Chapter4
Viewers 538


အခန်း (၄) : အမွေးရှည်ဆင်ကြီး


ချိုးပေါ်သုန့်တစ်ယောက် မ,ချီခံလိုက်ရသည့်အချိန်တွင် မှင်တက်သွားရသည်။ 


သူသည် ငယ်စဉ်ကတည်းက ဖူးဖူးမှုတ်ခံလာရသူဖြစ်ပြီး နည်းနည်းလေးတို့ထိလိုက်ရုံ သို့မဟုတ် ဖိလိုက်ရုံဖြင့်ပင် အမှတ်အသားကျန်ခဲ့တတ်လေ၏။ အကယ်၍ အမှတ်အသားကျန်ခဲ့လျှင်လည်း သူကစိတ်ဆိုးစိတ်ကောက်နေလိမ့်မည်ပင်။ ပျော်ပျော်ရွှင်ရွှင်နေတတ်သည့် ချစ်စရာကောင်ငယ်ကလေးက ပါးကြီးတွေဖောင်းပြီး လူတိုင်းကို လျစ်လျူရှုထားလိမ့်မည်။ မိသားစုထဲရှိအကြီးအကဲများက သူ့ကိုဝမ်းနည်းအောင်လုပ်မိမှာစိုး၍ သူ့ကို သာမန်ကာလျှံကာမထိရဲကြပေ။ သို့သော် သူအရွယ်ရောက်လာသည်နှင့်အမျှ သခင်လေး၏မောက်မာမှုက ကုန်းမြေတစ်ခွင် ပျံ့နှံ့သွားပြီးပြီပင်။ ဘယ်သူက သူ့ကို ရန်စရဲတော့မလဲ?


ဤသိုင်းလောကထဲတွင် သူ့အဖေက ဓားနတ်ဘုရား၊ သူ့အဘိုးက လှံသူရဲကောင်းဖြစ်ပြီး သူ့အမေကတော့ နတ်ဆေးသမားတော်ပင်။ ထို့ပြင် အခြားလျှို့ဝှက်လက်နက်များစွာ၏ပညာရှင်များ၊ ဝိုင်အမတနှင့် သေရည်ရူး စသည့် ဆရာသခင်တို့လည်း ရှိသေး၏။ ချိုးမိသားစုတွင် လူပေါင်းဒါဇင်ချီလောက်ရှိရာ....လောကတခွင်အနှံ့ ဝှေ့ယမ်းမွှေနှောက်ပစ်နေသည်က ဟာသမဟုတ်ပါချေ။  


ယခုလောလောဆယ်တွင် သူက ဆီးနှင်းပြင်မှာ သောင်တင်နေပြီး မရှင်းပြတတ်အောင် “တိုက်ပွဲနိုင်လက်ဆောင်” ဖြစ်လာရသော်လည်း ရင်ထဲမှာတော့ ဘာမှမခံစားရသေးပေ။ 


သူ တိုက်တွန်းခံလိုက်ရချိန်မှသာ နည်းနည်းစိတ်အနှောင့်အယှက်ဖြစ်မိခြင်းပင်။ 


သူ့တတိယဦးလေးကလည်း ဆီးနှင်းပြင်ထဲမှာ ရှိနေသေးတာပဲဟာ!


အကယ်၍ သူကံဆိုးပြီး ချောက်ထဲပြုတ်ကျကာ မသေသွားသရွေ့ သူ၏ တတိယဦးလေးက သူ့ကို သုံးရက်အတွင်းရှာနိုင်မည်ပင်။ 


သိုင်းပညာနှင့်မရင်းနှီးသော သခင်လေးမှာ ရှစ်ဝူလော့၏ လေးတစ်လက်တည်းဖြင့် မြားဆယ်စင်းပစ်နိုင်စွမ်းနှင့် မြေပြင်ပေါ်တွင် စက်ဝိုင်းဆွဲကာ သူ့ကို အကျဉ်းချထားနိုင်သည့် စွမ်းအားကို နားမလည်နိုင်ရှာပေ။သူက ရိုးရိုးရှင်းရှင်းပင် သူ၏ အကြီးအကဲများကသာ စွမ်းအားအကြီးဆုံးဟု ယူဆထားလေ၏။ သူ၏ တတိယဦးလေးရောက်လာလျှင် သူ့အသက်ကိုကယ်ပေးခဲ့သည့်အတွက် ကျေးဇူးတင်သည့်အနေနှင့် ထူလဲ့လူမျိုးစုအတွက် ဆုလာဘ်တချို့ချန်ထားခဲ့မည်ဟုပင် သူက တွေးလိုက်သေးသည်။ အင်း.....သူတို့ကိုစိတ်ဆိုးနေသေးရင်တော့ နည်းနည်းလျှော့ပေးလိုက်မှာပေါ့။ 


သူလုံးဝမထင်ထားခဲ့တာက ဆီးနှင်းပြင်လူမျိုးစုရဲ့ နတ်ဆရာက တကယ်ကြီး သူ့အပေါ် လက်တင်လာရဲမယ်လို့လေ!


ပြီးတော့လည်း....


သူ့ကို ဒီလိုမျိုးပွေ့ချီထားတုန်းပဲ!


သန်မာသောလက်မောင်းများက သူ့ပခုံး၊ နောက်ကျောနှင့် ဒူးခေါက်‌ကွေးတို့ကို ကိုင်ကာ ပွေ့ချီလိုက်သောကြောင့် သူ့ကိုယ်သူ အခြားသူတစ်ဦး၏ ပွေ့ဖက်မှုထဲတွင် ပိတ်မိနေသလို ခံစားနေရ၏။ သူ၏ ပခုံးနှင့် ဒူးခေါင်းတို့မှာ ထင်ရှားပြီး ရှည်လျားသန်မာသော လက်ဆစ်များရှိသည့် လက်နှစ်ဖက်ဖြင့် မြဲမြဲမြံမြံ ဆုပ်ကိုင်ခံထားရသည်။ သူတို့နှစ်ယောက်အကြားတွင် ထူထူထဲထဲ ပိုးထည်ဝတ်ရုံတစ်ထည်ရှိနေသည့်တိုင် ထိုလက်ဆစ်များက သူ၏အသားထဲသို့ တံဆိပ်ရိုက်ခတ်ထားသည်ဟု ထင်ယောင်ထင်မှားဖြစ်နေမိဆဲပင်။ 


ခဏတာ အံ့အားသင့်နေပြီးနောက် ချိုးပေါ်သုန့်၏ပါးပြင်တို့က ရုတ်တရက်နီရဲလာတော့သည်။ 


—ယင်းက ဒေါသကြောင့်လား ရှက်ရွံ့မှုကြောင့်လားဆိုတာ သူလည်းမသိတော့။ 

သူ အရင်က တစ်ခါမှ ဒီလိုမျိုးအဖက်မခံရဖူးဘူး!!!


ယခင်က မိမိကို ကယ်တင်ခဲ့သူအပေါ် ထားရှိခဲ့သည့်အနည်းငယ်မျှသော သဘောထားကြီးမှုတို့မှာ ချက်ချင်းပင် ပျောက်ကွယ်သွားရသည်။ချိုးပေါ်သုန့်က ရှစ်ဝူလော့ကို တံတောင်ဆစ်ဖြင့် တွက်လိုက်သည်။ 


တံတောင်ဆစ်က ရှစ်ဝူလော့ကို ထိသွားသော်လည်း ရှစ်ဝူလော့ကတော့ တွန့်သွားခြင်းပင်မရှိ။ ဆန့်ကျင်ဘက်အားဖြင့် ချိုးပေါ်သုန့်၏တံတောင်ဆစ်ကသာ နာကျင်သွားရ၏။ 


ဒီလူ သံနဲ့လုပ်ထားတာလား?!


ဒီလောက်တောင် မာတောင့်နေတာ!!!


ချိုးသခင်လေးက စိတ်ဆိုးသွားလေပြီ။ သူက အံကြိတ်ကာ ဒေါသတကြီးမာန်ဖီနေပြီး သူ့ကို အကြိမ်အနည်းငယ်လောက် တွန်းထုတ်လိုက်ပြန်သည်။ 

“ငါ့ကိုအောက်ချပေး!”


ဤတစ်ခေါက်မှာတော့ သူ သင်ခန်းစာ ရသွားပြီဖြစ်ရာ အားသုံးခြင်းက အသုံးမဝင်မှန်းသိလိုက်သဖြင့် ရိုးရိုးရှင်းရှင်းပင် အင်အားသုံးခြင်းကို ရပ်တန့်လိုက်လေ၏။ 

ယခုတွင်မူ သူ၏ ရည်ရွယ်ချက်မှာ တစ်ဖက်လူကို စိတ်အနှောင့်အယှက်ပေးပြီး ရူးသွပ်သွားအောင် လုပ်ရန်သာ ဖြစ်သည်။


ထူလဲ့နတ်ဆရာမှာ သူ၏ တံတောင်ဆစ်နှင့် ရိုက်ခံရစဥ်ကအတိုင်းပင် သူ့စကားတွေကို လုံးဝတုံ့ပြန်လာခြင်းမရှိပေ။ မဟုတ်သေး...လုံးဝမတုံ့ပြန်တာမျိုးလည်းမဟုတ်ပေ။ သူက သူ၏ လက်မောင်းကိုမသိမသာချပြီး ပြန်တင်လိုက်လေရာ သူ့ရင်ခွင်ထဲရှိ လူချောလေးကို အပေါ်သို့ ဆွဲတင်လိုက်သလိုဖြစ်သွားပြီး ကြားလေ‌သွေးခြင်းမရှိ သူ့ရင်ခွင်ထဲမှာ တင်းတင်းကျပ်ကျပ် ပိတ်လှောင်လိုက်သည့်အလားပင်။

ရင်ခွင်ထဲရှိ ကောင်လေးမှာ နောက်ဆုံးတွင် ငြိမ်ကျသွားတော့သည်။


ပုံမှန်အားဖြင့် ခပ်တန်းတန်းနေတတ်သော နတ်ဆရာအကြီးအကဲသည် ခဏမျှ စောင့်ကြည့်နေပြီးအုတ်အော်သောင်းနင်းဖြစ်မှုများ လျော့ကျသွားသည်ကို မြင်မှသာ ကောင်လေးကို မြားစက်ဝိုင်းထဲမှ သယ်ထုတ်သွားလိုက်၏။ 


“သွားကြမယ်”


သူက တိုတိုတုတ်တုတ် အမိန့်ပေးလိုက်သည်။ 


အခြားထူလဲ့စစ်သည်တော်များက နှမြောတသဖြစ်မှုနှင့် စူးစမ်းလိုစိတ်တို့ ရောပြွမ်းလျက် သူတို့ထံမှ အကြည့်ကို လွှဲလိုက်ကြသည်။


နတ်ဆရာအကြီးအကဲ၏ အနက်ရောင်ဝတ်ရုံက အလှပဂေးလေးကို လက်တစ်ချောင်းပင်မပေါ်စေဘဲ လုံးဝဥဿုံဖုံးထားသည်မှာ တော်တော်လေးကို အနှောင့်အယှက်ဖြစ်စရာပင်... သူက မျိုးနွယ်စုဆီကိုတောင် ပြန်မရောက်သေး၊ ဝံပုလွေပိုင်နက်အလား နေရာအများကြီး ယူထားနှင့်လေပြီ။ အနာဂတ်မှာ ထိုအလှလေး၏ အရိပ်အယောင်တောင် ဖမ်းမိဖို့ခက်မှာစိုးရပေသည်။ 


ဒါနဲ့ နတ်ဆရာအကြီးအကဲ တစ်ကိုယ်တည်းဖြတ်သန်းလာတာ ဘယ်လောက်ကြာနေပြီလဲ?

ထူလဲ့စစ်သည်တော်များက စိတ်ထဲမှာ ခပ်မြန်မြန် တွက်ချက်လိုက်ကြသည်။ 


သူတို့က သယ်သွားခံရသည့်အလှလေးကို ထပ်ပြီးကြည့်လိုက်ရင်း စာနာစိတ်မဝင်ဘဲ မနေနိုင်ခဲ့ချေ။ 


ဒါက.....

ဆိုလိုသည်မှာ ကျန်သည့်ခရီးစဉ်တစ်လျှောက်လုံး သူတို့တွေ ဆင်ပေါ်မှ လုံးဝမဆင်းနိုင်မှာပင် စိုးရသည်။ 

[နတ်ဆရာက အလှလေးကို ဆင်ပေါ်မှာပဲ တစ်ခုခုလုပ်လိမ့်မယ်လို့ထင်နေကြတာပါ...]


သူတို့က ကိုယ်စီ အတွေးထဲနစ်မြောနေချိန်တွင် နတ်ဆရာအကြီးအကဲမှာတော့ တောင်ကြားအဝကိုပင် ရောက်လုတော့မည်ဖြစ်သဖြင့် ကျန်သူတွေလည်း ထပ်ပြီးမလေးဖင့်နေတော့ပေ။ တချို့က လေချွန်ကြပြီး၊ တချို့က ကျာပွတ်တွေနှင့် လွှဲရိုက်လိုက်ကြ၏။ တောင်ဆိတ်နှင့်သမင်တို့က ဝီစီသံကို ကြားသောအခါ တဖြည်းဖြည်း အပြင်ဘက်ကိုရွှေ့သွားကြပြီး သူတို့၏ခြေသံများက တောင်ကြားထဲရှိ နှင်းထူထူတစ်လျှောက် အသံတရှဲရှဲထွက်ပေါ်နေတော့သည်။ 


အပြင်ဘက်ရှိ အဖြူရောင်နှင်းမုန်တိုင်းကြီးက မပြီးသေးချေ။ 


၎င်းက သိုးမွေးစောင်ကို ဆွဲတင်လိုက်သည့်အလား မြေကြီးပေါ်တွင် လှိုင်းလုံးသဏ္ဌာန်ဖြတ်တိုက်သွား၏။


ချိုးပေါ်သုန့်ကတော့ ရှစ်ဝူလော့၏ရင်ခွင်ထဲ မလှုပ်မယှက် တိုးကပ်နေလေရဲ့။


သူက နာနာခံခံမရှိလျှင်တောင် ကောင်းကောင်းမွန်မွန်ပြုမူနေသည်ဟု သတ်မှတ်၍ရပေသည်။ 


ယင်းမှာ သူ့အခြေအနေက မည်မျှအန္တရာယ်များမှန်း နောက်ဆုံးမှာ သဘောပေါက်သွားခြင်းကြောင့်လည်း မဟုတ်သလို ကြောက်ရွံ့နေခြင်းကြောင့်လည်းမဟုတ်။ သူသည် ငယ်စဉ်ကတည်းက အလိုလိုက်ခံလာရသူဖြစ်ပြီး ချိုးမိသားစုဟာလည်း သူတို့၏ ပိုင်ဆိုင်မှုကို ကာကွယ်လိုစိတ်ကြီးသည်ဟူ၍ နာမည်ဆိုးနှင့် ကျော်စောလေ၏။ သခင်လေး သိုင်းလောကထဲသို့ ဝင်သည့်အခိုက်တွင် ကြုံဆုံခဲ့ရသောသူများမှာ ချိုးမိသားစု၏ မျက်နှာသာကိုလိုချင်၍ မျက်နှာချိုသွေးသူများမဟုတ်လျှင် တဏှာကြောင့်စုံလုံကန်းပြီး သူစိတ်ကျေနပ်စေရန် ကပျာကယာကြိုးစားခဲ့သူချည်းသာ။ 


ထူလဲ့နတ်ဆရာအကြီးအကဲက သူ့ကိုကယ်တင်ခဲ့သည့်အတွက် သူယခင်ကကြုံခဲ့ဖူးသည့်လူတွေနှင့် ဘာမှမကွာခြားဟုသာ ထင်မှတ်ထားသည်။


ဒါပေါ့....သခင်လေးက သူ့အသက်ကိုကယ်တင်ခဲ့သည့်မျက်နှာကို ထောက်ထား၍ တစ်စုံတစ်ယောက်အား ခွင့်လွှတ်ပြီးသက်ညှာပေးဖို့ ရည်ရွယ်ထားခြင်းမရှိပေ။ 


“သဘောထားကြီးသော” ဆိုသည့် စကားစုက သူနှင့်လားလားမျှမသက်ဆိုင်ပေ။ 


“အငြိုးအတေးကြီးသော” နှင့် “အသေးစိတ်မှတ်ထားတတ်သော” စသည့် စကားများကမှ သူ့ကို အမှန်တကယ် ညွှန်းဆိုသောစကားစုများပင်။ 


သူ့သူငယ်ချင်း၏ စကားအရဆိုလျှင်

“ဒီချိုးသခင်လေးက တကယ့်ကို မလွယ်တဲ့လူ၊ မင်း သူ့ကို မျက်နှာချိုသွေးပြီး အလိုလိုက်အကြိုက်ဆောင်ပေးရင်တောင် သူကျောပေးလိုက်တာနဲ့ မင်းကိုမေ့သွားမှာပဲ၊ သူ့အပေါ်ကောင်းတဲ့လူတွေက ဒီလောက်များတာ မင်းကိုယ်မင်း ဘယ်သူထင်နေလို့လဲ? ဒါပေမဲ့ တကယ်လို့ မင်း မတော်တဆ သူ့ကိုရန်စမိရင်တော့....ဟေး အဲ့ဒီလူက အရမ်းအငြိုးကြီးတာနော်၊ မင်းကို တသက်လုံး လက်တုံ့ပြန်သွားနိုင်တယ်”


သူ၏ အသက်ကိုကယ်ပေးခဲ့သည့် လုပ်ရပ်လေးက သူ၏ အဝတ်များ အဖြဲခံရပြီး ပွေ့ချီခံရသည့်အရှက်တကွဲဖြစ်မှုထက် အလေးမသာနိုင်ပေ။ 


ထည့်ပြောနေစရာတောင်မလိုတာ....


ပြီးတော့ ခုနတုန်းက ရှစ်ဝူလော့က သူ့ကိုဟိုလှုပ်ဒီလှုပ်မဖြစ်အောင်လို့ နည်းနည်းစနောက်လိုက်သေးတယ်! ချုပ်နှောင်ထားတာက တင်းကျပ်လွန်းလို့ သူ့လက်အနေအထားကပါ ပြောင်းသွားရောလေ။

နဂိုအနေအထားကတောင် တော်တော်လေးဒွိဟဖြစ်စရာကောင်းပြီး လုံးဝကိုစည်းကျော်နေနှင့်ပြီကို!

အဲ့ဒီလှုပ်ရှားမှုက ပိုလို့တောင်လူပါးဝနေသေးတယ်!


ထိုလက်ချောင်းဆစ်များမှာ အရွယ်ရောက်ပြီးသား အမျိုးသားတစ်ဦး၏ လက်များဖြစ်ပြီး ကောင်လေး၏ သွယ်လျလျခါးအထက်ရှိ ပါးလွှာသော နံရိုးများကို ဆုပ်ကိုင်ထား၏။ထိုလက်မှာ ယခင်က ဒူးအောက်တွင်ရှိနေသော်လည်း မသိမသာပင် အပေါ်သို့တက်လာပြီး သူ့အဝတ်တွေမှတစ်ဆင့် ပေါင်အလယ်သို့ရောက်ရှိလာခြင်းပင်။ သခင်လေးက ပိန်ပါးသော်လည်း သူ၏ခြေတံများမှာ ရှည်ရှည်သွယ်သွယ်နှင့် အသားပေါလေရာ လက်ချောင်းနှင့်ဖိလိုက်သည်နှင့် မလွဲမသွေ အချိုင့်လေးဖြစ်သွားမှာပင်။ 


၎င်းက တကယ်တော့ မူလအနေအထားထက်စာလျှင် ပို၍ သက်သောင့်သက်သာ ရှိသည်။


မည်သို့ဆိုဆို ဒူးနားတွင် အသားသိပ်မရှိသလို သူ့ကိုချီထားသည့်လူ၌တွင်လည်း အလွန်ထင်ရှားသော လက်ဆစ်များရှိလေရာ အရိုးအပေါ်တွင် အရိုးထပ်နေသဖြင့် သဘာဝကျကျပင် နည်းနည်းတော့နာ၏။ 


ဒါပေမဲ့ ဒီအနေအထားက... အကယ်၍ မိန်းမငယ်လေးသာဆိုလျှင် သူမ ထခုန်ပြီး သူ့ကိုပါးချပြီးနေလောက်ပြီ။ ပြီးလျှင် ငိုယိုပေါက်ကွဲပြီး သူမ၏ဖြူစင်မှုအတွက် ကိုယ့်ကိုယ်ကိုယ်သတ်သေရန် ခြိမ်းခြောက်မိလောက်သည်။ 


ချိုးသခင်လေးက မာနကြီးပြီး သူအခွင့်အရေးယူခံရသည်များကို မည်သူ့ကိုမျှ မသိစေချင်သလို ပျာယာခတ်ပြီး အားနည်းဟန်လည်း မပေါက်ချင်ပေ။ သို့ဖြစ်၍ သူက ခေါင်းမာမာနှင့် တိတ်တိတ်လေးနေလိုက်ပြီး သူ၏ရက်စက်သောအကြံအစည်များကို လျှို့ဝှက်ကြံစည်နေလေ၏။ သူက ဤအကြွေးကို ပြန်ဆပ်ရန် အခွင့်အရေးကိုသာ စောင့်နေလိုက်သည်။


သို့သော် ချိုင့်ဝှမ်းအပြင်ဘက်သို့ ရောက်သည်နှင့် သူသည် အငြိမ်မနေနိုင်ဘဲ အနည်းငယ် လှုပ်ရှားမိပြန်သည်။


ရှစ်ဝူလော့က သူ့ကို နည်းနည်းပိုပြီး တင်းကြပ်စွာ ဖက်လိုက်သည်။ 


သူ တစ်ခုခု ထပ်ပြီးလုပ်ပြန်ပြီဟု ထင်နေတာဖြစ်ရမည်။ 


“...” 

ချိုးပေါ်သုန့်က အံကြိတ်ကာ သူ့ပေါင်ပေါ်ရှိ ထူးထူးဆန်းဆန်းခံစားချက်ကြီးကို အတတ်နိုင်ဆုံး လျစ်လျူရှုရန်ကြိုးစားရင်း ကိုယ့်ကိုကိုယ်နှိမ့်ချကာ ရှင်းပြလိုက်၏။ 

“ငါအပြင်ဘက်ကို ကြည့်ချင်တယ်”


သူ့မှာ အမှန်ပင် အခြားဘာဝါသနာမှမရှိပေ။ 


သူက ခရီးလှည့်ပတ်သွားပြီး မတူညီသောနေရာအမျိုးမျိုး၏ ဒေသခံဓလေ့ထုံးတမ်းတွေနှင့် ယဉ်ကျေးမှုတို့ကို တွေ့ရတာ သဘောကျသည်။ 


မဟုတ်လျှင် “အရပ်လေးမျက်နှာမှတ်တမ်း” ကဲ့သို့သော မထင်မရှားနှင့် ရှေ့နောက်မညီဘဲ အသုံးမဝင်ပုံရသည့်စာအုပ်ကို သူစိတ်ဝင်စားခဲ့မှာမဟုတ်ပေ။ 


ယခုတော့ ဆီးနှင်ပြင်ဒေသမှ အလွန်တရာလျှို့ဝှက်ဆန်းကြယ်သော ရှေးဟောင်းမျိုးနွယ်စုနှင့်ဆုံတွေ့နိုင်သည့် အခွင့်အရေးရှိလာပြီဖြစ်၍ “အရပ်လေးမျက်နှာမှတ်တမ်း”ထဲတွင် အတိုချုံးပြောထားသော “ဆောင်းရာသီတိရစ္ဆာန်‌ ကျောင်းခြင်း” ကို သဘာဝကျကျပင် သူကိုယ်တိုင်မြင်ဖူးချင်လေ၏။ သူက လေတိုက်နှုန်းကြောင့် စုဝေးကုန်ကြသော တိရစ္ဆာန်ရိုင်းများကို မြင်ခဲ့ရသည်။ သိုးနှင့်ဒရယ်များကို ကြိုးတပ်တူရိယာများ၊ ဗုံများတီးပြီး လေချွန်သံပေးရုံနှင့် ယဉ်ပါးအောင် ထိန်းကျောင်းသွားပုံတွေကိုလည်း မြင်တွေ့ခဲ့ရသည်။ သူက သွေးထွက်သံယိုဖြစ်စေသော ဝံပုလွေအမဲလိုက်ခြင်းကိုပင် တွေ့ခဲ့ရသေးသည်။ 


ထူလဲ့လူမျိုးတွေက ဒီသောင်းချီနေတဲ့ တောင်ဆိတ်နဲ့သမင်တွေကို သူတို့မျိုးနွယ်စုဆီ ဘယ်လိုပြန်ပြီး နှင်ကြမှာပါလိမ့်?


အပြင်ဘက်မှလေတိုက်သံကို အကဲဖြတ်ကြည့်ရသလောက် အအေးလှိုင်း၏နှင်းမုန်တိုင်းက အခုထိ မပြီးသေးချေ။ 


တောဆိတ်နှင့်သမင်တို့က နှင်းမုန်တိုင်းမှလွတ်မြောက်ရန် တောင်ကြားထဲ၌စုရုံးလာခဲ့ကြသည် ။ ချိုးပေါ်သုန့် သိချင်မိသည်မှာ သူတို့တွေ တောဆိတ်နှင့်သမင်တွေကို နှင်းမုန်တိုင်းမကြောက်အောင် မည်သည့်နည်းလမ်းအသုံးပြုခဲ့လဲဆိုတာကိုပင်။ 


ဘယ်လိုပဲဖြစ်ဖြစ် စာရင်းရှင်းဖို့က နောက်မှလုပ်လည်း နောက်မကျသေးပေ။ 


စိတ်တိုလွယ်သည့်သခင်လေးက သူ့ကိုယ်သူအယုံသွင်းလိုက်သည်။ 


သူ့ကို ခြုံထားပေးသည့် အနက်ရောင်ဝတ်ရုံမှာ လေးလံထူထဲပြီး ခေါင်းစွပ်အဝိုက်ကို သားမွေးဖြင့်ပြုလုပ်ထားလေ၏။ ချိုးပေါ်သုန့်၏ မျက်နှာတစ်ခုလုံးက ခေါင်းစွပ်ထဲမှာ နစ်မြုပ်နေပြီး သူ၏မြင်ကွင်းမှာ လုံးဝဝေဝါးနေသည်။ ထိုအမျိုးသားက မတုံ့ပြန်လာပေ။ ချိုးပေါ်သုန့်ဟာ သူ၏ဒေါသနှင့် စူးစမ်းလိုစိတ်ကို ချိန်ဆလိုက်ပြီးနောက် ထိုသူ့ကော်လာကို ဆွဲကာ ယဉ်ကျေးရုံမျှ လေသံလေးနှင့် ပြောလိုက်သည်။ “ခင်ဗျားခဏလေးစောင့်၊ ကျွန်တော့်ကိုအပြင်လေးတော့ ပေးကြည့်ပါအုံး”


ကောင်ငယ်လေး၏အသံက ကြည်လင်ရွှင်ပျလျက်ရှိသည်။ သူက သူ့မိသားစုနှင့်ဆို ချွဲနွဲ့နေကျဖြစ်သောကြောင့် စကားပြောလိုက်ချိန်တိုင်း သူ့အသံ၏ အဆုံးတွင် သကြားခဲလေးကဲ့သို့ အမြဲတစေ ချိုမြိန်မှုတစ်စွန်းတစပါဝင်နေလေ၏။ 


သူ့ကို ပွေ့ချီထားသည့်လူက ရပ်သွား၏။ 


ခဏအကြာ သူ့လက်မောင်းက တင်းကြပ်မှုလည်း လျော့ကျသွားတော့သည်။ 


ချိုးပေါ်သုန့်က ထိုသူ၏ လက်ကိုလွှတ်လိုက်ပြီး သူ့မြင်ကွင်းကိုလာပိတ်နေသည့် ခေါင်းစွပ်ကို နည်းနည်း ဆွဲဟလိုက်သည်။ သူက တောင်ကြားအပြင်ဘက်ရှိ နှင်းထုနှင့်နှင်းမှုန်များကြားတွင် အရပ်မြင့်မြင့်နှင့် မဲမှောင်နေသော အသွင်အပြင်ကိုတော့ ဝိုးတဝါးမြင်နေရပြီ။ သို့သော်လည်း သူက အချီခံထားရသောကြောင့် ရှင်းရှင်းလင်းလင်းတော့ မမြင်ရပါချေ။ 


နောက်မှ ကလဲ့စားချေမည်ဟု ဆုံးဖြတ်ထားသော သခင်လေးမှာ ယခုအချိန်တွင်မူ ဂရုမစိုက်တော့ဘဲ ရဲရဲတင်းတင်းပင် လုပ်ဆောင်လိုက်သည်။ 


သူက လက်ကိုဆန့်ပြီး ရှစ်ဝူလော့၏လည်ပင်း တစ်ဝိုက်တွင် ချိတ်လိုက်လေသည်။ ထို့နောက် အင်အားသုံးကာ သူ၏ ကိုယ်အလေးချိန် အများစုကိုရှစ်ဝူ‌ေလာ့ထံသို့ တင်လိုက်ပြီး ကိုယ်ကိုမတ်ကာ နှင်းမုန်တိုင်းကြားသို့ ခေါင်းပြူ၍ ကြည့်လိုက်သည်။


ဤတစ်ခေါက်မှာတော့ သူသေချာမြင်လိုက်ရပြီ။ 


ဆင်တစ်ကောင်ဖြစ်နေတာပင်။ 


အညိုရင့်ရောင် အမွေးရှည်နှင်းဆင်ကြီးများပင်။ 


ရှည်လျားထူထဲသော အမွေးအမျှင်များဖြင့် ဖုံးအုပ်ထားသော သူတို့ဟာ တိုက်ပွဲအလံများကို ဝတ်ဆင်ထားသည့် တည်ကြည်လေးနက်သော ရှေးဟောင်းစစ်သည်တော်များနှင့်ဆင်တူပြီး အဖြူရောင်လွင်ပြင်ကျယ်ထံပါးမှ မယိမ်းယိုင်သော သန္နိဌာန်ဖြင့် ထွက်ပေါ်လာကြသည်။ ထင်းရှူးပင်များကိုပင် အစိတ်စိတ်အပိုင်းပိုင်းဖြစ်စေနိုင်သည့် နှင်းမုန်တိုင်းများမှာ သူတို့အတွက်တော့ တိုက်ပွဲအောင်လံတံခွန်ကို လက်ချောင်းများဖြင့် ဖြီးသင်နေသကဲ့သို့ သိမ်မွေ့ပြီး အန္တရာယ်မပြုနိုင်ပေ။ 


မည်သည့်ထူလဲ့စစ်သည်တော်က ပါးစပ်ထဲသို့ လက်ထည့်ပြီး အကျယ်ကြီးမှုတ်လိုက်လဲတော့ သူမသိ။ 


ဝီစီသံကြားသည်နှင့် အမွေးရှည်ဆင်အုပ်ကြီးသည် တဟုန်ထိုးပြေးဝင်လာကြသည်။


သူတို့သည် အဝေးကြီးကတည်းမှပင် နှာမောင်းတွေဝှေ့ယမ်းပြနေပြီး ကွေးညွှတ်နေသောဆင်စွယ်တို့ကလည်း ရှေးကျပြီး ရိုးအသော အပြုံးနှင့်တူလေ၏။ 


ထူလဲ့တွေက တစ်ယောက်ပြီးတစ်ယောက် နာမည်အော်ခေါ်လာကြသည်။ 


“ရှားအာလူ—”


“ရှားအာလူ! ဟူးဟယ်! ကောအာ——”


“ငါတို့ဒီမှာရှိတယ်! ငါတို့ဒီမှာ!”


နှင်းများမှာ အမွေးရှည်ဆင်အုပ်ထံမှ အဖြူရောင်ဖုန်မှုန့်လုံးအသွင်နှင့် ကန်ထုတ်ခံလိုက်ရလေသည်။ သူတို့ အနားမရောက်ခင်မှာပင် ထူလဲ့စစ်သည်တော်တို့က ရယ်ရယ်မောမောနှင့် သူတို့ကို အပြေးအလွှားသွားကြိုဆိုကြ၏။ နှစ်ဖက်လုံးရှိလူများက ပြေးလွှားလျက်ရှိကြပြီး သားမွေးဝတ်ရုံထူထူနှင့် ဧရာမစစ်သည်တော်များက သူတို့၏အကောင်းဆုံးအဖော်များကို ခပ်မြင့်မြင့်ခုန်အုပ်ရင်း အားပါးတရပွေ့ဖက်လိုက်ကြ၏။ 


အကြီးဆုံးနှင့် အမြင့်ဆုံး အမွေးရှည်ဆင်က ချိုးပေါ်သုန့်ရှိရာဆီ လျှောက်လာပြီး ခေါင်းငုံ့ပေးလာ၏။ ၎င်းက အနုစိတ်ရက်လုပ်ထားသည့် ခေါင်းပေါင်းကိုဝတ်ဆင်ထားပြီး အစွန်းနားကို ငွေခေါင်းလောင်းလှလှလေးတို့ဖြင့် တန်ဆာဆင်ထားသည်။ 


အလွန်တရာကြီးမားပြီး မယုံနိုင်စရာကောင်းလောက်အောင် လှပလေ၏။ 


အင်မတန်လည်းနူးညံ့ညင်သာသေးသည်။ 


“ရှားအာလူ”


အေးတိအေးစက်နှင့် ခြောက်ကပ်ကပ်အသံက ထင်းရှူးတောကိုဖြတ်တိုက်သွားသည့်လေသဖွယ်၊ သို့တည်းမဟုတ် ရေခဲမြစ်ပေါ်မျောနေသည့်နှင်းပွင့်သဖွယ် သူ့နားထဲသို့ ပဲ့တင်ထပ်လာသည်။


ချိုးပေါ်သုန့်ဟာ စကားပြောနေသူက သူ့ကိုချီထားသည့် ထူလဲ့နတ်ဆရာမှန်း သိလိုက်၏။ 


“ရှားအာလူ၊ ဆီးနှင်းပြင်ရဲ့ကျောက်‌‌ဆောင်ကြီးပေါ့”


သူပြောလိုက်သည့်အချိန်မှာပင် အမွေးရှည်ဆင်ကြီးက နှာမောင်းကို ကွေးပြီး နှုတ်ဆက်စကားပြောလိုသည့်အလား သူ့ပခုံးကိုလာတို့ထိလေသည်။ 


ချိုးပေါ်သုန့်က လက်ဆန့်ပြီး သူ၏နှာမောင်းကိုထိနိုင်မည့် အခွင့်အရေးကိုယူလိုက်၏။ 


ရှားအာလူက ခေါင်းကိုစောင်းလိုက်ပြီး ၎င်း၏နက်မှောင်တောက်ပသောမျက်လုံးတို့က သူ့အပေါ်စူးစိုက်လျက်ရှိသည်။ သူက အလွန်တရာကြီးမားလှသည်ပင်။၄င်းက မုန်တိုင်းကို လုံးဝဥဿုံကာဆီးထားကာ သူ့အရှေ့မှာ တောင်တန်းငယ်အလား ရပ်နေပေ၏။ သူ၏ဧရာမခန္ဓာကိုယ်ကြီးက တစ်ပါးသူကို ဖိအားပေးနိုင်သော အရှိန်အဝါ ရှိနေသည်။ ချိုးပေါ်သုန့်မှာ သူ၏အကြည့်အောက်တွင် အနည်းငယ် လိပ်ပြာမလုံသကဲ့သို့ ခံစားလိုက်ရပြီး လေထဲတွင် တန်းလန်းဖြစ်နေ‌‌သော သူ၏ လက်မှာလည်း ခေတ္တမျှ ရပ်တန့်သွားပြီး ပြန်ရုတ်သိမ်းရန်လည်း တုံ့ဆိုင်းသွားမိသည်။ 


ခဏအကြာတွင် ဆင်ကြီး၏ နှာမောင်းက သူ့လက်ကောက်ဝတ်ကို လာရစ်ပတ်တော့သည်။