👩❤️👨Chapter - 3
အောင်သွယ်ပေးခြင်း
☆ လူငယ်တွေက မျက်နှာအရေပါးပြီး ရှက်တတ်နေလို့ပဲ လုပ်ငန်းစဉ်က တိုးတက်မှုမရှိတာ…☆
အစိုးရပိုင်ဟိုတယ်များ၏ အလုပ်ချိန်မှာ အခြားသောဌာနများနှင့် မတူပေ။ မနက်ရှစ်နာရီမှ ညရှစ်နာရီထိအလုပ်ဆင်းရပြီး နေ့လယ်နှစ်နာရီမှ လေးနာရီတွင် နှစ်နာရီနားချိန်ရသော်လည်း ဆိုင်တွင် နေ့စဉ်နေ့တိုင်း လူတစ်ယောက်အလှည့်ကျ တာဝန်ယူနေပေးရပေသည်။
ယနေ့သည် ချမ်ရှောင်ဖျင်၏အလှည့်ဖြစ်သောကြောင့် ချန်မန် အလုပ်ပြီးသွားချိန်၌ အိမ်သို့ပြန်သွားခဲ့သည်။ သူမ နေ့လယ်သုံးနာရီထိ အိပ်လိုက်ပြီးနောက် အစိုးရပိုင်ဟိုတယ်သို့ ပြန်မလာခင် အရသာပြင်းသော လက်ဖက်ရည်တစ်အိုးဖျော်လိုက်လေသည်။
သူမ ပြန်ရောက်ချိန်၌ လူတိုင်းဆိုင်တွင်ရောက်နေပြီဖြစ်ပြီး ယနေ့တွင်နားရက်ရသည့် ယန်မင်ကျစ်မှာလည်း မီးဖိုချောင်ထဲတွင် အစားအစာများပြင်ဆင်နေခဲ့သည်။
အချိန်မှာ ညစာစားချိန်မတန်သေးသည်ဖြစ်ရာ အရှေ့ဘက်အခန်းထဲတွင် အလုပ်မရှိသောကြောင့် ချန်မန် အနောက်ဘက်မီးဖိုချောင်သို့ ဝိုင်းကူလုပ်ရန် ဝင်သွားလိုက်ကာ အသံတိုးတိုးဖြင့် မေးလိုက်သည်။
“ ဒီနေ့နားရက်မဟုတ်ဘူးလား… နင်ဘာလို့ ဒီမှာအလုပ်လာလုပ်နေတာလဲ…”
“ အိမ်မှာနေရတာပျင်းလို့လေ…”
ယန်မင်ကျစ်မှ ကြက်သွန်မြိတ်များကို ရွေးနေစဉ် ပြန်ဖြေလာသည်။
ချန်မန် ပြောလိုက်သည် ။
“ ငါလည်းအိမ်မှာပျင်းနေလို့လေ… လမ်းလျှောက်ဖို့ထွက်လာတာ… ငါကြားတာတော့ ဟိုတလောလေးက ရုပ်ရှင်ရုံမှာ ဇာတ်ကားအသစ်တင်တယ်တဲ့… ကြည့်ရတာ အတော်ကောင်းမယ့်ပုံပဲ…”
ယန်မင်ကျစ် ပြုံးလျက်ပြန်ပြောလာသည်။
ေ,,့ွ “ ထားလိုက်ပါတော့ ငါ မီးဖိုချောင်ထဲမှာနေတာကပဲ ပိုကောင်းပါတယ်…”
xg
ယန်မင်ကျစ်မှာ ဟင်းချက်ရသည်ကို နှစ်သက်ပြီး အလွန်အရည်အချင်းရှိကြောင်း ချန်မန်သိထားပြီးဖြစ်သည်။ မူရင်းစာအုပ်ထဲတွင် ယန်မ3င်ကျစ်မှာ ဟင်းချက်ခြင်းဖြင့် ဘဝနှစ်ခုလုံးတွင် အသက်မွေးခဲ့ပြီး ကိုယ်ပိုင်စားသောက်ဆိုင်ပင် ဖွင့်နိုင်ခဲ့သည်။
အမှန်ပင် ချန်မန်မှာ ရိုးရှင်းစွာအချိန်ကူးပြောင်းလာခြင်းမဟုတ်ပေ။ သူမသည် စာအုပ်ထဲသို့ ကူးပြောင်းလာမိခြင်းဖြစ်သည်။
ယန်မင်ကျစ်မှာ ဤဝတ္ထုထဲမှ ဇာတ်လိုက်မင်းသမီးတစ်ယောက်ဖြစ်လေသည်။
ထိုမျှသာမက သူမသည် ပြန်လည်မွေးဖွားလာသူလည်း ဖြစ်သည်။
အဘယ့်ကြောင့်ဆိုသော် သူမ၏မိခင်မှာ ငယ်ငယ်ရွယ်ရွယ်ဖြင့် ကွယ်လွန်သွားပြီးနောက် ဖခင်ဖြစ်သူသည် အလျှင်အမြန်ပင် အိမ်ထောင်ထပ်ပြုခဲ့ကာ မိထွေးနှင့် သားတစ်ယောက်ရခဲ့သည်။ သူမ၏မောင်ငယ်အပြင် ယန်မင်ကျစ်တွင် မိထွေးဖက်မှပါလာသည့် ညီမငယ်တစ်ယောက်လည်း ရှိလာသေးသည်။
မိသားစုထဲတွင် ကလေးသုံးယောက်ဖြစ်နေသော်လည်း ဤခေတ်ကာလအတွင်း စားဖိုမှူးများမှာ အလွန်ရေပန်းစားလှသည်။ သူတို့၏လုပ်အားခမှာ များပြားရုံသာမက တစ်ခါတစ်ရံတွင် အိမ်သို့ ဟင်းများပြန်သယ်လာနိုင်သည်။ ထို့အပြင် ယန်မင်ကျစ်၏မိထွေးတွင်လည်း အလုပ်ရှိသောကြောင့် ယန်မိသားစုမှာ ကောင်းကောင်းနေနိုင်စားနိုင်ကြသည်။
ယန်မင်ကျစ်သည် အိမ်တွင် ကျန်မောင်နှမများထက် အိမ်အလုပ်ပိုလုပ်ရပြီး အလေးထားမခံရသော်လည်း ထိုမှတစ်ပါး အခြားခက်ခဲမှုမျိုးမရှိဘဲ အထက်တန်းကျောင်းမှ ချောချောမွေ့မွေ့ကျောင်းဆင်းနိုင်ခဲ့သည်။
အကယ်၍သာ ကြီးမားသောလှုပ်ရှားမှုကြီးမဖြစ်ခဲ့ပါလျှင် ယန်မင်ကျစ်မှာ ထိုဘဝတွင် ကောင်းမွန်စွာနေနိုင်ခဲ့မည်ဖြစ်သည်။ သို့သော်လည်း ထိုသို့မဖြစ်လာသောကြောင့် ယန်မိသားစုတွင် ကလေးသုံးယောက်ထဲမှ တစ်ယောက်ကိုစွန့်လွှတ်ရမည်ဖြစ်သည်။
ယန်မင်ကျစ်၏မောင်ငယ်ကို ကျေးလက်သို့သွားခိုင်းရန်မှာ မဖြစ်နိုင်ပေ။ ပထမဦးဆုံးအနေဖြင့် သူသည်ငယ်ရွယ်သေးပြီး ဒုတိယအချက်မှာမူ ဖခင်ဖြစ်သူ၏အချစ်ဆုံးကလေးဖြစ်သည်။ မိထွေးပါညီမငယ်မှာမူ နာမကျန်းဖြစ်နေသောကြောင့် သူမအနေဖြင့် ယာယီကျေးလက်သို့ စေလွှတ်ခံရခြင်းကိုရပ်တန့်ထားနိုင်ပြီး သူမ၏မိခင်မှ ငွေဖြင့် အလုပ်တစ်ခုဝယ်ပေးပေလိမ့်မည်။
ဖခင်ရင်းမှာ သူမအပေါ်ဂရုမစိုက်သောကြောင့် ယန်မင်ကျစ်သည်သာ အထုပ်အပိုးများသိမ်းဆည်း၍ ကျေးလက်သို့သွားလိုက်ရလေသည်။
သူမ၏ကောင်းမွန်လှသော အချက်အပြုတ်ကြောင့် ယန်မင်ကျစ်မှာ သွားရောက်ရသည့်ကျေးလက်မှ အမျိုးသမီးပညာတတ်ငယ်လူငယ်များနှင့် မိတ်ဖွဲ့နိုင်ခဲ့ပြီး အမျိုးသားပညာတတ်ငယ်လူငယ်များသည်လည်း သူမ၏ အသီးအရွယ်ကြော်စားရခြင်းကို နှစ်သက်ကြသောကြောင့် ယန်မင်ကျစ်အတွက် တတ်နိုင်သမျှ ဝိုင်းကူပေးရန် ဆန္ဒရှိကြသည်။
သို့သော်လည်း မကြာခင်မှာပင် ယန်မင်ကျစ်မှာ ရွာလူမိုက်များထံမှ ပစ်မှတ်ထားခံရပြီး ရိုင်းစိုင်းသောစကားများ လာပြောခံရတတ်သည်။ ၎င်းမှာ ပြဿနာကြီးမဟုတ်သောကြောင့် သူမသာ သတိကြီးကြီးထား၍ သူတို့လက်ထဲမကျသွားလျှင် အဆင်ပြေသည်။
ယန်မင်ကျစ်မှာ အလွန်သတိထားသောကြောင့် ကျေးလက်ရောက်ပြီး သုံးနှစ်ခန့်အထိ သူမ၏ဘဝမှာ အတော်အတန်ကောင်းမွန်ခဲ့သည်။
သို့သော်လည်း လေးနှစ်မြောက်တွင် တစ်စုံတစ်ခုဖြစ်ပျက်သွားခဲ့သည်။
သူမဆေးခတ်ခံရပြီး လူမိုက်တစ်ယောက်နှင့်အတူရှိနေသည်ကို ဖမ်းမိသွားကြကာ ထိုသူကို မဖြစ်မနေလက်ထပ်လိုက်ရလေသည်။
လက်ထပ်ပြီးအချိန်အတန်ကြာသည်အထိ ယန်မင်ကျစ်မှာ ပဟေဠိဖြစ်နေသော အခြေအနေသို့ရောက်နေခဲ့ပြီး ထိုလူမိုက်မှ သူမကိုရိုက်နှက်လာချိန်မှသာ သတိပြန်ဝင်လာကာ သူမ လွတ်မြောက်ချင်လာသောကြောင့် စတင်ကြိုးပမ်းခဲ့သည်။
သို့သော်လည်း အစပိုင်းတွင် သုံးကြိမ်တိုင်တိုင် ကျရှုံးခဲ့ရပြီး အကြိမ်တိုင်းတွင် သူမထိတ်လန့်နေရကာ ရိုက်နှက်ခြင်းများ၊ ပို၍တင်းကြပ်သော စောင့်ကြည့်မှုများနှင့် ဆုံတွေ့ခဲ့ရသည်။
၎င်းမှာ သူမ ထိုမိသားစုအတွက် ကလေးမမွေးပေးနိုင်ခင်အထိ ဖြစ်ပျက်နေခဲ့ပြီး ထို့နောက်တွင်မှာ ယန်မင်ကျစ် မြို့သို့မပြန်ရသေးသည့် ပညာတတ်လူငယ်တစ်ယောက်၏ အကူအညီနှင့်အတူ အဆုံး၌ လွတ်မြောက်ကာ အိမ်ပြန်နိုင်ခဲ့သည်။
သို့်သော်လည်း ထိုအချိန်တွင် သူမ၏ဖခင်မှာ ကွယ်လွန်သွားပြီဖြစ်ရာ မိသားစုထဲတွင် သူမအတွက်နေရာမကျန်တော့ပေ။ အဆုံး၌ လမ်းပေါ်မှအကူအညီတစ်ခုကြောင့် သူမအတွက် ပိုက်ဆံရနိုင်သည့်အလုပ်တစ်ခုရခဲ့သည်။
အောက်ခြေအသက်မွေးဝမ်းကြောင်းပြဿနာကို ဖြေရှင်းပြီးနောက် ယန်မင်ကျစ် သူမ၏အချက်အပြုတ်ပညာကို စတင်လေ့လာခဲ့ပြီး နောက်ဆုံးတွင် ကိုယ်ပိုင်စားသောက်ဆိုင်တစ်ခု ဖွင့်နိုင်ခဲ့လေသည်။
ဤတစ်ကြိမ်တွင်မူ ယန်မင်ကျစ် ပြန်လည်မွေးဖွားလာပြီး ကျေးလက်သို့ပြန်လာရသည့် လေးနှစ်မြောက်သို့ ရောက်ရှိခဲ့သည်။ သို့သော်လည်း ယခုတစ်ကြိမ်တွင်မူ ဆေးခတ်ခံရသည့် မတော်တဆမှုမှာ မဖြစ်သေးပေ။ သတိကြီးကြီးထားမှုနှင့်အတူ သူမ ပြဿနာကို အောင်အောင်မြင်မြင်ဖြေရှင်းနိုင်လိုက်ပြီး ထိုလူမိုက်နှင့် သူမကို အကွက်ချခဲ့သည့် ကိစ္စနောက်ကွယ်မှလူကို ချစ်ကျွမ်းဝင်သွားစေရန် လုပ်ဆောင်နိုင်ခဲ့သည်။ ထိုသူများအနေဖြင့် သူတို့မကောင်းမှု၏ နောက်ဆက်တွဲကို ဆက်လက်ခံစားသွားကြရပေလိမ့်မည်။
ကျေးလက်မှကိစ္စများကို ဖြေရှင်းပြီးနောက် ယန်မင်ကျစ် အထုပ်အပိုးပြင်ကာ လင်းကျန်းမြို့သို့ ပြန်လာခဲ့လိုက်သည်။
၎င်းမှာ လွန်ခဲ့သောသုံးလခန့်ကဖြစ်ပြီး ယန်မင်ကျစ်၏ဖခင်ဖြစ်သူ ချော်လဲကျကာ လေဖြတ်သွားသည့်အချိန်တွင်ဖြစ်သည်။ သူမ၏ဖခင်မှာ အစိုးရပိုင်ဟိုတယ်တွင် ဆက်လက်အလုပ်မလုပ်နိုင်တော့ချေ။ သို့သော်လည်း သူ၏သားမှာ အရွယ်မရောက်သေးသောကြောင့် ယန်စုံတွဲမှာ နေရာလွှဲပြောင်းယူရမည့်ကိစ္စအပေါ် စိုးရိမ်နေကြရသည်။
ယခင်ဘဝတွင် ယန်မင်ကျစ်၏နေရာကို လွှဲယူနိုင်ခဲ့သူမှာ သူမမိထွေး၏မိခင်အမျိုးဖက်မှ တူတော်သူဖြစ်သည်။ နေရာကိုလွှဲမယူခင်အချိန်၌ ထိုသူမှာ သုံးနှစ်တာ အလုပ်လုပ်ပေးပြီးနောက် ယန်မင်ကျစ်၏မောင်ငယ်ထံ အသက်တစ်ဆယ့်ငါးနှစ်ပြည့်သည်နှင့် ပြန်ပေးမည်ဟု သဘောတူထားခဲ့သည်။ သို့သော်လည်း သုံးနှစ်ကြာပြီးနောက်တွင် ထိုသူမှာ အပြည့်အဝနောင်တရသွားခဲ့သည်။
သုံးနှစ်ကြာပြီးနောက် ရန်ပွဲဖြစ်နေစဉ်အတွင်းမှာပင် ယန်မင်ကျစ်၏ဖခင်မှာ ဆုံးပါးသွားရသည်။
ယခုအချိန်တွင်မူ ယန်မင်ကျစ်ပြန်လာပြီးနောက် ဖခင်ဖြစ်သူနှင့် ညှိနှိုင်းခဲ့သည်။ သူမ၏ခံစားချက်များကို အကြောင်းအရင်းအဖြစ် အသုံးပြုပြီး အဆုံး၌ ယန်အဖေကို နေရာပြောင်းယူရေးတွင် နားချနိုင်ခဲ့ကာ မြို့သို့ပြန်လာနိုင်လိုက်သည်။
ချန်မန်မှာမူ ယန်မင်ကျစ် ဖန်းချောင်လမ်းတွင် လာရောက်အလုပ်လုပ်ချိန်မှသာ ယခင်ဘဝမှ မှတ်ဉာဏ်များပြန်ရလာပြီး ဝတ္ထုစာအုပ်ထဲတွင်ရောက်နေကြောင်း သိလိုက်ရလေသည်။
မည်သို့ပင်ဆိုစေကာမူ မူရင်းစာအုပ်ထဲတွင် သူမသည် အမျိုးသမီးဇာတ်လိုက်၏ အကောင်းဆုံးသူငယ်ချင်း သို့မဟုတ် ဇာတ်ပို့ဗီလိန်ဇာတ်ကောင် ဖြစ်ခဲ့ခြင်းမရှိဘဲ နာမည်ပင်မရှိသည့် သာမန်ဖြတ်သွားဖြတ်လာတစ်ယောက်သာ ဖြစ်ခဲ့သည်။
မူရင်းစာအုပ်တွင် သူမ၏တာဝန်မှာ အမျိုးသားဇာတ်လိုက်မှ ညစာစားရန်ရောက်လာချိန်တွင် မည်သည့်ဟင်းသုံးဆောင်မည်ကိုမေးပြီး မီးဖိုချောင်ထဲရှိ ယန်မင်ကျစ်ထံ သွားမှာပေးရန်သာဖြစ်သည်။
အစမှအဆုံးအထိ သူမသည် ကောင်တာရှေ့မှမိန်းကလေးဟု အမည်ရသူသာဖြစ်ခဲ့သည်။
သူမ၏နေရာမှာ ချမ်ရှောင်ဖျင်ကဲ့သို့ပင် မကောင်းမွန်လှပေ။
သေချာပေါက်ပင် ချန်မန်သည် ချမ်ရှောင်ဖျင်ကဲ့သို့သောလူမျိုးနှင့် ဇာတ်ကောင်နေရာလုလိုခြင်းမရှိချေ။ အဘယ့်ကြောင့်ဆိုသော် ချမ်ရှောင်ဖျင်မှာ အလွန်ရန်လိုတတ်ပြီး ပြဿနာရှာရသည်ကို နှစ်သက်သောကြောင့်ဖြစ်သည်။ မူရင်းစာအုပ်ထဲတွင် ဇာတ်ကောင်များစွာပါဝင်သော်လည်း ချမ်ရှောင်ဖျင်မှာမူ အမျိုးသမီးဇာတ်လိုက်ထံမှ မျက်နှာဖြတ်ရိုက်ခံရသူတစ်ယောက်ဖြစ်နေခဲ့သည်။
ချန်မန် ထိုကဲ့သို့ မျက်နှာတည့်တည့်ကို ဖြတ်ရိုက်မခံချင်ပေ။
ယန်မင်ကျစ် ဤနေရာသို့ရောက်လာပြီးနောက် ချန်မန် အမျိုးသမီးဇာတ်လိုက်ထံမှ မျက်နှာဖြတ်ရိုက်မခံရသော်လည်း များစွာအကျွေးခံနေရသည်။
ယခုကဲ့သို့သော အခိုက်အတန့်မျိုးတွင်ဖြစ်ပြီး ယန်မင်ကျစ်မှ မေးလာသည်။
“ ဒီနေ့ညဘာစားချင်လဲ..”
“ ဘာမဆိုစားလို့ရလားဟင်…”
ယန်မင်ကျစ် တုန့်ဆိုင်းသွားပြီးနောက် ပြန်ဖြေပေးလာသည် ။
“ ဆိုင်မှာရှိတဲ့ဟာပေါ့…”
လက်တွေ့တွင် သူတို့ ဆိုင်တွင်ရှိသည့်မည်သည့်အရာမဆို ချက်ပစ်လိုက်၍မရချေ။ ဟင်းသီးဟင်းရွက်စိမ်းများမှာ ပြဿနာမရှိသော်လည်း အသားနှင့်ငါးအတွက်မှာမူ ပြောရန်ခက်ခဲလှသည်။ အလွန်ဆုံးအနေဖြင့် သူတို့ ပါးပါးလှီးထားသည့် ဝက်သားအနည်းငယ်ခန့်ကိုသာ အရံဟင်းအဖြစ်စားနိုင်ပေလိမ့်မည်။
မနက်ခင်းတွင် ဝက်သားနှပ်နှင့် ကောက်ညှင်းငါးအူချောင်းများ ရောင်းခဲ့သည်ဖြစ်ရာ အသားမကျန်တော့ချေ။ ငါးကိုယ်လုံးပိုင်းနှင့် အမြီးတို့ကိုလည်း စားပြီးပြီဖြစ်သောကြောင့် ငါးခေါင်းနှင့်အူများသာ ကျန်ရစ်ခဲ့သည်။
ချန်မန်၏မျက်လုံးများ အရောင်တောက်သွားပြီး မေးလိုက်မိသည်။
“ ညကျ ငါတို့ ငါးခေါင်းကို ငရုတ်သီးပါးပါးလှီးထားတာလေးနဲ့ စားလို့ရတယ်မလား…”
“ ရနိုင်လောက်တယ်… ငါ ဦးလေးကွမ်ကိုမေးပြီးရင် ချက်လိုက်မယ်…”
ယန်မင်ကျစ် ခဏကြာတွေးလိုက်ပြီးနောက် ပြောလိုက်သည်။
“ ငါးအူတွေလည်း အများကြီးကျန်နေသေးတာ ငါတို့ ငါးအူနည်းနည်းလောက်ကြော်စားရအောင်…”
ချန်မန် ငါးစီဖောင်းကိုသာစားဖူးသောကြောင့် စပ်စုလိုက်မိသည်။
“ ငါးအူကြော်ကအရသာကောင်းလားဟင်… မညှီဘူးလား…”
“ အင်း ကောင်းကောင်းပြင်ဆင်နိုင်ရင် စားတဲ့အခါကြ ထုတ်ထုတ်ထုတ်ထုတ်လေးနဲ့ အရမ်းဝါးလို့ကောင်းမှာလေ… နင် ညကျစမ်းစားကြည့်ချည်…”
“ ရေးး…” ချန်မန် စိတ်အားထက်သန်စွာ ခေါင်းညိတ်နေခဲ့ကာ ပန်းကန်များပြင်နေစဉ်အချိန်၌ ပို၍ပင်တက်ကြွနေမိသည်။
စားဖိုမှူးကွမ်ကျန့်ကော်မှ ယန်မင်ကျစ်အဆိုပြုသည့် ဟင်းနှစ်ပွဲကို အလွယ်တကူခွင့်ပြုပေးခဲ့သည်။ အဆုံး၌ သူတို့စီတွင် စားရန်အသားရှိနေရာ မည်သူမှသက်သက်လွတ်မစားချင်ကြပေ။
ပုံမှန်အားဖြင့် ငါးအူများမှာ ထည့်မချက်သည့် ပစ္စည်းမျိုးဖြစ်ပြီး စားသုံးသူမှ အထူးတလည် မတောင်းမဆိုမခြင်း စားပွဲဝိုင်းတွင် တည်ခင်းခြင်းမရှိချေ။ ထို့အတွက်ကြောင့် အမြဲလိုပင် ငါးအူများကို သူတို့စိတ်တိုင်းကျ အသုံးပြုနိုင်သည်။
ငါးခေါင်းမှာမူ ငါးအမျိုးအစားပေါ်တွင်မူတည်သည်။ အကယ်၍ ဦးခေါင်းပိုင်းအဆီဖြိုးသောငါးမျိုးဖြစ်လျှင် ၎င်းကို ငရုတ်သီးစင်းကောနှင့်ငါးခေါင်းဟင်းချက်မည်ဖြစ်သည်။ အကယ်၍ ဦးခေါင်းပိုင်းသေးပြီး ကိုယ်ပိုင်းကြီးသောငါးမျိုးဖြစ်လျှင် ၎င်း၏ခေါင်းကို ငါးအူများအတိုင်း သူတို့စိတ်တိုင်းကျ အသုံးပြုနိုင်မည်ဖြစ်သည်။
ကောက်ညှင်းငါးအူချောင်းမှာ နေ့စဉ်ရောင်းသောဟင်းပွဲဖြစ်ပြီး ငါးကြင်းဖြင့် ပြုလုပ်ထားသည်။ ၎င်း၏ခေါင်းမှာ မကြီးလှသောကြောင့် သီးသန့်ခွဲရောင်းနိုင်ခြင်းမရှိလေရာ မနက်ခင်းတွင် ဒါရိုက်တာဝမ်မှ ခေါင်းများသီးသန့်ခုတ်ထားရန် သူတို့ကိုမှာထားခဲ့သည်။
ဆိုင်တွင် ဝန်ထမ်းခြောက်ဦးရှိသောကြောင့် သူတို့တစ်ယောက်လျှင် ငါးခေါင်းတစ်ခုစီ ခွဲယူလိုက်ပြီး ကျန်သည်မှာ ညစာအတွက်လုံလောက်ပြီဖြစ်သည်။
ညစာအတွက် ဟင်းပွဲများကို ဆုံးဖြတ်ပြီးနောက် ယန်မင်ကျစ် စတင်အလုပ်လုပ်လိုက်သည်။ လူအကျဆုံးညစာစားချိန်မှာ ငါးနာရီခွဲမှ ခုနစ်နာရီခွဲအထိဖြစ်သောကြောင့် သူတို့ ငါးနာရီမခွဲခင်အလိုတွင် အပြီးသတ်ထားရမည်ဖြစ်သည်။
ယန်မင်ကျစ်အလုပ်ရှုပ်နေစဉ် ချန်မန်သည်လည်း ဝိုင်းကူပေးနေခဲ့သည်။
အဒေါ်လောမှ ပန်းကန်များပြင်ရာတွင်ကူပေးနေပြီး ချန်မန်တို့အတွဲညီညီလုပ်နေကြသည်ကို မြင်လိုက်ရသောကြောင့် သူမဝင်ရောက်စွက်ဖက်လိုက်ခြင်းမရှိပေ။ သူမ ရေနွေးတစ်ခွက်ထည့်လိုက်ပြီး အရှေ့ဘက်ခန်းမစီသို့ ချမ်ရှောင်ဖျင်နှင့် စကားစမြည်ပြောကာ ပျင်းရိနေနိုင်ရန် ထွက်လာခဲ့လိုက်လေသည်။
သူတို့နှစ်ဦးပြောနေကြသည်မှာ ညစာအကြောင်းမှလွဲ၍ အခြားအကြောင်းအရာမပါဝင်ချေ။
သူတို့သည် အစိုးရပိုင်ဟိုတယ်မှ ဝန်ထမ်းများဖြစ်ကြသော်လည်း နေ့စဉ်နေ့တိုင်းအသားမစားနိုင်ပေ။ သမရိုးကျစားပုံအရဆိုလျှင် တစ်ပတ်လျှင် နှစ်ကြိမ်အသားစားနိုင်သည်ကပင် အခြေအနေကောင်းသည်ဟု မှတ်ယူနိုင်ပြီဖြစ်သည်။
ပုံမှန်အားဖြင့် သူတို့စားရသည်မှာ ယနေ့ကဲ့သို့သော ဟင်းပွဲတွင်ထည့်မချက်သည့် ငါးအူ၊ ငါးခေါင်များနှင့် စွပ်ပြုတ် သို့မဟုတ် ဟင်းရွက်ကြော်ရာမှပိုသည့် အသားအပိုင်းအစအနည်းငယ်ဖြစ်ပြီး ကြက်သားနှင့်ဘဲသားမှာမူ အနည်းငယ်သာ စားခွင့်ရှိသည်။
လက်ရှိနေ့ရက်များတွင် သင်သည် မည်သည့်ဌာနတွင် အလုပ်လုပ်နေပါစေ ယခုကဲ့သို့ အသားအမြဲလိုစားနိုင်သည်ကပင် လူများကို အချိန်အတော်ကြာ ပျော်ရွှင်စေလိမ့်မည်။
အဒေါ်လောနှင့် ချမ်ရှောင်ဖျင်တို့ စကားစမြည်ပြောဆိုနေကြစဉ် ခေါင်းစဉ်မှာ အခြားနေရာသို့ပြောင်းရွှေ့သွားပြီး ၎င်းမှာ စတင်၍ အစိုးရပိုင်ဟိုတယ်သို့ မကြာခဏလာစားတတ်သည့် ဖောက်သည်များအကြောင်း ဆွေးနွေးခန်းဖြစ်သွားခဲ့သည်။
ချမ်ရှောင်ဖျင်မေးလိုက်သည် “ ကျွန်မတို့ဟိုတယ်စီကို အမြဲတမ်း ညစာလာစားတဲ့ အရပ်ရှည်ရှည်နဲ့လူက ဘာအလုပ်လုပ်လဲဆိုတာ အဒေါ်သိလား…”
“ ဘယ်သူလဲ ပိုပြီးအရပ်ရှည်ရှည် အကောင်ကြီးကြီးတစ်ယောက်ကိုပြောတာလား..” သူတို့၏ဟိုတယ်သို့ မကြာခဏလာတတ်သော အရပ်ရှည်ရှည်အမျိုးသားမှာ တစ်ဦးထက်ပိုရှိနေခဲ့သည်။
“ အမြဲတမ်းစစ်တပ်ယူနီဖောင်းဝတ်ထားတဲ့တစ်ယောက်လေ…”
ချမ်ရှောင်ဖျင် အနည်းငယ်မသေချာစွာမေးလိုက်မိသည်။
“ သူက စစ်သားလား…”
အဒေါ်လောမှ အံ့ဩတကြီးပြန်မေးလာသည် “ အင်းလေ နင်မသိဘူးလား…”
“ ကျွန်မက ဘယ်လိုလုပ်သိမှာလဲ…” ချမ်ရှောင်ဖျင်မှာ အတွေးလွန်ပုံရသည်။
အဒေါ်လော ပြန်တွေးကြည့်လိုက်ပြီးနောက် နဖူးကိုရိုက်ကာ ပြောလိုက်သည်။
“ နင်နားချိန်ယူထားတာကို ငါမေ့တော့မလို့… ဟုတ်တယ် သူကစစ်သားလေ… ဒုတပ်ရင်းမှူးအဆင့်လောက်ဆိုပေမယ့် သူက အရမ်းအံ့ဩဖို့ကောင်းတယ်…”
“ ဒုတပ်ရင်းမှူးအဆင့်ဆိုတာက ဘာလဲ…”
အဒေါ်လောမှ အလွန်တိကျစွာခန့်မှန်းနိုင်ခဲ့သည် “ လူအယောက်တစ်ထောင်လောက်ရှိတဲ့ စက်ရုံတစ်ရုံရဲ့ ဒါရိုက်တာလိုမျိုး တပ်မှူးအဆင့်လောက်ပေါ့ဟယ်…”
“ အရမ်းအာဏာရှိတာမျိုးလား…”
ချမ်ရှောင်ဖျင်မှာ အံ့ဩသွားပုံရသည်။
“ သူကအသက်ဘယ်လောက်မလို့လဲ… သူ့ကိုကြည့်ရတာ အသက်ကြီးသေးပုံလည်း မရပါဘူး…”
“ ဒါပေါ့ဟယ် အသက်နဲ့ဘယ်ဆိုင်မလဲ… သူက အခုမှ နှစ်ဆယ့်ခြောက်နှစ်ပဲရှိသေးတာတဲ့…”
အဒေါ်လောမှာ ပြောပြောဆိုဆိုဖြင့် တစ်စုံတစ်ရာကို မှတ်မိသွားခဲ့သည် ။
“ ပြီးတော့ သူကလက်မထပ်ရသေးဘူးနော်… တွဲဖက်တောင်မရှိသေးဘူးတဲ့လေ…”
“ တကယ်ကြီးလား… အဒေါ် သေရောသေချာရဲ့လားရှင်…” ချမ်ရှောင်ဖျင်မှာ ယုံကြည်ပုံမရပေ။
“ သေချာတာပေါ့ဟဲ့ သူကိုယ်တိုင်ပြောခဲ့တာပဲကို…”
အဒေါ်လော မနေနိုင်ဘဲ သက်ပြင်းချနေမိသည်။
“ ငါ့မှာ သမီးမိန်းကလေးမရှိတာ နှမြောစရာပဲ… မဟုတ်ရင် သေချာပေါက် သူနဲ့တွဲဖက်ပေးမိမှာ…”
ချမ်ရှောင်ဖျင် စိတ်ထဲတွင်သာ တွေးနေခဲ့သည်။
ရှင့်မှာသမီးရှိရင်တောင် အောင်သွယ်ပေးလို့ရမှာမဟုတ်ပါဘူးနော်… သူ့လိုပုံစံမျိုးနဲ့ သူ့သမီးကလည်း သေချာပေါက်ကြည့်ကောင်းမှာမဟုတ်ဘူး… ဒီလိုဆိုမှ အခုနှစ်ထဲ တစ်ဆယ့်ရှစ်နှစ်ပြည့်မယ့် ငါ့ညီမလေးကို သွားတွေးမိသား…ဒီအချိန်က အိမ်ထောင်ပြုဖို့အကြောင်း ပြောရတော့မယ့်အချိန်ပဲ…
ထိုသို့တွေးမိလိုက်ချိန်၌ ချမ်ရှောင်ဖျင်သည် အဒေါ်လောတစ်ယောက် မီးဖိုချောင်ထဲမှ လေရှုရန်အပြင်သို့ထွက်လာသည့် ချန်မန်ထံလှမ်းမေးနေသည်ကို ကြားလိုက်ရသည်။
“ ရှောင်ချန် ဒီရက်ပိုင်းကြင်ဖက်သွားတွေ့တာဘယ်လိုနေလဲ… သင့်တော်တာလေးများ မတွေ့သေးဘူးလား…”
ချန်မန်မှာ အကြောင်းအရင်းကိုမကြားလိုက်ရသောကြောင့် ထိုစကားကိုကြားလိုက်ရချိန်၌ ကြောင်သွားပြီး ရှုပ်ထွေးနေဟန်ဖြင့် “ ဘာကိုလဲဟင်…” ဟုမေးလိုက်မိသည်။
အဒေါ်လောရှင်းပြတော့မည်ကိုကြည့်ကာ ချမ်ရှောင်ဖျင် ရုတ်တရက် နှလုံးသားထဲတွင် ကပ်ဘေးဆိုက်သွားသကဲ့သို့ခံစားလိုက်ရသည်။
သူမ၏ညီမငယ်ဖြစ်သူကို ညွန်းဆိုပေးချင်နေသော်လည်း ချန်မန်၏အခြေအနေမှာ သူ့ညီမလေးထက် ပို၍သာလွန်ကြောင်းကို လက်ခံရပေမည်။
ပထမဦးဆုံးအနေဖြင့် ချန်မန်ထံတွင် အလုပ်အကိုင်အတည်တကျရှိပြီး သူမ၏ညီမလေးမှာမူ ယာယီဝန်ထမ်းသာဖြစ်သည်။ ဒုတိယအချက်အနေဖြင့် ချန်မန်မှာ ပို၍ကြည့်ကောင်းပြီး ဂျူနီယာအထက်ကျောင်းအဆင့်သာရှိသည့် ညီမငယ်ထက် ပိုမိုမြင့်မားသောပညာရေးရှိနေခဲ့လေသည်။
တကယ်လို့သာ အဒေါ်လောက တကယ်ကြီး အဲ့ဒီစစ်သားနဲ့ ချန်မန်ကို အောင်သွယ်ပေးလိုက်ရင် ငါ့ညီမကို ဘယ်လိုလုပ်ရတော့မှာလဲ…
ချမ်ရှောင်မန် အဒေါ်လော၏အရှေ့မှဖြတ်၍ အလျင်အမြန်ပြောလိုက်ရသည် ။
“ အဒေါ်လော မန်ဒရင်းဘဲတွေကို လျှောက်စပ်ပေးမနေနဲ့… ဟိုကဖြင့်လာတိုင်းချန်မန်နဲ့တွေ့နေတာ.. တကယ်လို့သာ ချန်မန်ကိုစိတ်ဝင်စားရင် ဟိုးအရင်ကတည်းက လုပ်မှာပေါ့… ဘယ်လိုလုပ်ပြီး အဒေါ့်ကိုအောင်သွယ်ခိုင်းမှာလဲ…”
အဒေါ်လောမှ ထိုစကားများကို ကြားလိုက်ရချိန်တွင် သူမပြောချင်သည်ကို ပြန်မြိုချလိုက်ရပြီး ကြောင်အနေသည့် ချန်မန်ထံပြောလိုက်သည်။
“ သူပေါက်ကရပြောတာကို နားထောင်မနေနဲ့နော်… အဒေါ်က အရွက်တွေကြော်ပြီးပြီလားလို့ မေးချင်တာရယ်…”
ချန်မန် ရုတ်တရက်သဘောပေါက်သွားပြီး အို ဟူသောအသံဖြင့် ပြောလိုက်မိသည်။
“ ငါးခေါင်းနဲ့ ငါးအူတွေကိုတော့ ကြော်ပြီးပြီ အဒေါ်လော…ပြီးကျညစာစားတော့မှပဲ အရွက်တွေကြော်လိုက်မယ်လေ…”
“ ကောင်းတယ် ကောင်းတယ်…”
အဒေါ်လော ပြန်ဖြေလိုက်ပြီးနောက် မီးဖိုချောင်သို့ ကူညီလုပ်ရန် ပြန်ဝင်သွားသည့် ချန်မန်၏နောက်ကျောကိုကြည့်ကာ ဤတစ်ကြိမ်၌ ချမ်ရှောင်ဖျင် မှားမြင်နေသည်ဟု တွေးနေမိသည်။
လုဖျင်ကျိူး ညစာလာစားသည့်တစ်ကြိမ်တွင် ထိုနေ့မှာ စနေနေ့ဖြစ်သောကြောင့် ချန်မန်မှာ နားရက်ယူထားသဖြင့် ချမ်ရှောင်ဖျင်မှ ကြိုဆိုပေးခဲ့ရသည်။ သူမ ဘေးမှကြည့်လိုက်သည့်အချိန်၌ လုဖျင်ကျိူးမှာ တက်တက်ကြွကြွမရှိသည်ကို သိသိသာသာခံစားနိုင်လေသည်။
ထိုနေ့တွင် လုဖျင်ကျိူး ဟင်းနှစ်ပွဲသာမှာ၍ နာရီဝက်အတွင်း ပြန်သွားခဲ့သည်မှာလည်း အမှန်ပင်ဖြစ်သည်။
ထို့အပြင် ချန်မန် ဤနေရာတွင်ရှိစဉ်က လုဖျင်ကျိူးမှာ သက်သက်လွတ်ခေါက်ဆွဲတစ်ပွဲကိုသာ မှာခဲ့လျှင်ပင် သူတို့ဟိုတယ်တွင် နှစ်နာရီကြာနေလေ့ရှိသည်။ ထိုနေ့ပြီးနောက်တွင်တော့ လုဖျင်ကျိူးသည် တနင်္ဂနွေနေ့များတွင်သာ လာစားတော့သည်။
အဒေါ်လော ပို၍တွေးလေလေ လုဖျင်ကျိူးမှာ ချန်မန်ကို သဘောကျနေသည်ဟု ပို၍ခံစားလာရလေလေဖြစ်နေခဲ့သည်။
အနှီမိန်းကလေး ချန်မန်သည်လည်း ထူးမခြားနားပင်။ မဟုတ်ပါက သူမအဘယ့်ကြောင့် လုဖျင်ကျိူး ဟိုတယ်တွင် ညစာလာစားချိန်တိုင်းရှိနေတတ်ပြီး တနင်္ဂနွေနေ့တွင် နားရက်တစ်ရက်မျှ မယူဘဲရှိနိုင်မည်နည်း။
လူငယ်လေးသည် မျက်နှာအရေပါးပြီး ရှက်နေသောကြောင့် တိုးတက်မှုမရှိလာခြင်းသာဖြစ်သည်။
ဖြစ်နိုင်သည်မှာ သူမကဲ့သို့ ဝိုင်းကူကာ အရောက်တွန်းပို့မည့် တစ်စုံတစ်ယောက်ကို လိုအပ်ပေလိမ့်မည်။
☆☆☆
စာရေးသူတွင် ပြောစရာရှိပါတယ် :
အဒေါ်လော : ငါ့အလှည့်ရောက်ပြီပဲ။
💝💝💝