Ch 5
Viewers 303

👩‍❤️‍👨Chapter 5




ချမ်ရှောင်လျန် အလွန်တရာနစ်နာသွားသကဲ့သို့ ခံစားလိုက်ရသည်။ သို့သော်လည်း သူမ၏ရှေ့မှ မျက်နှာသေဖြင့် ထိုင်နေသောအမျိုးသားထံကြည့်ကာ အဆုံးတွင် ဒေါသကိုဖိနှိပ်၍ နီရဲနေသောမျက်လုံးများဖြင့် ထိုသူ၏မျက်နှာချင်းဆိုင်တွင် ထိုင်လိုက်ရသည်။


လုဖျင်ကျိူးရောက်လာပြီးနောက် ဆိုင်တွင် လူတဖြည်းဖြည်းကျလာခဲ့ကာ အဒေါ်လောမှ အပြင်သို့ထွက်ကူပေးနေရပြီး ချမ်ရှောင်ဖျင်သည်လည်း အလွန်အလုပ်များနေလေသည်။


မည်သို့ပင်ဆိုစေကာမူ လုဖျင်ကျိူးမှာ အစားနှေးသူတစ်ယောက်ဖြစ်သောကြောင့် တွဲဖက်နှင့်မိတ်ဆက်ပေးမည့်ကိစ္စအပေါ် ချမ်ရှောင်ဖျင် အလျင်စလိုဖြစ်ခြင်းမရှိဘဲ သူမအလုပ်ပြီးမှသာပြောမည်ဖြစ်သည်။ သို့သော်လည်း ချမ်ရှောင်ဖျင် မထင်ထားခဲ့သည်မှာ လုဖျင်ကျိူးသည် နာရီဝက်အတွင်း စားပြီးသွားခဲ့ပြီး ပြန်ရန်ပြင်နေသည်ကိုပင်။


ချမ်ရှောင်ဖျင် ပြတင်းပေါက်မှတဆင့် ဟင်းပွဲများသယ်လာပြီးနောက် ပြန်လှည့်လိုက်ရာ လုဖျင်ကျိူးမှာ ထရပ်နေသည်ကို‌ တွေ့လိုက်ရပြီး မျက်နှာချင်းဆိုင်တွင် ထိုင်နေသည့် ချမ်ရှောင်လျန်မှာမူ ကိုယ်ကိုလိမ်၍ သူမထံ အလောတကြီးမျက်စိမှိတ်ပြနေခဲ့သည်။


ချမ်ရှောင်ဖျင် ဆိုးဆိုးရွားရွားခံစားလိုက်ရပြီး ဟင်းပွဲများကို မှာယူထားသည့်စားပွဲသို့ သွားချပေးလိုက်သည်။ ပြီးသည်နှင့် လုဖျင်ကျိူးအနောက်သို့ အမြန်ပြေးလိုက်၍ တံခါးဝတွင် တားဆီးလိုက်ပြီး ပြောလိုက်လေသည်။


 “ ရဲဘော်လု ခဏလေးစောင့်ပါဦး…”


လုဖျင်ကျိူး ရပ်တန့်သွားပြီး ပြန်လှည့်ကာ မေးလာသည်။


 “ ဘာပြဿနာရှိလို့လဲ…”


“ ကိစ္စလေးရှိလို့ပါ…” 


ချမ်ရှောင်‌ဖျင် လုဖျင်ကျိူးထံပြုံးပြလိုက်ပြီး လက်များကို အချင်းချင်းပွတ်တိုက်နေမိသည်။ သူမ အပြင်ဘက်သို့ တချက်ကြည့်လိုက်ပြီးနောက် အတွင်းသို့ပြန်ကြည့်ကာ ပြောလိုက်သည်။


 “ ကျွန်မတို့ ဟိုဖက်မှာသွားပြောကြတာပေါ့…”


လုဖျင်ကျိူး တခဏကြာတုန့်ဆိုင်းနေခဲ့သော်လည်း ချမ်ရှောင်ဖျင်အနောက်မှလိုက်ကာ ဒုတိယထပ်ကိုတက်သည့် လှေကားစီသို့ လိုက်သွားလိုက်ပြီး ထိုနေရာတွင်ရပ်လိုက်သည်။


သူရပ်လိုက်သည်နှင့် ချမ်ရှောင်ဖျင်မှ ပြောလာခဲ့သည်။


 “ ရဲဘော်လု ကျွန်မ အဒေါ်လောပြောတာကြားခဲ့တာတော့ ရှင့်မှာတွဲဖက်မရှိသေးဘူးဆို…”


လုဖျင်ကျိူး ထိုစကားကိုကြားလိုက်ရချိန်၌ အံ့ဩသွားမိခြင်းမရှိချေ။ သူ၏ ကိုယ်ရေးကိုယ်တာအကြောင်း အဒေါ်လောထံ ပြောပြခဲ့စဉ်က မည်သူ့ကိုမှ ရှောင်ရှားခဲ့ခြင်းမရှိလေရာ ဟိုတယ်ဝန်ထမ်းတစ်ဦးဖြစ်သူ ချမ်ရှောင်ဖျင်သိနေသည်မှာ ပုံမှန်သာဖြစ်သည်။


အဘယ့်ကြောင့် ချမ်ရှောင်ဖျင်မှ သူ့ကိုတား၍ ထိုအကြောင်းပြောလာရသည်ကိုသာ လုဖျင်ကျိူးတွေးနေမိသည်။


ချမ်ရှောင်ဖျင်မှာ စိတ်ရှည်သည့်သူမျိုးမဟုတ်ချေ။ ထို့အပြင် လက်ရှိအချိန်၌ စားသုံးသူများစွာ ရှိနေသေးသည်ဖြစ်ရာ သူမထံတွင် ဖြုန်းတီးရန်အချိန်မရှိပေ။ ချမ်ရှောင်ဖျင် လုဖျင်ကျိူး ပြန်ဖြေသည်ကိုပင် မစောင့်ဘဲ ပြောချလိုက်သည်။


 “ ဟုတ်သား ကျွန်မနဲ့သိတဲ့မိန်းကလေးတချို့ရှိလို့လေ… အားလုံးကလည်း နောက်ခံကောင်းကြပါတယ်… ဒီအတိုင်း ရဲဘော်လုက ဘယ်လိုလူမျိုးကို သဘောကျတယ်ဆိုတာပဲ မသိတော့ ကြင်ဖက်တွေ့ဖို့ကိုများ မစဉ်းစားချင်ဘူးလားလို့ပါ…”


ချမ်ရှောင်ဖျင်တို့နှစ်ဦး ရပ်နေသည့်နေရာမှာ အရှေ့ဘက်ခန်းမ၏ ထမင်းစားသည့်နေရာနှင့် အနည်းငယ်ကွာဝေးသော်လည်း တစ်ဦးကိုတစ်ဦး မြင်တွေ့‌နိုင်သေးသည်။ ဟင်းပွဲများချပေးပြီးနောက် အဒေါ်လော ထိုသူနှစ်ဦးရပ်နေသည်ကို မြင်လိုက်ရပြီးနောက် စားပွဲများအကြား ရှက်သွေးဖြာလျက် ထိုင်နေသည့် ချမ်ရှောင်လျန်ကို တွေ့လိုက်ရချိန်တွင် ရုတ်တရက်ဆိုသလို အရာအားလုံးကို သူမနားလည်သွားခဲ့သည်။


မည်သို့သောနောက်ခံမျိုးနှင့် အမျိုးသားမှ ချမ်ရှောင်လျန်အား လှပစွာဝတ်စား၍ အချိန်အတန်ကြာ ဤမျှမတ်မတ်ထိုင်နေစေနည်းဟု သူမ မေးမိခဲ့သည်။ ဖြစ်နိုင်သည်မှာ ချမ်ရှောင်လျန်တစ်ယောက် လုဖျင်ကျိူးထံမှ ဆွဲဆောင်ခံလိုက်ရခြင်း ဖြစ်နိုင်ပေမည်။


ထိုအကြောင်းကိုတွေးမိသွားပြီး အဒေါ်လော ဟင်းပွဲများထုတ်ပေးသည့် ပြတင်းပေါက်ရှိရာသို့ လျှောက်လာလိုက်သည်။


လှေကား၏ဘေးတွင် မီးဖိုချောင်တွင်းသို့ ဝင်နိုင်သည့်တံခါးရှိပြီး ဟင်းပွဲများထုတ်ပေးရသည့် ပြတင်းပေါက်မှာ တံခါးနှင့်ကပ်လျက်တွင်ရှိသည်။ ဤနေရာတွင် ရပ်နေခြင်းမှာ အထင်လွဲမခံရရုံသာမက ခိုး၍လည်းနားထောင်နိုင်သည်။


ချမ်ရှောင်ဖျင်မှ မိန်းကလေးအနည်းငယ်နှင့်သိကြောင်း ပြောသည်ကို ကြားလိုက်ရချိန်၌ အဒေါ်လောတစ်ယောက် မနေနိုင်ဘဲ နှာခေါင်းရှုံ့လိုက်မိသည်။


 “ ဘာလို့များ နည်းနည်းသိတယ်လို့ ထပ်ထည့်နေသေးလဲ… ဒီအတိုင်း ငါ့ညီမနဲ့မိတ်ဆက်ပေးချင်လို့ပဲ ပြောလိုက်ပါတော့ဟယ်…”


သူမ လုဖျင်ကျိူး၏အဖြေကို ဂရုတစိုက်နားထောင်လိုက်သည်။


လုဖျင်ကျိုး ခိုးနားထောင်နေသည့် အဒေါ်လောထံ တည်ငြိမ်စွာကြည့်ကာ ပြောလိုက်သည်။


 “ ရယ်ရတာကြိုက်တဲ့လူမျိုးကို သဘောကျတာပါ…”


ရယ်မောခြင်းဆိုသည်မှာ လိုအပ်ချက်တစ်ခုမဟုတ်သည်ဟု ချမ်ရှောင်ဖျင် တွေးလိုက်မိပြီး လူအုပ်ထဲတွင်ထိုင်နေသော ချမ်ရှောင်လျန်ထံ လက်ညှိုးထိုးပြလိုက်သည် ။


“ ရဲဘော်လု ကျွန်မညီမဆိုရင်ကော ဘယ်လိုလဲ… သူလည်း ရယ်ရတာကိုသဘောကျတယ်.. ပြီးတော့ အခုမှ ဆယ့်ရှစ်နှစ်ပြည့်ထားတာဆိုတော့ အသက်လည်းငယ်တယ်လေ…”


လုဖျင်ကျိူးမှာမူ ခေါင်းမော့လိုက်ခြင်းမရှိချေ။ စားပွဲဝိုင်းများအကြား ရှက်စနိုးဖြင့် ပြုံးပြနေသည့် ချမ်ရှောင်လျန်ထံ အကြည့်တစ်ချက်ပင် မပေးဘဲပြောလိုက်သည်။


 “ အိုးး သူဆိုရင်တော့ မလုပ်နိုင်လောက်ဘူးထင်တယ်…”


ချမ်ရှောင်ဖျင် အစပိုင်းတွင် ပျော်သွားခဲ့သော်လည်း အသေအချာနားထောင်လိုက်ပြီးနောက် သူမ ကြောင်သွားရသည်။


 “ မလုပ်နိုင်ဘူးဆိုတာက ဘာကိုပြောတာလဲ…”


“ ကျွန်တော်က အရမ်းငယ်တဲ့သူတွေကို မရှာချင်လို့ပါ…”


“ သူက အခုဆို ဆယ့်ရှစ်နှစ်တောင်ပြည့်ထားပြီးပြီ‌လေ… ဘာလို့လဲ အရမ်းငယ်နေလို့များလား…”


“ ကျွန်တော့်အတွက် ငယ်လွန်းတယ်…”


ချမ်ရှောင်ဖျင် စိတ်မပါလက်မပါ မေးလိုက်ရသည်။


 “ ဒီလိုဆိုရင် ဘယ်လောက်အသက်ကြီးတာမျိုးကို ရှာနေတာလဲ…”


“ ကျွန်တော့်ထက် လေး ငါးနှစ်လောက်ပိုငယ်ပြီး နှစ်ဆယ့်တစ်နှစ်ပြည့်ခါနီးလောက်ပေါ့…” 


ထိုသို့ပြောပြီးနောက် လုဖျင်ကျိုးအတိအကျပေါင်းထည့်လိုက်သည် ။


“ ကျွန်တော်လက်ခံနိုင်တဲ့ အငယ်ဆုံးအသက်က နှစ်ဆယ့်တစ်နှစ်ပဲ… အဲ့သည့်ထက် တစ်ရက်လေးပိုငယ်နေရင်တောင် အလုပ်ဖြစ်မှာမဟုတ်ဘူး…”


ချမ်ရှောင်ဖျင် သွေးအန်မိတော့မလိုပင်ဖြစ်သွားရသည်။ သူမ နားမလည်နိုင်ခဲ့ပေ။ ယောင်္ကျားလေးများမှာ သူတို့ထက်ပိုငယ်သည့်သူမျိုးကို နှစ်သက်ကြသည် မဟုတ်ပါ၏လော။ အဘယ့်ကြောင့် သူမအရှေ့မှလူမှာ ပုံမှန်ကဲ့သို့ မတုံ့ပြန်နေရသည်နည်း။


အဒေါ်လော အလေးအနက်ပြောနေပုံရသည့် လုဖျင်ကျိူးကိုစိုက်ကြည့်လိုက်မိသည်။ အသက်နှစ်ဆယ့်တစ်နှစ်ရှိနေတဲ့ ရယ်ရတာကြိုက်တဲ့မိန်းကလေး… ဒီအတိုင်း ချန်မန်ရဲ့နာမည်ကိုပဲ ထုတ်ပြောလိုက်ပါတော့ဟယ်…


သိသာစွာဖြင့် အဒေါ်လော၏ ယခင်အတွေ့အကြုံမှာ ချန်မန်နှင့် မသင့်တော်ခဲ့ပေ။


ချန်မန်မှာ ကြင်ဖက်မတွေ့ခင် မပျော်မရွှင်ဖြစ်ခဲ့ရုံသာမက တွေ့ပြီးနောက်တွင်လည်း သူမ နောင်တရခဲ့သည်။


ပွင့်ပွင့်လင်းလင်းဆိုရမည်ဆိုလျှင် သူမယောက်မ မိတ်ဆက်ပေးသူမှာ အလွန်ရုပ်ဆိုးနေခြင်းမျိုးမဟုတ်ပေ။ သာမန်ဆန်သော ရုပ်ရည်သွင်ပြင်ရှိပြီး အရပ်ပုနေခြင်း သို့မဟုတ် ရှည်နေခြင်းမျိုးမရှိဘဲ ၁.၇မီတာခန့် ရှိနိုင်လိမ့်မည်။


အရပ်၁.၇မီတာအား အလွန်ပုသည်ဟု တွေး၍မရချေ။ သင့်အနေဖြင့် လင်းကျန်းမြို့မှာ နိုင်ငံ၏အလယ်တွင်ရှိပြီး တောင်ဘက်ပိုင်းနှင့်သက်ဆိုင်သည်။ လာမည့်နှစ်သုံးဆယ်အတွင်း ၁၉၇၀ပြည့်နှစ်၏ အစားအသောက် အဝတ်အထည်ရှားပါးမှုတို့ကြောင့် အမျိုးသားအများစုမှာ အရပ် ၁.၇မီတာကို ကျော်လွန်နိုင်ကြမည်မဟုတ်ပေ။


ချန်မန်၏ယောက်မမှ မိတ်ဆက်ပေးသူမှာ အရပ်ရှည်ပြီး  ကြည့်ပျော်ရှုပျော်ရှိသည်ဟု ဆိုနိုင်သည်။ ထိုသူ၏မိဘနှစ်ပါးလုံးမှာလည်း ကေဒါများဖြစ်ကာ ကိုယ်တိုင်သည်လည်း ယောင်းမဖြစ်သူအလုပ်လုပ်သည့် အလုပ်သမားသမဂ္ဂမှ ဝန်ထမ်းဖြစ်သောကြောင့် လူအများစု၏မျက်လုံးတွင် အပြာရောင်စတော့ပြားတစ်ခု ဖြစ်ကောင်းဖြစ်နေပေလိမ့်မည်။


သည့်အတွက်ကြောင့်ပင် ချန်မန်၏ယောက်မမှာ အိမ်သို့ပြန်‌ရောက်ပြီးနောက် ထိုသူ၏အကြောင်းကို ပြောချိန်တွင် လွန်စွာဂုဏ်ယူနေခဲ့ကာ ချန်မန်မှာ ဤတစ်ကြိမ်တွင် ကံကောင်းလှသည်ဟုပင် ပြောနေခဲ့သည်။


သူမ၏ယောက်မဖြစ်သူ လောဝမ်ရှင်း၏ စိတ်အားထက်သန်နေ‌ခြင်းကြောင့်လည်း ချန်မန်မှာ မငြင်းပယ်ရက်ဘဲ ကြင်ဖက်တွေ့သည့်နေရာသို့ အားနာနာဖြင့်လိုက်လာခဲ့ရခြင်းဖြစ်သည်။


ကြင်ဖက်တွေ့မည့်နေရာမှာ အစိုးရပိုင်ဟိုတယ်တစ်ခုတွင်ဖြစ်သော်လည်း ချန်မန် အလုပ်လုပ်နေသည့်နေရာမဟုတ်ချေ။ ထိုကိစ္စတွင်မူ သူမ၏ယောက်မထံတွင် အကြံကောင်းရှိခဲ့သည်။ ကြင်ဖက်တွေ့ခြင်းဆိုသည်မှာ အလုပ်‌အတူလုပ်ကြသူများအရှေ့တွင် မလွယ်ကူသည်ကို သိနေသောကြောင့် ချန်မန်၏အလုပ်မှ အနည်းငယ်ဝေးသောနေရာကို တမင်တကာရွေးပေးခဲ့သည်။


တွေ့ဆုံရမည့်အချိန်ကို နေ့လယ်တစ်ဆယ့်နှစ်နာရီဟု သတ်မှတ်ထားသော်လည်း နှစ်ဖက်လုံးဆုံချိန်၌ တစ်ဆယ့်နှစ်နာရီထိုးရန် ငါးမိနစ်ခန့်မျှလိုသေးသောကြောင့် နှစ်ဖက်အဖွဲ့ သို့မဟုတ် ကြားခံလူများမှာ အတော်အတန်အလေးထားသည်ဟု ဆိုနိုင်သည်။


တွေ့ဆုံပြီးနောက် အားလုံးမှာ ကြားခံလူများအဖြစ်သာ ရှိနေသေးသော်လည်း ချန်မန်၏ယောက်မနှင့် ထိုအမျိုးသား၏အဒေါ်တို့ထံတွင် ကောင်းမွန်သောစကားဝိုင်းတစ်ခု ဖြစ်ခဲ့လေသည်။ ထိုအမျိုးသားမှာမူ နှုတ်ဆိတ်ဆိတ်သာနေခဲ့ပြီး ချန်မန်သည်လည်း ထိုနည်းလည်းကောင်းပဲဖြစ်ကာ အမည်ခေါ်ခံရချိန်မှသာ စကားဝင်ပြောခဲ့သည်။


‌သို့သော်လည်း လောဝမ်ရှင်းနှင့် သူမ၏ခေါင်းဆောင်တို့မှာ ၎င်းကိုပြဿနာတစ်ခုဟု မ‌မှတ်ယူကြပေ။ လူငယ်အများစုမှာ ကြင်ဖက်တွေ့ရာတွင် ရှက်နေတတ်ကြသည်။ ချန်မန်၏ယောက်မနှင့် ထိုအမျိုးသား၏အဒေါ်တို့ နှစ်ဖက်လုံးမှာ သူတို့၏အတွေးအမြင်များအပေါ် အသေးစိတ်မိတ်ဆက်ပေးလာကြပြီး လေထုမှာပူနွေးလာချိန်မှသာ သူတို့ပြန်သွားလိုက်ကြသည်။


သူတို့မပြန်ခင် တစ်ဖက်စီမှ တူနှင့်ယောက်မဖြစ်သူတို့ကို ပုခုံးတစ်ချက်ပုတ်၍ အစပျိုးရန်အချက်ပေးလာကြသည်။


အနှီလက်ဖဝါးမှာ အလွန်အလုပ်ဖြစ်ခဲ့လေသည်။ သူတို့ထွက်သွားကြသည်နှင့် ထိုသူမှ ခေါင်းစဉ်တစ်ခုရှာကာ လက်ဦးမှုယူလာခဲ့သည်။


 “ မင်းက အစိုးရပိုင်ဟိုတယ်မှာ အလုပ်လုပ်တာလား…”


“ အင်း…”


“ ဒါဆို အချက်အပြုတ်တော့ အတော်ကောင်းမှာပေါ့…”


ထိုသူမှာ ယခုလေးတွင်မှ လောဝမ်ရှင်းမိတ်ဆက်ပေးခဲ့ခြင်းအပေါ် အလေးမထားခဲ့သည်ဟု ချန်မန် သံသယရှိလိုက်ပြီး ရှင်းပြပေးလိုက်သည်။


 “ အစိုးရပိုင်ဟိုတယ်မှာ ဟင်းချက်ရတာက စားဖိုမှူးတွေပါ… ကျွန်မက စားပွဲပြင်ပေးရတဲ့သူလေ… အင်းး ပြောရကြေးဆိုရင်တော့ ကျွန်မဟင်းချက်တာက သိပ်မကောင်းလှဘူး…”


တစ်ဖက်လူမှာ ထိုစကားကိုကြားလိုက်ရချိန်၌ မျက်မှောင်အနည်းငယ်ကြုတ်သွားခဲ့သည်။


 “ ကောင်းပြီလေ ဒီလိုဆိုရင် မင်း‌လေ့လာထားရမှာပေါ့… ငါက အစားနဲ့ပတ်သက်ရင် အတော်လေးတော့ ဂျီးများတယ်လေ…”


“....” ချန်မန် သူမ၏ယဉ်ကျေးမှုကိုသာထိန်းကာ ဆက်ပြောလိုက်ရသည်။


 “ ရှင်ဘာစားတယ်ဆိုတာက ကျွန်မနဲ့မဆိုင်ဘူးထင်တယ်နော်… ဟုတ်တယ်မလား…”


“ ဘာလို့မဆိုင်ရမှာလဲ…” 


တစ်ဖက်လူမှ အမူအယာကင်းမဲ့စွာပြောလာသည်။


 “ ငါတို့လက်ထပ်တဲ့အချိန်ကျ မင်းကဟင်းချက်ရမှာလေ… ငါကအရမ်းအစားရွေးတာ.. အရသာမကောင်းတဲ့ဟင်းဆို ထိတောင်ထိမှာမဟုတ်ဘူး…”


ချန်မန်မနေနိုင်ဘဲ မျက်လုံးလှန်လိုက်မိကာ ရှင့်ကိုယ်ရှင့်ဘယ်သူထင်နေသလဲ ဟုပင် မေးချင်မိသွားသည်။ သို့သော်လည်း တစ်ဖက်လူမှာ လောဝမ်ရှင်းအလုပ်မှ ခေါင်းဆောင်၏တူဖြစ်နေသည်ကိုတွေး၍ စိတ်ရှည်လက်ရှည်ပြောပြပေးလိုက်သည်။


 “ ရှင်က ကျွန်မအလုပ်နဲ့ပတ်သက်ပြီး မသိဘူးဖြစ်မယ်… ကျွန်မတို့ အစိုးရပိုင်ဟိုတယ်အလုပ်က မနက်၈နာရီကနေ ည၈နာရီထိ လုပ်ပြီး နေ့လယ် ၂နာရီကနေ ၄နာရီလောက်အချိန်ကိုပဲ ခဏနားရတာ… ဒီတော့ ကျွန်မမိသားစုအတွက် ချက်ပြုတ်ပေးနေဖို့ အချိန်ရှိနိုင်မှာမဟုတ်ဘူး…”


တစ်ဖက်လူ၏မျက်ခုံးများမှာ ပို၍ပင်ကြုတ်သွားခဲ့လေသည်။


 “ မင်းတို့က မစားကြတော့ဘူးလား…”


ချန်မန်ပြုံးပြလိုက်သည်။


 “ ကျွန်မတို့ဌာနက အစားအသောက်အတွက်ပါ တာဝန်ယူပေးတယ်လေ…”


တစ်ဖက်လူမှ တိတ်ဆိတ်သွားသောကြောင့် ချန်မန် စိတ်သက်သာရာရစွာ သက်ပြင်းချလိုက်မိသည်။ သူမတို့၏စကားဝိုင်းမှာ အဆုံးသတ်တော့မည်ဟု ခံစားမိပြီး နှစ်ဖက်စလုံးမှာ ယခုဆိုလျှင် ရှင်းရှင်းလင်းလင်းသိပြီးကြပြီဖြစ်ကာ သူမအတွက်လည်း အခြားသောအကြောင်းပြချက် ရှာရန်လိုသောအချိန်ကို သက်သာသွားစေလိမ့်မည်။


“ ဒီလိုဆိုရင်…”


တစ်စုံတစ်ယောက်နှင့် အတူရှိရန် အဆင်သင့်မ‌ဖြစ်သေးကြောင်း ပြောဖို့ ချန်မန်ပါးစပ်ဟလိုက်သော်လည်း တစ်ဖက်မှ အချိန်အတန်ကြာတွေးကာ ပြောလာသဖြင့် သူမ အမြန်ပါးစပ်ပိတ်၍ နောက်ဆုတ်ပေးလိုက်သည်။


 “ ရှင်ပြောပါ…”


တစ်ဖက်လူမှ ခေါင်းကိုညိတ်ကာ လေးနက်နေသည့်အမူအယာဖြင့် ပြောလာခဲ့သည်။


 “ မင်းရဲ့အလုပ်ကိုရောင်းလိုက်…”


ချန်မန် နားကြားမှားသည်ဟုပင် ထင်မိသွားရသည် 


“ ဘာပြောလိုက်တာလဲမသိဘူး…”


…..


“ မန်မန်ပြန်ရောက်ပြီလား…”


“ မန်မန် ဒီနေ့အလုပ်သွားဖို့မလိုဘူးလား…”


စက်ရုံတွင် ဝန်ထမ်းပေါင်းတစ်သောင်းကျော်ရှိပြီး ဝန်ထမ်းအိမ်ရာတွင် လူပေါင်းများစွာနေထိုင်ကြသည့်တိုင် ချန်မန်မှာ ဤနေရာတွင် ကြီးပြင်းလာသူဖြစ်သည်။ အထက်ကျောင်းဆင်းပြီးနောက် သူမ အစိုးရပိုင်ဟိုတယ်တွင် အလုပ်လုပ်ခဲ့သောကြောင့် ‌ထမင်းစားချိန်တိုင်းတွင် သာမန်လူထက်ပို၍များသော ‌ဖောက်သည်များနှင့် ဆက်ဆံခဲ့ရကာ ပြောရမည်ဆိုလျှင် ဝန်ထမ်းအိမ်ရာမှ လူအားလုံးမှာ သူမကိုသိနေကြသည်။


ထို့အတွက်ကြောင့်ပင် သူမ ဝန်ထမ်းအိမ်ရာတံခါးမှ ဝင်လာလာခြင်း အားလုံးမှာ သူမကို နှုတ်ဆက်နေကြခြင်းဖြစ်သည်။


ချန်မန် ဦးလေးနှင့်အဒေါ်များကို ချစ်ချစ်ခင်ခင်နှုတ်ဆက်လိုက်ပြီးနောက် သူမနေထိုင်ရာ ခြံဝန်းနံပါတ်၂၇စီသို့ အပြုံးတစ်ပွင့်ဖြင့် ပြန်လာလိုက်သည်။


စက်ရုံဝန်ထမ်းအိမ်ရာတွင် အဆောက်အဦးပုံစံနှစ်မျိုးရှိပြီး အိမ်များနှင့်တိုက်ခန်းတွဲများဖြစ်ကြသည်။ သို့သော်လည်း အတွင်းပိုင်းဖွဲ့စည်းမှုမှာမူ များစွာကွာခြားခြင်းမရှိဘဲ အားလုံးမှ အရှေ့မှအနောက်သို့မြင်နိုင်သော တစ်ယောက်စာအခန်းကျယ်ကြီးများသာ ဖြစ်ကြသည်။


ယခင်အိမ်များမှာ မိသားစုသုံးစုမှ ငါးစုအထိနေထိုင်နိုင်သည့် ခြံဝန်းသုံးခုတွဲအဖြစ် ဆောက်လုပ်ထားခြင်းဖြစ်ကာ ရေဘုံပိုင်ခေါင်းနှင့် အပြင်ဘက်ရှိ အိမ်သာတိုကို မျှဝေသုံးကြရသည်။ တိုက်ခန်းတွဲမှအခြေအနေမှာမူ အနည်းငယ်ပို၍သာလွန်ပြီး တစ်ထပ်စီတွင် မျှသုံးရသော အိမ်သာရေချိုးခန်းနှင့် အခန်းခြောက်ခန်းပါ လေးထပ်တိုက်ဖြစ်သည်။


ချန်မန်နေသောအိမ်မှာ အစောပိုင်းကာလတွင် ပိုင်းခြားပေးထားခြင်းဖြစ်ပြီး ခြံဝန်းသုံးခုတွဲနေရာတွင် နေထိုင်ကြသည်။ ခြံထဲတွင် အခန်းခြောက်ခန်းရှိကာ နေထိုင်သူ မိသားစုလေးစုရှိလေသည်။


အခန်းခွဲဝေသည့်လုပ်ငန်းစဉ်တွင် ချန်မန်တို့မိသားစု၌ သက်ကြီးပိုင်းနှင့်ကလေးများရှိနေသောကြောင့် တွဲလျက်အခန်းနှစ်ခန်းရခဲ့သည်။ နောက်ပိုင်းတွင် ထိုအခန်းနှစ်ခန်းကို အိပ်ခန်းသုံးခန်းနှင့် ဧည့်ခန်းတစ်ခန်းအဖြစ် ပိုင်းခြားလိုက်ကြသည်။


သူမ၏ ဒုတိယအစ်ကိုတစ်ယောက် ကျေးလက်သို့ သွားရစဉ်အခါက ချန်မိသားစုအိမ်မှာ အတော်အတန်အနေချောင်သွားခဲ့သော်လည်း အစ်ကိုအကြီးဆုံးမှ လက်ထပ်ပြီး ကလေးရလာချိန်တွင် သူမတို့အိမ်မှာ ပြန်လည်ပြည့်ကျပ်လာပြန်သည်။


တော်သေးသည်မှာ သူမ၏အစ်ကိုအကြီးဆုံးမှာ လွန်ခဲ့သောနှစ်နှစ်တွင် အိမ်နေရာများခွဲဝေပေးချိန်၌ အမိအရယူနိုင်ခဲ့သည်အထိ ကံကောင်းခဲ့သည်။ ၎င်းမှာ အခန်းတစ်ခန်းသာပါသောနေရာဖြစ်သော်လည်း အိပ်ခန်းတစ်ခန်းနှင့် ဧည့်ခန်းတစ်ခန်းအဖြစ် ပိုင်းခြားနိုင်မည်ဖြစ်သည်။ ထို့အပြင် ၎င်း၏ပတ်ဝန်းကျင်အနေအထားမှာလည်း ချန်မန်တို့၏ ခြံဝန်းသုံးခုတွဲနေရာထက် များစွာပိုကောင်းလေသည်။


ထို့ကြောင့် အိမ်ဆောက်ပြီးချိန်တွင် လောဝမ်ရှင်းနှင့် ခင်ပွန်းသည်တို့မှာ ကလေးများနှင့်အတူ အိမ်အသစ်သို့ပြောင်းရွှေ့သွားခဲ့သည်။


မည်သို့ပင်ဆိုစေကာမူ အိမ်အသစ်မှာ ဝန်းတစ်ခုထဲတွင်ရှိပြီး နေရာနှစ်ခုမှာ အလွန်နီးသောကြောင့် လောဝမ်ရှင်းတို့မိသားစုသုံးဦးလုံးသည် အိမ်ဟောင်းတွင်သာ နေ့စဉ်နေ့တိုင်းထမင်းသုံးနပ်လုံး လာစားလေ့ရှိကြသည်။


ထိုမျှသာမက ယနေ့မှာ တနင်္ဂနွေနေ့ဖြစ်နေသည့်အပြင် လောဝမ်ရှင်းမှာ ချန်မန်အား ယခုလေးတင်မှ ကြင်ဖက်တွေ့ရန် မိတ်ဆက်ပေးခဲ့သည်ဖြစ်သောကြောင့် ရလဒ်ကိုနားထောင်ရန် စောင့်ဆိုင်းနေခဲ့သည်။ ချန်မန်ပြန်လာချိန်တွင် တစ်မိသားစုလုံးမှာ ခြံဝန်းထဲတွင် အိမ်နီးချင်းများနှင့်အတူ နေပူဆာလှုံလျက် ထိုင်နေကြလေသည်။


ချန်မန် ပြန်လာသည်ကို မြင်လိုက်ရချိန်၌ လောဝမ်ရှင်း ချက်ချင်းဆိုသလို ထရပ်မိလိုက်သည်။ သို့သော်လည်း အိမ်နီးချင်းများရှိသည်ကို စိတ်ပူနေရသဖြင့် သူမ ချန်မန်ကြင်ဖက်တွေ့ရာမှရလဒ်ကို အလျင်စလိုမမေးလိုက်ဘဲ ပြုံးလျက်သာ ပြောလိုက်သည်။


 “ မန်မန် ပြန်လာပြီလား… ခရီးဒီလောက်ဝေးတာ ပင်ပန်းနေမှာပေါ့… မြန်မြန်လာပြီး ရေသောက်လိုက်ပါဦး…”


ချန်မန် ခေါင်းညိတ်ပြလိုက်ပြီး အခြားသူများကို နှုတ်ဆက်ကာ အိမ်သို့ပြန်သွားလိုက်သည်။


လောဝမ်ရှင်း ၎င်းကိုမြင်လိုက်ချိန်၌ ကပျာကယာချန်မန်၏အနောက်မှ လိုက်လာခဲ့သည်။ ချန်မန်၏မိခင်ဖြစ်သူ ဝမ့်ချိုးမိန်သည်လည်း ကြင်ဖက်တွေ့ရာမှ အဖြေကိုအလွန်စိုးရိမ်နေသောကြောင့် အိမ်ထဲသို့ လိုက်ဝင်လာခဲ့လေသည်။


အိမ်တံခါးမှဝင်လာပြီးနောက် ချန်မန် ရေတစ်ခွက်ငှဲ့ကာ အများစုကိုသောက်ချလိုက်လေသည်။



☆☆☆


စာရေးသူတွင် ပြောစရာရှိပါတယ် :


ဒီနေ့ကတော့ ကြံစည်ခံရတဲ့ ရှောင်လုပါ။



💝💝💝