Ch 4
Viewers 306

👩‍❤️‍👨Chapter - 4

- ရယ်ရတာကြိုက်တဲ့သူတစ်ယောက်


☆ ဘာကိုသဘောကျလဲ ကြင်ဖက်တွေ့ဖို့ မစဉ်းစားချင်ဘူးလား…☆



စကားလုံးများဖြင့် မလုံလောက်ကြောင်းကို အချက်အလက်များမှ သက်သေပြခဲ့ကြသည်။


တနင်္ဂနွေနေ့များတွင် အလုပ်မနားသောကြောင့် ချန်မန် လုဖျင်ကျိူးကို သဘောကျနေသည်ဟု အ‌ဒေါ်လော သက်သေယူထားပြီးဖြစ်သော်လည်း ချန်မန်မှာ သူမ၏နားရက်ကို တနင်္ဂနွေနေ့အဖြစ် ယူသွားခဲ့လေသည်။


ထို့ထက်ပိုသည်မှာ သူမ ချန်မန်ထံ လှမ်းခေါ်မေးလိုက်ချိန်၌ နားရက်ယူသွားရခြင်းမှာ အမှန်စင်စစ်အားဖြင့် ကြင်ဖက်တွေ့ရမည်ဖြစ်သောကြောင့် ဖြစ်ကြောင်းသိလိုက်ရ၏။


ထိုအကြောင်းကြားလိုက်ရစဉ်အချိန်၌ အဒေါ်လော ထိတိလန့်သွားပြီး “ ရုတ်တရက်ကြီး ဘာလို့ကြင်ဖက်ထတွေ့ရတာလဲ…” ဟုပင် မေးမိသွားကာ သူမ၏ကိုယ်ပိုင်ကောက်ချက်ချထားခြင်းအပေါ် မေးခွန်းထုတ်ခဲ့မိသည်။


အဆိုပါကိစ္စကို ပြောပြချိန်၌ ချန်မန်ကိုယ်တိုင်သည်လည်း ကူကယ်ရာမဲ့နေခဲ့သည်။ သူမ ထိုကြင်ဖက်တွေ့ခြင်းကို သွားမတွေ့ချင်သော်လည်း ၎င်းမှာ သူမယောက်မ၏ခေါင်းဆောင်မှ စီစဉ်ပေးထားခြင်းဖြစ်ပြီး နှစ်ဖက်အဖွဲ့အကြား ညှိနှိုင်းပြီးနောက် တွေ့ဆုံရမည့်အချိန်ကို အကြောင်းကြားလာခဲ့သည်။


အကယ်၍ ချန်မန်သာ မသွားခဲ့ပါက ယောက်မဖြစ်သူမှာ အလုပ်မှခေါင်းဆောင်များကို စော်ကားမိသကဲ့သို့ ဖြစ်သွားနိုင်ပြီး ချန်မန်နှင့် ယောက်မတို့အကြား ဆက်ဆံရေးတွင် အကွာအဝေးတစ်ခု အလွယ်တကူပေါ်လာပေလိမ့်မည်။


ချန်မန်အနေဖြင့် သူမနှင့်ယောက်မတို့အကြား ဆက်ဆံရေးမှာ အစကတည်းကပင် မကောင်းခဲ့သောကြောင့် ပိုမိုဆိုးလာမည့်အပေါ် စိုးရိမ်နေခြင်းမရှိသော်ငြား သူတို့၏အလယ်တွင် မိဘများမှာ အကြပ်ရိုက်သွားနိုင်ပေသည်။


သည့်အတွက်ကြောင့် အထပ်ထပ်အခါခါ ချိန်ဆပြီးနောက်တွင် ချန်မန် ကြင်ဖက်သွားတွေ့ပြီး ဤအရေးကိုကိုင်တွယ်ရန် ဆုံးဖြတ်လိုက်သည်။


ထိုစကားထွက်လာပြီးနောက် အဒေါ်လောမှာ လူငယ်လေးနှစ်ယောက်ကို ဆက်လက်အောင်သွယ်ပေးရမည်လော မမည်လောကို အမှန်တကယ်ပင် သေချာမသိတော့ချေ။


ချန်မန်၏ ထိုသူနှင့်ရင်းနှီးလိုစိတ်မရှိပုံကို မကြည့်လျှင်လည်းဖြစ်သည်။ သူမသည်လည်း ဤနေရာသို့ ရောက်ခဲ့ဖူးသူဖြစ်လေရာ ကြင်ဖက်မတွေ့ခင်အထိ မပျော်မရွှင်ဖြစ်နေကြသော်လည်း တွေ့ပြီးနောက်တွင် ချစ်ကျွမ်းဝင်သွားသည့် လူငယ်များစွာကို မြင်တွေ့ခဲ့ဖူးသည်။


သို့သော်လည်း ချန်မန်တွင် ထိုအရေးဖြစ်လာခဲ့လျှင် သူမ မည်သည့်အတွက်ကြောင့် များစွာပူနေမိသည်နည်း။


သို့သော်လည်း အကယ်၍သာ သူမအောင်မသွယ်ပေးဖြစ်ပါက ဤသို့သော လူငယ်လေးနှစ်ဦး လွဲချော်သွားမည်မှာ အဒေါ်လောအတွက် အနည်းငယ်နှမြောစဖွယ်ကောင်းလှသည်။


အရှေ့သို့ခြေတစ်လှမ်းမတိုးမီ ချန်မန်တစ်ယောက် တနင်္လာနေ့အလုပ်ပြန်ဆင်းချိန်၌ ကြင်ဖက်တွေ့ရာမှ ရလဒ်အခြေအနေကိုကြည့်၍ အနည်းငယ်စောင့်ဆိုင်းလိုက်မည်ဆိုလျှင် မည်သို့ဖြစ်မည်နည်း။


အဒေါ်လော ဤသို့တွေးလိုက်မိသည်။ သို့သော်လည်း သူမ မထင်ထားသည်မှာ သူမအနေဖြင့် စောင့်ဆိုင်းနိုင်သော်လည်း မစောင့်နိုင်သည့်သူ ပေါ်လာမည်ကိုပင်ဖြစ်သည်။


ထိုနေ့တွင် အဒေါ်လောနှင့်စကားပြောပြီးနောက် ချမ်ရှောင်ဖျင် အိမ်သို့ပြန်ကာ ၎င်းနှင့်ပတ်သက်၍ အခါခါစဉ်းစားကြည့်ပြီးနောက် လုဖျင်ကျိူးမှာ တွဲဖက်ကောင်းတစ်ယောက်ဖြစ်မည်ဟု ခံစားလိုက်ရသည်။


သူမတို့၏အစိုးရပိုင်ဟိုတယ်သို့ ဌာနအသီးသီးမှ ခေါင်းဆောင်များလာစားတတ်ကြသော်လည်း ချမ်ရှောင်ဖျင်အနေဖြင့် စက်ရုံဒါရိုက်တာ သို့မဟုတ် တပ်ခွဲမှူးအဆင့်ရောက်နေသူမျိုးကို မြင်တွေ့ခဲ့ဖူးခြင်းမရှိပေ။ အကယ်၍ သူမတွေ့ခဲ့မည်ဆိုလျှင်ပင် ထိုသူအားလုံးမှာ အသက်လေးဆယ် သို့မဟုတ် ငါးဆယ်ခန့်ရှိနေမည်ဖြစ်ကာ အသက်အရ သူမ၏ညီမနှင့်ကိုက်ညီမည်မဟုတ်ပေ။ ထို့ထက်ပိုသည်ကား ခေါင်းဆောင်အများစုမှာ လက်ထပ်ပြီးကြပြီဖြစ်ကာ ကွာရှင်းထားသူများ သို့မဟုတ် တစ်ခုလပ်များဖြစ်ကြလျှင်ပင် သူတို့ထံ၌ ကလေးများရှိနေတတ်ကြသည်။


အားလုံးမှာ လုဖျင်ကျိူးကဲ့သို့ ငယ်ရွယ်ပြီး အရည်အချင်းရှိကာ လက်မထပ်ရသေးသော တစ်ကိုယ်တည်းသမားများမဟုတ်ကြချေ။


အကယ်၍ သူမသည်သာ ယခုထက်နှစ်အနည်းငယ်ပိုငယ်နေပြီး အိမ်ထောင်မကျ ကလေးမရခဲ့မည်ဆိုပါက ထိုကဲ့သို့သော ယောင်္ကျားမျိုးကို ညီမငယ်နှင့် ဘယ်သောအခါမှ မိတ်ဆက်ပေးမိမည်မဟုတ်ပေ။


သို့သော်လည်း ၎င်းမှာ ပြဿနာမဟုတ်ချေ။ သူမနှင့် ညီမငယ်တို့အကြားမှ ဆက်ဆံရေးမှာ ကောင်းမွန်ပြီး သူမ မိတ်ဆက်ပေးမည့်လူနှင့်သာ အဆင်ပြေသွားမည်ဆိုလျှင် အစ်မကြီးတစ်ယောက်အနေဖြင့် သူမသည်လည်း အကျိုးအမြတ်များကို ခံစားနိုင်မည်ဖြစ်သည်။


ချမ်ရှောင်ဖျင် ထို‌အကြောင်းကို တွေးမိလေလေ ပို၍တက်ကြွလာလေလေ ဖြစ်နေကာ တစ်ပတ်ပင်မပြည့်လိုက်ဘဲ သူမစိတ်မရှည်စွာဖြင့် ညီမဖြစ်သူ ချမ်ရှောင်လျန်ထံမှ ဓာတ်ပုံတစ်ပုံသွားတောင်းလိုက်သည်။


ဓာတ်ပုံသွားယူချိန်၌ ချမ်ရှောင်လျန်မှာ အလွန်ရှက်နေမိခဲ့သည်။ အစ်မဖြစ်သူမှ အခြေအနေကို ရှင်းပြပေးပြီးနောက်တွင် သူမစိတ်ပါလာပြီး ရှက်နေသေးသည့်တိုင် ပြတ်သားစွာပြောလိုက်သည်။


 “ အစ်မ ဒီတနင်္ဂနွေကျ ညီမ ဆိုင်မှာ အစ်မနဲ့လာတွေ့ရင်  ဘယ်လိုလဲ…”


အစပိုင်းတွင် ချမ်ရှောင်ဖျင်မှာ သဘောမပေါက်နိုင်ခဲ့ပေ ။


“ ဘာလို့ ငါ့ကိုလာတွေ့မှာလဲ…”


“ ညီမ…” ချမ်ရှောင်လျန်မှ အင်္ကျီစကို တင်းတင်းဆုပ်ကိုင်ကာ ရှက်ရွံ့စွာပြောလိုက်သည်။


 “ ဓာတ်ပုံက လူကိုယ်‌တိုင်လောက်မကောင်းဘူးလို့ ထင်မိလို့ပါ…”


ချမ်ရှောင်ဖျင် လက်ထဲမှဓာတ်ပုံကို လူကိုယ်တိုင်နှင့် ယှဉ်ကြည့်လိုက်ရာ ၎င်းမှာ မှန်ကန်မည့်ပုံပေါ်သည်။ အဆိုပါဓာတ်ပုံကို လွန်ခဲ့သောနှစ်နှစ်ခန့်တွင် ရိုက်ခဲ့သည်ဖြစ်ရာ ချမ်ရှောင်လျန်၏မျက်နှာပေါ်တွင် ကလေးအဆီအနည်းငယ်ရှိနေသေးပြီး မျက်လုံးမှာ အတော်မှေးနေခဲ့သည်။ လွန်ခဲ့သောနှစ်နှစ်အတွင်း အလုပ်ကြောင့် ကိုယ်အလေးချိန်များစွာ ကျဆင်းခဲ့ရကာ မျက်လုံးမှာ ပို၍ကြီးလာပုံပေါ်သွားခဲ့သည်။ အဆုံး၌ ညီမဖြစ်သူမှာ ဓာတ်ပုံထက် ပို၍ကြည့်ကောင်းနေခဲ့သည်။


ချမ်ရှောင်ဖျင် ပြောလိုက်လေသည်။


 “ ကောင်းပြီလေ… ဒီလိုဆိုရင်လည်း နင်ကောင်းကောင်းတော့ဝတ်လာခဲ့ဦး… လွန်ခဲ့နှစ်ရက်က ငါချုပ်ပေးထားတဲ့ရှပ်အင်္ကျီကို ဝတ်လာခဲ့လိုက်လေ… အဲ့ဒါက နင့်ခန္ဓာကိုယ်အပေါ်ဘက်ကို ကြည့်ကောင်းသွားစေတာပဲဟာ…”


“ သေချာပေါက်ပဲပေါ့…” 


ချမ်ရှောင်လျန် ချမ်ရှောင်ဖျင်၏လက်ကို ပျော်ရွှင်မြူးတူးစွာ တွဲခိုလိုက်သည် ။


“ အစ်မ စိတ်မပူနဲ့နော်… အချိန်ကျလာရင် ညီမ ကျိန်းသေပေါက်လှလှလေးဝတ်ခဲ့မှာပါ…”


တနင်္ဂ‌နွေနေ့တွင် အစိုးရပိုင်ဟိုတယ်ဖွင့်သည်နှင့် ချမ်ရှောင်လျန်မှာ လှလှပပဝတ်စားကာ ရောက်လာခဲ့သည်။


ဟိုတယ်မှလူတိုင်းမှာ ပဟေဠိဖြစ်နေကြပြီး စားဖိုမှူး ကွမ်ကျန့်ကော်ကဲ့သို့ အတင်းအဖျင်းများအပေါ် စိတ်မဝင်စားတတ်သည့် သက်လတ်ပိုင်းလူသည်ပင် အဒေါ်လောထံ တီးတိုးကပ်မေးလာသည်။


 “ ရှောင်ချမ်ရဲ့ညီမက ဒီကိုဘာလာလုပ်တာလဲ…”


“ ဘယ်သိမတုန်း…ဒါပေမယ့် အဲ့ဒီမိန်းကလေးချမ်ရှောင်လျန်က အတော်စိတ်ဝင်စားဖို့တော့ကောင်းသား… ရောက်လာတာနဲ့ ပြတင်းပေါက်နားက ထိုင်ခုံကိုရွေးပြီး ထိုင်ချလိုက်တာပဲ… ထိုင်တဲ့ပုံစံကတောင်မှ ထူးခြားနေသေးတယ်… ဒီလိုလေ…” 


အဒေါ်လောမှ ချမ်ရှောင်လျန်ထိုင်ပုံကို အတုခိုးကာ ရင်ကော့ ခေါင်းမော့၍ နှုတ်ခမ်းထောင့်များကို အနည်းငယ်ကော့တက်သွားစေလိုက်သည်။


 “ သူ့ကြည့်ရတာ နှစ်သစ်ကူးပန်းချီကားထဲက ကြယ်ပွင့်ကြနေတာပဲ… သက်သောင့်သက်သာမရှိတာမျိုးလည်း မဖြစ်ဘူးလားမသိအေ…”


ကွမ်ကျန့်ကော် ‌တွေးမိသွားသည်။


 “ အဲ့ဒီကောင်မလေးလေ… ဒီကို ကြင်ဖက်လာတွေ့တာများလား…”


“ အတော်လေးတော့ ဖြစ်နိုင်ခြေရှိတယ်…” အဒေါ်လောမှ သဘောတူလိုက်ဟန်ဖြင့် ခေါင်းညိတ်ပြလိုက်ပြီးနောက် ကောင်းကင်ပေါ်သို့ကြည့်ရန် ပြတင်းပေါက်စီသို့ လျှောက်သွားလိုက်သည်။


 “ ဒါပေမယ့် ကြင်ဖက်တွေ့ဖို့အတွက်ဆို ဒီလောက်အစောကြီးလာဖို့မလိုဘူးလေ… ဟုတ်တယ်မလား…”


လက်ရှိအချိန်တွင် ကြင်ဖက်တွေ့ဆုံခြင်းနှစ်မျိုးရှိသည်။ တစ်မျိုးမှာ အမျိုးသားမှ အမျိုးသမီးအိမ်သို့ လိုက်တွေ့ခြင်းဖြစ်ပြီး သူ၏လုပ်ဆောင်ချက်အပေါ် အမြင်ကောင်းရနိုင်ရေးအတွက် အမျိုးသားဘက်မှ စောစောသွားခြင်းဖြစ်သည်။ 


ကျန်တစ်မျိုးမှာမူ အပြင်ဘက် စားသောက်ဆိုင်တစ်ခုတွင် ချိန်းဆိုခြင်းဖြစ်သည်။ သို့သော်လည်း စားသောက်ဆိုင်အများစုတွင် မနက်စာမရောင်းသည်ဖြစ်ရာ ပုံမှန်အားဖြင့် ချိန်းဆိုခြင်းကို နေ့လယ် တစ်ဆယ့်တစ်နာရီ သို့်မဟုတ် တစ်ဆယ့်နှစ်နာရီတွင် လုပ်လေ့ရှိကြသည်။


ယခုအချိန်မှာ မနက်ကိုးနာရီသာ ရှိသေးလေရာ ချမ်ရှောင်လျန်မှာ အလွန်စောနေခြင်းဖြစ်သည်။


ကွမ်ကျန့်ကော် ခန့်မှန်းလိုက်မိသည်။


 “ ကြည့်ရတာ သူ့မိသားစုက ဒီလူအပေါ် အတော်လေးစိတ်တိုင်းကျလို့နေမှာပေါ့…”


အစိုးရပိုင်ဟိုတယ်မှ တစ်ဦးတည်းသော သက်လတ်ပိုင်းအဒေါ်ကြီးတစ်ယောက်အနေဖြင့် လွန်ခဲ့သောနှစ်တွင် ချမ်ရှောင်ဖျင်၏ညီမဖြစ်သူအတွက် တွဲဖက်ရှာပေးရန်အကူအညီတောင်းခြင်းခံရသည်။ သူမသည်လည်း နည်းလမ်းရှာ၍ မိသားစုနောက်ခံကောင်းသော အမျိုးသားနှစ်ဦးကိုရှာပေးခဲ့သည်။


သို့သော်လည်း ၎င်းမှာ ကျေးဇူးတင်မခံရသည့်အလုပ်ဖြစ်ခဲ့ကာ ကြင်ဖက်တွေ့ခြင်းမှာလည်း အဆင်မပြေခဲ့ချေ။ ချမ်ရှောင်ဖျင်မှ သူမထံလာကာ သူမ(လော)သည် အခြားသူများ(ဖျင်)အပေါ် အထင်သေးနေသည်ဟု ပြောခြင်းကိုပင် အဒေါ်လော ခံလိုက်ရ‌လေသည်။


ကောင်းကင်နှင့်မြေကြီးသက်သေရှိသည်။ သူမ ချမ်ရှောင်လျန်ထံ မိတ်ဆက်ပေးခဲ့သည့်လူနှစ်ဦးမှာ သူမ၏ကွန်ယက်အရ မည်သည့်ရှုထောင့်မှမဆို သင့်တော်ကောင်းမွန်ကြသည်။ တစ်ဦးမှာ ကုန်တိုက်မှ အရောင်းဝန်ထမ်းဖြစ်ပြီး တစ်ဦးမှာမူ အစိုးရပိုင်စက်ရုံမှ အမြဲခန့်ဝန်ထမ်းဖြစ်သည်။ တစ်ဖက်လူမှာ လူအများနှင့်ဆက်ဆံရသည့် အလုပ်လုပ်သူဖြစ်သော်လည်း အရည်အချင်းစစ်ဆေးပေးခြင်းကို လုပ်ရကာ အလွန်လွယ်ကူသောအလုပ်ဖြစ်သည်။


ထိုသူနှစ်ဦးစလုံးထံတွင် ကောင်းမွန်သောမိသားစုအခြေအနေများရှိကြသည်။ အခြားအရာများကို မဆိုထားနှင့်၊ အိမ်ပိုင်ဆိုင်မှုတွင် ပြတ်လပ်မှုမရှိသည်မှာ အသေအချာပင်။ ထို့ထက်ပိုသည်မှာ ချမ်ရှောင်လျန်နှင့် အသက်အရွယ်တူဖြစ်‌ကြသောကြောင့် သူတို့မှာ သာမန်လူများ လက်လှမ်းမမီနိုင်သည့် အပြာရောင်စတော့ပြားများဖြစ်ကြလေသည်။


အကယ်၍ ကြင်ဖက်တွေ့ခြင်းကျရှုံးရခြင်းမှာ သူတို့ထံတွင် မတူညီသောစိတ်ထားမျိုးရှိပြီး ထွင်းဖောက်မကြည့်နိုင်ခဲ့ကြခြင်းကြောင့်ဆိုလျှင် အဒေါ်လော မည်သည့်စကားမျှဆိုမည်မဟုတ်ချေ။ အဆုံး၌ ကံကြမ္မာဆိုသည်ကား အလွန်ဆန်းကြယ်သောအရာတစ်ခု ဖြစ်ပေသည်။


သို့သော်လည်း ချမ်ရှောင်ဖျင်မှ သူမသည် လူများအပေါ် နှိမ့်ချကြည့်သည်ဟု ပြောလာချိန်၌ အဒေါ်လောမှ အလွန်မမျှမတသကဲ့သို့ ခံစားလိုက်ရသည်။ ထိုအချိန်မှစ၍ သူမ ချမ်ရှောင်လျန်အတွက် ထပ်မံ‌မိတ်ဆက်ပေးခြင်းမျိုး မလုပ်တော့ပေ။


ကွမ်ကျန့်ကော်၏စကားကို ကြားလိုက်ရချိန်၌ အဒေါ်လော မနေနိုင်ဘဲ နှာခေါင်းရှုံ့လိုက်မိသည်။


 “ ဟွန့် နောက်ခံပိုတောင့်လို့ပဲ နေမှာပါလေ…”


မနက် တစ်ဆယ့်တစ်နာရီခွဲအချိန်၌ အဆိုပါနောက်ခံပိုတောင့်သူမှာ အစိုးရပိုင်ဟိုတယ်သို့ အတိအကျရောက်လာခဲ့သည်။


လုဖျင်ကျိူး ဆိုင်သို့မသွားခင်အချိန်တွင် တူညီသောစကားလုံမြောက်များစွာကို အကြိမ်ပေါင်းများစွာ ကြိုတွေးထားခဲ့သည်။ သို့သော်လည်း ကောင်တာအနောက်တွင် ရပ်နေသူမှာ သူရင်းနှီးသည့်တစ်စုံတစ်ယောက်မဟုတ်ကြောင်း မြင်လိုက်ရချိန်၌ လုဖျင်ကျိူး၏မျက်ခုံးများမှာ မသိစိတ်အရမြင့်တက်လာလေသည်။


ကောင်တာအနောက်တွင်ရပ်နေသည့် ချမ်ရှောင်ဖျင်မှာမူ လုဖျင်ကျိုး၏စိတ်အခြေအနေပြောင်းလဲပုံကို သတိမပြုမိဘဲ ရင်းနှီးနေသည့်အသံဖြင့် ပြောလိုက်သည်။


 “ ရဲဘော်လု နေ့လယ်စာလာစားတာလားရှင့်…”


“ အင်း…” 


လုဖျင်ကျိူး အသံတစ်ချက်သာပြု၍ ခေါင်းပြန်လှည့်ကာ ဆိုင်တွင်းသို့ လျှောက်သွားလိုက်သည်။


လုဖျင်ကျိူး၏လုပ်ရှားမှုကို သတိပြုမိသွားသောကြောင့် ပြတင်းပေါက်အနီးတွင် ခါးကိုင်းလျက်ထိုင်နေသည့် ချမ်ရှောင်လျန်မှာ သူမ၏မေးကို ပို၍တင်းတင်းပင့်လိုက်လေသည်။


သူမ လုဖျင်ကျိူးကို မတွေ့ခင်ရသေးအချိန်၌ ဤတွေ့ဆုံမှုအပေါ် ဆယ်မှတ်လျှင် ခုနစ်မှတ်သာ မျှော်မှန်းထားခဲ့သော်လည်း ယခုတွင်မူ သူမ၏မျှော်မှန်းချက်များမှာ ကောင်းကင်ပေါ်သို့ပင် ပျံတက်သွားပြီး ဆယ်မှတ်ထက်ကျော်လွန်သွားလေပြီ။


သို့သော်လည်း ကံမကောင်းစွာဖြင့် လုဖျင်ကျိူး၏အကြည့်မှာ သူမအပေါ်တွင် ကြာကြာမရှိခဲ့ဘဲ အရှေ့ဘက်ခန်းမနှင့်ဆက်ထားသည့် တံခါးပေါ်မှ အနောက်ဘက်မီးဖိုချောင်ဖက်သို့ ရောက်သွားပြီး လုဖျင်ကျိူး အမှုမထားဟန်ဆောင်ကာ မေးလိုက်သည်။


 “ ဒီနေ့တာဝန်ကျတာလား ရဲဘော်တစ်ယောက်ပဲလား…”


ချမ်ရှောင်ဖျင် ပြန်ဖြေလိုက်သည် ။


“ ဟုတ်တယ် အရှေ့ဘက်ခန်းမမှာက ကျွန်မတစ်ယောက်ထဲပါပဲ… ကျန်တဲ့လူအားလုံးက မီးဖိုချောင်ထဲမှာလေ…”


ချန်မန်မှာ အရှေ့ဘက်ခန်းမမှ စားပွဲထိုးဖြစ်ကြောင်း သိထားသောကြောင့် ထိုစကားကိုကြားလိုက်ရချိန်၌ အနည်းငယ်စိတ်ပျက်သွားမိသည်။ သို့သော်လည်း ရောက်လာခဲ့ပြီးဖြစ်ကာ အချိန်မှာလည်း ထမင်းစားချိန်ဖြစ်နေသောကြောင့် ဗိုက်ဟောင်းလောင်းဖြင့် ပြန်သွား၍မရေလရာ သာမန်ကာလျှံကာ ဟင်းနှစ်ပွဲမှာလိုက်သည်။


ဟင်းမှာပြီးနောက် လုဖျင်ကျိူး မှာယူထားသည်ကိုယူရန် ပြတင်းပေါက်စီသို့ ထသွားလိုက်သည်။ အဒေါ်လောမှာမူ မပြုံးမိလိုက်ခင် ‌လုဖျင်ကျိူးကိုတွေ့လိုက်သောကြောင့် ခဏမျှကြောင်သွားရသည်။


 “ ရောက်လာပြီပဲ…”


လုဖျင်ကျိူး တုန့်ပြန်လိုက်ပြီး ပြန်လှည့်ကာ စားပွဲတစ်လုံးရှာ၍ ဝင်ထိုင်လိုက်သည်။


လုဖျင်ကျိူး၏စားပွဲမှာ ချမ်ရှောင်လျန်ထိုင်နေသည့်နေရာနှင့် အလွန်ကွာဝေးပြီး သူတို့အကြား စားပွဲဝိုင်းအနည်းငယ်ခြားနေခဲ့သည်။


ချမ်ရှောင်ဖျင်မှာ အလောတကြီးဖြစ်နေပုံရကာ ချမ်ရှောင်လျန်ထံ လျှောက်လာပြီး ပြောလိုက်သည်။


 “ နင် ဒီမှာမထိုင်နေနဲ့လေ… နောက်ကြရင် စားတဲ့သူတွေလာတော့မှာ… နင်ကထိုင်နေတော့ သူတို့က ဘယ်သွားထိုင်ကြတော့မှာလဲ…” 


သူမ ညီမဖြစ်သူကို လုဖျင်ကျိူးရှိရာသို့ ဆွဲခေါ်လာပြီး အပြုံးတစ်ပွင့်နှင့်အတူ ပြောလိုက်သည်။


 “ ရဲဘော်လု ကျွန်မရဲ့ညီမက လုပ်စရာလေးရှိတာနဲ့ ကျွန်မကိုစောင့်နေရမှာမလို့လေ… တခြားစားပွဲတွေကြတော့လဲ ဖောက်သည်တွေကို သက်ရောက်မှုရှိသွားမှာ စိုးမိတယ်… ဒါကြောင့် ရဲဘော်လုနဲ့ တစ်စားပွဲထဲထိုင်ခိုင်းလိုက်လို့ အဆင်ပြေတယ်မလားဟင်…”


ထိုစကားမှာ အကျိုးအကြောင်းဆီလျော်ပုံပေါ်သော်လည်း လုဖျင်ကျိူးကို အရူးလုပ်ရန်မလွယ်ကူပေ။


ပထမဦးဆုံးအချက်အနေဖြင့် အစိုးရပိုင်စားသောက်ဆိုင်တွင် စားကြခြင်းမှာ ထိုမျှအထိ အတိအကျဖြစ်နေရန်မလိုချေ။ စီးပွားရေးကောင်းသည့်အချိန်များတွင် မသိသည့်လူနှင့် စားပွဲတစ်ဝိုင်းထဲ ဝင်ထိုင်လိုက်သည်မှာ ပုံမှန်ကိစ္စဖြစ်သည်။


ဒုတိယအချက်အနေဖြင့် သူဆိုင်တွင်းသို့ ဝင်လာချိန်၌ ထိုမိန်းကလေးမှာ ဆိုင်၏စီးပွားရေးအပေါ် သက်ရောက်မှုရှိမည်အား မပူပန်ဘဲ ပြတင်းပေါက်အနားတွင် ထိုင်နေခဲ့လေသည်။ ယခု သူရောက်လာသည့်အချိန်မှ အဘယ့်ကြောင့် ထပူသွားရသည်နည်း။ ထို့ထက်ပိုသည်မှာ အရှေ့ဘက်ခန်းမတွင် သူတစ်ဦးတည်းစားသုံးသူရှိခြင်းမျိုးမဟုတ်ချေ။ ချမ်ရှောင်လျန်အပြင် သက်လတ်ပိုင်းအမျိုးသားတစ်ဦးသည်လည်း တစ်ဦးတည်းထိုင်နေခဲ့သည်။ သို့သော်ငြား ချမ်ရှောင်ဖျင်မှာ သူမ၏ညီမကို သူ့ထံသို့သာ ဆွဲခေါ်လာခဲ့လေသည်။


လုဖျင်ကျိူး ပြောလိုက်သည်။


 “ အားနာပါတယ် ကျွန်တော်က တစ်ယောက်တည်းထိုင်ချင်လို့ပါ..”


ချမ်ရှောင်ဖျင်၏အမူအယာမှာ တောင့်ခဲသွားခဲ့သည်။ သို့သော်လည်း သူမ လုဖျင်ကျိူးကို များစွာမစော်ကားရဲသောကြောင့် အပြုံးတစ်ခုကိုသာ ညှစ်ထုတ်ကာ ပြောလိုက်ရသည်။


 “ ကောင်းပါပြီ… ညီမလေး နင်အရင်ဆုံး ဒီမှာထိုင်နှင့်နော်… စားတဲ့လူလာတော့မှပဲ ဖယ်ပေးလိုက်ပေါ့…”


ထိုစကားမှာ ချမ်ရှောင်လျန်ကို ပြောခြင်းဖြစ်သည်။ စကား‌ပြောနေစဉ်အချိန်အတွင်း ချမ်ရှောင်ဖျင် ညီမငယ်ကို လုဖျင်ကျိူးနံဘေးမှ စားပွဲစီခေါ်သွားပြီး ထိုင်စေလိုက်လေသည်။



💝💝💝