👩❤️👨Chapter - 2
လုဖျင်ကျိူး
☆လူမိုက်ပုံမပေါက်သွားစေဘဲ မိန်းကလေးတစ်ယောက်နဲ့ ဘယ်လိုစမိတ်ဆက်ရမလဲ…☆
အစ်ကိုဖျင်ဖြစ်သူ လုဖျင်ကျိူးသည်လည်း ထိုပြဿနာအပေါ် စိတ်ပူနေမိသည်။
လွန်ခဲ့သောသုံးလခန့်အလိုက လုဖျင်ကျိူး အနီးနားမှ ဌာနတစ်ခုတွင် အလုပ်လုပ်ရန်သွားခဲ့ရပြီး အလုပ်ပြီးချိန်၌ နေ့လယ်တစ်နာရီထိုးလုနီးဖြစ်သွားခဲ့သည်။ တပ်ရင်းသို့ပြန်ရောက်ချိန်တွင် စားစရာမကျန်မည်ကို တွေးမိသောကြောင့် လုဖျင်ကျိူး အနီးနားရှိ အစိုးရပိုင်ဆိုင်တစ်ဆိုင်ကို ရှာတွေ့သွားခဲ့သည်။
အစိုးရပိုင်ဟိုတယ်မှာ အရွယ်အစားသေးငယ်ပြီး နှစ်အနည်းငယ်ကြာ ဖွင့်လှစ်ခဲ့ပုံရကာ နေဒဏ်နှင့်မိုးဒဏ်ကြောင့် ဖန်းချောင်အစိုးရပိုင်ဟိုတယ်ဟူသော ဆိုင်းဘုတ်သည်ပင် အနည်းငယ်မှိန်ဖျော့နေပြီဖြစ်၏။
တံခါးမှာမူ အတော်အတန်သန့်ရှင်းနေပြီး အတွင်းသို့လှမ်းကြည့်လိုက်ချိန်၌ ဆိုင်အတွင်းပတ်ဝန်းကျင်မှာ ကောင်းမွန်နေသည်။
သေချာပေါက်ပင် အံ့ဩဖွယ်အကောင်းဆုံးအရာမှာ လူများဖြစ်လေသည်။
လုဖျင်ကျိူး တံခါးမှဝင်သွားလိုက်သည်နှင့် ဘေးဘက်မှ ကြည်လင်သည့် “ မင်္ဂလာပါ…” ဟူသော နှုတ်ဆက်သံကိုကြားလိုက်ရသည်။
လှည့်ကြည့်လိုက်ရာ ကောင်တာအနောက်တွင်ရပ်နေသည့် မိန်းကလေးပျိုလေးတစ်ဦးကို မြင်လိုက်ရပြီး သူ့ထံ တောက်ပသောအပြုံးတစ်ခုဖြင့် ကြည့်နေခဲ့သည်။ သူမ၏မျက်လုံးများမှာ လင်းလက်နေကာ သူမ၏အသံမှာမူ တည်ငြိမ်လှပြီး “ ရဲဘော် ဘာများသုံးဆောင်ချင်ပါသလဲ…” ဟုမေးလာခဲ့သည်။
သူမ၏မျက်နှာပေါ်မှ အပြုံးကို လှမ်းကြည့်လိုက်ရုံဖြင့် အသက်အန္တရာယ်ရှိသော အခိုက်အတန့်များတွင်ပင် ငြိမ်သက်နေနိုင်သည့် လုဖျင်ကျိူးမှာ ခဏတာမျှ ခေါင်းထဲတွင်ဗလာဖြစ်သွားရသည်။
၎င်းမှာ မိန်းမပျိုလေးမှ ပဟေဠိဖြစ်နေဟန်ဖြင့် “ ရဲဘော် သုံးဆောင်ချင်ပါရဲ့လား…” ဟု ထပ်မေးလာသည်အထိပင်ဖြစ်နေခဲ့သည်။
လုဖျင်ကျိူးတစ်ယောက် အသိစိတ်ပြန်ဝင်လာပြီးနောက် ကောင်တာထံလျှောက်လာကာ ခံစားချက်များကို ထိန်းချုပ်၍ တည်ငြိမ်သောအသံဖြင့်မေးလိုက်မိသည်။
“ ဒီမှာ ဘာစားစရာရလဲ…”
“ အသားဟင်းတွေကတော့ ရောင်းကုန်သွားပါပြီ…အခုချိန်အတွက်ဆိုရင်တော့ ကျွန်မတို့စီမှာ ဟင်းသီးဟင်းရွက်အစိမ်းတွေကို မွှေကြော်ကြော်တာနဲ့ ဆောင်းမျှစ်ကြော်တော့ရပါမယ်…”
သူမမှာ ရယ်ပြုံးရခြင်းအပေါ် နှစ်ခြိုက်ပုံရလေသည်။ စကားပြောလိုက်ချိန်တိုင်းတွင် မျက်ခုံးများ မသိမသာပြေလျော့သွားပြီး နှုတ်ခမ်းထောင့်မှာ အနည်းငယ်ကော့တက်လာလေသည်။
“ အာ ဟုတ်သား… ခေါက်ဆွဲတော့ရှိသေးပေမယ့် အရွက်နဲ့ပဲရတော့မှာဆိုတော့ ရဲဘော်သုံးဆောင်ချင်ရဲ့လားမသိဘူး…”
သူမလှမ်းကြည့်လာချိန်၌ လုဖျင်ကျိူး သူ၏ အကြည့်ကိုပြန်လွှဲပြီး ပြောလိုက်ရသည် ။
“ ဒါဆို ခေါက်ဆွဲပဲပေးလိုက်ပါ…”
“ အရံဟင်းဘယ်နှပွဲယူမလဲရှင့်…”
လုဖျင်ကျိူးအနည်းငယ်တုန့်ဆိုင်းနေမိသည်။ သူသည် အရပ် ၁.၈၈ မီတာရှည်ပြီး လူကောင်ကြီးသောကြောင့် သူ၏စားချိန်မှ မသေးလှပေ။ ပုံမှန်အားဖြင့် သူ ထမင်းတစ်နပ်လျှင် ၆၀၀ဂရမ်ခန့်စားနိုင်ပြီး အလွန်ဆာလောင်နေပါက တစ်ပေါင်ခန့်ပင်စားနိုင်သည်။
သို့သော်လည်း ယခုအချိန်တွင်မူ သူအနည်းငယ်တုန့်ဆိုင်းနေပြီးနောက် “ အရံဟင်းနှစ်ပွဲစီပဲချပေးပါ…” ဟုပြောလိုက်ရသည်။
“ နှစ်ယွမ်တန်တစ်ပွဲနဲ့ ဂျုံလက်မှတ်အတွက်က လေးတေးဖိုးပါ…”
မိန်းမပျိုလေးမှာ ပြောပြီးသည်နှင့် စာရင်းချရေးလိုက်သည်။ ရေးပြီးသည်နှင့် သူ၏လက်ထဲမှ ငွေနှင့်လက်မှတ်များကိုယူကာ စာရင်းကို သူ့အတွက် ဖြဲပေးလိုက်လေသည်။
သူမ၏လက်ရေးမှာ မသေးငယ်ချေ။ သို့သော်လည်း အလွန်နူးညံ့ကာ ဖြောင့်မတ်ဟန်ရှိပြီး လူကိုယ်တိုင်ကဲ့သို့ပင် ချိုမြိန်သောအပြုံးတစ်ပွင့်နှင့်အတူ လှပချောမွေ့လှသည်။
အားး အရမ်းနူးညံ့တာပဲ…
သူရပ်နေမိသေးသည်ကို မြင်ရသောကြောင့် မိန်းမပျိုလေးမှ ပြတင်းပေါက်ထံသို့ညွှန်ပြကာ ကြည်လင်သောအသံနှင့်အတူ ပြောလာခဲ့သည်။
“ အမှာစာကို ပြတင်းပေါက်ကနေ သွားပေးလိုက်ပြီးတော့ မီးဖိုချောင်ကချက်ပေးမှာကို ခဏစောင့်ပေးပါနော်…”
“ ကျေးဇူးပါ…”
စကားတစ်ခွန်းနှင့်အတူ သူမ ထပ်မံရယ်မောလာပြီး သူမ၏မျက်ခုံးများမှာ ကော့တက်နေခဲ့သည်။
“ ရပါတယ်ရှင်…”
အရသာရှိသောခေါက်ဆွဲကြောင့်ပေလား သို့မဟုတ် ကောင်တာအနောက်တွင် ရပ်နေသည့်မိန်းကလေးက သူ့ကိုပျော်ရွှင်သွားစေသည်လားကို မသိနိုင်သော်လည်း ဤနေ့လယ်စာတစ်နပ်မှာ လုဖျင်ကျိူးအား စိတ်အခြေအနေကောင်းသွားစေသည်။
ဤသို့ဖြင့် တနင်္ဂနွေနေ့ အလုပ်ပိတ်ချိန်တွင် ဆန်းကြယ်သော တိုက်ဆိုင်မှုအချို့ကြောင့် သူ ဤအစိုးရပိုင်စားသောက်ဆိုင်သို့ ထပ်မံလာရပြန်ကာ သက်သက်လွတ်ခေါက်ဆွဲကို မှာမိခဲ့ပြန်သည်။
တဖြည်းဖြည်းနှင့် သူ သူမအကြောင်းကို များစွာသိလာရသည်။
ဥပမာအားဖြင့် ကောင်တာအနောက်တွင် ရပ်နေသည့်မိန်းမပျိုလေးကို ချန်မန်ဟုခေါ်ပြီး သူမသည် စက်ရုံဝန်ထမ်းအိမ်ရာတွင် နေသူဖြစ်သည်။ အခြားဥပမာအရဆိုလျှင် အသက် နှစ်ဆယ့်တစ်နှစ်ရှိကာ လက်ရှိတွင် တစ်ကိုယ်တည်းသမားဖြစ်လေသည်။
သူတို့နှစ်ယောက်အကြားတွင် စကားအနည်းငယ်ပိုပြောဖြစ်လာပြီး အကြောင်းအရင်းမှာ လုဖျင်ကျိူး ဤဆိုင်သို့ ငါးကြိမ်မြောက်လာစဉ်က သူမ သူ့ထံကြည့်ကာ တစ်စုံတစ်ခုကိုပြောရန် တုန့်ဆိုင်းနေဟန်ရသောကြောင့်ပင်ဖြစ်သည်။
ထိုအချိန်တွင် သူသည်လည်း သူမနှင့်မည်သို့စကားပြောရမည်ကို တွေးနေမိသောကြောင့် ပေါ့ပေါ့ပါးပါးဟန်ဆောင်ကာ မည်သည့်ကိစ္စရှိသည်နည်းဟု မေးလိုက်သည်။
သူမမှာ တုန့်ဆိုင်းနေဆဲဖြစ်ပြီး သူမ၏အသံမှာ သာမန်အချိန်များကဲ့သို့ ကြည်လင်နေခြင်းမရှိချေ။
“ ကျွန်မတို့ဆိုင်ရဲ့ အသီးအရွက်ဟင်းပွဲတွေက အတော်လေးဈေးပေါတယ်လေ…ပြားရှစ်ဆယ် ကိုးဆယ်ဆို တစ်ပန်းကန်ကြီးရနေပြီ… ထမင်းဆိုလည်း လေးတေးဆို အများကြီးရတာ…ထမင်းစားတာက ခေါက်ဆွဲထက်ပိုပြီးအကျိုးရှိတယ်…”
လုဖျင်ကျိူးအစပိုင်းတွင် ပဟေဠိဖြစ်သွားရသည်။ သို့သော်လည်း သူ နောက်ဆုံးစကားကိုမကြားရခင် မတုန့်ပြန်နိုင်လိုက်ဘဲ ချက်ချင်းဆိုသလို ကြောင်အသွားရလေသည်။
ကံမကောင်းစွာဖြင့် သူ ရင်ဘတ်ကိုပုတ်ကာ ချမ်းသာကြောင်းမပြောနိုင်သောကြောင့် ကျောက်သင်ပုန်းစီသို့သာ ညွှန်ပြ၍ “ ဒီနေ့အတွက် ဘာဟင်းချက်လဲလို့ ရေးထားတာလဲ…” ဟုသာမေးလိုက်ရသည်။
သူမ လျှင်မြန်စွာ ခေါင်းညိတ်ပြလာခဲ့သည်။
“ အင်းး နွေဦးမျှစ်တွေက ဒီရက်ပိုင်းမှ လတ်လတ်ဆတ်ဆတ်ချိုးလာတာလေ… သူတို့က ဈေးသက်သာပြီး စားလို့ကောင်းတယ် … လတ်လတ်ဆတ်ဆတ်နဲ့ အရသာရှိတာပေါ့…”
“ ကောင်းပြီ နွေဦးမျှစ်နည်းနည်းယူမယ်… နောက်ပြီး ကက္ကတစ်ကောရှိသေးလား…”
“ ရှိပါတယ်… ဒါပေမယ့် အဲ့ဒါက ဈေးတော့နည်းနည်းကြီးတယ်နော်…”
“ ကိစ္စမရှိပါဘူး…ကက္ကတစ်တစ်ပိုင်းယူရမယ်… ပြီးတော့ အရံဟင်းနှစ်ပွဲနဲ့ ထမင်းလေးတေးဖိုးပေးပါ…”
သို့သော်လည်း ဟင်းပွဲများမှာပြီးသည်နှင့် လုဖျင်ကျိူး ပြက်လုံးတစ်ခုဖြစ်သွားရသည်။ ငွေနှင့်လက်မှတ်များကို သူ၏အိတ်ကပ်တွင်းမှ ထုတ်လိုက်ချိန်၌ ပင်လယ်စာအတွက် လက်မှတ်မပါလာသည်ကို သတိထားမိလိုက်သောကြောင့် ကက္ကတစ်ပေါင်းကို ပြန်လဲပြီး ငရုတ်ပွဝက်သားမွှကြော်နှင့် အစားထိုးလိုက်ရသည်။
သူမ မရယ်ခဲ့သော်လည်း လုဖျင်ကျိူး သူမ၏အကြောင်းသိသည်ဟူသည့် အကြည့်ကိုကြည့်ရုံဖြင့်ပင် သူမစိတ်မှ သူ၏ဆင်းရဲပြီး လက်မြန်ခြေမြန်ရှိသည်ဟူသော ပုံရိပ်မှာ အချိန်တိုအတွင်း ဖျောက်ဖျက်မရနိုင်တော့မည်ဖြစ်ကြောင်း သိသွားခဲ့သည်။
ထိုအချိန်မှစ၍ သူနားချိန်ရတိုင်း ဖန်းချောင်လမ်းသို့ မသွားခင်အချိန်တွင် ငွေကြေးနှင့် လက်မှတ်များကို သူမရှေ့တွင် ထပ်မံ၍ရယ်စရာမဖြစ်စေရေးအတွက် အမြဲလိုလိုစစ်ဆေးမိတတ်လာသည်။
သူတို့အကြားမှ စကားဝိုင်းမှာလည်း “ ဒီနေ့လည်း ခေါက်ဆွဲကြီးပဲနော်…”နှင့် “ အင်း…” မှ သူမ၏ ယနေ့ရမည့်ဟင်းလျာများအကြောင်းသို့ ပြောင်းလဲသွားကာ လုဖျင်ကျိူးသည်လည်း သူမမိတ်ဆက်ပြီးသည်နှင့် ဟင်းနှစ်ပွဲ သုံးပွဲခန့်မှာယူလိုက်သည်။
စားသောက်ပြီးစီးသွားချိန် မပြန်ခင်တွင် သူမမှ ပြုံးလျက် “ ဒီနေ့စားရတာ အဆင်ပြေရဲ့လား…” ဟုမေးလေ့ရှိသည်။ အကယ်၍ သူခေါင်းညိတ်ပြလိုက်လျှင် သူမ၏မျက်လုံးများကော့တက်သွားကာ အနည်းငယ်ဂုဏ်ယူနေဟန် ပေါ်လာလေသည်။
သူသာ တုန့်ဆိုင်းနေခဲ့မည်ဆိုလျှင် သူမ စိတ်မကောင်းဖြစ်သွားပြီး နောင်တစ်ချိန် သူလာစားပါက ဟင်းလျာများမှာ မီနူးပေါ်တွင် ရှိနေသော်ငြား သူမ ညွှန်းပေးရဲမည်မဟုတ်တော့ပေ။
သေချာပေါက်ပင် လုဖျင်ကျိူးမှာ တုန့်ဆိုင်းခဲလှသည်။
လုဖျင်ကျိူး သူမ သူ့ထံပြုံးပြနေသည်ကို မြင်ချင်မိသည်။
သို့သော်လည်း သူတို့နှစ်ယောက်အကြားမှ ဆက်ဆံရေးမှာ ထိုနေရာတွင်ရပ်တန့်နေခဲ့ပြီး တစ်လကျော်လွန်လာသည့်တိုင် ပိုမိုနီးကပ်လာခြင်းမရှိသေးချေ။
လုဖျင်ကျိူးတစ်ယောက် သူနေထိုင်ရာအဆောင်သို့ပြန်၍ ပစ္စည်းများထုတ်ကာ ပြန်ထွက်လာခဲ့သည်။ လေ့ကျင့်ရေးကွင်းသို့သွားမည်ဟု ပြင်ဆင်ထားခဲ့သော်လည်း အဆောင်မှအထွက်တွင် မမျှော်လင့်စွာဖြင့် ရှဲ့ကျီမင်နှင့် ဝင်တိုက်မိသွားသည်။
ရှဲ့ကျီမင်မှာ လုဖျင်ကျိူးနှင့် ဘေးချင်းကပ်လျက်နေထိုင်သူဖြစ်ရာ လတ်တလောဖြစ်ပျက်နေသည့် အကြောင်းအရာများကို အတိအကျသိရှိထားခဲ့သည်။
ဝင်တိုက်မိသူမှာ လုဖျင်ကျိူးဖြစ်ကြောင်း သေချာသွားပြီးနောက် ရှဲ့ကျီမင်၏မျက်နှာပေါ်တွင် အံ့အားသင့်နေဟန် အရိပ်အယောင်အနည်းငယ်ပေါ်လာခဲ့သည်။
“ မင်းဘာလို့အစောကြီးပြန်လာတာလဲ…မင်းကောင်မလေးကို သွားတွေ့မှာမဟုတ်…”
သူစိတ်ထဲမထားသည်ကို မြင်နေရသောကြောင့် ရှဲ့ကျီမင်မှာ ပို၍ပင်ရဲတင်းလာရာ လုဖျင်ကျိူး ထက်ရှသောအကြည့်တချက်လှမ်းပေးလိုက်ရသည်။
ရှဲ့ကျီမင် ခဏကြာရပ်တန့်သွားပြီး နှုတ်ခမ်းဝဆီသို့တက်လာသည့် စကားလုံးများကို ပြန်လည်မြိုချလိုက်ရသည်။ သို့သော်လည်း သေရမည်ကိုမကြောက်သကဲ့သို့ လုဖျင်ကျိူး၏ပုခုံးကိုဖက်ကာ ပြောလိုက်မိလေသည်။
“ လာပါကွာ စကားကောင်းကောင်းပြောရအောင်…”
“ ငါတော့ ဘာမှပြောစရာမရှိဘူးလို့ထင်တယ်နော်…”
“ ဘာကိုပြောစရာမရှိရမှာလဲ… မင်းရဲ့ညီအစ်ကိုက လက်ထပ်ပြီးသားပါကွ… မင့်မရီးကို ငါစစတွေ့တုန်းကဆိုရင်လေ ဒီကောင်မလေးက သေချာပေါက်ငါ့ဇနီးဖြစ်လာမှာလို့ ခံစားရတာကွ…”
ရှဲ့ကျီမင် ရင်ဘတ်ကိုပုတ်ကာ ဂုဏ်ယူစွာပြောလိုက်သည် ။
“ အခုပဲကြည့်လေ သူက တကယ်ပဲငါ့ဇနီးဖြစ်လာတာပဲကို…”
သူတို့နှစ်ဦး ရဲဘော်ရဲဘက်ဖြစ်ခဲ့သည်မှာ နှစ်ပေါင်းများစွာ ကြာမြင့်နေပြီဖြစ်သောကြောင့် လုဖျင်ကျိုး ရှဲ့ကျီမင်နှင့်သူ၏ဇနီးအကြားမှ အချစ်ဇာတ်လမ်းကို အကြိမ်တစ်ရာ့ရှစ်ဆယ်ကျော်ကြားခဲ့ရပြီး ရင်းနှီးနေပြီးပြီဖြစ်သည်။
တစ်ချိန်တည်းမှာပင် ရှဲ့ကျီမင်၏ အောင်မြင်သောအတွေ့အကြုံမှနေ၍ သူမည်သည့်အရာကိုမှ လေ့လာမရနိုင်ကြောင်းကိုလည်း ရှင်းရှင်းလင်းလင်းသိနေခဲ့သည်။
အဘယ့်ကြောင့်ဆိုသော် ရှဲ့ကျီမင်မှာ လက်ထပ်ထားပြီးဖြစ်သော်လည်း လင်မယားအကြားဆက်ဆံရေးမှာ ကောင်းမွန်လှခြင်းမရှိခြင်းကြောင့်ပင်။ ရှစ်နှစ်ကျော်အိမ်ထောင်သက်ရှိလာပြီး ရှဲ့ကျီမင်မှာ တပ်ခွဲမှူးဘဝမှ ဒုတိယနိုင်ငံရေးဆိုင်ရာတာဝန်ရှိသူဖြစ်လာသည့်တိုင် သူ၏ဇနီးသည်မှာ စစ်တပ်ထဲသို့ ပြောင်းရွှေ့လာခြင်းမရှိသေးပေ။
လုဖျင်ကျိုး ရှဲ့ကျီမင်ကြောင့် မြောင်းထဲရောက်သွားမည့်အပေါ် စိုးရိမ်နေမိသည်။
သို့သော်လည်း ယနေ့တွင်မည်သို့ဖြစ်သည်မသိ၊ ရှဲ့ကျီမင် သူ့ထံစကားပြောချင်ကြောင်း ပြောလာစဉ်အခါက ယခင်သာမန်အချိန်များကဲ့သို့ အခိုင်အမာငြင်းပယ်မိခြင်းမရှိဘဲ ရှဲ့ကျီမင်အနောက်မှလိုက်၍ အဆောင်ရှိရာသို့ တိတ်တဆိတ်ပြန်လိုက်လာခဲ့သည်။
ခဏအကြာတွင်မူ သူ၏ဆုံးဖြတ်ချက်မှာ မှားယွင်းသွားကြောင်း လုဖျင်ကျိူးသတိပြုလိုက်မိလေသည်။
သူ၏ဇာတ်လမ်းအကြောင်းနားထောင်ပြီးနောက် သည်းထန်စွာရယ်မောနေသည့် ရှဲ့ကျီမင်ကိုကြည့်ကာ လုဖျင်ကျိူး၏ မေးရိုးများတောင့်တင်းလာပြီး အသံမာမာဖြင့်ပြောလိုက်ရသည်။
“ ပြန်တော့မယ်…”
“ မရပါဘူး…” ရှဲ့ကျီမင်မှ လုဖျင်ကျိူးကို အလျင်အမြန်တားဆီးလိုက်သည်။
တစ်ဖက်လူမှာ သူ့ထံမျက်နှာသေဖြင့်စိုက်ကြည့်နေသောကြောင့် ရှဲ့ကျီမင်လည်း အပြစ်ရှိသကဲ့သို့ခံစားလာရကာ လက်ကိုမြှောက်၍ ပြောလိုက်ရသည်။
“ ငါကျိန်ပါတယ်ကွာ… မင်းကို နောက်တစ်ခါထပ်ပြီး မရယ်တော့ဘူးနော်… ဟုတ်ပြီလား…”
လုဖျင်ကျိုး : “ ဟားဟား…”
ရှဲ့ကျီမင် သူပြောထားသည့်အတိုင်း လုပ်လိုက်ရသည်။ သူ၏အပြုံးကို အလျင်စလိုဖိနှိပ်ကာ သူငယ်ချင်းဖြစ်သူအတွက် နည်းလမ်းတစ်ခု စဉ်းစားပေးလိုက်လေသည်။
“ ငါပြောပြမယ်… မင်း ဒီလိုလုပ်နေလို့မရဘူးနော်… ကြည့်ဦး မင်း အဲ့သည့်နေရာကိုသွားတိုင်း စားပဲစားလာတာ စကားတစ်ခွန်းမှလည်းမပြောဘူး…”
“ ငါပြောပါတယ်…”
“ ဒီအတိုင်း တစ်လုံးစနှစ်လုံးစပဲလေ… မပြောတာနဲ့ ဘာကွာသွားမှာမလို့လဲ…ဒီအတိုင်းသာဆက်သွားနေရင် သူနဲ့နောက်သုံးနှစ်နေတောင် မရင်းနှီးနိုင်ဘူးဆိုတာ မင်းယုံမလား…”
ရှဲ့ကျီမင် ထိုအရာကိုစဉ်းစားမိပြီးနောက် အသံကိုနှိမ့်ကာ ပြောလိုက်ရသည်။
“ သုံးနှစ်တောင်နော်…ပြောလို့မရဘူး အဲ့အချိန်ကြရင် သူကလက်ထပ်ပြီး ကလေးတောင်ရနေလောက်ပြီ…”
လုဖျင်ကျိုး၏မျက်နှာမှာ အေးစက်သွားခဲ့သည်။
ရှဲ့ကျီမင်မှာမူ ထိတ်လန့်မသွားခဲ့ချေ။
“ ငါ့ကိုဘာလာကြည့်နေတာလဲ… ဒီဟာက တကယ့်လက်တွေ့ပဲလေ မဟုတ်လို့လား… မင်းပဲစဉ်းစားကြည့် သူက အခုနှစ်ဆယ့်တစ်နှစ်နော်… နောက်သုံးနှစ်ဆို နှစ်ဆယ့်လေးနှစ်ဖြစ်လာမှာဟ… မင်းထက်တော့ပိုမကြီးဘူးဆိုပေမယ့် ငါတို့စစ်သားတွေက မတူဘူးလေ… ဒီတပ်ရင်းမှာပဲကြည့် ငါတို့စစ်သားတွေ လူပေါင်းသောင်းချီနေကြပေမယ့် လက်မထပ်ရသေးတဲ့ မိန်းကလေးဆိုလို့ လက်တစ်ဖက်နဲ့တောင် ရေတွက်လို့ရနေတာကို… ငါတို့မှာက နှစ်တိုင်း ပိတ်ရက်ဆိုလို့ ရက်နည်းနည်းလေးပဲရှိတာကွာ… တကယ်လို့သာ ရှေ့တန်းပြန်ထွက်ရမယ်ဆိုရင် သင့်တော်တဲ့တွဲဖက်ရှာနိုင်တော့မှာမဟုတ်ဘူးနော်… ငါတို့ထဲမှာ အသက်ပိုကြီးတဲ့ လူလွတ်တွေတောင် ပေါသောနေတာ… မင်းက သတိမထားမိလို့သာ…”
“ ဒါပေမယ့် အစိုးရပိုင်ဌာနတွေရဲ့ ဝန်ထမ်းတွေကတော့ များသောအားဖြင့် ဒေသခံတွေကြီးပဲလေ… ဟိုလူနဲ့အမျိုးတော် ဒီလူနဲ့အမျိုးတော်နဲ့ အဆက်အသွယ်တွေအများကြီးရှိကြတာ… နှစ်ဆယ်ဆိုတာက လက်ထပ်ဖို့အရမ်းစောတဲ့အရွယ်မဟုတ်ဘူးနော်… နှစ်ဆယ့်သုံး နှစ်ဆယ့်လေးဆိုတာ ကွက်တိကျနေမှာ…”
ရှဲ့ကျီမင် လုဖျင်ကျိူးထံ လှမ်းကြည့်လိုက်သည်။
“ ပြီးတော့ မင်းပဲစဉ်းစားကြည့်ဦး… မင်းက ငယ်တယ် အရည်အချင်းရှိတယ် ချောမောခန့်ညားတယ်ဆိုပေမယ့် သူ့ရဲ့ အစိုးရစက်ရုံအသိုင်းအဝိုင်းက အမျိုးတွေတို့ သူငယ်ချင်းတွေတို့ မိတ်ဆက်ပေးတဲ့လူတွေနဲ့ယှဉ်လိုက်ရင် မင်းလို အပြင်လူစစ်သားတစ်ယောက်က ဘယ်လိုလုပ်ပြီး အခွင့်အရေးများနိုင်မှာလဲ…”
လုဖျင်ကျိူးတိတ်ဆိတ်နေပြီး တဖြည်းဖြည်းချင်း မျက်ခုံးပင့်ကာ မေးလိုက်သည် ။
“ ငါဘာလုပ်သင့်တယ်လို့ မင်းထင်လဲ…”
“ ဘာလုပ်ရနိုင်မှာလဲ… လက်ဦးမှုယူရမှာပေါ့ဟ…”
ရှဲ့ကျီမင်မှ သူ့ထံ အကြံတစ်ခုပေးလာသည်။
“ ငါသာမင်းဆိုရင် သူအလုပ်ဆင်းတဲ့အချိန်ထိ ထိုင်စောင့်နေမှာ… ပြီးကြမှ သူအိမ်ပြန်တဲ့လမ်းမှာ တိတ်တဆိတ်တားလိုက်ပြီး သူ့ကိုဘယ်လောက်သဘောကျကြောင်းတို့ လိုက်ချင်ကြောင်းတို့ ပြောလိုက်ပေါ့ဟ… တကယ်လို့ သူမမှာ သဘောကျတဲ့လူရှိနေပြီးပြီဆိုတော့လဲ…”
လုဖျင်ကျိူး သူ၏အရေးကိစ္စကို ရှဲ့ကျီမင်ထံ မပြောပြသင့်ကြောင်း အတိအကျသေချာသွားခဲ့သည်။ သူ ချက်ချင်းပင်ထရပ်ကာ မျက်နှာသေဖြင့်ပြောလိုက်ရသည် ။
“ ငါပြန်တော့မယ်…”
ရှဲ့ကျီမင် ခုတင်ပေါ်မှ ထရပ်လာသည်။
“ မသွားနဲ့ဦးလေ ငါပြောလို့မပြီးသေးတာကို…”
“ မပြောနဲ့တော့…”
လုဖျင်ကျိူး တည်ငြိမ်စွာပြောလိုက်သည်။
“ တကယ်လို့သာ မင်းပြောတဲ့အတိုင်း လိုက်လုပ်လိုက်ရင် ငါ့ကိုလူမိုက်ဆိုပြီး ထင်သွားမှာတောင်စိုးရတယ်…”
ပြောပြီးသည်နှင့် ရှဲ့ကျီမင် ပြန်မပြောနိုင်ခင်မှာပင် လုဖျင်ကျိူး သူ၏အဆောင်တွင်းမှ ထွက်လာလိုက်သည်။ သို့သော်လည်း လေ့ကျင့်ရေးကွင်းစီသို့ သူမသွားခဲ့ပေ။ ထိုအစား အခန်းသို့သာပြန်ကာ ခုတင်ပေါ်လဲလျက် ရှဲ့ကျီမင်၏စကားကို ပြန်လည်တွေးတောနေမိသည်။
ရှဲ့ကျီမင်၏အကြံမှာ ဆိုးရွားလှသော်လည်း သူ၏စကားလုံးများမှာ အကျိုးအကြောင်းမသင့်နေခြင်းမဟုတ်ပေ။
လုဖျင်ကျိူးအနေဖြင့် နည်းလမ်းတစ်ခုစဉ်းစားပြီး လက်ဦးမှုယူရန်လိုသည်။
သို့သော်လည်း လူမိုက်ပုံမပေါက်သွားစေဘဲ သူဘယ်လိုလက်ဦးမှုယူရပါ့မလဲ…
လုဖျင်ကျိူးတစ်ယောက် လက်ကိုခေါင်းအုံးကာ မျက်လုံးဖွင့်လျက် ပန်းပွင့်များကို ဖောက်မြင်နိုင်ရန် ကြိုးစားနေသကဲ့သို့ မျက်နှာကြတ်ပေါ်စိုက်ကြည့်နေမိသည်။
သူပန်းများကို မမြင်ရချေ။ မိန်းကလေး၏ပြုံးနေသည့်မျက်နှာကိုသာ မြင်တွေ့နေရပါသည်။
☆☆☆
စာရေးသူတွင် ပြောစရာရှိပါတယ် :
ဒီအပိုင်းလေးကိုတော့ : လူငယ်လေးရှောင်လုရဲ့ အခက်အခဲများလို့လည်း ခေါ်လို့ရပါတယ်။
💝💝💝