အခန်း (၃) တိုက်ရိုက်ထုတ်လွှင့်မှု၏ အထူးအသားပေးများ ဒုတိယအကြိမ် တိုက်ရိုက်ထုတ်လွှင့်မှုအတွက် စနစ်က ပေးထားသည့် သော့ချက်စကားလုံးမှာ "ယှဉ်ပြိုင်မှု" ဖြစ်၏။ ၎င်းမှာ ကျန်းကျော ကျောင်းပြန်တက်ရသည့် အကြောင်းရင်းများထဲမှ တစ်ခုလည်း ဖြစ်ပေသည်။ ထိုပြိုင်ပွဲ၏ အမည်အပြည့်အစုံမှာ "အချိန်ခရီးသည်များကို ရှာဖွေခြင်း" ပင်။ အမည်က အနည်းငယ် ဆန်းကြယ်သယောင် ရှိသော်လည်း အမှန်စင်စစ်တွင်မူ အမျိုးသားအဆင့် တက္ကသိုလ်ကျောင်းသားများ၏ ယဉ်ကျေးမှုဆိုင်ရာ ပြိုင်ပွဲတစ်ခုသာဖြစ်၏။ ဤပြိုင်ပွဲသည် ရှေးဟောင်းတရုတ်ယဉ်ကျေးမှုအပေါ် ကျောင်းသားများ၏ နားလည်တတ်ကျွမ်းမှုကို အဓိက စစ်ဆေးခြင်းဖြစ်၏။ ပထမဦးစွာ တက္ကသိုလ်အသီးသီးမှ ထူးချွန်ကျောင်းသားကိုယ်စားလှယ်များကို အဆိုပြုရွေးချယ်ပြီး၊ နောက်ဆုံးဗိုလ်လုပွဲကို ရုပ်မြင်သံကြားမှ တိုက်ရိုက်ထုတ်လွှင့်မည်ဖြစ်သည်။ ယခုမှာ ဒုတိယအကြိမ်မြောက် ကျင်းပခြင်း ဖြစ်၏။ ပညာပေးတန်ဖိုး မြင့်မားလှသဖြင့် ဤအစီအစဉ်မှာ အစိုးရ၏ အားပေးထောက်ခံမှုနှင့် လူထုကြားတွင်လည်း ပျံ့နှံ့မှု အားကောင်းလှပြီး အလွန်ရေပန်းစားသည်။ ကျန်းကျော ပထမဆုံးအကြိမ် ဝင်ရောက်ယှဉ်ပြိုင်စဉ်က အဖိုးဖြစ်သူ ပရော်ဖက်ဆာကျန်းမှာ သက်ရှိထင်ရှား ရှိနေသေးဆဲပင်။ သူသည် အကြိုအဆင့်နှင့် ဆန်ကာတင်အဆင့်များကို ကျော်ဖြတ်ပြီးဖြစ်၍ မကြာမီ ဟွားသာ့တက္ကသိုလ် ကိုယ်စားပြုအဖြစ် အမျိုးသားအဆင့် ဗိုလ်လုပွဲတွင် ပါဝင်ယှဉ်ပြိုင်ရတော့မည် ဖြစ်၏။ တစ်ချိန်တည်းမှာပင် S တက္ကသိုလ်၌ ပညာသင်ကြားနေသော သူ၏အဖေတူအမေကွဲညီ ကျန်းဝေသည်လည်း ကျန်းကျောနှင့် ထိပ်တိုက်ရင်ဆိုင် ယှဉ်ပြိုင်ရတော့မည်ပင်။ ကျန်းကျော၏ ကား ပျက်နေသဖြင့် ပြိုင်ပွဲကျင်းပသည့်နေ့ နံနက်တွင် ပြိုင်ပွဲဝင်လည်းဖြစ်၊ သူ၏သူငယ်ချင်းလည်းဖြစ်သည့် ချန်းမင်က လာကြိုပေးခဲ့သည်။ သို့သော် ပြိုင်ပွဲကျင်းပရာနေရာသို့ မရောက်မချင်း ချန်းမင်က ကျန်းကျောကို ပြိုင်ပွဲမဝင်ရန် ဝိုင်းဝန်းဖျောင်းဖျနေခဲ့၏။ ချန်းမင်က စိုးရိမ်တကြီးဖြင့်… "ဒီနေ့ သတင်းထောက်တွေ အများကြီး လာမှာ သေချာတယ်။ ကျန်းဝေလည်း ပြိုင်ပွဲဝင်မှာ၊ ပိုင်ရှန့်ဝေကလည်း ဒိုင်လူကြီးထဲမှာ။ လူတွေအများကြီးက မင်းကို စောင့်ကြည့်နေကြတာကို ဒီလိုအချိန်မျိုးမှာ လူလုံးထွက်ပြဖို့ဆိုတာ..." ကျန်းကျောက ဘေးထိုင်ခုံတွင် ပျင်းရိစွာ မှီထိုင်ရင်း မျက်လုံး မပွင့်တပွင့်ဖြင့် ပြောလိုက်သည်။ "ဒါဆိုရင်လည်း ကြည့်ကြသေးတာပေါ့။ ငါ့မှာ နှာခေါင်း လေးခုနဲ့ ပါးစပ် သုံးပေါက် ပါနေတာမှ မဟုတ်တာကွာ လူလုံးထွက်ပြရမှာ ဘာကြောက်စရာ ရှိလဲ?" ချန်းမင် သူ့ကို ဘေးတိုက်လှမ်းကြည့်လိုက်မိသည်။ နံနက်ခင်း နေရောင်ခြည်မှာ ကားမှန်မှတစ်ဆင့် ကျန်းကျောရှိရာဘက်သို့ ဖြာကျနေပြီး သူ၏မျက်နှာပုံရိပ်ကို ရွှေရောင်ဖျော့ဖျော့ လွှမ်းခြုံထား၏။ ထိုနွေးထွေးသော အရောင်အဝါက သူ၏ ဆောင့်ကြွားကြွားနိုင်လှသော ရုပ်ရည်ကို အနည်းငယ် ပျော့ပျောင်းသွားစေကာ ပို၍ပင် ခန့်ညားသွားစေသည်။ ရုပ်ရည်တစ်ခုတည်းကိုသာ ကြည့်မည်ဆိုလျှင် ကျန်းကျောသည် လူကြားထဲတွင်ပင် အမှန်တကယ် ထင်းထွက်နေမည့်သူ ဖြစ်ကြောင်း သူ ဝန်ခံရပေလိမ့်မည်။ ဒါပေမဲ့ ဒါတွေအားလုံး သိပ်အရေးမကြီး…ဒီကောင်စုတ်လေးကလည်း အလှမောင်ပြိုင်ပွဲ သွားပြိုင်မှာမှ မဟုတ်တာ။ အဘိုးအိုကျန်း ကွယ်လွန်ပြီးနောက်ပိုင်း ရက်များတွင် ကျန်းကျော၏ ပုံရိပ်မှာလည်း အကြီးအကျယ် ထိခိုက်ခဲ့ရတော့၏။ ကျန်းမိသားစုအကြောင်း သတင်းဆိုးများကြောင့် သူ့ကို တစ်ခါမျှ မမြင်ဖူးသူများပင်လျှင် သူ့ကို အရည်အချင်းမရှိသော၊ ကိုယ်ကျင့်တရားပျက်ပြားသော သခင်လေးတစ်ဦးအဖြစ်သာ ထင်မြင်ယူဆနေကြတော့သည်။ သတင်းထောက်များမှာလည်း ကျန်းကျောကို ဓာတ်ပုံရိုက်ရန် သို့မဟုတ် အင်တာဗျူးရန် နည်းမျိုးစုံဖြင့် ကြိုးစားခဲ့ကြပြီး…သို့သော်လည်း အခွင့်အရေးတော့ မရခဲ့ကြပေ။ ကျန်းကျော ဖျားနာနေစဉ်အတွင်း ကျန်းမိသားစု၏ ရှေ့နေက ကောလာဟလများကို ငြင်းဆိုသည့် တရားဝင် ထုတ်ပြန်ချက် ထုတ်ခဲ့ပါသော်လည်း ကောလာဟလများက အရင်ပျံ့နှံ့သွားခဲ့ပြီဖြစ်၍ ထိုထုတ်ပြန်ချက်မှာလည်း ထိရောက်မှု မရှိတော့။ ချန်းမင်က သက်ပြင်းချရင်း… "အခုက အခြေအနေ အဆိုးဆုံးအချိန်ပဲ။ မျိုးဆက်ပြတ်တယ်ဆိုတဲ့မြေကွက် ကိစ္စကလည်း သေချာ စုံစမ်းလို့ မပြီးသေးဘူး။ မင်းသာ လူလုံးထွက်ပြရင် လူတွေက ဝိုင်းအုံပြီး မေးခွန်းပေါင်းစုံ မေးကြတော့မှာ..." ကျန်းကျော၏ အဖိုး ရုတ်တရက် ကွယ်လွန်သွားစဉ်က ရက်များကို သူ မှတ်မိနေသေးသည်။ ထိုစဉ်က ကျန်းကျောမှာ သရဲတစ်ကောင်လို ဖြူဖျော့နေပြီး မှတ်မိရခက်လောက်အောင် ပိန်ချုံးသွားခဲ့၏။ ချန်းမင်ပင် သူ့ဆီ သွားတွေ့စဉ်က စကားတစ်လုံးမှားမည်ကိုပင် ကြောက်နေခဲ့ရသည်အထိ။ ယခုအခါတွင်မူ ကျန်းကျောက ဘာမှမဖြစ်သကဲ့သို့ ထိုင်လျက် စကားပြော ရယ်မောနေပြန်လေပြီ၊ သို့သော်လည်း ထိုသူဟာ အမြဲတစေ ဟန်ဆောင်ကောင်းလှသူ ဖြစ်သဖြင့် စိတ်ထဲတွင် အမှန်တကယ် ဘာတွေးနေသလဲဆိုသည်မှာ ခန့်မှန်းရခက်လှသည်။ ကျန်းကျောက ရယ်မောလိုက်ပြီး နေကာမျက်မှန်တစ်စုံကို ထုတ်တပ်လိုက်ရင်း ချန်းမင်၏ ခေါင်းကို ပုတ်ကာ… "ကဲပါ ညီကိုရာ ရှေ့ကိုပဲ ကြည့်မောင်းစမ်းပါ။ ငါ ဘာလုပ်နေလဲ ငါသိပါတယ်ကွ" သူ ဤပြိုင်ပွဲကို ဝင်ပြိုင်ရခြင်း၏ ပထမအချက်မှာ ကျောင်းတစ်ကျောင်းစီအတွက် ပြိုင်ပွဲဝင်ရန် နေရာအနည်းငယ်သာ ရရှိပြီး၊ ဗိုလ်လုပွဲသို့ တက်ရောက်ရန်မှာလည်း မလွယ်ကူသောကြောင့်ပင်။ အကယ်၍ ကျန်းကျောသာ ယခုအဆင့်တွင် နုတ်ထွက်လိုက်ပါက နားလည်ပေးနိုင်စရာ ရှိသော်လည်း သူ့ကို ထောက်ခံအားပေးခဲ့သည့် ဆရာများကိုတော့ စိတ်ပျက်သွားစေမည် ဖြစ်၏။ ဒုတိယအချက်မှာ- ပြိုင်ပွဲဝင်ခြင်းဖြင့် အက်ပ်ထဲတွင် 'ကုသိုလ်အမှတ်’ များ ရရှိနိုင်မည်ဖြစ်သည်။ ၎င်းတို့ကို အသုံးပြု၍ ‘မျိုးဆက်ပြတ်မြေကွက်’ကို စုံစမ်းစစ်ဆေးရာတွင် အထောက်အကူဖြစ်စေမည့် ပစ္စည်းတစ်ခုနှင့် လဲလှယ်နိုင်သောကြောင့် ဖြစ်သည်။ ကျန်းကျောကိုယ်တိုင် စုံစမ်း၍ မရနိုင်သေးသော်လည်း ပိုမိုလွယ်ကူသော နည်းလမ်းရှိပါက သူ ဝမ်းမြောက်စွာ အသုံးပြုလိုက်မည်သာ။ ချန်းမင်က ကျန်းကျောကို ပြိုင်ပွဲမဝင်စေချင်ရုံသာမက အခြားသူများကလည်း သူ ပြိုင်ပွဲမှ နုတ်ထွက်လိမ့်မည်ဟုသာ ထင်နေကြ၏။ မကြာသေးမီရက်များအတွင်း #မျိုးဆက်ပြတ်မြေပေါ်ရှိအဆောက်အအုံ# ၊ #ကျန်းကျော# နှင့် #ဖုန်းရွှေမိသားစု စသည့် ခေါင်းစဉ်များမှာ ရှာဖွေမှုအများဆုံး စာရင်း၏ ထိပ်ဆုံးတွင် အမြဲရှိနေခဲ့သည်။ ကျန်းကျောသာမက သူ၏ညီ ကျန်းဝေမှာလည်း အာရုံစိုက်မှု အများအပြား ရရှိနေ၏။ အစ်ကိုဖြစ်သူမှာ အရှုပ်တော်ပုံများကြား၌ လူမြင်ကွင်းမှ ပျောက်ကွယ်နေရချိန် သူကသာ ရှေ့ထွက်၍ ပြဿနာအမျိုးမျိုးကို ဖြေရှင်းပေးခဲ့ပြီး သူ၏ စကားနှင့် အပြုအမူများမှာလည်း လူအများ၏ လေးစားမှုကို ရရှိခဲ့လေသည်။ ဖုန်းရွှေပညာဖြင့် အသက်မွေးသူများအတွက် ယုံကြည်မှုနှင့် အသိအမှတ်ပြုမှု ရရှိခြင်းမှာ အဓိက လိုအပ်ချက်ပင် မဟုတ်ပါလား။ ကျန်းဝေက ပြိုင်ပွဲကျင်းပရာနေရာသို့ စောစောရောက်ရှိနေ၏။ ကျန်းကျောမှာ အထက်တန်းအောင်ပြီးနောက် နှစ်နှစ်ခန့် ခရီးသွားနေခဲ့သဖြင့် တက္ကသိုလ်သို့ နောက်ကျမှ ပြန်ဝင်ခဲ့ရာ သူတို့နှစ်ဦးမှာ တစ်နှစ်တည်း အတန်းတူများသာ ဖြစ်နေကြသည်။ ကျန်းဝေက အက်စ်တက္ကသိုလ်၏ ကျောင်းသားကိုယ်စားလှယ်အဖြစ် တက်ရောက်လာခြင်းပင်။ ကျန်းဝေအတွက်မူ ဤပြိုင်ပွဲမှတစ်ဆင့် နာမည်ကျော်ရန်အထိ မရည်ရွယ်ထားသော်လည်း အများပြည်သူ၏ အမြင်ကို တိုက်ပွဲဝင်နေရသည့် ဤအချိန်မျိုးတွင် ပုံရိပ်ကောင်းရရန်မှာလည်း အလွန်အရေးကြီးပြန်၏။ ကျောင်းတစ်ကျောင်းစီမှ အဖွဲ့တစ်ဖွဲ့စီ စေလွှတ်ရပြီး၊ ပြိုင်ပွဲဝင်များအပြင် အခြားကျောင်းသားအချို့မှာလည်း ပရိသတ်အဖြစ် လာရောက်အားပေးကြသည်။ ပရိသတ်များ၊ ဒိုင်လူကြီးများနှင့် တင်ဆက်သူများက အရင်ဝင်သွားကြပြီး ပြိုင်ပွဲဝင်များမှာမူ နောက်ခန်းတွင် စောင့်ဆိုင်းရင်း အများစုမှာ စာအုပ်လေးများကို ဖတ်ကာ ပြင်ဆင်နေကြ၏။ သတင်းထောက်အချို့က နောက်ခန်းသို့ အင်တာဗျူးရန် ရောက်လာကြပြီး "ပြိုင်ပွဲအတွက် ရင်ခုန်နေသလား?" ၊ "ဘယ်လိုတွေ ပြင်ဆင်ထားသလဲ?" စသည့် မေးခွန်းများ မေးမြန်းကြသည်။ ထို့နောက်တွင် စကားလမ်းကြောင်းလွှဲကာ ကျန်းဝေကို ကျန်းမိသားစုအကြောင်း စုံစမ်းမေးမြန်းကြတော့၏။ အမှန်စင်စစ်တွင် "အချိန်ခရီးသည်များကို ရှာဖွေခြင်း" ပြိုင်ပွဲမှာလည်း သတင်းတင်ပြရန် ထိုက်တန်သော အစီအစဉ်ဖြစ်နေသော်ငြား၊ ပုံမှန်အားဖြင့် ကျန်းမိသားစုမှ အတွင်းသိ တစ်စုံတစ်ယောက်နှင့် ဆုံတွေ့ရန်မှာမူ ပို၍ပင် အလွန်ခက်ခဲလှသည်မဟုတ်ပါလား။ "မျိုးဆက်ပြတ်မြေကွက်" အကြောင်းကို သတင်းထောက်များက အရိပ်အမြွက် မေးမြန်းလာသောအခါတွင်မူ ကျန်းဝေက ဖော်ရွေစွာဖြင့်သာ ပြောလိုက်လေသည်။ "ဒီကိစ္စကလေ... ကျင်းယွဲ့ဗီလာရဲ့ မြေနေရာရွေးချယ်မှုနဲ့ စီမံကိန်းတွေကို တာဝန်ရှိသူကိုယ်တိုင် စစ်ဆေးအတည်ပြုခဲ့တာပါ။ ကျွန်တော့်အစ်ကိုလည်း ဒီအတွက် အများကြီး ကြိုးစားခဲ့တာမို့ သူ ဒါကို ပညာသားပါပါ ကိုင်တွယ်ဖြေရှင်းလိမ့်မယ်လို့ ကျွန်တော် ယုံကြည်ပါတယ်" သူ၏ စကားလုံးများမှာ အပေါ်ယံကြည့်လျှင် ပုံမှန်ဟု ထင်ရသော်လည်း သေချာစဉ်းစားကြည့်ပါက အဓိပ္ပာယ်များစွာ ပါဝင်နေ၏။ "တာဝန်ရှိသူကိုယ်တိုင် စစ်ဆေးအတည်ပြုခဲ့တာပါ"ဟူသည့်စကားအရ ထိုတာဝန်ရှိသူမှာ ကျန်းကျောကိုယ်တိုင်ပင် မဟုတ်ပါလား။ ဆိုလိုသည်မှာ ထိုအိမ်ရာဝင်း မြေနေရာမှာ အမှန်တကယ် မကောင်းသောမြေ ဖြစ်နေပါက ကျန်းကျောတွင်သာ လုံးဝ တာဝန်ရှိသည်ဟူ၍ပင်။ သူက အရည်အချင်းမရှိ၍ မှားယွင်းခဲ့လေခြင်း သို့မဟုတ် လူများကို တမင်ဒုက္ခပေးရန် မကောင်းသော ရည်ရွယ်ချက် ရှိနေခြင်း တစ်ခုခုပင်။ "ကျွန်တော့်အစ်ကိုလည်း ဒီအတွက် အများကြီး ကြိုးစားခဲ့တာ" ဟူသည့်စကားအရ သူ ထိုမျှ ကြိုးစားခဲ့ခြင်းဖြစ်၍ ဈေးကောင်းရဖို့အတွက် မရိုးသားသည့် နည်းလမ်းများပါ သုံးခဲ့ခြင်းလည်း ဖြစ်နိုင်သည်ဟု ဆိုလိုလိုက်ခြင်းပင်။ စာကြောင်းတိုင်းတွင် အရိပ်အမြွက်များ ပါဝင်နေပြီး စကားလုံးတိုင်းမှာ ဆူးငြောင့်များသဖွယ် ဖြစ်နေလျက်။ သတင်းထောက်များပင် တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်ကြပြီး ကျန်းကျော ဘာကြောင့် ပေါ်မလာသလဲဆိုသည်ကို နားလည်သွားကြတော့သည်။ သူ ဤလူကို ယှဉ်နိုင်မည် မဟုတ်သောကြောင့်ပင်။ ထိုစဉ် မိန်းကလေးတစ်ဦး ဝင်လာပြီး ကျန်းဝေကို နှုတ်ဆက်လိုက်၏။ "ကျန်းဝေ ရောက်နေပြီလား" သူမက ကျန်းဝေနှင့် ရင်းနှီးပုံရသည်ကို မြင်သောအခါ သတင်းထောက်က ပြုံးလျက် ပြောလိုက်သည်။ "ဒီက ညီမလေး၊ တို့တွေက ပြိုင်ပွဲဝင်တွေကို အင်တာဗျူးနေတာ၊ ပရိသတ်တွေကို နှုတ်ဆက်ပေးပါဦးလား" ထိုမိန်းကလေးကလည်း ကင်မရာကိုကြည့်ကာ ယုံကြည်မှုရှိရှိ မိတ်ဆက်လိုက်၏။ "အားလုံးပဲ မင်္ဂလာပါ၊ ကျန်းဝေနဲ့ ကျွန်မက အက်စ်တက္ကသိုလ်က ကျောင်းသားတွေပါ။ ကျွန်မ နာမည်ကတော့ ရှောက်ယန်ယန်ပါ” တိုက်ဆိုင်သည်မှာ ဤရှောက်ယန်ယန်ဟာ လွန်ခဲ့သော ရက်အနည်းငယ်က မတော်တဆဖြစ်ခဲ့သည့် ရှောက်ချီ၏ ဝမ်းကွဲအစ်မ ဖြစ်နေသည်။ သူမက အလွန်လှပပြီး ကျန်းဝေထက်လည်း တစ်နှစ်ကြီး၏။ ရှောက်ချီက သူမ၏ မောင်အရင်း မဟုတ်သဖြင့် ဤအချိန်တွင် ရှောက်ယန်ယန်၏ မျက်နှာ၌ ဝမ်းနည်းရိပ်တို့ မရှိနေတော့ပေ။ ကျန်းဝေက ရှောက်ယန်ယန်ကို စိတ်ဝင်စားနေခဲ့သည်မှာ ကြာပြီဖြစ်သည်။ မူလက ရှောက်ယန်ယန်မှာ ကျန်းကျောကိုသာ ကြိုက်နှစ်သက်သဖြင့် သူ့အပေါ် သိပ်စိတ်မဝင်စားခဲ့ပေ။ ယခု ကျန်းမိသားစု အခြေအနေ ပြောင်းလဲသွားမှသာ သူမ၏ သဘောထား ပြောင်းလဲလာခြင်း ဖြစ်၏။ ရှောက်ယန်ယန်က စိတ်ရင်းမှန်သလား မမှန်ဘူးလားဆိုသည်ကိုမူ သူ ဂရုမစိုက်ပေ။ အားလုံးက အပျော်သဘောမျှသာ။ တစ်ဖက်လူ၏ သဘောထား ပြောင်းလဲသွားမှုအပေါ် သူက ကျေနပ်မှုကိုသာ ခံစားနေရပြီး ပြိုင်ဘက်ကို အနိုင်ရလိုက်သကဲ့သို့ပင် ခံစားနေရလေသည်။ ထို့ကြောင့်ပင် ကျန်းဝေက သတင်းထောက်များ ရှေ့တွင်ပင် ရှောက်ယန်ယန်ကို ရည်ရွယ်ချက်ရှိရှိ မေးလိုက်ပြန်၏။ "ယန်ယန်ကျဲ လာရင်းနဲ့ ကျွန်တော့်အစ်ကိုကို တွေ့ခဲ့သေးလား? ပြိုင်ပွဲက စတော့မယ်၊ သူ အခုထိ ရောက်မလာသေးလို့" ရှောက်ယန်ယန်က တံခါးဘက်သို့ မသိမသာ လှမ်းကြည့်လိုက်ပြီးနောက် မျက်လုံးလွှဲကာ ခပ်အေးအေးပင် ပြန်ပြောလိုက်သည်။ "ငါလည်း မသိဘူး၊ ငါတို့ အဆက်အသွယ်မလုပ်ဖြစ်တာ ကြာပြီ" ကျန်းဝေက စိုးရိမ်ဟန်ဖြင့်… "သူ ပြိုင်ပွဲက နုတ်ထွက်သွားတာများလား?" သူ၏ မျက်နှာတွင် စိုးရိမ်ရိပ်များ ရှိနေသော်လည်း စိတ်ထဲတွင်မူ ကျိတ်၍ ပြုံးနေမိလျက်။ သူ ဘယ်လိုလုပ် လာရဲပါ့မလဲ? ကျန်းကျောက သတင်းဆိုးတွေနဲ့ ပတ်သက်နေပြီး အာဏာလည်း သိပ်မရှိတော့ဘူးလေ။ သတင်းထောက်တွေကလည်း ငါ့ကို ဆက်ဆံသလိုမျိုး သူ့ကို ယဉ်ကျေးနေမှာ မဟုတ်ဘူး။ သူ အရင်ကလည်း ပေါ်မလာခဲ့ဘူးဆိုတော့ ဒီလိုပွဲမျိုးကို နုတ်ထွက်သွားတာ သဘာဝကျပါတယ်... ဒါ့အပြင် ဒီပြိုင်ပွဲရဲ့ ဒိုင်လူကြီးတွေထဲမှာ ပိုင်ရှန့်ဝေလည်း ပါတယ်.... သူက ကျင်းယွဲ့ဗီလာမှာ အိမ်ဝယ်ပြီးမှ အဲဒီအိမ်က သရဲခြောက်တယ်လို့ Weiboမှာ တင်ခဲ့တဲ့ နာမည်ကြီး မင်းသားလေ... ကျန်းဝေမှာ အမြဲတစေ ကျန်းကျော၏ အရိပ်အောက်တွင်သာ နေခဲ့ရ၏။ မျိုးရိုးနာမည်ချင်းလည်း တူပြီး သူ၏ အရည်အချင်းကလည်း ကျန်းကျောထက် မနိမ့်ကျခဲ့ပေ။ သို့သော် အဖိုးကလည်း ထိုသူ့ကိုသာ အလိုလိုက်ပြီး အဖေကလည်း ထိုသူ့ကိုသာ ချစ်၍ လူတိုင်းက ကျန်းကျောကိုသာ ဦးစားပေးခဲ့ကြလေသည်။ သူသည်လည်း ကျန်းမိသားစု၏ သခင်လေးပင်၊ သို့သော် သူက နောက်မှ မွေးလာပြီး သူ၏ မိခင်မှာလည်း အဖိုး၏ မျက်နှာသာပေးခြင်း မခံခဲ့ရသဖြင့် သူသည်လည်း ဘာမှ အရာမဝင်ခဲ့ပေ။ သို့သော် ယခုအခါ ကျန်းကျော၏ အားကိုးရာများ မရှိတော့ပြီ၊ သူ ခေါင်းမော့နိုင်မည့် အချိန် ရောက်လာပြီ ဖြစ်၏။ ကျန်းဝေက သူ၏ လက်သီးကို တင်းတင်းဆုပ်ကာ မျက်လုံးထဲမှ လှောင်ပြုံးကို ဖုံးကွယ်ထားလိုက်တော့သည်။ ထိုစဉ် အပေါက်ဝဆီမှ ရုတ်ရုတ်သဲသဲ အသံများ ထွက်ပေါ်လာ၏။ ကျန်းဝေမှာ သူ၏ အတွေးများထဲတွင်သာ နစ်မျောနေသဖြင့် လှည့်မကြည့်မိသော်လည်း ရှောက်ယန်ယန်ကမူ လှမ်းကြည့်လိုက်ပြီး အံ့အားသင့်စွာ ရေရွတ်လိုက်သည်။ "...ကျန်းကျော?" သူတို့ကို ဝိုင်းနေသည့် သတင်းထောက်များမှာလည်း ချက်ချင်းပင် ထိုဘက်သို့ ပြေးသွားကြတော့၏။ ကျန်းဝေ၏ မျက်လုံးထဲမှ အပြုံးများပင် အေးခဲသွားပြီး တံခါးဘက်သို့ ချက်ချင်း လှည့်ကြည့်လိုက်မိတော့သည်။ သူတစ်ယောက်တည်း မဟုတ်ပေ၊ ပရိသတ် ထက်ဝက်ကျော်၏ အာရုံမှာလည်း ထို အရပ်ရှည်ရှည်၊ ပိန်ပါးပါးနှင့် လူရိပ်ဆီသို့ ရောက်သွားကြပြီး ‘သတင်းထောက်တွေ ဒီလောက် စိတ်လှုပ်ရှားနေတာ ဘယ်သူမို့လို့လဲ’ဆိုသည်ကို သိချင်နေကြလျက်။ ထိုသူ၏ မျက်နှာကို ရှင်းရှင်းလင်းလင်း မြင်လိုက်ရသည့်အခါတွင်မူ အချို့မှာ သူ၏ ရုပ်ရည်ကြောင့် အံ့အားသင့်သွားကြပြီး အချို့ကမူ ထိုလူငယ်၏ အမည်ကို တိုးတိုးလေး စုံစမ်းကြတော့၏။ သူသည် မကြာသေးမီက အရှုပ်တော်ပုံများတွင် ပါဝင်နေသည့် ကျန်းမိသားစုမှ သခင်လေးဖြစ်ကြောင်း သိလိုက်ရသောအခါ မူလက သူတို့၏ ပါးစပ်ဖျားမှ ထွက်ခဲ့ကြသည့် ကဲ့ရဲ့လှောင်ပြောင်သံများပင် ပျောက်ကွယ်သွားရတော့သည်။ ထိုသူသည် မှောင်ရိပ်ထဲမှနေ၍ ပြိုင်ပွဲကွင်း၏ အတောက်ပဆုံး နေရာသို့ လျှောက်လှမ်းလာသည်။ ပတ်ဝန်းကျင်ရှိ အရာအားလုံးမှာပင် သူ၏ နောက်ခံကားချပ်သဖွယ် ဖြစ်သွား၏။ ကောလာဟလများကပင် သူ၏ ယုံကြည်မှုနှင့် တည်ငြိမ်မှုအား တုန်လှုပ်သွားစေရန် ပြုလုပ်၍ မရနိုင်ပေ။ ပြီးခဲ့သည့် ရက်များအတွင်း သတင်းများထဲ၌ ကျန်းကျောအား "ဆန်ကုန်မြေလေး" အဖြစ်သာ ပုံဖော်ထားကြသဖြင့် လူအများမှာ လူကိုယ်တိုင်နှင့် ကောလဟာလများ ဤမျှ ကွာခြားနေသည်ကို မြင်လိုက်ရသောအခါတွင်မူ အလွန်အံ့အားသင့်သွားကြရလေသည်။ [တိုက်ရိုက်ထုတ်လွှင့်မှုရဲ့ အထူးအသားပေး ၁ အောင်မြင်ပါတယ်။ လူသစ်လက်ဆောင် ရရှိပါပြီ။ ‘ဝိဉာဉ်အသိဉာဏ်ရှိသော ပစ္စည်းများနှင့် ဆက်သွယ်ခြင်း’ဆိုတဲ့ ကျွမ်းကျင်မှုအသစ် ထပ်တိုးနေပါပြီ] ကျန်းကျောမှာ သူ့အပေါ် စိုက်ကြည့်နေကြသည့် အကြည့်များကို လုံးဝ ဂရုမစိုက်ပေ။ သူ၏ ဖုန်းမြည်သံ ကြားလိုက်ရသဖြင့် ထုတ်ကြည့်လိုက်ရာ အက်ပ်၏ မျက်နှာပြင်ပေါ်တွင် ထိုသတိပေးချက်ကို မြင်လိုက်ရတော့၏။ သူ အနည်းငယ် အံ့အားသင့်သွားပြီး ဤအရာမှာ ဘာလဲဟုပင် တွေးနေမိလျက်။ တိုက်ရိုက်ထုတ်လွှင့်မှု၏ အထူးအသားပေး လုပ်ငန်းစဉ်မှာ သူ့အနေဖြင့် လူအများရှေ့တွင် အပြစ်ဆိုဖွယ်မရှိသော ပုံစံဖြင့် ပေါ်ထွက်လာရန်သာ ဖြစ်ပြီး ၎င်းမှာ လွယ်ကူလွန်းလှပေသည်။ သို့သော် ရရှိလာသည့် လက်ဆောင်မှာမူ နားလည်ရ ခက်နေ၏။ ကျန်းကျောမှာ ဖုန်းရွှေပညာရှင် မိသားစုမှ လာသူဖြစ်သဖြင့် ‘အကြားအမြင်နှင့် မန္တန်ပညာရပ်များ’ကဲ့သို့ ယင်းယန်အတတ်ကို တတ်ကျွမ်းသူ ဖြစ်သည်။ သူဟာ သရဲတစ္ဆေများ၊ နတ်ဘုရားများနှင့်ပင် စကားပြောနိုင်ပြီး ဉာဏ်ကောင်းသော တိရစ္ဆာန်လေးများနှင့် ဆက်သွယ်ရန်မှာလည်း မခက်ခဲပေ။ သို့သော် "ဝိဉာဉ်အသိဉာဏ်ရှိသော ပစ္စည်းများနှင့် ဆက်သွယ်ခြင်း" ဆိုသည်ကိုမူ သူ တစ်ခါမျှ မကြားဖူးပါချေ။ _________ Note- ကျန်းကျော ပြိုင်ပွဲစဝင်တုန်းက သူ့အဘိုးကရှိပါသေးတယ် ။အခုဗိုလ်လုပွဲမတိုင်ခင်မှ ဆုံးသွားတာပါ။ အရင်ပွဲတွေတုန်းက liveမလွှင့်ပါဘူး... အခုဗိုလ်လုပွဲကိုပဲ လွှင့်မှာပါ ။ဒါကြောင့် ကျန်းကျောကို မမြင်ဖူးကြတာပါ ။