအကဲဝတ်ဆင်သည့် အနက်ရောင်အပေါ်ဝတ်ရုံကို ဆီးနှင်းပြင်မှာတွေ့ရတတ်သော “ပေါ်” ဟု ခေါ်သည့် ဦး‌ချိုလေးချောင်းပါ မြင့်မြတ်သိုး၏ သိုးမွေးနှင့် ရက်လုပ်ထားခြင်းပင်။ ဝတ်ရုံအနားစကို နွေးထွေးနူးညံ့သည့် ထိပ်တန်းဆေဘယ်လ်သားမွေးဖြင့် အနားကွပ်ထားသည်။ 'ပေါ်'သိုးများသည် အလွန်တရာရှားပါးလှ၏။ ထူလဲ့မျိုးနွယ်စုတစ်ခုလုံးမှာပင် ထိုသို့သောဝတ်ရုံ ဆယ်ထည်ထက်နည်းလေ၏။ တုန်းကျိုးတွင်မူ ဤဝတ်ရုံတစ်ထည်၏ တန်ဖိုးမှာ မယုံနိုင်စရာ ကောင်းလောက်အောင် ကြီးမားလှသည်။


ကမ္ဘာပေါ်တွင် ဤဝတ်ရုံထက် ပိုနွေးထွေးသည့် အခြားဝတ်ရုံမရှိဟုပင် ပြော၍ရပေသည်။


ယှဉ်ကြည့်ပါက ချိုးပေါ်သုန့်၏ဝတ်ရုံကို မီးလျှံငှက်မွေးဖြင့် ရက်လုပ်ထားပြီး လက်ရာမြောက်ကာလှပသော်လည်း နွေးထွေးမှုနှင့်ရှားပါးမှုအရဆိုလျှင်တော့ ပိုပြီးအဆင့်နိမ့်ပေ၏။ 


ဤသည်ကို လုံးဝသတိမထားမိသည့် သခင်လေးမှာ သစ်သားကြမ်းခင်းပေါ်တွင် အပေါ်ဝတ်ရုံကို အလောတကြီး ချထားလိုက်တော့သည်။ သူ၏သတိကင်းမဲ့မှုကြောင့် ဝတ်ရုံ၏ပခုံးနှင့်လည်ပင်းပိုင်းတွင် ပြဲရာသေးသေးလေးဖြစ်နေသည်ကို သတိမထားမိခဲ့ပေ။ စုတ်ပြဲရာက အလွန်တရာသပ်ရပ်စွာ ဖြတ်ခံထားရ၏။ အကယ်၍ ဓားနှင့်ဖြတ်သည်ကို ခံခဲ့ရလျှင် ထိုဓား၏ ဓားသွားက ပါးလွှာလောက်မည်ပင်။


ချိုးပေါ်သုန့်သည် အနက်ရောင်ဝတ်ရုံကိုဝတ်ထားလျက် နံရံကိုမှီ၍ထိုင်ချလိုက်သည်။ 


သူက တုန်ယင်နေသောလက်တို့ဖြင့် အင်္ကျီကို စချွတ်တော့လေ၏။ 


ပထမအနေနှင့် အဝတ်များမှာ ညှီနံ့နံကာ ကပ်စေးစေးဖြစ်နေသည့် ဝံပုလွေဘုရင်၏ သွေးများနှင့်ပေကျံနေပြီး သူ့ကို အော်ဂလီဆန်လာစေသည်။ ဒုတိယအနေနှင့်ကတော့ သူနာကျင်ကိုက်ခဲနေ၏။ 


နာတယ်


သူ့တစ်ကိုယ်လုံး နာကျင်ကိုက်ခဲနေရောပဲ....


သူသင်္ဘောပျံပေါ်မှ ပြုတ်ကျသွားစဉ် အနီရောင်ဖီးနစ်ငှက်က သူ့ကိုဖမ်းမိခဲ့သည်။ သို့တိုင် ၎င်းက မည်မျှပင်ထက်မြက်ပါစေ ငှက်တစ်ကောင်ဖြစ်နေဆဲပင်။ သူ့ခွန်အားကိုထိန်းချုပ်ရန် သိသော်ငြား ခြေသည်းတစ်ချက်နှင့်ပင် သူ့ကိုနှစ်ပိုင်းမဖြဲသွားသည်မှာ အံ့ချီးဖွယ်ရာဖြစ်နေချေပြီ။ ချိုးပေါ်သုန့်တစ်ယောက် ဖီးနစ်ငှက်ဆီမှ အသယ်ခံရစဉ်က သူ့ခြေသည်းတွင် အသာအယာယိမ်းယိုင်နေသည့် စွန်လေးသဖွယ်ခံစားခဲ့ရရှာသည်...။


တောင်ကြားထဲတွင်ရှိစဉ်ကလည်း သူ့တစ်ကိုယ်လုံးက တောင့်ခဲနေခဲ့ပြီး ဝိညာဉ်စွမ်းအင် အနည်းငယ်ဖြင့်သာ ရှင်သန်နိုင်ခဲ့တာပင်။ ထိုစဉ်က အအေးဒဏ်ကြောင့် နာကျင်မှုကို မခံစားခဲ့ရပေ။ 


ယခု သူ သစ်သားအိမ်ထဲရောက်လာပြီဖြစ်ရာ ဤနေရာက မည်မျှပင်ရိုးရှင်းပါစေ အနည်းဆုံးတော့ လေနှင့်နှင်းတို့မှ ခိုလှုံရန်နေရာဖြစ်နေဆဲပင်။ သူ၏မိသားစုမျိုးရိုးမှ အမွေဆက်ခံလာသည့် မလောက်မငှဝိညာဉ်စွမ်းအင်လေးက သွေးကြောထဲတွင် စတင်လှည့်ပတ်လာတော့သည်။


၎င်းလှုပ်ရှားလာသည့်အခိုက် သူတိုက်မိ၊ ခြစ်မိထားသည့်နေရာများက ထပ်နာလာတော့သည်။ 


အထူးသဖြင့် သူ၏ ခါးအောက်ပိုင်းက ကျိုးတော့မလိုပင် ခံစားနေရသည်။ 


အဲ့ဒါလေးပါပဲ...


“...ဘာလို့ ကြိုးတွေ ဒီလောက်များနေတာလဲ?” 

ချိုးပေါ်သုန့်မှာ မျက်ရည်ထွက်လုနီးနီး။ 


နောက်ဆုံးတွင် သူ၏အတိတ်က လက်ဖွာမှုအတွက် အကျိုးဆက်ကို ခံစားလိုက်ရချေပြီ။ သူနှင့်အတူ ရှီးကျိုးကိုလိုက်ပါလာသည့် အစေခံများသည် သူက ဇီဇာကြောင်တတ်ပြီး သားမွေးထူထူဝတ်ရုံများကို ဝတ်ရခြင်းအား မကြိုက်မှန်းသိထားကြ၏။ သို့နှင့် သူတို့က သူ့အတွက် ပါးလွှာသောပိုးထည်များကို အထူးတလည်ပြင်ဆင်ပေးခဲ့ကြသည်။ သူက နုနယ်လွန်းသဖြင့် အဝတ်အစားအတွင်းမှ ကြိုးများကိုလည်း သူ့ကို မနာကျင်စေမည့် နေရာများတွင်သာ အထူး ချုပ်လုပ်ပေးထားခဲ့ကြသည်။


ပြဿနာတစ်ခုရှင်းပြီးရုံရှိသေး၊ နောက်တစ်ခုကျန်နေသေးပြန်၏။ 

သူကြိုးစားပြီး ဖြေလေလေ ပိုရှုပ်လေလေ ဖြစ်နေသည်။

(အင်္ကျီကြိုးဖြေတာပါ)


အကြိမ်ပေါင်းများစွာစမ်းသပ်လိုက် ၊အမှားလုပ်မိလိုက်နှင့် နောက်ဆုံး သူနည်းနည်းအထာပေါက်သွားချိန် သစ်သားတံခါးကပွင့်လာလေသည်။ 


နွေးထွေးသော မီးရောင်သည် သစ်သားအိမ်လေးအတွင်းသို့ ဖြာကျလာသည်။



ရောက်လာသူက တံခါးဝတွင် ရပ်လိုက်သည်။ 


သစ်သားအိမ်ငယ်လေးထဲတွင် မီးရောင်မှိန်မှိန်လေးလင်းနေ၏။ အလယ်ပိုင်းလွင်ပြင်မှ သခင်လေးသည် သွေးရောင်လွှမ်းနေသော အဝတ်အစားများကြားတွင် ဒူးထောက်လျက် ကိုယ်ကို အနည်းငယ် ကိုင်းထားသည်။ သူ၏ လက်ချောင်းများက အနက်ရောင်ဝတ်ရုံထူထူထဲတွင် နစ်မြုပ်နေ၏။ ထိုလက်ဆစ်များက သွယ်လျနေပြီး လက်ထိပ်လေးများမှာက နီမြန်းနေသည်။ သူ ဖြေလျှော့နေသော ကြိုးမှာလည်း အနည်းငယ် ရှုပ်ထွေးနေ၏။ ဖြူဖျော့ဖျော့ဖြစ်နေခဲ့သည့် လက်နှင့်လက်ကောက်ဝတ်တို့သည်လည်း ကိုယ့်လက်နှင့်ကိုယ် ပိတ်‌မိနေသောသိုးတစ်ကောင်အလား ယခုအခါတွင် ပါးလွှာသောကြိုးများနှင့် တင်းတင်းကြပ်ကြပ် ချည်နှောင်ခံထားရရှာသည်...။


လက်ဆစ်များနှင့် သွေးကြောလေးများမှာ သေးသွယ်နုနယ်လှသဖြင့် ဆုပ်ကိုင်ရန် လွယ်ကူလှသည်။

လှပသော၊ တန်ဖိုးရှိသော၊ ရှားပါးသော....

တိုက်ပွဲနိုင်လက်ဆောင်လေးပါပင်။ 


ထူလဲ့နတ်ဆရာက တံခါးဝတွင် မတ်တပ်ရပ်နေသည်။ 


အရွယ်ရောက်ပြီးသည့် ယောက်ျားတစ်ယောက်၏ပုံရိပ်က အပြင်ဘက်ရှိ တဖြည်းဖြည်းမှိန်လာ‌သောအလင်းရောင်ကို ကာဆီးပိတ်ဆို့နေပြီး ထိုလူက သမင်ရိုးမျက်နှာဖုံးကိုတော့ တပ်ဆင်ထားဆဲပင်။ တလက်လက်တောက်ပနေသောမီးရောင်က ထိုမျက်နှာဖုံးပေါ်သို့ ဖြာကျလာပြီး ငွေရောင်တလက်လက်တောက်ပလာစေသည်။ သူက ယဇ်ပလ္လင်အစောင့်အရှောက်အလား သူခေါ်လာခဲ့သည့် တိုက်ပွဲနိုင်လက်ဆောင်လေးကို မီးရောင်မှတစ်ဆင့် စူးစူးစိုက်စိုက်ကြည့်နေ၏။


အကြည့်ခံနေရသည့် ယဇ်ပူဇော်ခံလက်ဆောင်ကတော့ သတိမထားမိလျက်ရှိဆဲပင်။ 


သူက ရှုပ်ယှက်ခတ်နေသောခါးစည်းကြိုးကို ဆွဲနေဆဲဖြစ်ပြီး နောက်ဆုံးတွင် ကြိုးကို မဖြေနိုင်သော အထုံးကြီးတစ်ခု ဖြစ်အောင် ချည်မိသွားတော့သည်။


၎င်းက သူ့လက်ကောက်ဝတ်ကို တင်းတင်းကြပ်ကြပ် ချည်နှောင်ထားသည်။ 


...အစ်မဟယ့်နဲ့တခြားသူတွေ ဒါကို အတိအကျ ဘယ်လိုချည်ခဲ့ကြပါလိမ့်? ဘယ်လိုကြည့်ကြည့် ရိုးရိုးရှင်းရှင်းလိပ်ပြာလို့ပဲ ထင်ရတယ်..


“ခင်ဗျား ဒီနေရာမှာ ကတ်ကြေးရှိ....” 

သူခေါင်းမော့လိုက်ပေမဲ့ သူ့စကားလုံးတွေက ရုပ်ခြည်းပင် ရပ်သွား၏။ 


တံခါးဝမှ ကျလာသည့်အရိပ်သည် ရှည်လျားပြီးတသီးတသန့်ဆန်ကာ၊ သူ၏မျက်နှာဖုံးက အောက်သို့ငိုက်ကျနေပြီး နှင်းများကြောင့် မှိန်ဖျော့ဖျော့အလင်းကို ရောင်ပြန်ဟပ်နေလျက်။ သူ့နောက်ရှိ အေးစက်နေ‌သော မီးခိုးရောင်တောင်တန်းက ညနေဆည်းဆာအောက်တွင် ဖုံးကွယ်ခံထားရ၏။ တုန်းကျိုးရှိဩဇာအာဏာ အကြီးဆုံးမိသားစုထံမှ ပျက်စီးသည်အထိ အလိုလိုက်ခံထားရသော သခင်လေးသည် ထိုသူ့ထံမှ ထွက်ပေါ်လာသော အန္တရာယ်ကို အချိန်နှောင်းမှပင် သတိပြုမိတော့သည်။


ထိုအန္တရာယ်မှာ သူ့ကိုကယ်တင်ခဲ့သည့် ဆီးနှင်းပြင်း၏ နတ်ဆရာအကြီးအကဲထံမှ ရောက်ရှိလာခြင်းဖြစ်၏။ 


—ရန်သူကို ကြောက်စရာမလိုသော၊ ခွန်အားကြီးသော၊လျှို့ဝှက်ဆန်းကြယ်သော အရွယ်ရောက်အမျိုးသားတစ်ဦးပင်။ 


ထိုအမျိုးသားက အိမ်ထဲသို့ လှမ်းဝင်လာသည်။ 


သူ့အနောက်မှ သစ်သားတံခါးက လေကြောင့်ပိတ်သွား၏။ 


ချိုးပေါ်သုန့်ဟာ နောက်ဆုံးတွင်တော့ သူ အမွေးရှည်ဆင်၏ကျောပြင်မှတစ်ဆင့် အိမ်ပေါ်သို့တက်သွားစဉ်က ဘာကြောင့် အသည်းခိုက်အောင်အေးသည့်လေကို မခံစားမိမှန်းနားလည်သွားသည်။ “အရပ်လေးမျက်နှာမှတ်တမ်း” အရ ဆီးနှင်းပြင်၏ထူလဲ့မျိုးစုဟာ အမှန်ပင် သူတို့၏တိရစ္ဆာန်အုပ်ကို ဆီးနှင်းပြင်ထဲတွင် ထိန်းကျောင်းရန် လေကိုကျာပွတ်အဖြစ်အသုံးပြုသည့် မျိုးနွယ်စုပင်။ လေကိုနှင်ပြီး နှင်းကိုထိန်းချုပ်နိုင်သည့် လျှို့ဝှက်ဆန်းကြယ်သော စွမ်းအားမှာမူ သူတို့၏ ပဟေဠိအဆန်ဆုံးနတ်ဆရာ၏ လက်ထဲတွင်ရှိပေ၏။ 


သို့သော်လည်း သူ့မှာ ဒီအကြောင်းတွေ စဉ်းစားဖို့အချိန်မရှိတော့။ 


အပူပေးရန် ကြေးနီမီးဖိုနှင့်တကွ အခြားမသိရသောပစ္စည်းများသည် ကြမ်းခင်းပေါ်တွင် နေရာချထားခံလိုက်ရ၏။ မီးဖိုမှ ထွက်လာသော မီးရောင်ထဲတွင် ထူလဲ့နတ်ဆရာ၏ မြင့်မားသောအရိပ်သည် သူ၏တိုက်ပွဲနိုင်လက်ဆောင်အပေါ် လုံးလုံးလျားလျား လွှမ်းမိုးထားလေသည်။ 


မဟာဆီးနှင်းပြင်နတ်ဘုရားမ ထူလဲ့သည် ကမ္ဘာမြေတစ်ဝှမ်းတွင် တိုက်ပွဲစက်ဝိုင်းတစ်ခု ဆင်နွှဲစေခဲ့သည်။ 


သူမက တိုက်ပွဲစက်ဝိုင်းအတွင်းရှိ သက်ရှိအရာအားလုံးကို စွမ်းအားအကြီးဆုံးအောင်နိုင်သူထံသို့ အပ်နှင်း၏။ 


...သူပစ်လိုက်သည့်မြားအား


...မည်သူကမှ လာစိန်မခေါ်ရဲခဲ့။


...သူကသာ အသန်မာဆုံးအောင်နိုင်သူပင်။ 


သူရထိုက်သည့်ဆုလာဘ်ကို သူ့မှာတောင်းဆိုခွင့်ရှိ၏။ 


“ခင်ဗျား....”


ချိုးပေါ်သုန့်၏အသံက အံ့ဩထိတ်လန့်ခြင်း၊ ဒေါသတို့နှင့်ပြည့်နှက်နေပြီး ပျောက်ကွယ်သွား၏။ 


အေးစက်စက်ဖြစ်နေသော လက်စွပ်သည် ကောင်ငယ်လေး၏မေးရိုးပေါ်သို့ ဖိလာပြီး သူ့ခေါင်းကိုအတင်းအကြပ်မော့စေလိုက်ရာ အလင်းရောင်မှိန်မှိန်အောက်တွင် သူ၏ အထိမခံသော သွယ်လျလျလည်တိုင်က လှပစွာကြွတက်လာ၏။ သားကောင်၏ လည်ဂုတ်ကြောကို သွားစွယ်နှင့်ခဲထားတတ်သည့် ခွန်အားကြီးသားရဲများကဲ့သို့ပင် အတန်ငယ်အေးစက်နေသည့် နှုတ်ခမ်းတို့က သူ့လည်ပင်း၏ တစ်ဖက်ခြမ်းကို ကျရောက်လာခဲ့သည်။ အနမ်းဟုဆိုရမည်ထက် အမှတ်အသားနှင့်ပိုတူလေ၏။ 


အလိုလိုက်ခံသခင်လေးသည် သူ၏ လွန်ကဲလှသောအလှတရားမှ သယ်ဆောင်လာသည့် အန္တရာယ်ကို မသိနားမလည်ခြင်းနှင့်၊ အလိုလိုက်ခံရခြင်းကြောင့် ဖြစ်ပေါ်လာသည့် မောက်မာမှုကြောင့် ပြန်ပေးဆပ်ရချေတော့မည်။ 


သူ နောက်ဆုံးတော့ မရင်းနှီးသည့်မြေ၌ တစ်ကိုယ်တည်းပိတ်မိနေခြင်း၏ အန္တရာယ်ကို သဘောပေါက်သွားချေပြီ။ 


ကံမကောင်းစွာနှင့် သူနားလည်သွားချိန်က အချိန်နှောင်းလွန်းနေခဲ့ပြီ။ 


သူ အမှတ်အသားပေးခံလိုက်ရသည်။


ရှေးခေတ်တိရစ္ဆာန်ကျောင်းခြင်းတွင် တိရစ္ဆာန်ထိန်းကျောင်းသူများက နွားနှင့်သိုးတို့ကို ခွဲခြားသိရှိနိုင်ရန် အပူပေးထားသောသံကိုသုံးပြီး တံဆိပ်ရိုက်နှိပ်သကဲ့သို့ပင်....