Chapter4
Viewers 208

အခန်း (၄) ပြတ်သားသော ထိုးနှက်ချက် ဤကျွမ်းကျင်မှုအသစ်ကို ကျန်းကျော ကောင်းကောင်းနားမလည်ခင်မှာပင် သတင်းထောက်များမှာ ကင်မရာများ တဖျတ်ဖျတ်ရိုက်ရင်း သူ့ထံသို့ အုံခဲကာ ရောက်ရှိလာကြသည်။ ကျန်းကျောမှာမူ ရှောင်တိမ်းခြင်းလည်းမပြု၊ စကားလည်းမပြောဘဲ ပြိုင်ပွဲကွင်းအတွင်းသို့သာ တန်းတန်းမတ်မတ် လျှောက်လှမ်းသွား၏။ သူသည် များသောအားဖြင့် အေးစက်သော မျက်နှာထားရှိသူဖြစ်၍ စိတ်ကြည်နေသလား၊ စိတ်ညစ်နေသလား ခန့်မှန်းရခက်လှသည်။ သတင်းထောက်တစ်ဦးက သူ့နောက်မှ လိုက်လာပြီး ထပ်တလဲလဲ မေးနေပြန်၏။ "ကျန်းသခင်လေး၊ ဒီနေ့ပြိုင်ပွဲဝင်ရတာ ရင်ခုန်နေသလားခင်ဗျာ?" ကျန်းကျောကတော့ "စိတ်မလှုပ်ရှားပါဘူး" ဟုသာ ပြန်ပြောလိုက်သည်။ "ကျန်းသခင်လေးကြည့်ရတာ တော်တော်လေး ယုံကြည်မှုရှိနေပုံပဲနော်။ ပထမဆုရမယ်လို့များ သေချာပေါက် ပြောနိုင်နေလို့လား?" ထိုမေးခွန်းမှာ အနည်းငယ် အဓိပ္ပာယ်မရှိဟု ထင်ရသဖြင့် ကျန်းကျော ဘာမှထပ်မပြောတော့ပေ။ သူက နောက်သို့ပင်လှည့်မကြည့်ဘဲ လက်ကာပြကာ သတင်းထောက်များကို ပြန်ခိုင်းလိုက်ပြီး စကားပြောရန် အစီအစဉ်မရှိကြောင်း ပြသလိုက်တော့၏။ သတင်းထောက်များကို အင်တာဗျူးခွင့် ပေးထားသော်လည်း ယခုအခါတွင် ပြိုင်ပွဲ၏ စည်းကမ်းများကိုပါ ထိခိုက်လာပြီဖြစ်၍ လုံခြုံရေးဝန်ထမ်းများကလည်း သူတို့ကို အချိန်မရွေး ဖယ်ရှားတော့မည့် အခြေအနေတွင် ရှိနေလျက်။ အချိန်ကလည်း အလွန်အရေးကြီးနေလေပြီ။ အခြား ဖျော်ဖြေရေးသတင်းထောက်တစ်ဦးမှာ စောစောက မေးခွန်းမေးသူကို စိတ်မရှည်သဖြင့် တိုးဝှေ့ထွက်လာပြီး အော်မေးလိုက်ပြန်သည်။ "ကျန်းသခင်လေး အွန်လိုင်းမှာ ပျံ့နေတဲ့ မျိုးဆက်ပြတ်မြေကွက် ကောလာဟလတွေအပေါ်မှာရော မင်းရဲ့ သဘောထားက ဘယ်လိုရှိလဲ?" ဤမေးခွန်းကမှ အချက်အချာကို ထိမှန်သွားပြီး လူတိုင်းစိတ်ဝင်စားနေသည့်အရာပင်။ ကျန်းကျောလည်း ခြေလှမ်းများ ရပ်တန့်သွားပြီး လှည့်ကြည့်လိုက်၏။ သူ ကင်မရာဘက်သို့ မျက်နှာမူလိုက်ရာ သူ၏မျက်နှာတစ်ခုလုံးက ကင်မရာတွင် ပေါ်လွင်လာတော့သည်။ သူ့ရုပ်ရည်မှာ အပြစ်ဆိုဖွယ်မရှိ ချောမောခံ့ညားနေပြီး အကြည့်များမှာလည်း တည်ငြိမ်နေကာ လူမြင်ကွင်း၌ ပေါ်ထွက်လာရခြင်းအတွက်လည်း ထိတ်လန့်နေဟန် စိုးစဉ်းမျှ မရှိပေ။ ဤအချက်ကပင် မေးခွန်းမေးသည့် သတင်းထောက်ကို ချက်ချင်းပင် မျက်နှာပူသွားစေ၏။ "ဒီကိစ္စနဲ့ ပတ်သက်ပြီးတော့..." ကျန်းကျောက ဆက်ပြောလိုက်သည်… "ကျွန်တော်တို့ ရှေ့နေတွေဘက်က ကောလာဟလတွေကို ငြင်းဆိုတဲ့ ထုတ်ပြန်ချက် ထုတ်ခဲ့ပြီးပါပြီ။ 'အွန်လိုင်းမှာ ပျံ့နေတာတွေက သတင်းမှားတွေဖြစ်ပြီး ကောလာဟလဖြန့်သူတွေကိုလည်း ဥပဒေအရ ထိထိရောက်ရောက် အရေးယူသွားမယ်' လို့ အဲဒီမှာ ပါပြီးသားပါ။ အသေးစိတ်ကို အွန်လိုင်းမှာ ရှာဖတ်နိုင်ပါတယ်" ဤအဖြေမှာ သဘာဝကျသော်လည်း သတင်းထောက်ကမူ အားမရသေးပေ။ "ဒါပေမဲ့ လက်ရှိ လူထုအမြင်အရဆိုရင်တော့ အင်တာနက်အသုံးပြုသူတွေက ဒါကို မယုံကြဘူးဗျ။ မစ္စတာကျန်းအနေနဲ့ တခြား ဘာအစီအစဉ်တွေများ ထပ်ရှိသေးလဲ?" ကျန်းကျောမှာ အနည်းငယ် အံ့အားသင့်သွားရပြီးနောက် ခေါင်းခါလျက် ပြုံးမိသွားတော့သည်။ အမြဲအေးစက်နေတတ်သူ တစ်ဦး ရုတ်ချည်း ပြုံးလိုက်သောအခါတွင်မူ မယုံနိုင်လောက်အောင် ဆွဲဆောင်မှုရှိသွားလျက်။ သူ၏ မျက်ခုံးများမှာ နားထင်ဘက်သို့ မြင့်တက်သွားပြီး နှုတ်ခမ်းထောင့်များမှာလည်း ညင်သာစွာ ကွေးညွတ်သွားကာ ထိုအပြုံးလေးမှာ မီးအိမ်၏ အလင်းရောင်အောက်တွင် တောက်ပနေသကဲ့သို့ပင်။ သူ ဘာမှထပ်မပြောတော့ဘဲ သတင်းထောက်၏ ပခုံးကိုသာ တစ်ချက် ပုတ်လိုက်ပြီး နောက်သို့လှည့်မကြည့်စတမ်း ပြောလိုက်တော့၏။ "အဲဒါကိုသာ ကျွန်တော် အခု ခင်ဗျားကို ပြောပြလိုက်ရင် အားလုံးပါ သိသွားတော့မှာပေါ့" သတင်းထောက် : "……" ကျန်းကျောမှာမူ ပြိုင်ပွဲကွင်းအတွင်းသို့ လျှောက်သွားပြီ ဖြစ်သည်။ သူ၏ ဖြေဆိုပုံမှာ အပြစ်ဆိုဖွယ်မရှိဘဲ မေးလာသည့်မေးခွန်းတိုင်းအား ဖြေနေသယောင် ရှိသော်ငြား အမှန်တကယ်တွင်မူ သတင်းအတွက် ရောင်းတန်းဝင်မည့် အချက်တစ်ခုမျှ မပါဝင်ပေ။ သတင်းထောက်များက ထပ်မံမေးမြန်းရန် ကြိုးစားသောအခါတွင်မူ လုံခြုံရေးများပါ ရောက်လာသဖြင့် စိတ်ပျက်လက်ပျက်ဖြင့်သာ ပြန်သွားကြရတော့သည်။ ပတ်ဝန်းကျင်မှ လူအများက ကျန်းကျောကို မသိမသာရော၊ သိသိသာသာပါ စိုက်ကြည့်နေကြသော်လည်း သူကတော့ မိမိဘာသာ နေမြဲအတိုင်းပင်။ သူက လူအုပ်ကို တစ်ချက်သာကြည့်ပြီး ဟွားသာ့အဖွဲ့ရှိရာသို့သာ တန်းတန်းမတ်မတ် လျှောက်သွားတော့၏။ ဘေးတွင် ရပ်နေသော ကျန်းဝေမှာမူ အံ့အားသင့်မှုမှ မရုန်းထွက်နိုင်သေးပေ။ ကျန်းကျော ဤမျှ မြန်မြန်ဆန်ဆန် နာလန်ထူလာပြီး ယခုကဲ့သို့သော ပွဲမျိုးတွင်ပင် ပေါ်လာရဲလိမ့်မည်ဟု သူ တကယ်မထင်ထားခဲ့ပေ။ သူ အနည်းငယ် စိတ်မလုံသလိုလည်း ခံစားနေရသည်။ ကျန်းကျော သူ့ဘေးမှ ဖြတ်သွားစဉ် ကျန်းဝေက ခဏမျှ ဝေခွဲမရဖြစ်သွားပြီးမှသာ ခေါင်းကို အနည်းငယ် ညိတ်ပြလိုက်မိ၏။ ကျန်းကျောကလည်း ရပ်လိုက်ပြီး ကျန်းဝေကို ခေါင်းစခြေဆုံး အကဲခတ်ပြီးမှ ပြုံးပြလိုက်သည်။ သူ၏ ကွေးညွတ်နေသော မျက်ဝန်းများနှင့် နှုတ်ခမ်းများမှာ နွေဦးတွင် အရည်ပျော်နေသည့် ရေခဲပြင်ကဲ့သို့ လှပသော်လည်း ထိုအပြုံး၏အောက်တွင် အေးစိမ့်မှုများ ကိန်းအောင်းနေဆဲပင်။ ကျန်းဝေ အသံမထွက်ဘဲ နောက်သို့ တစ်လှမ်းဆုတ်လိုက်မိစဉ် ကျန်းကျောက မေးလိုက်၏။ "အဖိုးဆုံးပြီး တစ်ပတ်ပြည့်တဲ့နေ့က မင်း အိမ်ဟောင်းကို ပြန်လာသေးလား?" ကျန်းကျောက အဖိုးဖြစ်သူနှင့်အတူ အိမ်ဟောင်းတွင် နေထိုင်ခဲ့ပြီး ကျန်းဝေကတော့ သူ၏ မိခင်နှင့်အတူ သူတို့ဖခင် မဆုံးခင်က ဝယ်ပေးခဲ့သော ဗီလာတွင် နေထိုင်သည်။ မိသားစုနှစ်ခုက အတူမနေကြပေ။ ကျန်းဝေမှာ ကျန်းကျောအနေဖြင့် သူ့ကို ပြဿနာရှာလိမ့်မည် သို့မဟုတ် ရိုင်းစိုင်းသော စကားများ ပြောလာလိမ့်မည်ဟု ပြင်ဆင်ထားသော်လည်း ယခုကဲ့သို့ မေးလိမ့်မည်ဟုတော့ မမျှော်လင့်ထားခဲ့ပေ။ ကျန်းဝေက နှုတ်ခမ်းကို တင်းတင်းစေ့လျက် "...မလာဖြစ်ဘူး" ဟု ဖြေလိုက်၏။ ကျန်းကျောက သူ့နှာတံလေးသူ လက်ဖြင့် ညှစ်လိုက်ရင်း… "ဘာလို့ ပြန်မလာတာလဲ? အိမ်ဟောင်းထဲမှာ တန်ဖိုးရှိတဲ့ အရာတွေ ဘာမှမတွေ့တော့လို့ စိတ်ဓာတ်ကျသွားတာလား?" ကျန်းကျောက ပုံမှန်အားဖြင့် သူ့ကို လျစ်လျူရှုထားတတ်သော်လည်း စကားသုံးခွန်းလောက် ပြောလာသည့်အခါတိုင်းတွင်မူ ကျန်းဝေမှာ ဒေါသထွက်လာရစမြဲ။သူက ပတ်ဝန်းကျင်မှ လူများကို ကြည့်ကာ ဒေါသကို ထိန်းလိုက်ပြီး… "...အဲဒီရက်ပိုင်းက ဆွေမျိုးတွေ လာလည်နေလို့ပါ။ ကျွန်တော့်အဒေါ်က ဆေးကုဖို့ လာနေတာမို့ ကျွန်တော်နဲ့ အမေက သူ့ကို စောင့်ရှောက်ပေးနေရလို့" ကျန်းကျော: "ငါ မူလတန်းတုန်းက အဖိုးဆီကနေ ရောဂါကုဖို့ဆိုပြီး ငါးသောင်း ချေးသွားတဲ့ အဒေါ်လား? သူ အခုထိ အသက်ရှင်နေသေးတာလား? အဲဒီပိုက်ဆံတွေကို ပြန်ပေးဖို့ သတိရဦးလို့လည်း သူ့ကို တစ်ချက်လောက်ပြောပေးပါဦး" ကျန်းဝေ : "..." ကျန်းကျောက သူ့ကို ခေါင်းညိတ်ပြကာ အဓိပ္ပာယ်ပါပါ ပြောလိုက်သည်။ "ဆွေမျိုးဖြစ်ဖြစ် မဖြစ်ဖြစ်၊ အကြွေးဆိုတာတော့ ဆပ်ရမှာပဲ" ကျန်းဝေမှာ စောစောက အပြောအဆို ခံလိုက်ရသဖြင့် ဒေါသထွက်နေသော်လည်း နောက်ဆုံးစကားလုံးကို ကြားလိုက်ရသောအခါတွင်မူ ရင်ထဲတွင် ထိတ်သွားရတော့၏။သူသည် သတင်းထောက်များရှေ့တွင် စကားကောင်းကောင်း ပြောနိုင်သော်လည်း ကျန်းကျော၏ ရှေ့တွင်မူ စိတ်မသက်မသာ ဖြစ်နေရဆဲပင်။ ကံကောင်းထောက်မစွာဖြင့် ကျန်းကျောက ထပ်မနေတော့ဘဲ သူ့ဘေးမှ ဖြတ်ကာ ဟွားသာ့အဖွဲ့ဆီသို့သာ သွားလိုက်တော့သည်။ ပြိုင်ပွဲဝင်များနှင့် ပရိသတ်များမှာ ပြိုင်ကွင်းအတွင်း သီးခြားစီ ဝင်ရမည်ဖြစ်ပြီးပြိုင်ပွဲမှာလည်း စတင်တော့မည်ပင်။ ပြိုင်ပွဲကို အခြေခံဗဟုသုတ မေးခွန်းများဖြင့် စတင်ထားပြီး အမှတ်အများဆုံးရသူများကို အဆင့်သတ်မှတ်ပေး၏။ ထိပ်ဆုံးအမှတ်ရသူ တစ်ဝက်မှာ နောက်တစ်ဆင့်သို့ တိုက်ရိုက်တက်ခွင့်ရမည်ဖြစ်ပြီး ကျန်သူများကတော့ 'ပြန်လည်ရွေးချယ်ပွဲ' ဝင်ပြိုင်ရမည်ဖြစ်သည်။ ကျန်းကျော ပြိုင်ပွဲကွင်းထဲသို့ ရောက်ပြီး မကြာမီမှာပင် သူ ပြိုင်ပွဲဝင်နေသည့် သတင်းမှာ ရှာဖွေမှု အများဆုံး စာရင်း၏ ထိပ်ဆုံးသို့ ရောက်ရှိသွားပြီး လူထု၏ စိတ်ဝင်စားမှုကို ရရှိလာခဲ့တော့၏။ ထိုနေ့မှာ ပိတ်ရက်ဖြစ်သဖြင့် လူအများက တီဗီဖွင့်ကြည့်နေကြသလို အချို့ကလည်း ဗီဒီယိုများ ရှာကြည့်နေကြသည်။ ပြိုင်ပွဲဝင်များမှာ စခရင်ကြီး၏ ရှေ့တွင် စက်ဝိုင်းခြမ်းပုံစံဖြင့် ထိုင်နေကြပြီး တစ်ဦးစီ၏ ရှေ့မှ စားပွဲတွင်လည်း အဖြေပေးစက်များ ရှိ‌နေလျက်။ တိုက်ဆိုင်သည်လား မသိသော်လည်း ကျန်းကျောမှာ တစ်ဖက်ခြမ်းရှိ ဘယ်ဘက်အစွန်ဆုံးတွင် ထိုင်ရပြီး၊ ကျန်းဝေမှာမူ အခြားတစ်ဖက်ရှိ ညာဘက်အစွန်ဆုံးတွင် ရှိနေသဖြင့် သူတို့နှစ်ဦးမှာ မျက်နှာချင်းဆိုင် ဖြစ်နေကာ အလွန် ပေါ်လွင်နေ၏။ ပထမဆုံး မေးခွန်းမှာ စခရင်ပေါ်တွင် ပေါ်လာလေပြီ ... "နွေဦးညရဲ့ ခဏတာက ရွှေတုံးတစ်ထောင် တန်ဖိုးရှိတယ်၊ ------------" ရွေးချယ်စရာအဖြေအတွက် အေ၊ ဘီ၊ စီ ဟူ၍ သုံးခု ပေးထားသည်။ ဤကဗျာမှာ စူးရှီ၏ "နွေဦးည" ကဗျာမှ ဖြစ်၏။ ပထမစာကြောင်းကို လူသိများသော်လည်း ဒုတိယစာကြောင်းကိုမူ လူသိနည်းလှသည်ပင်။ သို့သော် ပြိုင်ပွဲဝင်များမှာလည်း ကျောင်းအသီးသီးမှ ထူးချွန်ကျောင်းသားများ ဖြစ်ကြသဖြင့် လူအချို့က ချက်ချင်းပင် အဖြေပေးစက်ကို နှိပ်လိုက်ကြ‌လေပြီ။ အမှတ်စာရင်းမှာလည်း အလိုအလျောက် တက်လာသည်။ အဖြေမှန်မှာ "ပန်းတွေမှာ ရနံ့ရှိပြီး လမင်းမှာတော့ အရိပ်ရှိတယ်" ဆိုသည့် (အေ) ဖြစ်၏။ အဖြေမှန်ပါက အမှတ်ရပြီး မှားပါက အမှတ်‌လျော့မည် ဖြစ်သည်။ ၁၀ စက္ကန့်ကျော်မှ နှိပ်ပါက အကျုံးမဝင်ပေ။ အဖြေမပေးလိုက်ရသည့် ပြိုင်ပွဲဝင်များမှာမူ စိုးရိမ်သွားဟန် လုံးဝ မရှိကြပေ။ သူတို့သည် အတွေ့အကြုံရှိသူများ ဖြစ်၏။ အစပိုင်း မေးခွန်းများမှာ လွယ်ကူသော်လည်း နောက်ပိုင်းတွင် ခက်ခဲလာမည်ဖြစ်ရာ ထိုအခါမှသာ အရည်အချင်း အစစ်အမှန်ကို တိုင်းတာနိုင်မည်ပင်။ ပရိသတ်များစွာမှာမူ ကျန်းကျော၏ စွမ်းဆောင်ရည်ကို လှောင်ပြောင်ရန်သာ စောင့်ကြည့်နေကြသည်။ အွန်လိုင်း‌ေပါ်တွင်လည်း ကျန်းကျောမှာ ငွေဖြင့် လာဘ်ထိုးထားခြင်းဖြစ်ကြောင်း၊ စရိုက်မကောင်းကြောင်းနှင့် အရည်အချင်းမရှိကြောင်း သတင်းပို့စ်များက လွှမ်းမိုးနေ‌လေပြီ။ "ပိုင်ရှန့်ဝေရဲ့ အရူးအမူးဖန်"ဟု အမည်ပေးထားသည့် အင်တာနက်အသုံးပြုသူတစ်ဦးကတော့ ဤသို့ ရေးသားလာခဲ့၏။ "ကျန်းကျော ပေါ်လာတာ လုံးဝ မတရားဘူး၊ သူက ဘာလို့ ဒီလောက် ချောနေရတာလဲ??? ဒီလို မျက်နှာမျိုးကို မြင်နေရတော့ သူ့ကို ဆဲဖို့တောင် အားမရှိတော့ဘူး‌လေ” ထိုအမည်ဖြင့် ကျန်းကျောကို ချီးကျူးလိုက်သဖြင့် ပိုင်ရှန့်ဝေ၏ အခြားဖန်များကလည်း သူ့ကို ဝိုင်းဆဲကြတော့သည်… "အပေါ်ကလူက တကယ့်ဖန်အစစ်ရော ဟုတ်ရဲ့လား? ပိုင်ရှန့်ဝေတောင် အဲဒီလူရဲ့ အိမ်စုတ်ကြောင့် ကားအက်စီးဒင့် ဖြစ်ခဲ့ရတာလေ! ရုပ်ချောတာက ဘာအသုံးကျလို့လဲ? ငါ့နှလုံးသားထဲမှာတော့ ပိုင်ရှန့်ဝေကသာ ကမ္ဘာ‌ေပါ်မှာ နံပါတ်တစ် အချောဆုံးလူပဲ!” အခြား လမ်းကြုံသူများလည်း ပွဲထဲသို့ ပါဝင်လာကြလေပြီ… "ကျန်းကျောက ပွဲစီစဉ်သူတွေနဲ့ သိလို့ ဗိုလ်လုပွဲအထိ တက်လာတာလို့ ဖော်ထုတ်ထားတဲ့ ပို့စ်တစ်ခုကို ငါ မှတ်မိနေသေးတယ်။ သူက တကယ်တော့ ဘာမှမတတ်တဲ့သူပဲ၊ မဟုတ်ရင် မျိုးဆက်ပြတ်မဲ့ မြေကွက်ကို ရွေးမိပါ့မလား?” "ဟုတ်နိုင်တယ်…လွန်ခဲ့တဲ့ နှစ်နှစ်က ယွဲ့တောင်‌ပေါ် ဗီလာ စဆောက်တုန်းကဆို သူက ကျန်းမိသားစုရဲ့ စံပြအမွေဆက်ခံသူဆိုပြီး‌တော့တောင် သတင်းတွေ ထွက်ခဲ့သေးတာ‌ေလ။ ကြွားချင်ရင်တော့ ဘာမဆိုကို ပြောလို့ရတာပဲ” "Image တွေ ဒီလောက် ပျက်စီးနေတာတောင် ပြိုင်ပွဲလာပြိုင်ရဲတဲ့ သူ့သတ္တိကိုတော့ ငါ တကယ် ချီးကျူးတယ်” "လာမပြိုင်ရင် အပြစ်ရှိတယ်လို့ ဝန်ခံလိုက်တာနဲ့ အတူတူပဲလေ၊ သူ့မှာ ရွေးချယ်စရာမှ မရှိတာ” ဝေဖန်နေသူ အများစုမှာ ကျန်းမိသားစုနှင့် လုံးဝမှ စီးပွားရေး မလုပ်ဖူးသူများ ဖြစ်ကြ၏။ ပိုင်ရှန့်ဝေ၏ ဖန်များမှလွဲ၍ ကျန်လူများမှာ ကျန်းကျောကို အမှန်တကယ် မုန်းတီးနေကြခြင်း မဟုတ်ဘဲ ရောယောင်၍ ပြောနေကြခြင်းသာ။ ကျန်းကျောအနေဖြင့် အွန်လိုင်းပေါ် တက်မကြည့်သော်လည်း ထိုလူများ ဘာပြောနေကြမည်ကိုတော့ ခန့်မှန်းနိုင်‌ေလသည်။ စင်ပေါ်တွင် ထိုင်နေစဉ်မှာပင် အောက်မှ လူအများ၏ စိုက်ကြည့်နေသော အကြည့်များကို သူ ခံစားနေရ၏။ မေးခွန်းငါးခုလောက်ကို စိတ်ငြိမ်ငြိမ်ဖြင့် အဖြေရှာကြည့်ပြီးနောက် ကျန်းကျော စတင် အဖြေပေးတော့၏။ "ချန်ရှန်းရဲ့ '‌ တောင်‌ပေါ်အပန်း‌ဖြေစခန်းမှ နွေဦးရာသီ' ဆိုတဲ့ ကဗျာနှစ်ပုဒ်မှာ ဘယ်နေရာနဲ့ ရှုခင်းကို ဖော်ပြထားလဲ?” “(စီ) ဟဲနန်ပြည်နယ်၊ ရှန်ချိုးမြို့” "ဝမ်ကျီဟွမ်းရဲ့ လက်ရာ ဘယ်နှစ်ပုဒ်ကို ‘ထန်‌ခေတ်မှ အပြီးသတ်ကဗျာများ’ထဲမှာ ထိန်းသိမ်းထားလဲ?” “(အေ) ‌၆ ပုဒ်” "'...စာအုပ်ထဲက ပျော်ရွှင်မှုတွေ၊ ဝမ်းနည်းမှုတွေ၊ ဆုံစည်းမှုနဲ့ ခွဲခွာမှုတွေကို လေ့လာကြည့်ရင် အဲဒါတွေဟာ ထင်ယောင်ထင်မှားတွေ၊ လျှပ်စီးတွေ၊ မနေ့က အိပ်မက်တွေနဲ့ မနေ့က ဖုန်မှုန့်တွေလိုပဲ။ စာအုပ်ကို ပိတ်ပြီး အချိန်ရဲ့ ကုန်လွန်မြန်ဆန်မှုနဲ့ ဘဝရဲ့ မမြဲခြင်းကိုသာ ခံစားရတော့တယ်' ဆိုတဲ့ စာသားက ဘယ်ကနေ လာတာလဲ?” “(ဘီ) ရှောင်းရှန်းရဲ့ စာပေနိဒါန်း” "..." ကျန်းကျောအဖို့ ထိုမေးခွန်းများကို မြင်သည်နှင့် စဉ်းစားနေစရာပင်မလိုဘဲ အဖြေပေးစက်ကို ချက်ချင်း နှိပ်တော့သည်။ ထို့ကြောင့် အခြားပြိုင်ပွဲဝင်များခမျာလည်း သူနှင့်အမီ အမြန်လိုက်နှိပ်နေရသဖြင့် ပြိုင်ပွဲမှာ အလွန် ပြင်းထန်မြန်ဆန်လာ‌‌ေတာ့၏။ စောစောကမှ "အတွင်းသတင်း" ၊ "ဘာမှမတတ်ဘူး" ဟု အော်ဟစ်နေကြသည့် ပရိသတ်များအားလုံး ကြက်သေ,သေသွား‌ရလေပြီ။ ကျန်းကျော၏ အမှတ်စာရင်း တရိပ်ရိပ် တက်လာသည်နှင့်အမျှ ကဲ့ရဲ့လှောင်ပြောင်သံများနှင့် “ကောလဟာလ" များမှာလည်း တဖြည်းဖြည်း နည်းပါးသွားပြီး ကောမန့်များမှာပါ ငြိမ်သက်သွားခဲ့သည်။ “...ငါများ တိုက်ရိုက်ထုတ်လွှင့်မှုရဲ့ ကောမန့်တွေကို ပိတ်ထားမိတာလား?” "မဟုတ်ဘူး၊ အားလုံးက ပြိုင်ပွဲကို ကြည့်ရင်း ဆွံ့အသွားကြတာ” ကျန်းကျောမှာမူ အခြားသူများ၏ တုံ့ပြန်မှုများကို လုံးဝမှပင် ဂရုမစိုက်ပေ။ သူက စင်ပေါ်တွင်သာ တည်ငြိမ်စွာ ထိုင်၍ အဖြေပေးစက်ကို နှိပ်‌ေနရင်း "ဒင်" ခနဲဟူ၍ အဖြေမှန်သွားသည့်အသံများကိုသာ နားထောင်နေသည်။ ဖုန်းရွှေပညာမှာ ရိုးရာယဉ်ကျေးမှု၏ အစိတ်အပိုင်းတစ်ခု ဖြစ်၏။ ခက်ခဲနက်နဲသော စာသားများနှင့် ဂါထာမန္တန်များကို နားလည်ရန်အတွက် စာပေအခြေခံ အလွန်ကောင်းမွန်ရန် လိုအပ်‌ေပသည်။ အခြားအရာများကို မပြောနိုင်သော်လည်း ဤအခြေခံ အရည်အချင်းမှာတော့ သူ နှစ်ပေါင်းများစွာ ကြိုးစားအားထုတ်ခဲ့ရသည့် ရလဒ်ပင်။ ကျန်းကျောအတွက်မူ ဤမေးခွန်းများမှာ အပျော့စားမျှသာ။ အမှန်တရား မပေါ်ခင်အထိ သတင်းထောက်များ၊ အင်တာနက်အသုံးပြုသူများနှင့် စကားပြိုင်များနေရန် မလို‌ပေ။ ယခု သူ၏ စွမ်းဆောင်ရည်ကပင် အကောင်းဆုံး သက်သေဖြစ်နေပြီ မဟုတ်ပါလား။ အမှန်ပင် ထိုမြင်ကွင်းက ဝေဖန်သူများကို ပါးစပ်ပိတ်သွားစေ‌တော့၏။ ခဏအကြာတွင် တိတ်ဆိတ်နေသော စခရင်ပေါ်၌ ကောမန့်တစ်ခု ပေါ်လာသည်။ "အခု အမှတ်တွေအရဆိုရင်... ကျန်းကျောက သေချာပေါက် ပထမပဲ မဟုတ်လား?” ထိုအခါမှ ကျန်လူများလည်း ဝိုင်းဝန်း ဆွေးနွေးလာကြ၏။ "ဒီလူက တကယ့်ကို အံ့ဩစရာကြီး၊ တစ်ပွဲလုံးကို သူပဲ စိုးမိုးထားတာ!” "ကံကောင်းလို့ ဒီပြိုင်ပွဲက မေးခွန်းတစ်ခုကို တစ်ယောက်ပဲ ဖြေလို့ရတာ မဟုတ်လို့…။မဟုတ်ရင်တော့ ကျန်တဲ့လူတွေအကုန် သုညတွေ ဖြစ်ကုန်‌တော့မှာ။ အဲလိုသာဆို ရှက်စရာကြီး” "ကျန်းကျောက မတရားတဲ့နည်းနဲ့ တက်လာတာလို့ ပြောတဲ့လူတွေအကုန် ထွက်ခဲ့ကြစမ်းပါ။ တခြားဟာတွေတော့ အမှန်လား အမှားလား မသိပေမဲ့ သူက စာတော့ တကယ်တော်တဲ့သူပဲ” ယခင်က ကျန်းကျောကို မည်သူမှ မသိကြသလို ဤကဲ့သို့ အရည်အချင်းရှိမည်ဟုလည်း မထင်ထားခဲ့ကြပေ။ အမှန်စင်စစ်တွင် အလုပ်တစ်ခုကို အာရုံစိုက်လုပ်နေသည့် အမျိုးသားတစ်ဦးမှာ ဆွဲဆောင်မှုအရှိဆုံး ဖြစ်ပြီး အရည်အချင်းရှိခြင်းမှာလည်း ဘယ်နေရာ၌မဆို အားသာချက်ပင် ဖြစ်သည်။ အစပိုင်းက ရောယောင်၍ ဆဲဆိုခဲ့သူ အများအပြားပင် ယခုမြင်တွေ့နေရသည့် ရလဒ်ကြောင့် စိတ်ပြောင်းသွားကြ‌လေပြီ။ "မဖြစ်တော့ဘူး၊ ငါတော့ သူ့ဖန် ဖြစ်လာမိတော့မယ်နော်... ဒါပေမဲ့ ပြောရဦးမယ်…အွန်လိုင်းပေါ်က ကောလာဟလတွေက တော်တော်လေး ချဲ့ကားလွန်းတယ် မဟုတ်လား။ ကျန်းကျောကဖြင့် သတင်းထဲကလူနဲ့ လုံးဝကို တခြားစီပဲ။ မျိုးဆက်ပြတ်မြေကွက် ဆိုတာကြီးကရော အမှန်ဟုတ်ရဲ့လားလို့တောင် ငါ သံသယဝင်လာပြီ” အရည်အချင်းအပြင် ကျန်းကျောတွင် ရုပ်ရည်ကလည်း ရှိနေသေး၏။ ကြည့်ရှုသူ အချို့မှာလည်း မနေနိုင်‌ေတာ့ဘဲ ကောမန့် ဝင်ရေးကြတော့သည်… "စကားမစပ်... ငါ အရင်က သတင်းတွေတော့ သိပ်မသိပေမဲ့ ဒီလူက ‌ေ-ာက်ရမ်းကို ချောတာဟေ့!” "ဟုတ်တယ်…ဟုတ်တယ်၊ ကျန်းကျောရဲ့ ရုပ်ရည်ကတော့ တကယ့်ကို ထိပ်တန်းပဲ။ သတင်းထဲက ဓာတ်ပုံတွေကို မြင်တုန်းကဆို ဖိုတိုရှော့လို့တောင် ထင်လိုက်မိ‌တာ” "မင်းတို့တွေ 'ချိုက်တင်ရဲ့ အလှနတ်ဘုရားနှစ်ပါး' အကြောင်း ကြားဖူးလား? တစ်ယောက်က ကျန်းကျော၊ နောက်တစ်ယောက်က ယွင်စုချွမ်းတဲ့။ သူတို့က အရင်တုန်းကဆို ကျောင်းရဲ့ အချောဆုံးတွေပဲ၊ ဒါပေမဲ့ နောက်တစ်ယောက်ကတော့ နိုင်ငံခြား ထွက်သွားပြီ” "ယွင်စုချွမ်းက ဘယ်သူလဲ? သူကရော ချောလား? ပြောပြကြပါဦးဟ!” လူများ ထိုအကြောင်းကို ဆွေးနွေးလာကြသဖြင့် အာရုံစိုက်မှုမှာ ကျန်းကျောဆီမှ လွဲဖယ်သွား‌ေတာ့သည်။ ယခင်က ကျန်းကျော၏ အမည်ကို ကြားသည်နှင့် လူအများက အရှုပ်တော်ပုံများကိုသာ ပြေးမြင်မိကြသော်လည်း၊ ယခု လူကိုယ်တိုင် မြင်လိုက်ရသောအခါတွင်မူ သူတို့၏ စိတ်ထဲတွင် ကျန်းကျောအတွက် တံဆိပ်အသစ်များပါ ကပ်ပေးနေကြလေပြီ။ အောက်မှ ပရိသတ်များမှာ စိတ်ဝင်တစား ဆွေးနွေးနေကြသော်လည်း စင်ပေါ်ရှိ ပြိုင်ပွဲဝင်များမှာမူ ဖိအား အကြီးအကျယ် ခံစားနေရ၏။ အထူးသဖြင့် ကျန်းဝေပင်။ ပြိုင်ပွဲမစခင်ကအထိ ကျန်းဝေမှာ အခြားသူများကို ဂရုစိုက်ရန် ရည်ရွယ်ချက်ပင် မရှိခဲ့ပေ။ အဘိုးဆုံးပြီးကတည်းက ကျန်းကျောမှာလည်း သတင်းဆိုးများနှင့် ရင်ဆိုင်နေရသဖြင့် ဤအခွင့်အရေးကို အသုံးချကာ သူ၏ ထူးချွန်မှုကို လူသိရှင်ကြား ပြသရန် ကြိုးစားခဲ့ပြီး အောင်မြင်မှုအချို့လည်း ရစပြုနေပြီ ဖြစ်သည်။ ယနေ့ ပြိုင်ပွဲတွင် ကျန်းဝေအနေဖြင့် အခြားသူများကို ရှုံးချင်ရှုံးနိုင်သော်လည်း ကျန်းကျောကိုမူ လုံးဝ အရှုံးမပေးနိုင်ပေ။ မဟုတ်လျှင် သူ ယခင်က တည်ဆောက်ခဲ့သော ပုံရိပ်မှာ အချည်းနှီး ဖြစ်သွား‌ေပလိမ့်မည်။ ထို့အပြင် ယခု သူတို့နှစ်ဦးကြားရှိ အမှတ်ကွာခြားချက်မှာလည်း အလွန် များပြားနေပြီ ဖြစ်၏။ သူတို့နှစ်ဦးမှာ မျက်နှာချင်းဆိုင် ထိုင်နေရသဖြင့် ကျန်းဝေဟာ တစ်ဖက်မှ အမှတ်စာရင်းကို လှမ်းမြင်နေရသည်။ ကျန်းကျော၏ အမှတ်များ တရိပ်ရိပ် တက်လာသည်နှင့်အမျှ သူ၏ နဖူးတွင် ချွေးစေးများ ထွက်လာရပြီး အရှုံးမပေးလိုသော စိတ်ဓာတ်များလည်း ပြင်းထန်လာခဲ့၏။ သူသည် ကျန်းကျောကဲ့သို့ အဘိုးနှင့်အတူ ကြီးပြင်းလာသူ မဟုတ်သော်လည်း ငယ်စဉ်ကတည်းက ကြိုးစားသင်ယူခဲ့သူ ဖြစ်ရာ သူကရော ဘာကြောင့် ရှုံးရမည်နည်း?