Chapter5
Viewers 209

အခန်း (၅) အချိန်ပြကင်မရာ တစ်ဦးချင်းအဖြေရွေးချယ်ရသည့် အဆင့်မှာ လျင်မြန်စွာပင် ပြီးဆုံးသွားခဲ့ပြီး ကျန်းကျောက အခြားပြိုင်ပွဲဝင်များထက် အမှတ်အသာစီးဖြင့် ယာယီဦးဆောင်နေသည်။ ပထမအဆင့်၏ အဆုံးသတ်တွင်မူ ၁၅ မှတ်တန် ကဗျာမေးခွန်း တစ်ခုသာ ကျန်ရှိတော့၏။ ပြိုင်ပွဲဝင်များ ဖြေဆိုခဲ့ရသည့် မေးခွန်းပေါင်း ၁၀၀ ထဲတွင် ပထမ ၅၀ မှာ အတော်အတန် လွယ်ကူသဖြင့်တစ်မှတ်စီသာ ရသော်လည်း နောက်ထပ် ၅၀ မှာမူ ပိုမိုခက်ခဲ၍ နှစ်မှတ်စီ သတ်မှတ်ထားသည်။ သို့သော် ၎င်းတို့နှင့် နှိုင်းယှဉ်ပါက ၁၅ မှတ်တန် မေးခွန်းတစ်ခုမှာ အလွန်ပင် တန်ဖိုးကြီးမားလှသည် မဟုတ်ပါလား။ တစ်နည်းအားဖြင့်ဆိုသော် လက်ရှိ အဆင့်သတ်မှတ်ချက်များမှာ ဤမေးခွန်းတစ်ခုတည်းကြောင့် သိသိသာသာပင် ပြောင်းလဲသွားနိုင်၍ ကျန်းဝေ၏ မျှော်လင့်ချက်မှာလည်း ၎င်းအပေါ်တွင်သာ မူတည်နေ၏။ အစီအစဉ်အဖွဲ့က ကဗျာတစ်ပုဒ်၏ အစပိုင်းကို ပေးထားမည်ဖြစ်ပြီး ပြိုင်ပွဲဝင်များက စက္ကန့် ၆၀ အတွင်း ကဗျာကို ပြီးအောင် ဆက်ရေးရမည်ပင်။ နောက်ဆုံးတွင်မှ ဖိတ်ကြားထားသော ဒိုင်လူကြီး သုံးဦးက မဲပေး အမှတ်ခြစ်ကြမည် ဖြစ်သည်။ စခရင်ကြီးပေါ်တွင် မေးခွန် ပေါ်လာလေပြီ: "ရေရှိလျှင် ချောင်းဟုခေါ်၊ ရေမရှိလျှင် ချောက်ဟုခေါ်။ ချောင်းရေကိုဖယ်‌ကော်၍၊ ငှက်ကိုထည့်သော် ကြက် ဟုခေါ်။ အနိုင်ရသည့် ကြောင်တစ်ကောင်ကား ကျားထက် ဆိုးမြဲ…၊ အမွေးနုတ်ခံရသည့် ဖီးနစ်ကား ကြက်‌လောက်ပင်အဆင့်မရှိ ” ① အင်တာနက် အသုံးပြုသူများပါ အသည်းအသန် ဆွေးနွေးကုန်ကြတော့သည်: "ဒီမေးခွန်းက အံ့ဩစရာပဲ။ စက္ကန့် ၆၀ ဆိုတာ ဘယ်သူ့အတွက်မှ မလုံလောက်ဘူး။ အမှတ်ဒီလောက် များတာလည်း မဆန်းပါဘူး။ တော်တော်များများ ဖြေနိုင်မှာ မဟုတ်ဘူးလို့ ငါ လောင်းရဲတယ်” "ဒါတင်မကဘူးကွ၊ ဒါက စာလုံးအစိတ်အပိုင်းတွေကို ဆက်တာတင် မဟုတ်‌လောက်ဘူး။ နောက်ဆုံး နှစ်ကြောင်းကိုပဲ ကြည့်လိုက်လေ… ‘အနိုင်ရသည့် ကြောင်တစ်ကောင်ကား ကျားထက် ညံ့မြဲ…၊ အမွေးနုတ်ခံရသည့် ဖီးနစ်ကား ကျားနှင့် မတူနိုင်‌’ တဲ့။ အဲဒါက တစ်ဖက်လူကို စော်ကားတာ မဟုတ်ဘူးလား? ဒါကြောင့် အဖြေရဲ့ ရည်ရွယ်ချက်ကလည်း အရမ်းအရေးကြီးလိမ့်မယ်” "အပေါ်ကလူက တော်လိုက်တာ!" "ချီးကျူးတာ ကျေးဇူးတင်ပါတယ်။ ကျွန်တော်က တရုတ်စာပြဆရာတစ်ယောက်ပါ” ပရိသတ်များ ခန့်မှန်းထားသည့်အတိုင်းပင် အချိန်ပြည့်သွားသောအခါ ပြီးအောင်ရေးနိုင်သူ အနည်းငယ်သာ ရှိပြီး ပြိုင်ပွဲဝင်များ၏ ကဗျာများကိုလည်း စခရင်ပေါ်တွင် ပြသလိုက်၏။ အဓိကဒိုင်လူကြီးမှာ အက်စ်တက္ကသိုလ်၏ ဧည့်ပါမောက္ခ လိန်ပင်း ဖြစ်သည်။ သူ့တွင် ဝေဖန်အကြံပြုရန်နှင့် ပထမဆုံး မဲပေးရန် တာဝန်ရှိ၏။ ကဗျာအချို့ကို ဖတ်ပြီးနောက်တွင် သူက ပြိုင်ပွဲဝင်များ၏ အဖြေများကို သဘောမကျခဲ့ပေ။ အချို့က မပြည့်စုံသလို အချို့ကလည်း ကဗျာကာရန် မညီပေ။ ကျန်းဝေ၏ အဖြေကို မြင်လိုက်ရမှသာ သူ လက်ခံနိုင်သည့် အဖြေတစ်ခုကို တွေ့လိုက်ရတော့သည်။ ကျန်းဝေ ရေးထားသည်မှာ… "ခရုခွံရှိလျှင် ချမ်းသာဟု‌ခေါ်၊ ခရုခွံမရှိလျှင် ပါရမီ‌ဟုခေါ်။ ချမ်းသာခြင်းမှ ခရုခွံကိုဖယ်‌ကော်၍၊ ပါးစပ်ကိုထည့်သော် 'ဝိုင်းဝန်းခြင်း'ဟု‌ခေါ်။ ခန်းမဆောင်ထဲ ပြည့်နေ‌သည့် ရွှေနှင့်ကျောက်စိမ်းများကား မပြန့်ကျဲနိုင် ဂုဏ်သရေရှိ ဧည့်သည်များလည်း ဝိုင်းလို့ဖွဲ့ လမင်းကြီးလည်း ညကောင်းကင်တွင် ဝိုင်းလို့စက်" ② သူ၏ ယခင်ကြိုးစားမှုများကြောင့် လူထုက ကျန်းဝေအပေါ် အထင်ကြီးနေကြဆဲပင်။ သတ်မှတ်ထားသော အချိန်အတွင်း အလုပ်ပြီးမြောက်သည်ကို မြင်ရသောအခါ ကောမန့်တွင်လည်း ချီးကျူးသံများဖြင့် ပြည့်နှက်သွားတော့၏။ "ကျန်းမိသားစုကတော့ မျိုးရိုးဗီဇကိုက ကောင်းတာပဲ၊ ဒီကျန်းဝေကလည်း တော်တော် ပါရမီရှိတာပဲကွ။ ဒီလောက် အချိန်တိုအတွင်းမှာ ကာရန်ရော ပုံစံရော မှန်အောင် ရေးနိုင်တာ အံ့ဩစရာပဲ” "အရေးကြီးဆုံးကတော့ သူက သူ့အစ်ကိုထက်လည်း လူပီသတယ်ဆိုတာပဲ၊ ပရဟိတတွေ ခဏခဏ လုပ်တယ်လို့လည်း ကြားတယ်” "အခုတော့ ကျန်းကျော သူ့ကို ယှဉ်နိုင်မှာ မဟုတ်တော့ဘူး။ ကျန်းဝေကမှ လုံးဝ နာမည်ပျက် မရှိတဲ့ တကယ့်အစစ်အမှန် အမွေဆက်ခံသူပဲ” လူတစ်ယောက်ကို မြှောက်ပင့်ပြီး နောက်တစ်ယောက်ကို နှိပ်ကွပ်‌နေသည့် ထိုကောမန့်များကြောင့် လမ်းကြုံကြည့်ရှုသူတစ်ဦးက မနေနိုင်ဘဲ ဝင်ပြောတော့သည်။ "အပေါ်ကလူက ငွေပေးပြီးခိုင်းထားတဲ့ trolls တွေ သုံးလွန်းနေပြီ၊ ဒါက အရမ်းသိသာလွန်း‌နေတယ်နော်" လိန်ပင်းက နှစ်ခေါက်ခန့် ဖတ်ကြည့်ပြီးမှ ဆို၏။ "ကာရန် နည်းနည်းလေး လွဲနေ‌သေးပေမဲ့ ပုံစံကတော့ မှန်ပါတယ်။ ဒီလောက် အချိန်တိုအတွင်းနဲ့ ရေးနိုင်တာ မဆိုးပါဘူး” ယခင်ပြိုင်ပွဲဝင်များနှင့် နှိုင်းယှဉ်ပါက ကျန်းဝေသည် သူကိုယ်သူ တော်သည်ဟု ထင်သွား၍ အနည်းငယ် ဘဝင်မြင့်သွားပြီး ကျန်းကျောကိုပင် လှမ်းကြည့်လိုက်‌သေးသည်။ တင်ဆက်သူက မေးလာ၏။ "ဒါဆိုရင် ဆရာလိန်ပင်းအနေနဲ့ ကျန်းဝေကို ၅ မှတ် မဲပေးမှာလားခင်ဗျာ?” လိန်ပင်းက ခဏမျှ တုံ့ဆိုင်းသွားပြီးမှ ပြောလိုက်သည်။ "နောက်တစ်ယောက်ကို အရင် ကြည့်လိုက်ရအောင်” နောက်ဆုံးလူမှာ ကျန်းကျော ဖြစ်ပြီး သူ၏ အဖြေကိုလည်း စခရင်ပေါ်တွင် ပြသလိုက်လေပြီ။ "လူရှိလျှင် 'တင်း' ဟုခေါ်၊ လူမရှိလျှင်လည်း 'တင်း' ဟုခေါ်။ 'တင်း' ထဲမှ လူကိုဖယ်‌ကော်၍ ရေကိုထည့်‌သော် ‘ထင်း' ဟုခေါ် ဝိုင်ကိုသောက်ရင်း ကဗျာစပ်၊ စိတ်နှလုံးမှာ ကြည်နူးမှုနှင့် ပြည့်လို့နှက်… မြစ်ကမ်းနားမှာ ရပ်ရင်း ကလောင်ကိုချ 'ထင်း'ရှည်ပေါ်မှာ အာရုံ စုလို့ချ" ③ မေးခွန်းက ခက်ခဲလှသဖြင့် ဖြေနိုင်သူ အလွန်နည်း၏။ အားလုံးက ကျန်းဝေ ရေးထားသည်မှာ ကောင်းသည်ဟု ထင်ခဲ့ကြသော်လည်း ကျန်းကျော၏ ကဗျာ ထွက်လာသောအခါတွင်မူ အရည်အသွေး ကွာခြားမှုမှာ ချက်ချင်း ပေါ်လွင်သွားသည်။ ရှေ့ကဗျာမှာ စာလုံးတည်ဆောက်ပုံ မှန်သော်လည်း လောလောလောလော ရေးထားရသဖြင့် ကာရန် မပြေပြစ်ဘဲ အချို့စာလုံးများမှာလည်း ထပ်နေ၏။ နောက်ကဗျာမှာမူ အရေးအသားမှာ နုနယ်လှပပြီး အဓိပ္ပာယ် နက်နဲကာ ဖတ်ရသည်မှာလည်း ပြေပြစ်လှသည်။ သို့သော် ဤသည်မှာ အရေးကြီးဆုံးအချက် မဟုတ်သေးပေ။ "ကဗျာရေးရာမှာ စာလုံးရွေးချယ်မှုနဲ့ စာကြောင်းတည်ဆောက်မှုက အခြေခံဖြစ်ပေမဲ့ အဓိက သော့ချက်ကတော့ Theme ဆိုတဲ့ အကြောင်းအရာပဲ။ မေးခွန်းရဲ့ ပထမတစ်ဝက်မှာ သရော်စာ သဘောပါနေတော့ ပြိုင်ပွဲဝင်တွေ ဘယ်လို တုံ့ပြန်မလဲဆိုတာကို စမ်းသပ်ချင်တာ” လိန်ပင်းက ကျန်းဝေ၏ ကဗျာကို ညွှန်ပြကာ ဆိုသည်။ "ဒီကဗျာက ရေးထားတာတော့ ကောင်းပါတယ်၊ ဒါပေမဲ့ 'ငါ ချမ်းသာတယ်၊ ဒါကြောင့် ငါ့မှာ သူငယ်ချင်းတွေ အများကြီး ရှိတယ်' ဆိုတဲ့ အယူအဆကိုပဲ ဖော်ပြနေတယ်။ ဒါက ရည်ရွယ်ချက်ပိုင်းမှာ ချို့ယွင်းနေတာပဲ” စောစောက အပေါ်ယံ ဖတ်လိုက်ရသည့် ပရိသတ်များမှာ ကာရန်ညီသည်ဟုသာ ထင်ခဲ့ကြသော်လည်း လိန်ပင်း၏ ဝေဖန်ချက်ကို ကြားပြီး ပြန်ဖတ်ကြည့်သောအခါမှ အဓိပ္ပာယ်မှာ တစ်မျိုးကြီးဖြစ်နေသည်ကို သတိပြုမိလိုက်ကြ၏။ "ရွှေနဲ့ ကျောက်စိမ်းတွေ ပြည့်နေတယ်၊ လရောင်အောက်မှာ ဧည့်သည်တွေ စုဝေးနေတယ်" ဆိုသည့် နောက်ဆုံးစာကြောင်း နှစ်ကြောင်းမှာ ရှေ့က "ချမ်းသာခြင်း"ဆိုသည့် စာလုံးကို ပြန်ထောက်ပြနေခြင်းပင်။ ကဗျာတစ်ပုဒ်လုံးက "ငါ့မှာ ပိုက်ဆံတွေ အများကြီးရှိတယ်၊ ဘယ်နေရာသွားသွား သူငယ်ချင်းတွေ ရှိတယ်၊ ငါ ဘာကိုမှ မကြောက်ဘူး" ဆိုသည့် အဓိပ္ပာယ် ဖြစ်နေ‌လေသည်။ ...နား‌ထောင်ရသည်မှာ အဆင့်အတန်း သိပ်မရှိလှပေ။ လိန်ပင်းက ကျန်းကျောကို ကြည့်လိုက်ပြန်သည်။ "ကျောင်းသား ကျန်းကျောရဲ့ ကဗျာကတော့… သူ့ရဲ့ နောက်ဆုံးအပိုင်းမှာ ပတ်ဝန်းကျင်က လူတွေကို ပါရမီရှိတဲ့ ပညာရှင်တွေအဖြစ် ချီးကျူးထားတယ်။ ဒါက မေးခွန်းရဲ့ ရန်လိုမှုကို ဖြေလျှော့ပေးရုံတင်မကဘဲ သူ့ရဲ့ တည်ငြိမ်တဲ့ စိတ်နေစိတ်ထားကိုပါ ပြသနေတာ။ နောက်ပြီး 'တင်း' ဆိုတဲ့ စာလုံးကို သူ့ဘေးမှာ လူရှိသည်ဖြစ်စေ မရှိသည်ဖြစ်စေ ဆိုတဲ့ အဓိပ္ပာယ်နှစ်ခွနဲ့ သုံးသွားတာက…ဟမ်း…တော်တော်လေး လိမ္မာပါးနပ်တယ်” ထိုဆရာမှာ ပါရမီကို မြတ်နိုးသူဖြစ်၍ ပိုကြည့်လေ ပိုသဘောကျလေ ဖြစ်လာပြီး ထပ်ခါတလဲလဲ ပြောနေတော့၏။ "ဒါက တကယ်ကို ကောင်းတယ်… ငါ ကျန်းကျောကိုပဲ မဲပေးမယ်” သူ ပြောပြီးသည်နှင့် တစ်ပြိုင်နက် ခန်းမအတွင်းမှ လက်ခုပ်သံများ ဟိန်းထွက်လာသည်။ ကျန်းဝေ၏ မျက်နှာမှာ အလွန်ပင် အကျည်းတန်သွား‌တော့၏။ သူ တစ်စုံတစ်ခု ပြောရန် ပါးစပ်ပြင်လိုက်သော်လည်း ဘာမှ မပြောနိုင်ခဲ့ပေ။ ကွာခြားချက်မှာ အလွန် သိသာလွန်းသဖြင့် ကျန်းကျော၏ အဖြေကို မြင်လိုက်ရကတည်းက သူ ရှုံးသွားပြီဆိုသည်ကို သူကိုယ်တိုင်လည်း ခံစားမိခဲ့သည်မဟုတ်ပါလား။ လိန်ပင်း၏ ရှင်းပြချက်ကြောင့် ဒုတိယဒိုင်လူကြီးမှာလည်း ကန့်ကွက်စရာ မရှိဘဲ ကျန်းကျောကိုသာ ချီးကျူး၍ မဲပေးလိုက်‌ေတာ့သည်။ ကျန်းကျောကတော့ နှာခေါင်းကို တစ်ချက်ပွတ်ကာ သူ့ကို အားပေးခဲ့သည့် ဆရာနှစ်ဦးအား ခေါင်းညိတ်၍သာ အလေးပြုလိုက်၏။ သူ ရေးလိုက်စဉ်က ဤမျှ အဆင့်မြင့်သွားလိမ့်မည်ဟု သူလည်း မရည်ရွယ်ခဲ့ပေ။ ယခုအချိန်တွင် သူ၏ ဂုဏ်သတင်းမှာ မကောင်းလှသဖြင့် ပရိသတ်များရှေ့တွင် ယဉ်ကျေးသိမ်မွေ့ပြီး ရိုသေကိုင်းရှိုင်းသူ တစ်ယောက်အဖြစ် ဟန်ဆောင်ရမည်ကို သိသောကြောင့် ကဗျာထဲတွင် ကောင်းမွန်သည့် စကားလုံးများကိုသာ ရွေးချယ်ရေးသားခဲ့ခြင်း ဖြစ်သည်။ ယခုအခါ ချီးကျူးသံများအောက်တွင်မူ သူသည် ရှက်တတ်သူ မဟုတ်သော်လည်း မျက်နှာတော့ အနည်းငယ် ပူထူလာခဲ့ရ၏။ သို့သော် ကျန်းကျော အလေးထားဆုံးအရာမှာ နောက်ဆုံး မဲပေးမည့် ဒိုင်လူကြီး ပိုင်ရှန့်ဝေဖြစ်သည်။ ထိုသူမှာ ကျင်းယွဲ့ဗီလာ၌ အိမ်ဝယ်ပြီးကာမှ ပြန်အပ်ပြီး Weibo ပို့စ်တစ်ခုဖြင့် "အမှန်တရားကို ဖော်ထုတ်သည်"ဟု ဆိုကာ မျိုးဆက်ပြတ်မြေကွက် ဇာတ်လမ်းကို စတင်ခဲ့သည့် နာမည်ကြီး မင်းသားပင်။ ပိုင်ရှန့်ဝေမှာ လက်ရှိတွင် အလွန်ရေပန်းစားနေသော်လည်း လူငယ်မင်းသားလေးတော့ မဟုတ်ပေ။ သူသည် အသက် ၄၀ နီးပါး ရှိပြီဖြစ်ပြီး အနုပညာလောကတွင် နှစ်ပေါင်းများစွာ ရှိနေခဲ့သော်လည်း ပြီးခဲ့သည့် သုံးနှစ်အတွင်းမှသာ အခွင့်အလမ်းများ ရရှိလာပြီး ပရိသတ် အမြောက်အမြား ရရှိလာခဲ့သူ ဖြစ်သည်။ သူ၏ ဆွဲဆောင်မှုမှာ ခန့်ညားတည်ငြိမ်သည့် ရုပ်ရည်ကြောင့်သာမက "ပညာတတ်" တစ်ဦးအဖြစ် ပုံဖော်နိုင်ခြင်းကြောင့်လည်း ပါဝင်၏။ သူသည် အနုပညာလောကတွင် ပညာအရည်အချင်းမြင့်မားသူအဖြစ် ကျော်ကြားပြီး လက်ရှိတွင်လည်း စင်းဟွားတက္ကသိုလ်ရှိ စာပေအနုပညာဌာန၌ ဧည့်ပါမောက္ခအဖြစ် တာဝန်ထမ်းဆောင်နေကာ ပါရဂူတန်း ကျောင်းသားများကိုပင် ကြီးကြပ်ပေးနေသူ ဖြစ်သည်။ ထိုအရည်အချင်းများကြောင့်လည်း ဤနေရာတွင် ဒိုင်လူကြီးအဖြစ် အရည်အချင်း ပြည့်မီနေခြင်းပင်။ ကျန်းကျောသာ ယခုအချိန်တွင် ဖုန်းကို ကြည့်လိုက်ပါက မျက်နှာပြင်မှာ တိတ်တဆိတ် ပြန်လင်းလာသည်ကို သတိပြုမိ‌‌ပေလိမ့်မည်။ [တိုက်ရိုက်ထုတ်လွှင့်မှုရဲ့ အထူးအသားပေး ၂ : ပိုင်ရှန့်ဝေကို သူဖြန့်ခဲ့တဲ့ ကောလာဟတွေအတွက် နောင်တရစေခြင်း] ပိုင်ရှန့်ဝေ ဝေဖန်ချက်ပေးနေစဉ်အတွင်း ကျန်းကျောသည်လည်း ပိုင်ရှန့်ဝေနှင့် ကျန်းဝေတို့၏ အပြန်အလှန် ဆက်ဆံမှုကို အကဲခတ်ကြည့်‌နေခဲ့၏။ သူတို့နှစ်ဦးမှာ တစ်ယောက်နှင့်တစ်ယောက် မသိကျွမ်းသလို ဟန်ဆောင်နေကြပြီး မျက်လုံးချင်းလည်း သိပ်မဆုံကြပေ။ ပိုင်ရှန့်ဝေက ကျန်းကျောအကြောင်းကို လျင်မြန်စွာပင် ပြောလာ‌တော့သည်။ သတင်းကို လိုက်ကြည့်နေသူတိုင်း သူတို့နှစ်ဦးကြားရှိ ရန်ငြိုးကို သိထားကြသဖြင့် သူတို့နှစ်ဦး ပြိုင်ကွင်းတွင် ထိပ်တိုက်တွေ့နေကြသည်အား မြင်လိုက်ရသောအခါ ပိုင်ရှန့်ဝေ၏ ဝေဖန်ချက်ကို လူတိုင်း စိတ်ဝင်တစား စောင့်ကြည့်နေကြတော့သည်။ ဤလူမှာ အတော်ပင် တည်ငြိမ်လှ၏။ သူက အလွန် ဆီလျော်သည့် ဝေဖန်ချက်များကို ပေးခဲ့ရုံသာမက နောက်ဆုံးတွင် ကျန်းကျောကိုပင် မဲပေးလိုက်‌သေးသဖြင့် ကျန်းကျောမှာ ဤပြိုင်ပွဲ၌ ပထမဆုကို ရရှိသွားခဲ့‌တော့သည်။ ပိုင်ရှန့်ဝေမှာ အလွန် ပါးနပ်သူပင်။ သူ၏ ယခင် Weibo ပို့စ်က ကျန်းကျောကို စော်ကားပြီးသား ဖြစ်သဖြင့် သူတို့နှစ်ဦးကြားက ရန်ငြိုးမှာ အလွယ်တကူ ပြေပျောက်နိုင်မည် မဟုတ်ပေ။ ယခု အမှတ်ပေးလိုက်ခြင်းမှာ ကျန်းကျောအတွက်ဆိုသည်ထက် ပရိသတ်များအတွက်သာ ပိုဖြစ်၏။ ကျန်းကျော၏ လက်ရာမှာ ရှင်းလင်းနေပြီး ကျန်ဒိုင်နှစ်ဦးကလည်း အပြတ်အသတ် ချီးကျူးထားပြီးသားပင်။ အခြားသူများအတွက်ပင် ယှဉ်စရာ နေရာမရှိတော့။ ပိုင်ရှန့်ဝေအနေဖြင့် တစ်စုံတစ်ယောက်ကို ပြဿနာရှာချင်ပါသော်လည်း ယခုကဲ့သို့ ပြိုင်ပွဲမျိုးတွင် ကလေးကလား နည်းလမ်းများကိုလည်း သုံး၍ မရနိုင်ပေ။ အမှန်ပင်... အင်တာနက်အသုံးပြုသူများကလည်း မစ္စတာပိုင်မှာ ယဉ်ကျေးပျူငှာပြီး အလုပ်ကိစ္စနှင့် ကိုယ်ရေးကိုယ်တာကို ခွဲခြားသိမြင်တတ်သူအဖြစ်ပါ ချီးကျူးလာကြတော့သည်။ ပရိသတ်များ လက်ခုပ်တီးနေစဉ် ကျန်းကျောက ပြုံးလိုက်ပြီး သူ၏ စိတ်ထဲတွင်လည်း အတွေးအချို့ ပေါ်လာလျက်။ ပိုင်ရှန့်ဝေလို ပါးနပ်တဲ့သူတစ်ယောက်အနေနဲ့ ဖုန်းရွှေပညာရှင် မိသားစုရဲ့ အမွေဆက်ခံသူကိုတောင် Weibo ပေါ်မှာ လူသိရှင်ကြား အရှက်ခွဲရဲဖို့ဆိုတာ ကြီးမားတဲ့ အကျိုးအမြတ် တစ်ခုခု ရှိနေလို့ပဲ ဖြစ်ရမယ်... ကြည့်ရှုသူများမှာ တီဗီဖွင့်လိုက်စဉ်ကတော့ သတင်းထဲက ကျန်းကျောကို မြင်ဖူးချင်ရုံ သို့မဟုတ် ရိုးရာယဉ်ကျေးမှုကို စိတ်ဝင်စား၍ ကြည့်ကြရုံသာ ဖြစ်သော်လည်း ပြိုင်ပွဲမှာ မထင်မှတ်ဘဲ စိတ်လှုပ်ရှားဖို့ ကောင်းနေသဖြင့် လူအများအပြားမှာ ဆွဲဆောင်ခံလိုက်ရတော့၏။ နောက်ဆုံးရလဒ်ကို မြင်လိုက်ရသောအခါ Live chat ထဲ၌ ဆွေးနွေးမှုများဖြင့် ဆူညံသွားပြန်သည်။ "ကျန်းကျောရဲ့ ဖန် ဖြစ်သွားမိတဲ့ ငါ့ကိုယ်ငါ တကယ် မုန်းတယ်!” "ဒီကောင်‌ချောလေးမှာ အိမ်ထောင်ရှိလား? ရည်းစားရော ရှိလား?” "ဟားဟား၊ မင်းတို့က သူ အိမ်ထောင်ရှိလားဆိုတာကိုတောင် စိတ်ဝင်စားနေကြပြီပေါ့? သူက မျိုးဆက်ပြတ်မဲ့သူဆိုတော့ အတူနေရင်ရော အဆင်ပြေပါ့မလား?” "မင်းတို့လို လူတွေကြောင့် တကယ် စိတ်ပျက်တယ်၊ ရုပ်ချောတာလေး မြင်တာနဲ့ မူဝါဒတွေ အကုန် ပျောက်ကုန်ရော။ သူ့ရဲ့ ကိုယ်ကျင့်တရားကိုလည်း ပြန်စဉ်းစားကြဦးဟ!” ကောမန့်ကဏ္ဍတွင် အတိတ်က ကိစ္စများကိုပါ ပြန်လည် ပြောဆိုလာကြသော်လည်း ယခင်ကဲ့သို့ တစ်ဖက်သတ်ချည်း မဟုတ်တော့ဘဲ အချို့သော ချေပသံများလည်း ထွက်ပေါ်လာ‌ေတာ့၏။ "တကယ်တော့ ဒီကိစ္စမှာ တစ်ခုခု လွဲနေသလိုပဲ‌ေနာ်။ ငါထင်တာတော့ ကျန်းကျောက အဲဒီလိုလူစားမျိုး မဟုတ်‌လောက်ဘူး” "အပေါ်က ကောမန့်ကို ငါလည်း ထောက်ခံတယ်။ ရုပ်ချောတာ မချောတာထက် သူ ဒီနေ့ ပြုမူတဲ့ပုံတွေဆို အရမ်းကို တည်ငြိမ်ပြီး ကျိုးကြောင်းဆီလျော်‌ေနတာ။ သူက တကယ့် ပါရမီရှင်ပဲ။ မျိုးဆက်ပြတ်မဲ့ မြေကွက်ကို ရွေးပြီး လက်ပူးလက်ကြပ် အမိခံရဖို့ဆိုတာ ကျန်းကျောလို ဉာဏ်ကောင်းတဲ့သူမျိုးအတွက် မဖြစ်နိုင်ဘူး မဟုတ်လား?” "နောက်ကွယ်မှာ တစ်ခုခု ရှိနေမယ်ဆိုတာကို ငါလည်း သံသယရှိတယ် +1” "အတွင်းရေးတွေ ဘယ်လိုပဲဖြစ်ဖြစ်၊ ဒီနေ့ ပိုင်ရှန့်ဝေရဲ့ ပြုမူပုံကတော့ တကယ်ကို စိတ်သဘောထား ကြီးလွန်းပါတယ်ကွာ။ အရာအားလုံးကို ခေတ္တဘေးဖယ်ထားရင် သူ့ကိုတော့ ငါ လက်မထောင်ပြချင်တယ်။ ဒါဟာ အလုပ်ကိစ္စနဲ့ ကိုယ်ရေးကိုယ်တာကို သဲသဲကွဲကွဲ ခွဲခြားနိုင်တဲ့ လူကောင်းတစ်ယောက်ရဲ့ ပုံစံပဲကွ” ပြိုင်ပွဲ၏ ပထမအဆင့်မှာ ကောလာဟလများကြားတွင် အောင်မြင်စွာ ပြီးဆုံးသွားခဲ့လေပြီ။ အကျေနပ်ဆုံးလူမှာတော့ ပထမဆုရသည့် ကျန်းကျော မဟုတ်ခဲ့ဘဲ တင်ဆက်သူ မိန်းကလေး ဖြစ်‌နေလေသည်။ ကျန်းညီအစ်ကို နှစ်ယောက် ထိပ်တိုက်ယှဉ်ပြိုင်ရမည်ဟု သိလိုက်ရစဉ်က သူမ၏ ရင်မှာ တထိတ်ထိတ် ဖြစ်နေခဲ့ရ၏။ အမွေကိစ္စကြောင့် ပြိုင်ပွဲကွင်းတွင် အချင်းချင်း သတ်ကြပုတ်ကြပြီး သူမပါ ပြဿနာတက်သွားမည်ကို အလွန် ကြောက်နေခဲ့ခြင်းပင်။ ကံကောင်းထောက်မစွာဖြင့် နှစ်ဦးစလုံးမှာ အလွန် တည်ငြိမ်‌နေကြသည်။ သူတို့ စိတ်ထဲတွင် အချင်းချင်း ဆွဲဆုတ်ပစ်ချင်နေသလား မသိသော်လည်း အပြင်ပန်းတွင်တော့ ဘာရန်လိုမှုမှ မပြခဲ့ကြပေ။ ကျန်းကျောမှာ ပထမနေရာဖြင့် နောက်တစ်ဆင့်သို့ တက်သွားခဲ့‌လေပြီ။ ကျန်းဝေမှာမူ သူ့ကို ရှုံးသွားခဲ့သော်လည်း အဆင့်မြင့်သည့်နေရာတွင် ရှိနေဆဲဖြစ်သဖြင့် ပြိုင်ပွဲမှ ထွက်ခဲ့ရခြင်းတော့ မရှိပေ။ အမှတ်နည်းသည့် ပြိုင်ပွဲဝင်များအတွက်မူ 'ပြန်လည်ရွေးချယ်ပွဲ' တွင် ထပ်မံ ယှဉ်ပြိုင်ရဦးမည်ဖြစ်၍ ကျန်းကျောမှာတော့ ခေတ္တမျှ လွတ်လပ်စွာ သွားလာနိုင်သွား၏။ သူ ဖုန်းကို ထုတ်ကာ ခပ်ပေါ့ပေါ့ပင် လှန်ကြည့်လိုက်သည်။ WeChat နှင့် မက်ဆေ့ခ်ျများတွင် အရေးကြီးသည့်အရာ မရှိသော်လည်း Live stream အက်ပ်တွင်မူ ကောမန့်အသစ်များ တက်လာ‌နေ၏။ ပြိုင်ပွဲကို တိုက်ရိုက်ထုတ်လွှင့်နေခြင်းဖြစ်ပြီး ကြည့်ရှုသူများမှာလည်း ယခင်က "StarCraft World" အက်ပ်မှ ပရိသတ်များပင်။ ကျန်းကျော၏ ဖန်များမှာ ပိုမို များပြားလာပြီး Live chat ထဲတွင် "ပါရမီရော ရုပ်ရည်ပါ ပြည့်စုံတဲ့ streamer" သို့မဟုတ် "ရှေးဟောင်းတရုတ်ယဉ်ကျေးမှုရဲ့ ထူးခြားတဲ့ ဆွဲဆောင်မှုက တကယ်ကို ရင်သပ်ရှုမောဖွယ်ပဲ" စသည့် ချီးကျူးသံများဖြင့် ပြည့်နှက်နေသည်။ ကျန်းကျောမှာမူ ထိုအဓိပ္ပာယ်မရှိသည့် ချီးကျူးစကားများကို လျစ်လျူရှုလိုက်ပြီး စနစ်၏ ပစ္စည်းလဲလှယ်သည့် ကဏ္ဍသို့သာ တန်းတန်းမတ်မတ် သွားလိုက်၏။ သူ၏ ဖုန်းထဲတွင် ဤအက်ပ်ကို တွေ့လိုက်ရကတည်းက သူ ပထမဆုံး လုပ်ခဲ့သည့်အရာမှာ အက်ပ်၏ လုပ်ဆောင်ချက်များနှင့် ခွင့်ပြုချက်အားလုံးကို စုံစမ်းစစ်ဆေးခြင်း ဖြစ်သည်။ သူ၏ ကိုယ်ရေးကိုယ်တာကို မထိခိုက်စေဘဲ အန္တရာယ်ကင်းသည့် Live stream အချို့ လုပ်ပေးရုံဖြင့် ငွေရနိုင်သည်ကို သေချာစေမှသာ ကျန်းကျောက ဤအက်ပ် ရှိနေခြင်းကို လက်ခံခဲ့ခြင်း ဖြစ်၏။ ဒုတိယအကြိမ် တိုက်ရိုက်ထုတ်လွှင့်မှုဖြစ်သော "မျိုးဆက်ပြတ်မြေကွက်၏ လျှို့ဝှက်ချက်" မှာ မပြီးဆုံးသေးသော်လည်း ကြည့်ရှုသူများ မျှော်လင့်နေသည့် ပထမဆုံး အထူးအသားပေး (တစ်) ကိုတော့ သူ ဖြည့်ဆည်းပေးနိုင်ခဲ့‌လေပြီ။ ထို့ကြောင့် သူ အသုံးပြုလိုလှသည့် ပစ္စည်းတစ်ခုကို လဲလှယ်ယူနိုင်ပြီ ဖြစ်သည်။ [အချိန်ပြကင်မရာ : မင်း လက်လွှတ်ခဲ့ရတဲ့ လှပမှုတွေကို မှတ်တမ်းတင်လိုက်ပါ။ ကင်မရာပေါ်က အချိန်အတိုင်းအတာကို ချိန်ညှိပြီး အတိတ်က ဘယ်နေရာမှာမဆို ဖြစ်ပျက်ခဲ့တဲ့ မြင်ကွင်းတွေကို ရိုက်ကူးနိုင်ပါတယ်။ တစ်ကြိမ်သာ အသုံးပြုနိုင်ပါတယ်။] ကျန်းကျော ထိုပစ္စည်းကို ထုတ်ယူလိုက်ရာ စခရင်ပေါ်တွင်လည်း ဤသို့ ပေါ်လာ‌တော့၏။ [လဲလှယ်မှု စတင်ပါပြီ] … စာရေးသူ၏ မှတ်စု: ① မေးခွန်းမှာပါတဲ့ ကဗျာရဲ့ ပထမတစ်ဝက်က သုံးပြည်ထောင်ခေတ်က ကျူးကောလျန်ကို ကျိုးယွီ သရော်ထားတဲ့ ကဗျာပါ။ ဒီအချက်အလက်ကို Baidu ကနေ ကိုးကားထားခြင်း ဖြစ်ပါတယ်။ ② နဲ့ ③ က ကျန်းဝေနဲ့ ကျန်းကျောတို့ရဲ့ ကဗျာနှစ်ပုဒ်ကတော့ စာရေးသူကိုယ်တိုင် ဇာတ်လမ်းအတွက် ဖန်တီးထားတာပါ။ အရေးအသားမ‌ပြေပြစ်ဘဲ အမှားပါသွားခဲ့ရင်တော့ ခွင့်လွှတ်ပေးပါ။ ကျေးဇူးတင်ပါတယ်။ တိုးတက်မှုလည်း ရှိလာမယ်၊ အမှုအခင်းတွေလည်း ပေါ်လာမယ်။ တကယ်တော့…သဲလွန်စတွေ အားလုံးကိုလည်း ထုတ်ဖော်ပြီးပြီမို့ စိတ်မပူကြပါနဲ့! _________ T/Nဒီအခန်းက ကဗျာတွေမှာ မြန်မာလို ကာရန်ကိုက်အောင် ဘယ်လိုမှ ညှိမရလို့ သူတို့ ရေးတာ ကာရန်ညီတဲ့အ‌ကြောင်းသိရအောင် အောက်မှာတော့ Pinyin နဲ့ ပြန်ထည့်ပေးထားတာပါ။ 1.(“Yǒu shuǐ biàn shì xī, wú shuǐ yěshì xī. Qùdiào xī biān shuǐ, jiā €€biàn shì €€. Dézhì māo er shèngguò hǔ, luò máo fènghuáng bùrú €€.”) ယို့ရွှေပျန့်ရှစ်ရှီး ဝူးရွှေယဲ့ရှစ်ရှီး ချွိတျောင့်ရှီးပျန်းရွှေ ကျားပျန်းရှစ် သယ်ကျစ်မောင်းအာ ရှန့်ကော့ဟူ လော့မောင် ဖုန့်ဟွမ် ပုရူ 2.(“Yǒu bèi biàn shì cái, wú bèi yěshì cái. Qùdiào cái biān bèi, jiā kǒu biàn shì tuán. Jīnyù mǎntáng sàn bù jìn, gāopéngmǎnzuò yè yuè tuán”) ယိုပေ့ပျန့်ရှစ်ချိုင် ဝူပေ့ယယ်ရှစ်ချိုင် ချွိတျောင့်ချိုက်ပျန်းပေ့ ကျားခိုပျန့်ရှစ်ထွမ် ကျင်းယွီမန်ထန် စန်းပုကျင့် ကောင်းဖုန့်မန်ကျို့ ယဲ့ ယွဲ့ ထွမ် 3.(“Yǒurén biàn shì dīng, wú rén yěshì dīng, qùdiào dīng biān rén, yù shuǐ biàn shì tīng. Shāng yǒng zhūhuáchěng huáibào, lín chuān tóu bǐ cǎi zhǎng tīng.”) ယိုရန် ပျန့်ရှစ်တင်း ဝူးရန် ယဲ့ရှစ်တင်း ချွိတျောင့် တင်းပျန်းရန် ယွိ ရွှေ ပျန့်ရှစ်တင်း ရှန်း ယုံ ကျူးဟွားချန် ဟွိုက်ပေါင် လင် ချွမ်း ထိုး ပီ ကျိုက် ကျန် ထင်း Xi's note - ဒါလေးကို တရုတ်စာပေရဲ့ စာလုံးဆင့်ကစားနည်း (Character Riddles)လို့ ခေါ်ကြပါတယ်။ ပထမကဗျာ - 溪 (Xī - စမ်းချောင်း)-ဒီစာလုံးမှာ 氵 (Shuǐ - ရေ) ပါပါတယ်။ ဒါကြောင့် "ရေရှိရင် စမ်းချောင်း" လို့ ဆိုတာပါ။ 溪 Xīထဲက ရေသင်္ကေတ (氵)Shui ကို ဖယ်လိုက်ရင် 奚Xī ကျန်ပါတယ်။ 奚Xīရဲ့ ဘေးမှာ 鳥 (Niǎo - ငှက်) ကို ပေါင်းလိုက်ရင် 雞 Jī(ကြက်) ဖြစ်လာပါတယ်။ အောင်နိုင်သွားတဲ့ ကြောင်ဟာ ကျားထက် ပိုဆိုးသလို (ပိုကြွားဝါသလို)၊ အမွေးနှုတ်ခံထားရတဲ့ ဖီးနစ်ဟာ ကြက်လောက်တောင် အဆင့်မရှိတော့ဘူး။ ဒီနေရာမှာ ဖီးနစ် ဆိုတာ ကျူးကောလျန်ကို တင်စားတာဖြစ်ပြီး၊ ကြက် ဆိုတာကတော့ သာမန်တိရစ္ဆာန်အဆင့်ပဲ ရှိတော့တယ်လို့ ကျိုးယွီက နှိမ်လိုက်တာ ဖြစ်ပါတယ်။ ကျန်းဝေရဲ့ကဗျာ - 賦 Fùဆိုတဲ့စကားလုံးမှာ 貝 (Bèi - ခရုခွံ/ငွေကြေး) ပါတဲ့အတွက် ချမ်းသာမှုကို ပြပါတယ်။ 武 (Wǔ - ပါရမီ): 賦 Fùထဲက 貝Bèi ကို ဖယ်လိုက်ရင် 武 Wuကျန်ပါတယ်။ ဆိုလိုတာက ပိုက်ဆံမရှိရင်တောင် ပါရမီရှိနေသေးတယ်လို့ ဆိုတာပါ။ 圓 (Yuán - ဝိုင်းဝန်းခြင်း/ပြည့်စုံခြင်း): 貝Bèiနေရာမှာ 口 (Kǒu - ပါးစပ်) သင်္ကေတ ထည့်ပြီး စာလုံးအသစ် ပြောင်းလိုက်တာပါ။ အဓိပ္ပာယ်က ငါ့မှာ ပိုက်ဆံတွေ အများကြီးရှိတယ်၊ ဘယ်နေရာသွားသွား သူငယ်ချင်းတွေ ရှိတယ်၊ ငါ ဘာကိုမှ မကြောက်ဘူး ဆိုတာမျိုးပါ။ ကျန်းကျောရဲ့ကဗျာ - 仃 (Dīng - တစ်ဦးတည်းသော): ဒီစာလုံးမှာ 亻 (Rén - လူ) သင်္ကေတ ပါပါတယ်။ လူတစ်ယောက်တည်း ရှိနေတာကို ကိုယ်စားပြုပါတယ်။ 丁 (Dīng - အမျိုးသား): 仃 ထဲက လူသင်္ကေတ (亻) ကို ဖယ်လိုက်ရင် 丁 Dīng ကျန်ပါတယ်။ ဒါကလည်း "လူ" ကိုပဲ ရည်ညွှန်းတာပါ။ ဒါကြောင့် "လူရှိလျှင် 'တင်း' ဟုခေါ်၊လူမရှိလျှင်လည်း 'တင်း' ဟုခေါ်" လို့ရေးထားတာပါ။ Rénဆိုတဲ့ စာလုံးရှိလည်း တင်း၊ မရှိလည်း တင်း လို့အသံထွက်ပြီး လူလို့ပဲ အဓိပ္ပာယ်ရပါတယ်။ 汀 (Tīng ထင်း - သဲသောင်ပြင်/ရေစပ်): 丁တင်း ရဲ့ ဘေးမှာ 氵 (Shuǐ - ရေ) သင်္ကေတ ပေါင်းထည့်လိုက်ရင် '汀 Tīng ထင်း 'ဖြစ်သွားပါတယ်။ ရေရှိတဲ့ သဲသောင်ကမ်းနားကို ဆိုလိုတာပါ။ အဓိပ္ပာယ်က "အရက်သောက်၊ ကဗျာရွတ်လို့ စိတ်ထဲမှာ ပျော်ရွှင်ကြည်နူးမှုတွေ ပြည့်နေတဲ့အခါ၊ မြစ်ကမ်းဘေးမှာ ရပ်ရင်း ကဗျာရေးဖို့ ကလောင်တံကို ချလိုက်တယ်၊ ပြီးတော့ ရှည်လျားလှတဲ့ သဲသောင်ပြင် (ထင်းရှည်) ပေါ်မှာ စိတ်ကူးဉာဏ်သစ်တွေကို ရှာဖွေစုဆောင်းတယ်" လူအသိုင်းအဝိုင်း (လူရှိခြင်း) ထဲမှာပဲဖြစ်ဖြစ်၊ တစ်ယောက်တည်း (လူမရှိခြင်း) ပဲဖြစ်ဖြစ် စိတ်ကို အေးချမ်းအောင် ထားတတ်ဖို့ အလုပ်တွေ၊ တာဝန်တွေ (ကလောင်တံ) ကို ခဏချထားပြီး သဘာဝတရား (သဲသောင်ပြင်/မြစ်ကမ်းနား) မှာ စိတ်လွတ်ကိုယ်လွတ် အနားယူခြင်းဟာ လူတစ်ယောက်အတွက် အမြင့်မြတ်ဆုံး ကြည်နူးမှုဖြစ်ကြောင်း ဖော်ကျူးထားတာ ဖြစ်ပါတယ်။