👩❤️👨Chapter 6
သဘောမကျခဲ့ဘူး
☆ ရှောင်ချန် နင်ကြင်ဖက်ရှာချင်လား…☆
ရေသောက်ပြီးသည်နှင့် သူမ လောဝမ်ရှင်းမေးလာသည်ကို ကြားလိုက်ရလေသည်။
“ ဘယ်လိုနေခဲ့လဲ… နင်တို့နှစ်ယောက် စကားကောင်းကောင်းပြောခဲ့ရဲ့လား… ငါပြောသားပဲ သူ့အခြေအနေတွေက တကယ်ကောင်းပါတယ်ဆို… သူက အိမ်အကြီးကြီးနဲ့နေနိုင်တာလေ… မိဘတွေက ကေဒါတွေဖြစ်တဲ့အပြင် သူကိုယ်တိုင်ကိုက အလုပ်သမားသမဂ္ဂမှာ အရာရှိဆိုတော့ အလုပ်လုပ်နိုင်တာ ဘယ်လောက်တောင်ဂုဏ်ယူစရာကောင်းလဲ… နင်တို့အဆင်ပြေသွားရင်တော့ ငါ့ကိုကောင်းကောင်းကျေးဇူးတင်ရမှာနော်…”
ချန်မန် အပူခံခွက်ကိုချကာ ပြောလိုက်သည်။
“ ဒီတစ်ခေါက်ကြင်ဖက်တွေ့တာက အဆင်ပြေနိုင်မှာမဟုတ်ဘူး…”
“ အဆင်မပြေနိုင်ဘူးလား…”
ရှော့ရသွားသောကြောင့် လောဝမ်ရှင်း မသိစိတ်မှ အသံကိုမြှင့်လိုက်မိသည်။
“ ဘာလို့အဆင်မပြေနိုင်တာလဲ… မန်မန် ငါပြောမယ်နော်… ကြင်ဖက်ရှာတယ်ဆိုတာက ဂေါ်ဖီရွေးရသလိုပဲ ကောင်းတာကိုယူရတာ… နင်က အခု ငယ်သေးတော့ ဒီလိုနောက်ခံကောင်းတာလေး ရှာလို့ရတာပေါ့… နောက် နှစ်နှစ်လောက်ပဲနေကြည့်စမ်းပါဟယ်… နင်သာ အသက်နှစ်ဆယ့်ငါးနှစ်ဖြစ်သွားရင် နင်ရနိုင်မယ့်လူတွေက အသက်အရမ်းကြီးရင်ကြီး မကြီးရင် မိန်းမမရှာနိုင်တဲ့ငပျင်းတွေပဲကျန်မှာ… ဒီနေ့ နင်တွေ့ခဲ့တဲ့လူလိုနောက်ခံမျိုးနဲ့ ယောင်္ကျားက နင့်ကို တွေ့တောင်တွေ့မှာမဟုတ်ဘူးဆိုတာ နင်ယုံလား…”
လောဝမ်ရှင်းက ချန်မန်ကိုထည့်မတွက်ဘဲ မသိစိတ်ကြောင့် ထိုစကားများကို ပြောလိုက်မိသော်လည်း အနောက်မှလိုက်၍ အိမ်ထဲသို့ဝင်လာသည့် ဝမ့်ချိုးမိန်မှာ မျက်မှောင်ကြုတ်သွားခဲ့သည်။
“ နင်ဘာတွေပြောနေတာလဲ… မန်မန်က အခုမှ နှစ်ဆယ့်တစ်နှစ်ပဲရှိသေးတာ… နှစ်ဆယ့်ငါးပြည့်ဖို့ လေးနှစ်တောင်လိုသေးတယ်လေ…”
လောဝမ်ရှင်း သီးသွားခဲ့သည်။
“ မန်မန်က အခုမှ နှစ်ဆယ့်တစ်နှစ်ဆိုတာ ကျွန်မလည်းသိပါတယ်… ဒါပေမယ့် ဒီကြင်ဖက်တွေ့တာက တစ်နှစ်ခွဲလောက် အချိန်ယူရတာကို… လက်ထပ်တယ်ဆိုတာကလည်း အချိန်ယူရဦးမှာ… နှစ်နှစ်လောက်ဆိုတာ မျက်တောင်တခတ်အတွင်း ကုန်သွားမှာလေ… မန်မန်အတွက် အချိန်ကျန်ဦးမယ်လို့ အမေထင်လို့လား… လက်တွဲဖော်တစ်ယောက်ရှာဖို့ သူ့မှာအချိန်ဘယ်လောက်ကျန်ဦးမှာမလို့လဲ… ပြီးတော့ ဒီနေ့တွေ့ခဲ့တဲ့ကောင်လေးက အလုပ်အကိုင်ကော ပညာအရည်အချင်းကော ရုပ်ရည်ကော တကယ်ပဲအသာကြီးလေ… ဒီတစ်ယောက်ကိုသာလွတ်သွားရင် သူ့လိုအခြေအနေနဲ့လူမျိုးထပ်ရှာဖို့ဆိုတာ လွယ်မှာမဟုတ်ဘူး…”
ပြောရန်မလိုပေ။ လောဝမ်ရှင်း၏စကားမှာ ကြားလိုက်ရရုံနှင့်ပင် အဓိပ္ပါယ်ရှိနေခဲ့သည်။ သို့သော်လည်း ဝမ့်ချိုးမိန်မှာ အကြောင်းအရင်းတစ်ခု ရှိနိုင်မည်ဟု တွေးမိပြီး အမှန်တကယ်ပင် စိတ်ပူလာခဲ့သည်။ သူမ တုန့်ဆိုင်းစွာဖြင့် မေးလိုက်မိသည်။
“ အဲ့ဒီကောင်လေးရဲ့အခြေအနေက တကယ်ပဲ နင်ပြောသလို ကောင်းနေတာလား…”
“ လုံးဝကိုသေချာတယ်… မယုံရင် မန်မန်ကိုမေးကြည့်လိုက်ပါ…”
ဝမ့်ချိုးမိန်မှ ချန်မန်ထံကြည့်လာသောအခါ သူမ ခေါင်းညိတ်ပြလိုက်လေသည်။
“ သူ့အခြေအနေက တကယ်ပဲကောင်းပါတယ်… ဒါပေမယ့် ကျွန်မတို့က မသင့်တော်ဘူး…”
“ နင်တို့ကအခုမှ ပထမဆုံးတွေ့ကြတာလေ… ဘာပြဿနာရှိတာမလို့လဲ…”
လောဝမ်ရှင်းမှာ ချန်မန်ပြောသည်ကို မယုံကြည်ခဲ့ဘဲ ထပ်ပြောလိုက်သည် ။
“ ပြီးတော့ စုံတွဲတွေဆိုတာက ဖြည်းဖြည်းချင်း လိုက်လျောညီထွေဖြစ်လာတာပဲလေ.. နင့်အစ်ကိုကြီးနဲ့ ငါဆိုလည်း အစတုန်းက ကိုက်ညီမှုမရှိဘူးမဟုတ်လား…ဒါပေမယ့် အခုကြည့်လေ ငါတို့ကောင်းကောင်းနေနေကြတာလေဟယ်…”
ဝမ့်ချိုးမိန် ထိုအကြောင်းကို တွေးမိသွားပြီး ပြောလိုက်သည်။
“ သမီးယောက်မပြောတာ အဓိပ္ပါယ်တော့ရှိတယ်နော်…”
“ သမီးလည်း အမှန်ကိုသိပြီးသားပါ.. ဒါပေမယ့် အဲ့ဒီလူရဲ့ပေါက်ကရတွေကိုတော့ ဘယ်လိုမှညှိယူလို့ရနိုင်မှာမဟုတ်ဘူး…”
ချန်မန် ပြန်လှည့်လိုက်ပြီး ဗီရိုရှိရာသို့ ကျောမှီလျက်ပြောလိုက်သည်။
“ သူက လက်ထပ်ပြီးသွားရင် သမီးရဲ့အလုပ်ကို ရောင်းပစ်ချင်တာတဲ့…”
ဝမ့်ချိုးမိန် ကြောင်သွားခဲ့သည် ။
“ အလုပ်ကိုရောင်းချင်တာလား…”
လောဝမ်ရှင်းသည်လည်း အနည်းငယ်အံ့အားသင့်သွားရသည်။
“ အလုပ်ကိုရောင်းပစ်ချင်တာလား… ဘာလို့တဲ့လဲ… သူ့မိသားစုက ပိုကောင်းတဲ့အလုပ်ကို မိတ်ဆက်ပေးမှာမလို့များလား…”
ချန်မန် သူမတို့အကြားမှ စကားဝိုင်းကို အပိုစကားမပါဘဲ အရှိတိုင်းပြန်ပြောလိုက်သည်။
“ သူပြောတာတော့ အလုပ်ကိုရောင်းပြီးရင် သမီးကို အိမ်မှာနေပြီး အိမ်အလုပ်လုပ် ကလေးထိန်းတဲ့လေ… သူပြောနေပုံအရတော့ နောက်ထပ်အလုပ်တစ်ခု ပြန်ရှာပေးဖို့ စိတ်ကူးမရှိတဲ့ပုံပဲ…”
ထိုစကားကိုကြားလိုက်ပြီးနောက် ဝမ့်ချိုးမိန်၏မျက်နှာမှာ လုံးလုံးလျားလျား မဲမှောင်သွားရသည်။
“ သမီး နင်အဲ့ဒီလူနဲ့ ထပ်ပြီးဆက်ဆံစရာမလိုတော့ဘူး…”
“ အမေ…” လောဝမ်ရှင်း အလျင်စလိုဖြတ်ပြောလိုက်မိသော်လည်း ဝမ့်ချိုးမိန်၏မျက်လုံးများနှင့် ဆုံလိုက်ရချိန်၌ သူမ ဂရုတစိုက်ပြောလိုက်သည် ။
“ ကျွန်မတော့ အဲ့ဒီပြဿနာကို အရေးကြီးတယ်လို့မထင်ဘူးနော်… ထပ်ပြီးဆွေးနွေးလို့ရတာပဲဟာ… ပြီးတော့ အဲ့ဒီလူက နောက်ခံကောင်းပြီး တကယ်ပဲ သူ့လစာကမြင့်တယ်လေ… မန်မန် အလုပ်ကိုရောင်းပြီး အိမ်မှာနေ ကလေးထိန်းရမယ်ဆိုရင်တောင် ဘဝကကြမ်းတမ်းမှာမဟုတ်ပါဘူး…”
ဝမ့်ချိုးမိန် အေးစက်စွာပြောလိုက်သည်။
“ ချန်ကျင်းရဲ့လစာကမြင့်သားပဲ… သူ့တစ်ယောက်ထဲနဲ့တင် နင်တို့မိသားစုသုံးယောက်စားလောက်တယ်လေ…နင်ကော နင့်အလုပ်ကိုမရောင်းချင်ဘူးလား…”
လောဝမ်ရှင်း၏မျက်နှာမှာ တောင့်ခဲသွားရသည် “ ကျွန်မ…”
သေချာပေါက်ပင် လောဝမ်ရှင်း သူမ၏အလုပ်ကို မရောင်းပစ်ချင်ပေ။ သူမသည် အဝတ်အထည်စက်ရုံတွင် အလုပ်လုပ်ပြီး သူမ၏လစာမှာ ယွမ်သုံးဆယ်ထက်ပင် ကျော်လွန်ခဲ့သည်။ ထိုပိုက်ဆံမရှိလျှင် သူမတို့မိသားစု၏ နေထိုင်ရေးမှာ သိသိသာသာ ကျဆင်းသွားပေလိမ့်မည်။
ထို့ထက်ပိုသည်မှာ အလုပ်ရှိခြင်းသည် ယုံကြည်ချက်ရှိခြင်း၏ အရင်းအမြစ်ဖြစ်ပြီး အလုပ်ရှိသူမိန်းကလေးမှာ လက်ထပ်သွားလျှင်ပင် ခါးမတ်မတ်ထားနေနိုင်သည်။
ဝမ့်ချိုးမိန် လှောင်ရယ်လိုက်သည်။
“ နင်တောင်မလုပ်ချင်မှတော့ ဘာလို့ငါ့သမီးကို လာနားချနေတာလဲ…”
ပြောပြီးသည်နှင့် ဝမ့်ချိုးမိန် လောဝမ်ရှင်း၏အဖြေကိုပင် မစောင့်ဘဲ ဆက်ပြောလိုက်သည်။
“ ငါ့သမီးက သူ့အလုပ်ကို သူ့ဘာသာရောင်းချင်တယ်ဆိုရင် ရောင်းလို့ရတယ်… ဒါပေမယ့် တခြားသူကတော့ သူ့ကိုရောင်းစေချင်လို့မရဘူး… မနက်ဖြန်ကျ သူတို့နင့်စီလာမေးရင် အမှန်အတိုင်းပြောပြလိုက်… ပြီးရင် ဘာမှထပ်မမေးဘဲ ဒီဟာကိုမေ့လိုက်တော့..”
လောဝမ်ရှင်းမှာ ဆက်လက်တိုက်ပွဲဝင်ချင်သေးကာ အသံကိုမြှင့်လိုက်သည်။
“ အမေ…”
သို့သော်လည်း ဝမ့်ချိုးမိန် ဒေါသထွက်လာပြီး လောဝမ်ရှင်းပြောသည်ကို မကြားချင်သောကြောင့် ကြားဖြတ်ပြောလိုက်သည်။
“ ကောင်းပြီ နင်ပြန်လိုက်တော့… ငါမန်မန်နဲ့ပြောစရာကျန်သေးတယ်…”
ယောက္ခမဖြစ်သူမှာ စိတ်ကိုပြင်ဆင်ထားပြီးဖြစ်ကြောင်း မြင်နေရသောကြောင့် လောဝမ်ရှင်း ရွေးချယ်ရန်မရှိဘဲ ချန်မန် စိတ်ပြောင်းနိုင်မည်ဟု မျှော်လင့်လျက် အကြည့်ကို ချန်မန်ထံပြောင်းလိုက်ရသည်။ သို့သော်လည်း ဝမ့်ချိုးမိန် သူမကို မောင်းထုတ်လာချိန်အထိ ချန်မန်မှာ မလှုပ်မယှက်ရှိနေသောကြောင့် သူမ မနေနိုင်တော့ဘဲ ဒေါသတကြီးပြောချလိုက်မိသည်။
“ ကောင်းပြီလေ နောက်ကြရင် ကျွန်မ မန်မန်နဲ့ပတ်သက်ပြီး ဘာမှလုပ်ပေးတော့မှာမဟုတ်ဘူး… လုံးဝပဲ…”
ပြောပြီးသည်နှင့် သူမ ဧည့်ခန်းထဲမှ ထွက်သွားလိုက်သည်။
ချွေးမဖြစ်သူပြန်သွားပြီးနောက် ဝမ့်ချိုးမိန် သမီးငယ်ကို အခန်းတွင်းခေါ်ကာမေးလိုက်သည် ။
“ ဒီနေ့တွေ့တဲ့ကောင်လေးကို သဘောမကျခဲ့ဘူးမလား…”
ချန်မန် ကြောင်သွားရသည် ။
“ သမီး အခုပဲအကုန်ပြောပြပြီးတာ မဟုတ်လို့လား အမေရဲ့…”
ဝမ့်ချိုးမိန် နှာခေါင်းရှုပ်လိုက်သည်။
“ အမလေး ငါက နင့်ယောက်မကို ဒီဟာနဲ့အကြောင်းပြပေးလိုက်တာပါအေ… နင်က ငါ့စီကမွေးလာတာပါ… နင့်အကြောင်းမသိဘဲနေမလား.. နင်သာ အဲ့ကောင်လေးကို သဘောကျမိခဲ့ရင် ဒီလောက်လေးက ပြဿနာတောင်ဟုတ်မှာမဟုတ်ဘူး…”
မွေးမိခင်ရင်းထံမှ ထွင်းဖောက်မြင်ခံလိုက်ရသည်ဖြစ်ရာ ချန်မန် ဟန်ဆောင်နေသည်ကို ရပ်လိုက်ပြီး သူမ၏အမေကိုဖက်၍ ကပ်ဖားလိုက်သည်။
“ အမေပဲသမီးအကြောင်းကိုသိတာပါနော်…”
“ စကားကိုတတ်တယ်…”
“ သမီးက အမှန်အတိုင်းပြောတာပါနော်… အမေ အဲ့ဒီလိုပြောရင် သမီးတော့စိတ်မကောင်းဖြစ်ရလိမ့်မယ်…”
ချန်မန်ပြုံးလျက် စနောက်ဟန်ဖြင့်ပြောလိုက်သည်။
“ ဒီတစ်ခါတော့ အမေသမီးကိုအပြစ်တင်လို့မရဘူးနော်… ဟုတ်ပါတယ် သမီးက အဲ့ဒီလောက်ပြဿနာလေးကို ကိုင်တွယ်နိုင်တယ်ဆိုပေမယ့် အမေပဲစဉ်းစားကြည့်ပါဦး… သမီးတို့ကအခုမှတွေ့တာလေ… ဇာတာတောင်တိုက်မကြည့်ရသေးဘဲနဲ့ သူ့တစ်ကိုယ်အကျိုးအတွက် သမီးအလုပ်ကိုရောင်းခိုင်းနေတာ… အဲ့လိုလူကိုသာယူမိရင် သမီးတော့ သည်းခံတယ်ဆိုတဲ့စကားကို သေတဲ့အထိ နဖူးမှာထွင်းထားရတော့မှာပဲ…”
ဝမ့်ချိုးမိန်လည်း ဤသည်ကိုတွေးမိခဲ့သည်။ သူမအနေဖြင့် သမီးငယ်မှာ ထိုကဲ့သို့သောလူမျိုးနှင့် ချစ်ကျွမ်းဝင်မိမည်ဆိုလျှင်ပင် သူမ သဘောတူမည်မဟုတ်ပေ။
သူမသမီး၏ နည်းစနစ်ကျကျ တွေးခေါ်တတ်ပုံမှာ ကောင်းသောအရာတစ်ခုပင်ဖြစ်သည်။
ကိစ္စတစ်ခုလုံးကို သေသေချာချာနားလည်သွားပြီးနောက် ဝမ့်ချိုးမိန်ပြောလိုက်မိသည် ။
“ သမီးရဲ့ယောက်မက နည်းနည်းတော့တစ်ကိုယ်ကောင်းဆန်တယ်လေ… အဲ့ဒါ…”
သူမ လောဝမ်ရှင်းကို အပြစ်မတင်ရန် သမီးဖြစ်သူကို ပြောချင်နေသော်လည်း စကားလုံးရှာမရခဲ့ချေ။
ဝမ့်ချိုးမိန်တုန့်ဆိုင်းနေသောကြောင့် ချန်မန်မှ လက်ဦးမှုယူကာ စပြောလိုက်သည် ။
“ အမေစိတ်မပူပါနဲ့ သမီးစိတ်ထဲမထားပါဘူး…”
ဝမ့်ချိုးမိန် သမီးငယ်၏နောက်ကျောကိုပုတ်ကာ သက်ပြင်းသာချလိုက်မိသည်။
“ မင်းအပေါ် အမှားလုပ်ခဲ့မိတာပဲကွယ်..”
နစ်နာသည်ဟု အမှန်တကယ်ပြော၍မရပေ။ လောဝမ်ရှင်းထံတွင် တစ်ကိုယ်ကောင်းဆန်သောစိတ်မျိူးရှိသော်လည်း ချန်မန်ထံ တွဲဖက်မိတ်ဆက်ပေးစဉ်အခါက အောက်ခြေစည်းမထားခြင်းမျိုး မဟုတ်ချေ။ ဥပမာအားဖြင့် ချန်မန် ယနေ့တွေ့ခဲ့သူမှာ ဒဲ့တိုးဆန်သော စိတ်နေစိတ်ထားရှိပြီး ကိုယ့်ဖက်ကိုယ်သာကြည့်သော်လည်း ထိုသူ၏အပြင်ပိုင်း အခြေအနေမှာမူ များစွာကောင်းမွန်နေသည်။
သို့သော်လည်း မိခင်ဖြစ်သူမှာ သူမ၏အိမ်ထောင်ရေးနှင့်ပတ်သက်၍ အစကတည်းကပင် စိတ်ပူနေခဲ့ကြောင်း ချန်မန်သိခဲ့သည်။ ထို့အတွက်ကြောင့် လောဝမ်ရှင်း သူမကိုကြင်ဖက်တွေ့ပေးမည်ဟု ပြောလာစဉ်အချိန်၌ သူမ၏မိခင်မှာ မငြင်းပယ်ခဲ့ရုံသာမက အနည်းငယ်ပင် ပျော်ရွှင်နေခဲ့သည်။
ထိုအချိန်မှစ၍ ချန်မန်မှာ အမျိုးမျိုးသောဟိုတယ်များသို့သွား၍ မတူညီသော ကြင်ဖက်တွေ့ဆုံမှုများကို လုပ်ခဲ့ရတော့သည်။
အကယ်၍ သူမ ငြင်းဆိုမည်ဆိုလျှင် ချန်မန်အနေဖြင့် သင့်လျော်သည့် အကြောင်းပြချက်တစ်ခု ပေးရမည်ဖြစ်ကာ အဓိကအကြောင်းအရင်းဖြစ်သည့် ဆိုင်သို့မကြာခဏလာစားသော အစ်ကိုဖျင်အပေါ် မြင်မြင်ချင်းချစ်မိသွားခြင်း ဆိုသည်မှာမူ သိသိသာသာပင် များစွာသင့်တော်ခြင်းမရှိပေ။
မကြာခဏကြင်ဖက်တွေ့ရခြင်းကို ရှောင်ရှားနိုင်ရန်အတွက် ချန်မန် တွေးနေခဲ့သည်။ သူမ၏ခေါင်းကို ဝမ့်ချိုးမိန်၏ပုခုံးပေါ်သို့ တိတ်တဆိတ်မှီကာ နူးညံ့စွာပြောလိုက်လေသည်။
“ အမေရယ် သမီး ကြင်ဖက်တွေ့တာတွေကို ထပ်မသွားချင်တော့ဘူး …”
ယမန်နေ့တွင် ချန်မန် သူမ၏လိမ္မာပါးနပ်မှုကိုသုံး၍ အချိန်တိုအတွင်း ကြင်ဖက်သွားမတွေ့ရရန် စီစဉ်နိုင်ခဲ့သည်။ နောက်တစ်နေ့တွင်မူ အလုပ်သို့ရောက်ပြီးနောက် ကြင်ဖက်တွေ့ခြင်း ရလဒ်ကိုပြောပြရန်သွားချိန် အဒေါ်လောမှ သူမကို မီးဖိုချောင်တွင်းသို့ဆွဲခေါ်ကာ မေးလာခဲ့သည်။
“ ရှောင်ချန် နင် ကြင်ဖက်မတွေ့ချင်ဘူးလား…”
ချန်မန် : “....”
☆☆☆
စာရေးသူတွင် ပြောစရာရှိပါတယ် :
ချန်မန် : အဒေါ်လော ရှင် မြင်းထိန်းသူအကြောင်း ကြည့်ဖူးမယ်လို့ သံသယဝင်မိပေမယ့် သက်သေပြစရာမရှိဘူးဖြစ်နေတယ်။
💝💝💝