Chapter14
Viewers 1k

အခန်း(၁၄) လျှို့ဝှက်ချက်များ


မုကျန့်က သူပြောသည့်အတိုင်း စာအုပ်ထဲရှိ အကြောင်းအရာအားလုံးကို အမှန်တကယ် အသံထွက်၍ဖတ်ပြလာသည်။ သူ၏အသံက နက်ရှိုင်းကာ အနည်းငယ် ဩရှရှဖြစ်နေသောကြောင့် နားထောင်ရသည်မှာ အလွန်သာယာသော်လည်း ယခုအချိန်တွင်မူ သေမင်း၏ ခေါ်သံအတိုင်းပင် ခံစား‌ နေရ၏။


အမှန်စင်စစ်၌ အသံထွက်ဖတ်ပြရန်ပင် မလို‌ပေ။ ဝမ်မင်ယွီက သူ မြင်ခဲ့ရသမျှကို ရှင်းလင်းစွာ မှတ်မိနေ၏။ ၎င်းမှာ မုကျန့်၏ အတိတ်အကြောင်း ဖြစ်‌ေလသည်။


မုကျန့်က သတ္တမမင်းသား ဖြစ်သည်။ သူ၏‌ မွေးမယ်တော် ကြင်ယာတော်ရှုမှာ တစ်ချိန်က ဧကရာဇ်၏ အလွန်အမင်း ချစ်ခင်နှစ်သက်မှုကို ရရှိခဲ့ပြီး နန်းတွင်းသူအပေါင်း၏ အားကျခြင်းကိုပင် ခံခဲ့ရဖူး၏။ သို့သော် သူမ ကိုယ်ဝန်ဆောင်ပြီးနောက်တွင်မူ ဧကရာဇ်ဟာ အသစ်ရွေးချယ်ထားသော မောင်းမလေးများဘက်သို့သာ အာရုံပြောင်းသွားတော့သည်။ တစ်ညတွင်းချင်း၌ပင် သူမခမျာ ဂုဏ်ကျက်သရေအကုန်ပျက်ယွင်းပြီး အချစ်တော်ဘဝမှ ကျဆင်းခဲ့ရ၏။ ကြင်ယာတော်ရှုဟာ ဤအဖြစ်ကို လက်မခံနိုင်ဘဲ နာမကျန်းဖြစ်ခြင်းကို အသုံးချ၍ ဧကရာဇ်‌အား သူမနန်းဆောင်သို့လာရန် မကြာခဏ ‌ဆွဲဆောင်ခဲ့လေသည်။ အစပိုင်းတွင် အောင်မြင်ခဲ့သော်လည်း နှစ်ကြိမ်၊ သုံးကြိမ်အကြာတွင်မူ ဧကရာဇ်‌သည်လည်း စိတ်အနှောင့်အယှက်ဖြစ်လာကာ သူမအား လုံးဝ အာရုံမပြုတော့ချေ။


နောက်ပိုင်းတွင် ကြင်ယာတော်ရှုက သတ္တမမင်းသားကိုပါ ပစ်မှတ်ထားလာ‌ေတာ့သည်။ မင်းသားတစ်ပါး ဖျားနာပါက ဖခမည်းတော်ဖြစ်သည့် ဧကရာဇ်မှ လာရောက်ကြည့်ရှုပေးရသည်မှာ သဘာဝပင်။ ကြင်ယာတော်ရှုဟာ သားတော်နေမကောင်း၍ မျက်နှာဖြူဖျော့ဖျော့ဖြင့် သနားစဖွယ်ပုံစံ လုပ်ပြနေသောကြောင့် သူမအား နှစ်သိမ့်ပေးရန်အတွက် ဧကရာဇ်က ညတာကို သူမနှင့်အတူ ကုန်လွန်‌ေပးခဲ့ရပြန်သည်။


ပထမအကြိမ်သည် မတော်တဆဖြစ်ခဲ့သော်လည်း ကြင်ယာတော်ရှုက နည်းလမ်းကောင်းအကြံကောင်းရသွားတော့၏။ သူမက မကြာခဏဆိုသလို သတ္တမမင်းသားအား တမင်တကာ ဖျားနာအောင် ပြုလုပ်တော့သည်။ နောက်ပိုင်း၌ ပို၍ပင် ဆိုးရွားလာပြီး ဆောင်းရာသီတွင် ရေအေးဖြင့် စိမ်ခိုင်းခြင်း၊ ခြေထောက်ကို "မတော်တဆ" ချိုးပစ်ခြင်း စသည်တို့ကိုပါ ပြုလုပ်လာ၏။ ထို့ကြောင့် ဧကရာဇ်သည်လည်း အကြိမ်ကြိမ် လာရောက်ကြည့်ရှုခဲ့ရသည်။


သို့သော် အမှန်တရားသည် နောက်ဆုံး၌ ပေါ်ထွက်လာစမြဲ ဖြစ်သည်ပင်။


တစ်ခါက ကြင်ယာတော်ရှုဟာ မုကျန့်အား သေလုနီးနီးဖြစ်သည်အထိ ပြုလုပ်မိသွားခဲ့၏။ ဧကရာဇ်က ဤအဖြစ်ကို သိသွားသောအခါ၌ နန်းသွေးအား အန္တရာယ်ပြုရန် ကြံစည်မှုဖြင့် သူမကို အပယ်ခံနန်းဆောင်သို့ ပို့ဆောင်ပစ်လိုက်တော့သည်။


သတ္တမမင်းသား မုကျန့်အား ပြုစုစောင့်ရှောက်ရန်အတွက် မိဖုရားခေါင်ကြီးထံတွင် တာဝန်ပေးထားလိုက်၏။ သို့သော် မိဖုရားခေါင်ကြီးတွင်လည်း ကိုယ်ပိုင်သားတော်တစ်ပါးရှိ‌ေနသည်ဖြစ်ရာ သူ့သား‌ေတာ်၏ ပြိုင်ဘက်ကို စိတ်ရင်းအပြည့်ဖြင့်မစောင့်ရှောက်နိုင်မည်မှာလည်း သဘာဝပင်။ ထို့ကြောင့် မုကျန့်မှာ မိဘနှစ်ပါးစလုံး သက်ရှိထင်ရှား ရှိနေပါလျက် မိဘမဲ့တစ်ဦးကဲ့သို့ နေထိုင်ကြီးပြင်းခဲ့ရတော့သည်။ သူဟာ တဖြည်းဖြည်းနှင့် မှိုင်တွေ၍ အထီးကျန်ဆန်လာကာ စကားနည်းလာ၏။ အမှောင်ထဲတွင် ပုန်းကွယ်နေသော အရိပ်တစ်ခုကဲ့သို့သာ ဖြစ်ခဲ့ပြီး အလွယ်တကူ နင်းချေခံရတော့မည့်အလား။


သို့သော် မည်သူမျှ မမျှော်လင့်ထားသည့် အချက်မှာကား မင်းသားများ ထီးနန်းအတွက် အသက်သွေးချွေးမရှောင် တိုက်ခိုက်ခဲ့ကြပြီးနောက်တွင် ထိုထီးနန်းပေါ်၌ နောက်ဆုံး ထိုင်နေသူမှာ မုကျန့် ဖြစ်နေခြင်းပင်။ သူဟာ ခမည်း‌ေတာ်နှင့် အစ်ကို‌ေတာ်များအားလုံးကို လုပ်ကြံသတ်ဖြတ်ခဲ့ပြီး သူ၏ ရက်စက်သော နည်းလမ်းများဖြင့် အတားအဆီးအားလုံးကိုလည်း သုတ်သင်ရှင်းလင်းပစ်ခဲ့သည်။ မည်သူမျှ သူ့ကို ရပ်တန့်နိုင်ခြင်း မရှိခဲ့။


နန်းမတက်ခင် အကြိုညတွင်လည်း သူက အပယ်ခံနန်းဆောင်သို့ သွားရောက်ပြီး သူ၏မွေးမယ်တော် ကြင်ယာတော်ရှုအား သေဒဏ်ပေးရန် အမိန့်ချမှတ်ခဲ့၏။


စာအုပ်ထဲတွင် ဤအကြောင်းအရာများ ပါဝင်သည်။ ကြင်ယာတော်၏ ရူးသွပ်မှုနှင့် အနိုင်ကျင့်မှုများကိုတော့ အသေးစိတ်မ‌ဖော်ပြထားပါဘဲ မုကျန့်၏ တော်ဝင်မိသားစုတစ်ခုလုံးကို သတ်ဖြတ်လိုက်ခြင်းနှင့် နန်းတော်တစ်ခုလုံးအား သုတ်သင်ရှင်းလင်းခြင်းတို့ကိုမူ စာမျက်နှာအပြည့် အသေးစိတ်ဖော်ပြထားသည်။ ဖော်ပြချက်မှာ အလွန်ပင် ရှင်းလင်းပြတ်သား‌ေနသဖြင့် စာဖတ်သူကိုယ်တိုင် ထိုနေရာ၌ ရှိနေသကဲ့သို့ ခံစားလိုက်ရပြီး စကားလုံးတို့ကြားမှ လူများ ရုန်းကန်‌ေနပုံနှင့် ပုံပျက်ပန်းပျက်ဖြစ်‌ေနပုံများ၊ ကြောက်မက်ဖွယ်မြင်ကွင်းများကို မြင်ယောင်လာကာ မင်ထဲတွင်ပင် သွေးနံ့ပြင်းပြင်း စိမ့်ဝင်နေသည့်အလား ပျို့အန်ချင်စရာ ဖြစ်နေသည်။


မုကျန့်က ပုံပြင်စာအုပ်ကို ချလိုက်သည်။ သူ၏အသံမှာ နူးညံ့သော်လည်း မုန်တိုင်းမတိုက်ခင် လေငြိမ်နေသည့်အတိုင်း အေးစက်စက် အန္တရာယ်ကိုလည်း ဖုံးကွယ်ထား၏။


"နားထောင်ပြီးတဲ့နောက် မင်း ဘယ်လိုထင်လဲ"


ဝမ်မင်ယွီမှာ သူ၏ နှုတ်ခမ်းများကို တင်းတင်းစေ့ထားပြီး "ကျွန်တော့်ကို မကြည့်ပါနဲ့...ကျွန်တော်လည်း မနည်း ထိန်းထားရတာ...ကြောက်လွန်းလို့ အန်တောင်အန်မိတော့မယ်" ဟု ပြောပစ်လိုက်ချင်သည်။

"ကိုယ်တော်က ကိုယ့်ခမည်းတော်ကို လုပ်ကြံတယ်၊ အစ်ကို‌ေတာ်တွေကို သတ်ပစ်တယ်၊ မွေးမယ်တော်ကိုတောင် သူ့ကိုယ်သူ သတ်သေခိုင်းတယ်။ ကိုယ်တော့်ကို တားဆီးခဲ့တဲ့သူမှန်သမျှကိုလည်း ချွင်းချက်မရှိ သတ်ပစ်ခဲ့တယ်။ ပြောပါဦး ကိုယ်တော် လုပ်ခဲ့တာ မှန်ရဲ့လား"


ဝမ်မင်ယွီ: "....."


သူ မည်သို့ပင် ဖြေပါစေ အပြစ်လွတ်အောင် ရှောင်နိုင်မည်မဟုတ်ပေ။


မဖြေဘဲ နေလို့ရော ရလား?


မုကျန့်သည် သူ့အား ကြောက်မက်ဖွယ်ရာ အသွင်ဖြင့် စိုက်ကြည့်နေဆဲ။


"ဘာလို့ ဘာမှမပြောတာလဲ"


ဝမ်မင်ယွီ၏ အမြီးဟာ ယားယံနေသကဲ့သို့ လှုပ်ရွလာ၏။ သူက အောက်ပိုင်းကို ဆက်မထိန်းနိုင်‌ေတာ့ဘဲ လှုပ်ယမ်းလိုက်ရင်း ခြောက်သွေ့သောအသံဖြင့် ပြောလိုက်တော့သည်။ 


"ကျွန်တော် မသိပါဘူး..."


မုကျန့်က လက်လှမ်း၍ ဝမ်မင်ယွီ၏ နဖူးမှ ဆံစလေးများကို ညင်သာစွာ ဖယ်ရှား‌ေပးလိုက်သည်။ သူ၏ လက်ချောင်းထိပ်များမှာ ရေခဲတမျှ အေးစက်နေသဖြင့် ဝမ်မင်ယွီပင် တုန်လှုပ်သွားရသည်။ မုကျန့်က နက်ရှိုင်းသောအသံဖြင့် မေးလာ၏။


"မင်း အခု ကိုယ်တော့်ကို အရမ်းကြောက်နေပြီလား"


အမှန်ဆိုရလျှင် သူ ကြောက်နေ‌ေလပြီ။ သို့သော် ဝမ်မင်ယွီမှာ သူ၏ လျှို့ဝှက်ချက် မ‌ပေါ်သွားဖို့အတွက်ကို ပိုပြီး စိုးရိမ်တကြီးအာရုံစိုက်နေရ၏။ ထို့အပြင် ခေတ်ကာလနှင့် အတွေ့အကြုံများလည်း ကွဲပြားသဖြင့် အမှန်တကယ် ကိုယ်ချင်းစာပေးရန်လည်း မဖြစ်နိုင်ပေ။ သူသာ မုကျန့်ဆိုလျှင်လည်း သူ့လက်၌ လုံးဝ သွေးမစွန်းစေရဟု အာမ,မခံနိုင်ပေ။ တစ်ခါက ညပိုင်း သူ အလုပ်မှ အိမ်ပြန်နောက်ကျလာစဉ် အရက်မူးနေသော အသက်လတ်ပိုင်း အယ်လ်ဖာအမျိုးသားတစ်ဦးက သူ့အား စော်ကားရန် ကြိုးပမ်းခဲ့ဖူးသည်။ ထို့ကြောင့် သူ၏ စိတ်ထဲတွင် ဘာမှမတွေးတော့ဘဲ ပုလင်းတစ်လုံးကို ဆွဲယူပြီး ရိုက်ခွဲပစ်လိုက်ရာ ထိုလူ့မှာ ဦးခေါင်းတွင် သွေးထွက်လွန်၍ သေဆုံးလုနီးနီးပင် ဖြစ်သွားခဲ့၏။


အပေါ်ယံအရ တော်ဝင်မျိုးနွယ်တွင် မွေးဖွားလာသူများ၏ ဘဝဟာ အလွန်ကံကောင်းပြီး မြင့်မြတ်သည်ဟု ထင်ရနိုင်သော်လည်း နောက်ကွယ်တွင်မူ ထိုသူတို့ဟာ အာဏာအတွက် တစ်ဦးနှင့်တစ်ဦး တိုက်ခိုက်သတ်ဖြတ်ဖို့ အတင်းအကျပ် ဖိအားပေးခံ‌ေနရသည်။ တစ်ယောက်၏ တည်ရှိမှုသည်ပင် အခြားတစ်‌ေယာက်အတွက် အတားအဆီးတစ်ခုအဖြစ် ရှုမြင်ခံရ၏။ တစ်နည်းအားဖြင့် မုကျန့်သည်လည်း မင်းသားတစ်ပါးဖြစ်ခဲ့သော်ငြား မိဘမဲ့က‌ေလးတစ်ဦးထက်ပင် ပို၍ ကြေကွဲဖွယ်ကောင်းခဲ့ရှာ‌ေလသည်။ မိဘမဲ့ကလေးကမှ မိဘမရှိသော်လည်း မုကျန့်ကမူ မိဘနှစ်ပါးစလုံး ရှိနေပါလျက် ဖခင်က သူ့ကို လျစ်လျူရှုခဲ့ပြီး မိခင်ကတော့ သူ့ကို သေလုနီးပါးဖြစ်သည်အထိ အနိုင်ကျင့်နှိပ်စက်ခဲ့‌ေလသည်။ ထိုသို့သောလူများကို မိဘတော်ရခြင်းထက် လုံးဝမိဘမရှိခြင်းကမှ ပို၍ ကောင်းသေး၏။


သူ့ရင်ထဲ၌ သနားစိတ်အချို့ ဝင်သွားမိသော်လည်း ဝမ်မင်ယွီဟာ သူ၏ လက်ရှိ အခက်အခဲကိုလည်း မမေ့သွား။ သူဟာ မည်သည့်အချိန်မဆို သေဆုံးသွားနိုင်သည့်သူဖြစ်ပြီး သူ၏ အသက်ကို မုကျန့်က လက်ထဲ၌ ဆုပ်ကိုင်ထား‌ေလသည်။


မုကျန့်က လုံးဝ သနားစရာမကောင်းဘူး! သူကသာ ပိုပြီး သနားစရာကောင်းတာ!


ဝမ်မင်ယွီမှာ စိတ်ငြိမ်အောင် ထားဖို့၊ အသံကို တည်ငြိမ်အောင်ထားဖို့၊ ရိုးသားဖို့နှင့် မုကျန့်ဘက်မှ ရပ်တည်‌ေပးဖို့ သူ့ကိုယ်သူ အိပ်မွေ့ချနေသည့်အလား အထပ်ထပ်အကာကာ သတိပေးနေမိ‌ေတာ့သည်။


သူက ခေါင်းမော့လိုက်ပြီး တောက်ပစိုစွတ်နေသော မျက်လုံးများဖြင့် မုကျန့်အား တည့်တည့်စိုက်ကြည့်ကာ ဟာသတစ်ဝက်၊ အတည်ပေါက်တစ်ဝက်ဖြင့် ပြောလိုက်၏။ 


"အရှင့်ကို ကျွန်တော် မကြောက်ပါဘူး။ သူတို့ကသာ အရှင့်ကို အရင် နာကျင်စေခဲ့တာပါ။ ကျွန်တော်သာဆိုရင်လည်း ဒီလိုမျိုး တုံ့ပြန်ရင်တုံ့ပြန်မိမှာပဲ။ ကျွန်တော် အရှင်နဲ့ စောစောမဆုံခဲ့ရတဲ့အတွက်ပဲ စိတ်မကောင်းဖြစ်မိတယ်။ မဟုတ်ရင် အရှင့်ဘေးနားမှာ နေပြီး ကူညီပေးနိုင်ခဲ့မှာကို"


"...အဲလိုလား?"


မုကျန့်က သူ့ကို စိုက်ကြည့်လာပြီး မပွင့်တပွင့် ပြုံးပြသည်။ ထို့နောက် ခွေးကလေးတစ်ကောင်ကို ပွတ်သပ်နေသကဲ့သို့ သူ့ခေါင်းပေါ် လက်တင်၍ ခပ်ဖွဖွ ပွတ်ပေး၏။


"မင်း တကယ်ကို ရိုးသားပြီး အယုံလွယ်တာပဲ။ ဒီထဲမှာ ရေးထားတာ အားလုံးကို မင်း ယုံသွားတာလား။ ကိုယ်တော် တစ်ယောက်တည်းနဲ့ ဒီလောက်လူအများကြီးကို ဘယ်လိုလုပ်ပြီး သတ်နိုင်မှာလဲ။ ခမည်းတော်က အကြီးဆုံးမင်းသားရဲ့ လက်ချက်နဲ့ သေခဲ့ရတာ၊ စတုတ္ထနဲ့ ဆဋ္ဌမမင်းသားတွေကကျတော့ အချင်းချင်း ရန်စောင်ပြီး သေသွားကြတာ၊ ဒါကြောင့် ကိုယ်တော်က အိမ်ရှေ့စံနဲ့ အဋ္ဌမမင်းသားကိုပဲ သတ်ပစ်ခဲ့တာ။ ဪ...ဟုတ်သား အချင်းချင်းအဖွဲ့‌ေတွကွဲပြီး မတည့်ကြတဲ့ မင်းသမီးတွေလည်း အများကြီးရှိခဲ့သေးတယ်။ သူတို့လည်း အချင်းချင်း လုပ်ကြံသတ်ဖြတ်ကြ၊ အဆိပ်ခတ်ခဲ့ကြနဲ့ပဲ သေကုန်ကြလို့ ကိုယ်တော့်အတွက် အလုပ်တွေ အများကြီး သက်သာသွားခဲ့တယ်။ စိတ်ဝင်စားစရာ အကောင်းဆုံးကတော့ ကိုယ်တော့်ရဲ့ မွေးမယ်တော်ကြီးပဲ"


သူက အတော်လေး စိတ်ရွှင်နေသည့်အလား ခပ်ဖွဖွ ရယ်မောလိုက်သည်။


"အစက ကိုယ်တော်ကိုယ်တိုင် ရှင်းပစ်ဖို့ ရည်ရွယ်ထားပေမဲ့လည်း ကိုယ်တော်ရောက်သွားတဲ့အချိန်မှာ သူ့ဘာသာ ဆွဲကြိုးချပြီး သေပြီးနေပြီ။ သူက စိတ်ရောဂါကြောင့် ရူးသွပ်သွားလို့ သူ့သားသူ နာကျင်အောင်လုပ်ခဲ့မိတာပါဆိုတဲ့ သေတမ်းစာတစ်‌ေစာင်တောင် ချန်သွားသေးတယ်။ နောက်ဆုံးတော့ သူ့လုပ်ရပ်တွေအတွက် အတော် နောင်တရပြီအသိဝင်သွားတဲ့ပုံပဲ။ သူလုပ်ခဲ့တာတွေကို ဝန်မခံနိုင်‌ေတာ့လို့ ကိုယ့်ကိုယ်ကိုယ် သတ်သေဖို့တောင် ရွေးချယ်လိုက်တာတဲ့"


"ပြောပါဦး...ရယ်စရာမကောင်းဘူးလား"


မုကျန့်၏ လေသံဟာ အလွန်အေးဆေးတည်ငြိမ်ပြီး အခြားသူတစ်ဦး၏ ဇာတ်လမ်းကို ပြောပြနေသကဲ့သို့ပင် ဖြစ်‌သော်လည်း သူ၏ ဖြူဖျော့ဖျော့ မျက်နှာနှင့် မှိုင်တွေကာ သူ့ကိုယ်သူ အပြစ်တင်နေသည့် မျက်လုံးများကမူ သူ ဤကိစ္စကို အလွန်အမင်း ဂရုစိုက်ကြောင်း ပြသနေ၏။


ဝမ်မင်ယွီမှာ အမှန်တကယ်ကို ဂရုတစိုက် နားထောင်ပြီး သူ့ကို နှစ်သိမ့်ပေးဖို့ နည်းလမ်းကို ကြိုးစားရှာ‌ေဖွ‌ေပးချင်မိသော်လည်း မုကျန့်က စကားပြောနေရင်း သူ့ခေါင်းကို အဘယ်ကြောင့် လာထိနေရသနည်း။ ပုံမှန်ဆိုလျှင် ကိစ္စမရှိသော်လည်း ယခု သူက အလွန် စိတ်လှုပ်ရှားနေ‌ေလသည်။ သူ၏ နားရွက်ရှည်များကို သိမ်းထားရန် အသည်းအသန် ကြိုးစားနေရပြီး ယုန်နားရွက်များ ထွက်လာ‌မည့် ဦးခေါင်းပေါ်မှ နေရာသည်လည်း အလွန်အမင်းယားယံနေ၏။


နောက်ဆုံးတွင် သူ ဆက်ပြီးသည်းမခံနိုင်တော့ဘဲ သူ့ဗီဇအလျောက် မုကျန့်၏ လက်ဖဝါးကို ခေါင်းဖြင့် ပွတ်သပ်လိုက်မိသည်။


မုကျန့်မှာ အမွေးနု‌ေလးများ သူ့အသားကို ထိမိသွားသလို ခံစားလိုက်ရပြီး အနည်းငယ် ယားယံသွားရသည်။ မသိလျှင် ကြောင်လေးများ၏ အမွေးပွ ခြေဖဝါးလေးဖြင့် ကုတ်ခြစ်ခံလိုက်ရသည့်အတိုင်းပင်။


သူ တောင့်တင်းသွား‌ေတာ့၏။


ဝမ်မင်ယွီမှာ အမှားလုပ်မိသော ကြောင်ပေါက်လေးတစ်ကောင်အလား သူ့ကို တိတ်တဆိတ် မော့ကြည့်နေရှာသည်။ သခင်ထံမှ အပြစ်ပေးမခံရရန် မျက်ရည်ဝိုင်းနေသော မျက်လုံးလေးများဖြင့် အသနားခံနေသကဲ့သို့။ ကြောင်လေးများလို ချစ်စဖွယ်"မြောင်"ဆိုသည့် အသံလေးပင် ထုတ်ချင်နေသည့်အလား ကြည့်နေခြင်းဖြစ်သည်။


မုကျန့်ပင် ခဏတာ ရီဝေသွားပြီး ဝမ်မင်ယွီ၏ ဆံပင်ကို အကြိမ်ကြိမ် ပွတ်သပ်ပေးမိသွား၏။ ယုန်ကလေးမှာ ကတုံးပင် ဖြစ်သွားတော့မည့်ဆဲ‌ဆဲ။


ဝမ်မင်ယွီဟာ အန္တရာယ်ကို ခံစားလိုက်မိကာ ချက်ချင်းဆိုသလို ကျောချမ်းသွား‌တော့သည်။ မုကျန့် ဒေါသထွက်နေသည်ဟု ထင်လိုက်၍ သူ့အား ထောက်ခံကြောင်း လျင်မြန်စွာဖြင့် ထပ်လောင်းပြောဆိုလိုက်‌သေး၏။ အလောတကြီးဖြင့် သူ၏ စကားလုံးများမှာ ဟာကွက်များ ပြည့်လျက်။


တစ်စုံတစ်ဦးကို နှစ်သိမ့်ရန် အကောင်းဆုံးနည်းလမ်းမှာ "အဆင်ပြေသွားမှာပါ၊ အရာအားလုံး ပြီးဆုံးသွားမှာပါ" ဟု ပြောဆိုခြင်းမဟုတ်ဘဲ မိမိ၏ အတွေ့အကြုံကို ဥပမာအဖြစ် အသုံးပြု၍ "ငါလည်း ဒီလိုမျိုးတွေ ဒါမှမဟုတ် ပိုဆိုးတာတွေ ကြုံခဲ့ရဖူးတယ်" ဟု ပြောခြင်းဖြစ်သည်။ ထိုမှသာ အခြားသူအား သူ တစ်ယောက်တည်းမဟုတ်ကြောင်း သိရှိစေပြီး တဖြည်းဖြည်း ကျော်လွှား‌ေစနိုင်မည် ဖြစ်၏။


ထို့ကြောင့် ဝမ်မင်ယွီမှာ သူ၏ ကိုယ်ပိုင်အတွေ့အကြုံကို သတိလွတ်ပြီး ထုတ်ပြောလိုက်မိသွားသည်။


"သူများကို ချစ်တတ်တဲ့သူဟာ အချစ်ခံရတယ်၊ သူများကို လေးစားတဲ့သူဟာ အမြဲတမ်း လေးစားခံရတယ်။ မိသားစုဝင်တွေဆိုတာ သွေးသားချင်း ဆက်နွယ်နေကြတာဆိုပေမဲ့လည်း သူတို့တွေက ကိုယ့်အတွက် ဒုက္ခပဲ ပေးလာမယ်ဆိုရင်တော့ သူတို့ မရှိတာကမှ ပိုကောင်း‌ေသးတယ်။ ကျွန်တော်ဆို မိဘမရှိဘူး တစ်ယောက်တည်း ရပ်တည်ခဲ့ရတာ၊ ပိုက်ဆံအတွက် နေ့တိုင်း ပင်ပင်ပန်းပန်းလည်း အလုပ်လုပ်ရတယ်။ တစ်ခါတလေဆို ထမင်းတောင် ဝအောင် မစားနိုင်ခဲ့ဘူး။ ဒါပေမယ့်လည်း ကျွန်တော် ကြိုးစားပြီး ဖြတ်သန်းနိုင်ခဲ့....."


ရုတ်တရက် ဝမ်မင်ယွီဟာ အခြေအနေကို ပြန်သတိထားမိသွားပြီး သူ၏အသံသည်လည်း တိုးတိတ်သွားကာ လုံးဝ တောင့်တင်းသွား‌ေတာ့သည်။ သူဟာ စိတ်ထဲ၌ သူ့ကိုယ်သူ "ငတုံး"ဟု ဆဲဆိုလိုက်ပြီး မုကျန့် နားပင်းသွားပါစေဟုသာ အပြင်းအထန် ဆုတောင်းနေမိတော့၏။


သို့သော် မုကျန့်က နားပင်းမနေ။ အားလုံးကို သူ ရှင်းရှင်းလင်းလင်း ကြားလိုက်လေသည်။


"မိဘမရှိဘူး? ကိုယ်တော် သိသလောက်တော့ မင်းရဲ့ မွေးမိခင်က ဆုံးပါးသွားပြီ‌ဆိုပေမဲ့ မြို့စားကွမ်းယန်ကတော့ အသက်ရှင်နေတုန်းပါပဲ။ ပြီးတော့ မကြာသေးခင်ကတင်ပဲ မင်းနဲ့ မင်းရဲ့ မိထွေး တစ်ခါ ဆုံလိုက်သေးတယ်မဟုတ်လား?"


ဝမ်မင်ယွီ ထိုနေရာတွင်ပင် အသက်ထွက်သွားချင်စိတ် ပေါက်သွားတော့၏။


မုကျန့်က နားလည်ရခက်သော အပြုံးဖြင့် ဆိုသည်။


"သူတို့ အသက်ရှင်‌နေတာကို မလိုချင်လို့လား။ ဒါတော့ ကိုယ်တော် မင်းကို ကူညီပေးနိုင်တယ်"


မင်းဆိုးမင်းညစ်ကြီး၏စကားဟာ ပြက်လုံးမဟုတ်‌ပေ။ သူ၏ သတ်ဖြတ်လိုစိတ်သည် အမှန်တကယ်ပင်ဖြစ်၏။ ဝမ်မင်ယွီသာ ခေါင်းညိတ်လိုက်ပါက မုကျန့်က နောက်တစ်စက္ကန့်၌ပင် မြို့စားကွမ်းယန်၏ မိသားစုတစ်စုလုံးကို ကွပ်မျက်ရန် အမိန့်ထုတ်လိမ့်မည်ဟု သူ ယုံကြည်သည်။


ဝမ်မင်ယွီမှာ ခေါင်းကို လျင်မြန်စွာ ခါယမ်းပြီး ဆင်ခြေတစ်ခု ပေးလိုက်ရ၏။


"ကျွန်တော် မြို့စားကွမ်းယန်ရဲ့အိမ်တော်မှာ အတော့်ကို ဆိုးရွားတဲ့ အချိန်တွေကို ဖြတ်သန်းခဲ့ရတာပါ။ သူတို့ ဒီတိုင်း သေသွားမယ်ဆိုရင် အရမ်းကို လွယ်လွန်းပါတယ်။ အရှင်က သူတို့ကို အပြစ်ပေးပြီးပြီပဲ။ သူတို့ကို အသက်ရှင်ခွင့်ပေးပြီး ဆင်းရဲဒုက္ခတွေ ခံစားခွင့်ပေးလိုက်တာက ပိုပြီး ကောင်းတယ်။ အထက်တန်းစားဘဝကနေ သာမန်လူတန်းစားဘဝ ရောက်သွားရတာကို သူတို့ လုံးဝ လက်ခံနိုင်မှာ မဟုတ်ဘူး"


မုကျန့်က ခဏတာမျှ ရပ်တန့်သွားပြီးနောက် သက်ပြင်းချလိုက်သကဲ့သို့ လုပ်ပြသည်။

"ကြည့်ရတာ မင်းက လုံးလုံး တုံးအနေတဲ့သူတော့ မဟုတ်ဘူးပဲ။ အစက မင်းရဲ့ စိတ်နေစိတ်ထားနဲ့ ရိုးအမှု‌ေတွကြောင့် သူများတွေ‌‌ဆီကနေ အမြဲအနိုင်ကျင့်ခံရမယ်လို့ပဲ ကိုယ်တော် ထင်ထားတာ"

 

ဝမ်မင်ယွီ: "....."


ဒါက သူ့ကို တုံးတယ်‌ဆိုပြီး စော်ကားလိုက်ပြန်တာလား?


ဆရာကုံးဆိုရင် သူ့ကို ဉာဏ်ကောင်းတယ်လို့ အမြဲချီးမွမ်းနေတာပါနော်!

ဒီခွေးဧကရာဇ်က ကန်းနေတာပဲ...လုံးဝကို အမြင်မရှိဘူး!


ပြီးတော့ ဘာတဲ့? အနိုင့်ကျင့်ခံရမယ်? ဒီခွေးဧကရာဇ်ကလွဲပြီး သူ့ကို ဘယ်သူက လာအနိုင်ကျင့်ရဲမှာလဲ! 


သို့သော် ဝမ်မင်ယွီဟာ စိတ်ထဲတွင်သာ စိတ်ကြိုက်ဆဲဆိုနိုင်ပြီး အပြင်ပန်းတွင်မူ ချီးမွမ်းဂုဏ်ပြုစက်တစ်လုံးအဖြစ် ဆက်လက် လုပ်ဆောင်ရဦး‌‌ေပမည်။ သူဟာ ဆိုးသွမ်း၍ မာနကြီးသော ကြောင်တစ်ကောင်ကဲ့သို့ ချိုသာစွာ ပြုံးပြလိုက်သည်။


"အရှင်မင်းကြီး ရှိနေတာပဲလေ။ ဘယ်သူကများ ကျွန်တော့်ကို အနိုင်ကျင့်ရဲမှာလဲ"


မုကျန့်က မျက်ခုံးပင့်လိုက်သော်လည်း ချေပခြင်းတော့ မရှိချေ။ ထိုအရာမှာ အဓိပ္ပာယ်ရှိသည်ဟု ထင်ရပြီး ထိုလူသားအား သူ့ပိုင်နက်ထဲသို့ သတိမထားမိဘဲ ထည့်သွင်းလိုက်မိလေပြီ။


ဝမ်မင်ယွီက အခွင့်အရေးကို ဆုပ်ကိုင်ကာ သူ၏ သစ္စာရှိမှုကို ဖော်ပြလိုက်၏။


"အခက်အခဲကြုံရချိန်မှာ ရေတစ်စက် ကူညီပေးလိုက်တာကိုတောင် စမ်းချောင်းတစ်ခုစာ ပြန်ပြီး ပေးဆပ်သင့်တယ်လို့ ဆိုကြတယ်။ အရှင်မင်းကြီးက ကျွန်တော့်အပေါ် အရမ်းကောင်းခဲ့တာမို့ ကျွန်တော် အရှင်မင်းကြီးကို အလွန်အမင်းကို ကျေးဇူးတင်ပါတယ်။ တကယ်တော့ သွေးသားတော်စပ်တဲ့ ဆွေမျိုးသားချင်းတွေပဲ မိသားစုဝင်အဖြစ် ဆက်နွယ်လို့ရတာ မဟုတ်ပါဘူး။ တစ်ခါတလေ သွေးသားမတော်စပ်သူတွေကတောင် ဆွေမျိုးတွေထက် ပိုပြီးရင်းနှီးနိုင်တယ်လို့ ကျွန်တော် ထင်ပါတယ်"


သူဟာ မုကျန့်၏လူများထဲမှ တစ်ဦး ဖြစ်လာလိုကြောင်း သိမ်မွေ့စွာဖြင့် အရိပ်အမြွက် ပြောနေခြင်း ဖြစ်သည်။


မုကျန့် အနည်းငယ် အံ့အားသင့်သွား၏။


"မင်း အဲဒီ ကောလဟာလတွေကို မကြားဖူးဘူးလား။ ကိုယ်တော်က ကိုယ်တော့်ရဲ့ သွေးသားရင်းချာဆွေမျိုးတွေကိုတောင် သတ်ပစ်ခဲ့တာနော်၊ ကိုယ်တော်က အရမ်း ရက်စက်ကြမ်းကြုတ်တယ်။ ကိုယ်တော် မင်းကိုပါ သတ်ပစ်လိုက်မှာကိုရော မကြောက်ဘူးလား"


ဝမ်မင်ယွီမှာ မီးလျှံကြားကို တိုးသော ပိုးဖလံတစ်ကောင်ပမာ ပုံမှန်မဟုတ်သည့် ဇွဲမျိုးရှိနေသည်။


မုကျန့်က သူ့အား ရှင်းပြရခက်သော အမူအရာဖြင့် အချိန်အတော်ကြာ ကြည့်နေပြီးနောက် ပြုံးလိုက်သည်။


"ဒီလမ်းကို မင်း ကိုယ်တိုင် ရွေးချယ်ခဲ့တာနော် ဒါကြောင့် နောက်မှ နောင်တမရ‌စေနဲ့။ ကိုယ်တော့်ကို စိတ်မကျေနပ်အောင် လုပ်မိတာနဲ့ မင်းကို သတ်ပစ်မယ်"


ပြုံးရယ်နေ၍ သူ၏ စကားလုံးတို့ဟာ နူးညံ့ဟန်ရှိ‌သော်လည်း သူ၏ လေသံကမူ ခြိမ်းခြောက်မှုတို့နှင့် ပြည့်နှက်နေသည်။


ဝမ်မင်ယွီ အဓိကအချက်ကို လျင်မြန်စွာ နားလည်သွားသည်။ သို့ဆိုလျှင် ဧကရာဇ်က သူ့ကို သတ်ပစ်ရန် ရည်ရွယ်ချက်မရှိ‌ေသးပေ။ သူသာ ဆက်လက်၍ ကောင်းမွန်သောဆက်ဆံရေးကို တည်ဆောက်ပြီး နာခံမှုရှိစွာ ပြုမူနေသရွေ့ သူ သေလိမ့်မည်မဟုတ်ပေ။


သူ ဤလမ်းကြောင်းကို ရွေးချယ်ခဲ့ခြင်းမှာ မှန်၏။


ဝမ်မင်ယွီဟာ အလွန်ခက်ခဲသော ဂိမ်းတစ်ခုကို ကစားနေရသလို ခံစားလိုက်ရသည်။ ဂိမ်း၏ အဓိက ဘော့စ်ကြီးမှာ ကိုင်တွယ်ဖြေရှင်းရ ခက်ခဲလွန်းသည်ဟု နာမည်ကြီးပြီး သူသာလျှင် ထိုသူ့ကို အနိုင်ယူဖို့ နည်းလမ်းရှာဖွေနိုင်ခဲ့သည့် တစ်ဦးတည်းသောသူ ဖြစ်၏။ အောင်မြင်မှုကြီးကြီးမားမား ရလိုက်သကဲ့သို့ပင် ခံစားလိုက်ရလေသည်။ ထို့ကြောင့် စိတ်ထဲမှ သူ့ကိုယ်သူ လက်မထောင်ပြလိုက်၏။


သူ ဘေးကင်းကြောင်း သိလိုက်ရသောအခါမှ ဝမ်မင်ယွီခမျာ စိတ်လျှော့လိုက်ပြီး သူ အလွန် တောင့်တင်းနေခဲ့မိကြောင်း သဘောပေါက်သွားရသည်။


သူ၏ ခြေထောက်များမှာ အနည်းငယ် အားနည်းနေသေးသဖြင့် မတ်တတ်ရပ်လိုက်သည်နှင့် ဟန်ချက်ပျက်ကာ ရှေ့သို့ ယိုင်လဲသွားတော့သည်။


ထိုအချိန်၌ သန်မာသော လက်တစ်ဖက်က သူ၏ခါးကို လှမ်းဖက်၍ ကူထိန်းပေးလာ၏။


ခပ်ဩဩအသံတစ်သံက အပေါ်စီးမှ ထွက်ပေါ်လာသည်။


"မင်းခန္ဓာကိုယ်က အားနည်းလိုက်တာ...လမ်းတောင် ကောင်းကောင်းမလျှောက်နိုင်ဘူး"


ဝမ်မင်ယွီ ရှက်စိတ်ဖြင့် သူ့မျက်နှာသူ ကွယ်လိုက်သည်။


အဲတာ အားလုံး မင်းကြောင့်လေ!

သောက်ဧကရာဇ်ကြီး!

(you damned emperor လို့ဆဲထားလို့ပါ🥲)


မင်းကို ကြောက်လွန်းလို့ သေးပေါက်မချမိတာတောင် အံ့ဩဖို့ကောင်းလွန်းနေပြီ!


"မနက်ဖြန် လေ့ကျင့်ရေးကွင်းကို သွား... ကိုယ်တော် ကိုယ်တိုင် မင်းကို သင်ပေးမယ်"


ဝမ်မင်ယွီ: "...!!!"


သင်မယ်? ဘာကို သင်မှာလဲ?

ရုတ်တရက် ခံစားချက်မကောင်းတော့ဘူး!