👩❤️👨Chapter - 1
အစ်ကိုဖျင်
☆တစ်ဖက်လူအပေါ် အရမ်းကြီးရုတ်တရက်ဆန်ဆန် အနှောင့်အယှက်ပေးမိသလိုမျိုး မဖြစ်စေဘဲ ချဉ်းကပ်ရမလဲဆိုတာက ချန်မန်အတွက် အပူပန်ရဆုံးပြဿနာဖြစ်နေတယ်…☆
ဆောင်းတွင်းဝတ်အပေါ်ထပ် လေကာအင်္ကျီကိုဝတ်ကာ ကျစ်ဆံမြီးကျစ်ထားသော ချန်မန်မှာ ကောင်တာ၏အနောက်တွင် ရပ်နေခဲ့သည်။
သူမ ငွေသားနှင့်လက်မှတ်များကို လျှင်မြန်စွာရေတွက်နေပြီး ပြန်အမ်းငွေကိုတိတ်တဆိတ်တွက်ချက်လိုက်သည်။ထို့နောက် လက်မှတ်များနှင့် ဟင်းပွဲများပါသည့်စာရင်းကိုကမ်းပေးလိုက်ရင်း ပြောလိုက်သည်။
“ ဒီအမှာစာကို ဟိုဘက်နားကိုယူသွားလိုက်နော်… ပြီးကြရင် ဟင်းပွဲပြင်နေတာကို စောင့်လိုက်ရင်ရပါပြီ…”
ကောင်တာရှေ့တွင်ရပ်နေသည့် လူငယ်လေးမှ ငွေနှင့်အမှာစာကိုယူကာ သူမထံကျေးဇူးတင်လိုက်ပြီး ဟင်းပွဲများပြင်ဆင်နေသည့်ဘက်သို့ လျှောက်သွားလိုက်သည်။ သူ၏အနောက်မှလူများသည်လည်း အလျင်အမြန်လိုပင် ထိုင်ခုံများတွင်နေရာချလိုက်ပြီး အပြုံးတစ်ပွင့်နှင့်အတူ လှမ်းမေးလာကြသည် ။
“ ရှောင်ချန်ရေ ဒီနေ့ ငါတို့ဆိုင်က ဘာဟင်းချက်မှာလဲဟေ့…”
အရှေ့သို့တက်လာသူသည် လမ်းတစ်ဖက်ခြားရှိ စက်ရုံမှဝန်ထမ်းတစ်ဦးဖြစ်ပြီး သူ၏မိသားစုမှာ စက်ရုံဝန်ထမ်းတန်းလျားတွင်နေထိုင်ကြကာ ချန်မိသားစု၏အိမ်နီးနားချင်းလည်းဖြစ်သည်။
ထိုသူကိုမြင်လိုက်သည်နှင့် ချန်မန်ရှုံ့မဲ့သွားရသည်။
“ ဦးလေးလီ ဒီကိုတိတ်တိတ်ကလေးလာပြီး သွားကျွတ်အောင်အရိုက်ခံချင်လို့လားဟင်…အဒေါ်လီကမှာထားတာလေ… ဦးလေးမကြောက်ဘူးလား…”
ထို့နောက် ချန်မန် နံရံပေါ်မှ ယနေ့အတွက်ဟင်းပွဲနာမည်များကို ရေးသားထားသည့် ကျောက်သင်ပုန်းထံညွှန်ပြလိုက်သည်။ အသားဟင်းပွဲတွင် ဝက်သားနှပ်နှင့် ကောက်ညှင်းငါးအူချောင်းတို့ပါဝင်ပြီး အသီးအရွက်ဟင်းအတွက်မှာမူ ဂေါ်ဖီ၊ ပဲပေါက်ပေါက်နှင့် မုန်ညှင်းတို့ပါဝင်ကာ ၎င်းတို့ကို ရောကြော်ပေးမည်ဖြစ်သည်။
“ ငါကဒီနေ့တိတ်တိတ်လေးလာတာမဟုတ်ပါဘူးနော်… မင်းရဲ့အဒေါ်လီက သူ့မိဘအိမ်ကိုပြန်သွားတယ်လေ… နေ့လယ်စာအတွက် ဘယ်သူမှချက်မယ့်သူမရှိလို့ပါဟာ…”
ဦးလေးလီမှ ပြုံးလျက် ကျောက်သင်ပုန်းစီသို့ကြည့်ကာ ခဏတာတွေးပြီးနောက် ပြောလာခဲ့သည်။
“ ကဲ သည်လိုဆိုရင် ဝက်သားနှပ်နဲ့ထမင်းလေးပြားစာပေးကွယ်… ဒီနေ့က ရဲဘော်ယန်နေ့မလား… သူတာဝန်ယူချက်မှာလား…”
ဦးလေးလီ၏စကားထဲမှ ရဲဘော်ယန်၏အမည်အပြည့်အစုံမှာ ယန်မင်ကျစ်ဖြစ်ပြီး လွန်ခဲ့သောသုံးလခန့်က သူမဖခင်ဖြစ်သူ၏ ကိစ္စများကို ဖြေရှင်းပြီးနောက် အစိုးရပိုင်စားသောက်ဆိုင်သို့ ပြောင်းရွှေ့လာခဲ့ခြင်းဖြစ်သည်။ ယန်မင်ကျစ်မှာ ငယ်ရွယ်သောမိန်းမပျိုလေးတစ်ဦးသာဖြစ်သော်လည်း သူမ၏အချက်အပြုတ်ပညာကိုမူ ချီးမကျူးဘဲမနေနိုင်ကြပေ။
ဦးလေးလီသည်ပင် ယန်မင်ကျစ်၏လက်ရာကို တစ်ခါစားဖူးသွားပြီးနောက် မမေ့နိုင်တော့ဘဲ ထိုအချိန်မှစ၍ အမြဲလိုလိုလာစားနေခြင်းဖြစ်သည်။
သို့သော်လည်း အဒေါ်လီမှာ အလွန်တရာစေးကုပ်သူဖြစ်ကာ အိမ်တွင်ဟင်းချက်လျှင်ပင် ဆီထည့်သူမဟုတ်ချေ။ ဦးလေးလီသာ စားသောက်ဆိုင်သို့လာခဲ့ကြောင်း အဒေါ်လီသိသည်နှင့် သူတို့စကားများကြမည်ကို သူမကောင်းကောင်းသိနေခဲ့သည်။ တစ်ခါတစ်ရံတွင် ဤကဲ့သို့ စိတ်နေသဘောထားမတူညီကြသူနှစ်ဦးမှာ မည်သို့ဖြင့်အတူယှဉ်တွဲနေနိုင်ကြောင်းကို ချန်မန်တွေးနေမိသည်။
ယေဘုယျအားဖြင့် ထိုသူများမှာ သူမ၏အိမ်နီးခြင်းများဖြစ်ရုံသာမက ချန်မန်မှာ မျိုးဆက်အငယ်ဖြစ်သောကြောင့် ဦးလေးလီနှင့် အဒေါ်လီတို့၏ရန်ပွဲမှာ သူမအပေါ်သက်ရောက်မှုမရှိပေ။ သို့သော်လည်း မည်သူက သူမအား အစိုးရပိုင်ဟိုတယ်တွင် အလုပ်လုပ်ခိုင်းခဲ့သည်နည်း။
ထပ်ပေါင်းရမည်ဆိုလျှင် ဦးလေးလီမှာ လွန်ခဲ့သောသုံးလခန့်မှစ၍ အခြားစားသောက်ဆိုင်များသို့ မသွားတော့ဘဲ ချန်မန်အလုပ်လုပ်နေသည့် ဖန်းချောင်လမ်းမှ အစိုးရပိုင်ဟိုတယ်သို့သာ လာရောက်ခဲ့သည်။ သို့ဖြစ်ရာ ယခုအချိန်၌ ဦးလေးလီစားသောက်ဆိုင်များသို့ သွားကြောင်းသိလိုပါက အဒေါ်လီမှ အခြားသူများထံ လှည့်ပတ်မေးနေရန်မလိုတော့ပေ။ သူမကိုမေးလိုက်ရုံဖြင့် သိနိုင်နေပြီဖြစ်သည်။
သူမအမေးခံရချိန်တိုင်း ချန်မန်အနေဖြင့် အမှန်အတိုင်းဖြေလျှင်မကောင်းသကဲ့သို့ အမှန်မဖြေလျှင်လည်းမကောင်းနေပေ။ သူမခေါင်းညိတ်ပြလိုက်ခြင်းကပင် အဆိုပါလင်မယားအကြားတွင် ရန်ပွဲဖြစ်ရန် မီးစသဖွယ်ဖြစ်သွားစေသည်။
သူမအတွက်လည်း ခက်ခဲလွန်းလှသည်။
ဦးလေးလီ၏စကားကိုကြားရပြီးနောက် ချန်မန်၏မျက်လုံးများမှာ အရောင်တောက်လာခဲ့သည်။
“ သည်လိုဆိုရင်တော့ ဦးလေးစိတ်ပျက်ရတော့မယ်…ရဲဘော်ယန်က ဒီနေ့တစ်ရက်နားတာမလို့ အလုပ်မလာဘူးလေ…”
ဦးလေးလီ၏မျက်နှာပေါ်မှ စိတ်ပျက်နေဟန်မှာ သာမန်မျက်လုံးဖြင့်ပင်မြင်နိုင်သည် ။
“ ဒီနေ့က တနင်္ဂနွေနေ့မဟုတ်ဘူးလား… သူကဘာလို့အလုပ်မလာတာလဲ…”
မည်သည့်ခေတ်ကာလတွင်ဖြစ်ပါစေ ဝန်ဆောင်မှုပေးရသည့်လုပ်ငန်းများမှာ ပိတ်ရက်များတွင် ပို၍အလုပ်များကြစမြဲဖြစ်သည်။ ယနေ့ခေတ်အချိန်မှာ ၁၉၇၆ခုနစ်သာရှိသေးပြီး ပိတ်ရက်စနစ်ကျင့်သုံးရန် ဆယ်စုနှစ်အချို့လိုအပ်နေသေးရာ တနင်္ဂနွေနေ့များမှာ ပို၍အလုပ်များလှသည်။
သို့သော်လည်း အရာတိုင်းမှာ အတိအကျဖြစ်နေခြင်းမဟုတ်ချေ။ ဥပမာအားဖြင့် သူတို့၏ဖန်းချောင်လမ်းမှ အစိုးရပိုင်ဟိုတယ်တွင် တနင်္ဂနွေနေ့သည် အလုပ်အများဆုံးရက်မဟုတ်နေပေ။
အကြောင်းအရင်းမှာ ဖန်းချောင်လမ်းသည် မြို့လယ်ခေါင်တွင်တည်ရှိခြင်းမဟုတ်ဘဲ စက်ရုံဧရိယာအတွင်းရှိနေခြင်းကြောင့် ဖြစ်နိုင်ပေမည်။
ချန်မန်တို့အစိုးရပိုင်စားသောက်ဆိုင်၏ အဓိကဖောက်သည်များမှာ အဓိကအားဖြင့် ဖန်းချောင်လမ်းပေါ်ရှိ အစိုးရပိုင်စက်ရုံအလုပ်ရုံအမျိုးမျိုးမှ ဝန်ထမ်းများဖြစ်ပြီး အတိအကျဆိုရမည်ဆိုလျှင် ပုံမှန်လာစားနိုင်သူများမှာ ဌာနအသီးသီးမှ ခေါင်းဆောင်များသာဖြစ်ကြသည်။
အဆုံး၌ ဖန်းချောင်အစိုးရပိုင်ဟိုတယ်မှာ အထပ်နှစ်ထပ်နှင့် အဝင်ဝအောက်တွင် စားပွဲနှင့်ထိုင်ခုံအစုံနှစ်ဆယ်ကျော်ခန့်သာရှိသည့် သေးငယ်သောအဆောက်အဦးတစ်ခုဖြစ်သော်လည်း လမ်းဘေးစားသောက်ဆိုင်နှင့် ကွာခြားနေသေးသည်။ ဤနေရာတွင် ထမင်းတစ်နပ်ကို နှစ်ယွမ်သို့မဟုတ် သုံးယွမ်မျှကျသင့်သည်ဖြစ်ရာ ငွေကြေးမှာစကားပြောလှသည်။
လက်ရှိအချိန်၌ မြို့ထဲမှပုံမှန်လုပ်အားခမှာ ယွမ်နှစ်ဆယ် သို့မဟုတ် သုံးဆယ်ခန့်သာရှိလေရာ နှစ်ယွမ် သုံးယွမ်ကဲ့သို့သောငွေကြေးမှာ သာမာန်မိသားစုအတွက် တစ်ပတ်စာအသုံးစရိတ်ဖြစ်သည်။ ထို့အတွက်ကြောင့် ထိုသူများမှာ အစိုးရပိုင်စက်ရုံ၏ ပုံမှန်ဝန်ထမ်းများဖြစ်ကြသည့်တိုင် ဦးလေးလီကဲ့သို့ အမြဲလိုလိုစားသောက်ဆိုင်တွင် လာစားကြသူမှာ လူနည်းစုသာရှိ၏။
အစိုးရပိုင်စက်ရုံများ၏ ခေါင်းဆောင်များသည်ပင် အရေးကြီးဆွေးနွေးရန်ရှိသည့်အချိန်မှသာ ဤနေရာသို့လာရောက်တတ်ကြသည်။
ထို့အတွက်ကြောင့် ပိတ်ရက်များတွင် သူတို့၏အစိုးရပိုင်ဟိုတယ်၌ အလုပ်များများမရှိသည်ဖြစ်ရာ ဝန်ထမ်းများအတွက် ပိတ်ရက်ယူကြသည်မှာ ပုံမှန်သာဖြစ်သည်။
ချန်မန်လက်ကိုဖြန့် ၍ ပြောလိုက်သည်။
“ သူကအရင်နေ့တွေကနားရက်မယူထားဘူးလေ…အဲ့ဒါကြောင့် ဒီနေ့နားရက်ယူတာပေါ့… ဦးလေးလည်း ဒီနေ့ကို ကျွန်မတို့ဟိုတယ်မှာ မစားနဲ့တော့လေ ဘာလို့စားနေမှာလဲ…”
“ မင်းတို့ဟိုတယ်မှာမစားရင် ငါကဘယ်သွားစားရမှာတုန်း…”
စက်ရုံဝန်ထမ်းကန်တင်းမှာ တနင်္ဂနွေနေ့များတွင် ဖွင့်လေ့မရှိပေ။ ထိုမျှသာမက ဆိုင်မှ စားဖိုမှူး၏လက်ရာက မည်မျှပင်စုတ်ချာနေပါစေ... ယနေ့ချက်မည့်ဝက်သားနှပ်ကိုမဆိုထားနှင့် အိုးငယ်လေးဖြင့်ချက်သည့်ဟင်းမှာ ကန်တင်းမှ အိုးကြီးတစ်လုံးထဲတွင် စုပေါင်းချက်သည့်ထမင်းထက် အမြဲလိုအရသာပိုရှိမြဲပင်။(စားဖိုမှူးလက်ရာမကောင်းရင်တောင် အိုးကြီးချက်ထက်ပိုကောင်းတယ်)
“ ငါ့ကို ဝက်သားနှပ်နဲ့ထမင်းလေးတေးဖိုးပဲပေးလိုက်ပါတော့ဟာ…”
ဦးလေးလီမှ ပိုက်ဆံနှင့်လက်မှတ်များကို ထုတ်ပေးလိုက်ကာ ခဏကြာစဉ်းစားပြီး ပြောလိုက်သည်။
“ နင့်အဒေါ်မေးရင် ငါအသားမှာတာကိုမပြောနဲ့နော်… ပဲပင်ပေါက်ကြော်ပဲမှာသွားတယ်လို့ ဖြေလိုက်ချည်…”
“ အာ…”
ချန်မန်ချက်ချင်းဆိုသလို ပိုက်ဆံသိမ်းနေသည့်လက်ကို ပြန်ရုတ်လိုက်သည်။
“ သည်လိုဆိုရင်တော့ ကျွန်မ ဦးလေးစီကအမှာစာကို မယူရဲတော့ဘူး…လစဉ်ပေးတဲ့လက်မှတ်တွေက ခွဲတမ်းရှိတယ်လေ… ကျွန်မပြောပေးရင်တောင် အဒေါ်လီကယုံမှာမဟုတ်ဘူး…”
ဦးလေးလီမှာ အလောတကြီးဖြစ်သွားရသည်။
“ မင်းကဘယ်လိုတောင်လက်ပေါက်ကပ်နေရတာလဲ… မင့်အဒေါ်မေးလာတဲ့အခါကြ ငါ့လက်မှတ်တွေဘယ်ရောက်သွားမှန်းမသိဘူးလို့ပဲဖြေလိုက်ပေါ့ကွာ… သူလည်း မင်းကိုလိုက်ဖမ်းပြီးမေးလို့မှမရတာကို…”
ချန်မန်မှာ ပိုက်ဆံကိုယူရန် ငြင်းဆန်နေဆဲပင်။ “ ဘယ်လိုပဲဖြစ်ဖြစ် အဒေါ်လီမေးလာတဲ့အခါကြရင် ကျွန်မကတော့ သေချာပေါက်အမှန်ကိုပြောရမှာပဲ…”
“ အေးပါကွာ ကောင်းပြီ ကောင်းပြီ… အမှန်အတိုင်းပဲဖြေလိုက်ပါတော့…”
ဦးလေးလီမှ သက်ပြင်းချကာ မေးလာသည်။
“ ရဲဘော်ယန်က တခြားအစိုးပိုင်ဟိုတယ်ကိုများ ရွှေ့ဖို့မစဉ်းစားထားဘူးလားဟေ…”
ချန်မန်မှ ရေးရန်စာရင်းကိုကြည့်ကာ ပြန်ဖြေပေးလိုက်သည် ။
“ ဦးလေးပဲပြောကြည့်လေ… အစိုးရပိုင်ဟိုတယ်တစ်ခုရဲ့ စားဖိုမှူးနေရာဆိုတာက အရမ်းနာမည်ကြီးတာကို… ဒီအတိုင်းမေးလိုက်ရုံနဲ့ သူကပြောင်းလာမှာတဲ့လား…”
“ ဟုတ်သားဟ…”
အမှာစာရေးပြီးနောက် ပြန်အမ်းငွေကိုရှာကာ ဦးလေးလီထံပြန်ပေးလိုက်ပြီး ချန်မန်လေးနက်စွာပြောလိုက်သည်။
“ ဦးလေး အရသာရှိတယ်ဆိုရင် ဗိုက်အပြည့်စားသွားနော်… အဲ့ဒါမှ ပိုအရိုက်ခံဖို့အားရှိမှာ…”
ယခုလေးတင်မှ စိတ်ထဲထိရှသွားသည့် ဦးလေးလီမှာ နောက်ဆုံးစကားလုံးငါးလုံးကို ကြားလိုက်ရချိန်၌ ချက်ချင်းဆိုသလို မျက်လုံးသာလှန်လိုက်မိသည်။
“ အေး ကျေးဇူးပဲ..”
“ ရပါတယ် ကျေးဇူးတင်ဖို့မလိုပါဘူး…”
ချန်မန် ဦးလေးလီကို အပြုံးတစ်ပွင့်ဖြင့် ပြန်ပို့လိုက်ပြီးနောက် အကြည့်ပြန်လွှဲလိုက်ချိန်တွင် ပြတင်းပေါက်မှတဆင့် လေတပ်ယူနီဖောင်းဝတ်ထားသော စစ်သားတစ်ယောက်ကို လှမ်းမြင်လိုက်ရသည်။ သူမ၏ပါးပြင်များ တခဏအတွင်းနီမြန်းလာရကာ ချန်မန်မျက်လွှာချလိုက်မိသည်။
ပြီးသွားပြီ ပြီးသွားပြီ…
ငါတော့အရမ်းအဝေးကြီးသွားမိတာပဲ…
ဤသို့သောအတွေးဖြင့် ချန်မန်ခေါင်းမော့ကာ ထိုနေရာသို့ သာမန်ကာလျှံကာကြည့်သကဲ့သို့ လှမ်းကြည့်လိုက်သည်။ ပြီးနောက် အလျင်အမြန်ပင် ခေါင်းပြန်ငုံ့ကာ သူမ၏မျက်လုံးများမှာ ဟိုတယ်တံခါးတွင်သာ ကပ်နေခဲ့သည်။ ချန်မန်၏အမူအရာမှာ တည်ငြိမ်နေသော်လည်း သူမ၏စိတ်ထဲတွင်မူ တွက်ချက်မှုများပြုလုပ်နေမိသည်။
ထိုသူထိုင်နေသည့်ကောင်တာမှာ သူမရပ်နေသည့်နေရာနှင့် မျက်နှာချင်းဆိုင်တွင်ရှိသော်လည်း ထိုသူမှာအတွင်းထဲတွင်ဖြစ်ပြီး သူမမှာမူ အပြင်ဘက်တွင်ဖြစ်နေသည်။
နံရံဖက်သို့လှမ်းကြည့်လိုက်မည်ဆိုလျှင် ဆယ်မီတာမကွာလျှင်ပင် အနည်းဆုံးအနေဖြင့် ခြောက်မီတာခန့်ကွာဝေးမည်ဖြစ်သည်။ ဤမျှအကွာအဝေးဆိုလျှင် သူမ ဦးလေးလီနှင့်ပြောသောစကားများကို မကြားနိုင်လောက်ဘူးမလား….
သူဘယ်လိုလုပ်ပြီး သေချာမကြားဘဲနေမှာတဲ့လဲ…
ဒီနေ့ ဆိုင်ထဲမှာ လူများများမရှိရုံတင်မကဘူး သူမတို့ကလည်း အရမ်းကို ကျယ်ကျယ်လောင်လောင်ပြောနေမိကြတာလေ…
ချန်မန်တစ်ယောက် ထိုနေရာတွင် ဟင်းပွဲများချပေးပြီးသည့် ချမ်ရှောင်ဖျင်မှ စားပွဲရှေ့ကိုခေါက်ကာ “ နင်ဘာလုပ်နေတာလဲ… နင်ထပ်ပြီးအပျင်းကြီးနေရင် ငါ ဒါရိုက်တာဝမ်နဲ့သွားတိုင်လိုက်မှာနော်…” ဟု ပြောလာသည်အထိ စိတ်ပျက်လက်ပျက်ဖြင့် မျက်နှာကိုအုပ်လျက် ထိုင်နေမိသည်။
“ ဘယ်သူ့ကိုလာလိမ်…”
ချန်မန်ရုတ်တရက်ထရပ်လိုက်မိသည်။ သူမ၏ပါးစပ်မှ စကားလုံးများ ထွက်ကျလာခါနီးတွင် အရှေ့မှလူငယ်လေးထံကြည့်ပြီး စကားလုံးများကို နှုတ်ခမ်းဝမှာပင် ပြန်မြိုချလိုက်ရသည်။
“ အစ်မချမ် အစ်မကအထင်လွဲနေတာပါ… ညီမက ရပ်နေရတာကြာသွားလို့ နည်းနည်းမသက်မသာခံစားနေရရုံလေးတင်…”
“ ငါတောင် ဒီလောက်ဟင်းပွဲတွေအများကြီးကို မပင်မပန်းလိုက်ချပေးထားတာ… နင်ကဘယ်လိုဖြစ်ပြီး ရပ်နေရရုံလေးနဲ့ ပင်ပန်းနေရတာလဲ…”
ဟင်းပွဲတွေ ဘယ်လောက်တောင် လိုက်ချပေးနေရလို့လဲ… နင်ကတော့ ကန်ထုတ်ခံရတော့မယ်…
ချန်မန် စိတ်ထဲမှတွေးလိုက်မိပြီး မျက်နှာပေါ်တွင် အပြုံးတစ်ပွင့်တပ်ကာ ပြောလိုက်သည်။
“ အစ်မချန် ညီမက ဒီနေ့ ငွေကိုင်ထက်တောင် ပိုပြီးလုပ်ခဲ့ရတာနော်… မနက်ခင်းရောက်လာထဲက စားပွဲသုတ်ရတာနဲ့ တံမြက်စည်းလှဲရတာနဲ့ ပြီးတော့ ဟင်းပွဲပြင်တဲ့နေရာမှာလည်း ဦးလေးကွမ်နဲ့ အဒေါ်လောကို ဝိုင်းကူလုပ်လိုက်သေးတယ်…အဲ့တုန်းက အစ်မဘယ်ရောက်နေလို့လဲ… ဪ အိမ်သာထဲမှာပဲနော်… အိမ်သာဆိုမှပဲ သတိရသွားတာ… အစ်မလည်း အချိန်ရရင် ဆေးရုံသွားတာ အစ်မအတွက်ပိုကောင်းမယ်နော်… အစ်မပဲကြည့်လေ အစ်မအိမ်သာတစ်ခါသွားတိုင်း အနည်းဆုံးတစ်နာရီလောက်ကြာနေတာ… အလုပ်တွေနှောင့်နှေးကုန်ရော… ဒါပေမယ့် ဒီဟာက အသေးအဖွဲ့လေးပါ… ဝမ်းချုပ်တာကမှ ပြဿနာအကြီးကြီးနော်…အစ်မရော အဲ့ဒီလိုမထင်ဘူးလား…”
လူများ အလုပ်ထဲတွင် ရေသာခိုရန်အတွက် အိမ်သာထဲသွား၍ အချိန်ဖြုန်းနေမည်ဟု ချန်မန် မည်သည့်အခါကမှ ကြုံဖူးခဲ့ခြင်းမရှိချေ။ သူမ တက္ကသိုလ်မတက်ခင်အခါက ကြားဖူးခဲ့သော်လည်း သူမဘဝထဲတွင် ဤသို့သောလူမျိုးနှင့် တစ်ခါမှမဆုံခဲ့ဖူးပေ။
လတ်တလောတွင် ချမ်ရှောင်ဖျင် အိမ်သာသို့သွား၍ ရေသာခိုနေသည့်အချိန်မှသာ ချန်မန် ဤသို့သောလူမျိုးနှင့် အလုပ်ဖော်ဖြစ်ရသည်မှာ မည်မျှဆိုးရွားကြောင်း သိလိုက်ရခြင်းဖြစ်သည်။
အစိုးရပိုင်ဟိုတယ်တွင် လူများစွာမရှိဘဲ ဒါရိုက်တာအပါအဝင် ဝန်ထမ်းခြောက်ဦးသာရှိသည်။ သူမနှင့်ချမ်ရှောင်ဖျင်မှာ ရာထူးတူ စားပွဲထိုးများဖြစ်ကြသော်လည်း ချန်မန်မှာ သင်္ချာတော်သောကြောင့် ငွေကိုင်ရာတွင်တာဝန်ယူရပြီး ချမ်ရှောင်ဖျင်မှာမူ သူမအလုပ်များနေချိန် မီးဖိုချောင်ထဲတွင် တာဝန်ဝိုင်းကူယူပေးရသည်။
သူမနှင့်ချမ်ရှောင်ဖျင်တို့၏အလုပ်မှာ အရှေ့ဘက်ခန်းမကိုသန့်ရှင်းရေးလုပ်ခြင်း၊ စားပွဲနှင့်ကုလားထိုင်များ ခုံတန်းများကို သုတ်ပေးရခြင်းတို့ဖြစ်သည်။
လွန်ခဲ့သောအပတ်တွင် ချမ်ရှောင်ဖျင်မှာ နေ့စဉ်နေ့တိုင်း မနက်ခင်းနှင့်ညနေခင်းတိုင်းတွင် ဝမ်းလျောခဲ့သည်။ အလုပ်သို့လာသည်နှင့် ချမ်ရှောင်ဖျင်မှာ ဗိုက်နာနေတတ်ပြီး အိမ်သာသွားရန် တစ်နာရီကျော်ကြာအချိန်ယူရကာ ချန်မန်သန့်ရှင်းရေးမလုပ်ပြီးမချင်း မထွက်လာတတ်ချေ။
ချန်မန်မှာ အလုပ်ဖော်အချင်းချင်း စိတ်သဘောထားကွဲပြားကြမည်စိုးသောကြောင့် ဒါရိုက်တာထံ သွားရောက်တိုင်ကြားခြင်းမပြုခဲ့သော်လည်း ယခုတွင်မူ ချမ်ရှောင်ဖျင်မှ သူမကိုပြဿနာလာရှာခဲ့သည်။
“ အစ်မမှာ တကယ်ပဲ ဝမ်းချုပ်တဲ့ပြဿနာရှိနေရင် ခွင့်ရက်ရှည်ယူပြီး အိမ်မှာပဲ ခပ်ကြာကြာလေးနားဖို့ ညီမတော့အကြံပေးချင်တယ်နော်…”
ချန်မန်ပြုံးပြနေသော်လည်း သူမ၏အသံမှာ အေးစက်နေခဲ့သည်။
“ အစ်မက မိန်းကလေးဖြစ်ရက်နဲ့ ဒီလိုရောဂါမျိုးဖြစ်လို့ ရှက်နေမယ်ဆိုတာ ညီမသိပါတယ်… ဒါပေမယ့် ကိစ္စမရှိပါဘူး… ညီမကအရေထူတယ်လေ ညီမပဲ ဒါရိုက်တာစီကို သွားပြောပေးပါ့မယ်…”
ထိုစကားကိုကြားလိုက်ရပြီးနောက် ချမ်ရှောင်ဖျင် ဆက်လက်တည်ငြိမ်နေနိုင်စွမ်းမရှိတော့ဘဲ အလျင်စလိုပြောလိုက်ရသည်။
“ ရတယ် ရတယ် ငါ့မှာ ဘာကျန်းမာရေးပြဿနာမှ ကြီးကြီးမားမားမရှိလို့ ခွင့်ရက်ရှည်ယူစရာမလိုပါဘူး…”
“ အစ်မကနေ့တိုင်း အိမ်သာထဲ အချိန်အကြာကြီးယူနေရတာ တကယ်ပဲ အဆင်ပြေတာသေချာရဲ့လား…”
“ အရင်ရက်တွေက ငါနည်းနည်းမသက်မသာဖြစ်နေလို့ပါ… အခုတော့ အရှင်းကောင်းသွားပါပြီဟယ်…”
“ ဟုတ်လား… ဒီလိုဆိုရင် မနက်ဖြန်မနက်ကျအစ်မထပ်ပြီး နေမကောင်းမဖြစ်တော့ဘူးပေါ့နော်…”
မေးလိုက်ပြီးနောက် ချမ်ရှောင်ဖျင်၏တောင့်တင်းနေသော အမူအရာကိုကြည့်ကာ ချန်မန်ပြုံးလျက်ပြောလိုက်သည်။
“ ကောင်းပြီလေ မနက်ကျအစ်မတကယ်လို့နေမကောင်းဘူးဆိုရင်လည်း ကျွန်မ ဒါရိုက်တာစီသွားပြီး ခွင့်ရက်ရှည်ယူဖို့ ပြောပေးပါ့မယ်… မဖြစ်ခဲ့ရင်တော့ မေ့လိုက်တာပေါ့ရှင်… ဘယ်လိုလဲ အစ်မ…”
ချမ်ရှောင်ဖျင်၏အမူအယာမှာ တောင့်တင်းနေခဲ့သည်။ သို့သော်လည်း ထိုကိစ္စနှင့်ပတ်သက်၍ ချန်မန် ဒါရိုက်တာထံသွားပြောမည်ကို စိုးရိမ်နေရသောကြောင့် အံကိုသာကြိတ်ကာ ပြောလိုက်ရသည်။
“ အစ်မကတိပေးပါတယ်… ငါသေချာပေါက်မနက်ဖြန်ကျ နေမကောင်းဖြစ်နေမှာမဟုတ်ပါဘူး ..”
“ ကောင်းပြီလေ…” ချန်မန် ခေါင်းညိတ်ပြလိုက်ပြီး ဟင်းပွဲများထွက်လာသည့် ပြတင်းပေါက်ထံလှမ်းကြည့်ကာ ပြောလိုက်သည်။
“ အစ်မချမ် ဟင်းပွဲတွေချရမယ့်အချိန်ရောက်ပြီနော်…”
ငါတို့အားလုံးက စားပွဲထိုးတွေပဲလေ… ဘာလို့ငါ့ပဲလာပြီး ဟင်းပွဲချခိုင်းနေရတာလဲ…
ချမ်ရှောင်ဖျင် မမျှတသလိုခံစားလိုက်ရသည်။ သို့သော်လည်း သူမကိစ္စမှာ ယခုလေးတင်မှ ပေါ်သွားခဲ့သည်ဖြစ်ရာ ချန်မန် မည်မျှပင် မမျှမတဆက်ဆံနေသည့်တိုင် သူမအနေဖြင့် သနားစဖွယ်သွားလုပ်ပေးရန်သာ တတ်နိုင်သည်။
ချန်မန် ချမ်ရှောင်ဖျင်ကိုအနိုင်ယူနိုင်ခဲ့သော်လည်း စိတ်မချမ်းသာနိုင်ပေ။ အဘယ့်ကြောင့်ဆိုသော် ခန်းမတစ်ဖက်တွင်ထိုင်နေသည့် အစ်ကိုဖျင်မှာ သူမတို့အကြားမှ စကားဝိုင်းကို ကြားသွားနိုင်ကြောင်း သေချာနေခြင်းကြောင့်ပင်။
သိသိသာသာပင် သူမ ချမ်ရှောင်ဖျင်နှင့် စကားပြောဆိုနေစဉ် တမင်ရည်ရွယ်၍ အသံတိုးထားခဲ့သော်လည်း ထိုသူမှာ သူမထံ နှစ်ကြိမ် သုံးကြိမ်ခန့် လှည့်ကြည့်ခဲ့ပြီးနောက် သူ၏နှုတ်ခမ်းထောင့်များမှာ မြင့်တက်နေခဲ့သည်။
သူမကိုရယ်နေတာပဲဖြစ်ရမယ်…
သူမ ယခုလေးတင်မှပြောခဲ့သည့် ဝမ်းချုပ်ခြင်းနှင့် အိမ်သာထဲတွင် အကြာကြီးနေခြင်းအကြောင်းများကို တွေးမိပြီးနောက် ချန်မန် မျက်နှာကိုအုပ်လျက် ခွေးခြေခုံပေါ်သို့ ထိုင်ချလိုက်မိပြီး ပြန်မထချင်တော့ပေ။
သူမရဲ့ပုံရိပ်ကို အကြာကြီးထိန်းသိန်းခဲ့ရတာလေ…
အားလုံးပြီးသွားပြီပဲ…
သို့သော်လည်း ပြန်လည်စဉ်းစားမိချိန်၌ ချန်မန် သူမ အလွန်အမင်းအတွေးလွန်နေမိသည်ဟု ခံစားလိုက်ရသည်။
သူမ၏ယခင်ဘဝတွင် အမြဲလို အထက်တန်းကျောင်းမှ ကျောင်းအလှပန်းလေးဖြစ်ခဲ့သောကြောင့် ချန်မန် သူမကိုယ်သူမ မျက်လုံးကြီးကြီး၊ နှာခေါင်းမြင့်မြင့်၊ နှုတ်ခမ်းနီမဆိုးထားလျှင်ပင် စိုစွတ်နေသည့် နှုတ်ခမ်းများနှင့်အတူ လှပသည်ဟု ထင်နေမိခဲ့သည်။
သို့သော်လည်း လက်ရှိအချိန်မှ အလှအပစံချိန်မှာ မျက်နှာဝိုင်းဝိုင်းနှင့် မျက်လုံးကြီးကြီးဖြစ်သောကြောင့် သူမ အသက်ကြီးလာချိန်၌ အများဆုံးကြားရသည့် ချီးကျူးစကားမှာ “ ဒီကောင်မလေးက အရမ်းလှတာပဲ…” ဆိုသည်မျိုး မဟုတ်တော့ဘဲ “ သူကအတော်လေးတက်တက်ကြွကြွရှိတယ်နော်… ဒါပေမယ့် ပိန်လွန်းအားကြီးတာ ပိုပြီးများများစားသင့်တယ်နော်…” ဆိုသည်မျိုးဖြစ်နေခဲ့သည်။
အစ်ကိုဖျင်မှာ သူမအပေါ် လုံးလုံးလျားလျားစိတ်ဝင်စားမှုမရှိသည်မှာလည်း ဖြစ်နိုင်ခြေရှိပြီး အထက်ပါပူပန်နေမှုများအားလုံးမှာ သူမ၏ခေါင်းထဲမှသာ လာခြင်းဖြစ်သည်။
ချန်မန် ထိုအကြောင်းကိုတွေးမိချိန်၌ ကူကယ်ရာမဲ့စွာဖြင့် သက်ပြင်းချလိုက်မိသည်။ သူမ ဘဝသက်တမ်းတလျောက်လုံးတွင် အတိတ်ဘဝအကြောင်းကို မေ့လျော့နေခဲ့ပြီး လွန်ခဲ့သောသုံးလမတိုင်ခင်အထိ ပြန်မမှတ်မိနိုင်ခဲ့ချေ။ သူမ၏ဘဝနှစ်ခုလုံးပေါင်းမည်ဆိုပါက တစ်ကိုယ်တည်းဖြစ်နေသည်မှာ နှစ်လေးဆယ်ခန့်ကြာပြီဖြစ်သော်လည်း ချန်မန်၏နှလုံးသားမှာ အမြဲလိုတည်ငြိမ်နေခဲ့သည်။
သို့သော်လည်း မှတ်ဉာဏ်များပြန်လည်ရရှိခြင်းနှင့် ညစာစားရန် ဆိုင်လာခဲ့သည့် အစ်ကိုဖျင်အပေါ် ပထမဆုံးအကြည့်မှာပင် သဘောကျသွားမည်ကိုမူ ချန်မန်မျှော်လင့်မထားမိခဲ့ပေ။
အကယ်၍သာ သူမ၏ယခင်ဘဝတွင်ဆိုလျှင် ဤသို့သောအဖြစ်မျိုးကြုံရပါက ဝီချက်သွားတောင်းပြီး နောက်တစ်ကြိမ်ပြန်ဆုံရန် ချိန်းဆိုလိုက်နိုင်သည်။
သို့သော်လည်း လက်ရှိခေတ်မှာမူ အချစ်နှင့်လက်ထပ်ခြင်းတို့၏ လွတ်လပ်မှုအကြောင်းပြောနေကြသည့်တိုင် ၎င်းတို့မှ စုံတွဲအများစုမှာ ဘလိုင်းဒိတ်တွေ့ပေးရာမှ အတူရှိသွားကြခြင်းဖြစ်သည်။
သို့တိုင်အောင် ဖန်းချောင်လမ်း၏ အစိုးရပိုင်ဟိုတယ်မှ အဒေါ်လောထံ မေးမြန်းထားမှုကြောင့် အစ်ကိုဖျင်၏အမည်၊ အသက်နှင့် အလုပ်အကိုင်တို့ကို သူမသိခဲ့ရသည်။
မည်သို့ပင်ဆိုစေကာမူ သူမတို့တွေ့ဆုံခဲ့သည်မှာ အကြိမ်ရေအနည်းငယ်သာ ရှိသေးသောကြောင့် ချန်မန် ထိုသူ့ထံရုတ်တရက်အပြေးသွား၍ “ သဘောကျနေပါသည်…” ဟု ဖွင့်ပြောလိုက်ရန်မဖြစ်နိုင်ပေ။ သူမ ရူးနေသည်ဟု အထင်မခံရလျှင်ပင် တစ်ဖက်လူမှာ သူမကို ထူးဆန်းသည်ဟု မြင်သွားနိုင်သည်။
ဤသို့ဖြင့် တစ်ဖက်လူအား အလွန်အမင်းရုတ်တရက်ဆန်ဆန် အနှောင့်အယှက်ပေးမိခြင်းမျိုး မဖြစ်စေဘဲ မည်ကဲ့သို့ချဉ်းကပ်ရမည်ဟူသော ပြဿနာမှာ ချန်မန်အတွက် ဒုက္ခဖြစ်နေလေတော့သည်။
💝💝💝