အခန်း(၃)အိပ်စက်ခြင်း
ဝမ်မင်ယွီ ခေါင်းလေးငုံ့လျက် အစားအစာများကို တစ်လုတ်ချင်း ဖြည်းဖြည်းစီ စားနေမိ၏။ သူ့ပုံစံမှာ ရက်စက်ကြမ်းကြုတ်သော သားရဲကြီးတစ်ကောင်ထံမှ စိုက်ကြည့်ခံနေရသည့် သတ္တဝါငယ်လေးတစ်ကောင်အလား ခြေထောက်လေးများမှာလည်း မထိန်းချုပ်နိုင်ဘဲ တုန်ရီနေလျက်။
စားနေရင်းတန်းလန်းဖြင့် ဝမ်မင်ယွီမှာ အလွန်အမင်း တိတ်ဆိတ်လွန်းလှသော လေထုကြီးကြောင့် အသက်ရှူပင် ကျပ်လာကာ မနေနိုင်တော့ဘဲ ခိုး၍ မော့ကြည့်လိုက်မိရာ သူ့ကို တစ်ချိန်လုံး စိုက်ကြည့်နေသော အာဏာရှင်ကြီး၏ အကြည့်များနှင့် တစ်ဖန်ပြန်၍ ဆုံလေသည်။
ဝမ်မင်ယွီခမျာ မသိစိတ်အရ ခေါင်းကိုအလိုလို ငုံ့လိုက်ချင်သော်လည်း တစ်ဖက်လူက သူ မော့ကြည့်သည်ကို မြင်သွားပြီဖြစ်ရာ ချက်ချင်းကြီး မျက်နှာလွှဲလိုက်ပါကလည်း တမင်သက်သက် ရှောင်လွှဲသလို ဖြစ်နေပေလိမ့်မည်။ ထို့ကြောင့် သူဟာ ချိုသာစွာ ပြုံးပြလိုက်ရင်း ဆိုလိုက်ရ၏။
"အရှင်... ဒါတွေအားလုံးက တကယ် အရသာရှိပါတယ်။ အရှင်လည်း နည်းနည်းလောက် မြည်းစမ်းကြည့်ပါဦးမလား?"
မုကျန့်ကတော့ မျက်မှောင်ကြုတ်လျက် စားပွဲပေါ်ရှိ ဟင်းလျာများကို အထင်အမြင်သေးဟန်ဖြင့် ကြည့်ပြီး စိတ်မရှည်သလို ဆိုသည်။
"မင်းဟာမင်းပဲ စားစမ်းပါ"
ဝမ်မင်ယွီ လိမ္မာပါးနပ်စွာပင် နှုတ်ဆိတ်လိုက်လေပြီ။ ထိုမင်းဆိုးမင်းညစ်ကြီး စားသည်၊ မစားသည်မှာ သူနှင့် မဆိုင်ပေ။ သူ အလိုချင်ဆုံးအချက်မှာ အကြည့်ခံနေရသည့် အခြေအနေမှ လွတ်မြောက်ရန်သာ။ သူ အတင်းဖျစ်ညှစ်ပြုံးကာ ဆက်လက် စားသောက်နေပြီး ထိုစူးရှသော အကြည့်များကို လျစ်လျူရှုနိုင်ရန်သာ ကြိုးစားနေတော့၏။
ထိုနည်းမှာ သိပ်ပြီး ထိရောက်မှု မရှိသော်လည်း အတိုင်းအတာတစ်ခုအထိတော့ အသုံးဝင်သည်။ သူ သတိမထားမိခင်မှာပင် စားပွဲပေါ်ရှိ ဟင်းလျာအများစုကိုပါ ကုန်စင်လုနီးပါး တစ်ယောက်တည်း သိမ်းကြုံးစားပစ်လိုက်မိလေပြီ။
တစ်ဖက်တွင်မူ နန်းတော်၏ အရှင်သခင်ဖြစ်သော မုကျန့်မှာမူ တူကိုပင် မကိုင်သလောက်ပင်။ သူဟာ တစ်လုတ်နှစ်လုတ်မျှသာ စားပြီးနောက် ရပ်တန့်လိုက်ကာ ဝမ်မင်ယွီကိုသာ တစ်ချိန်လုံး စိုက်ကြည့်နေခဲ့၏။ တစ်ခုခုကို အကဲခတ်လေ့လာနေသည့်အလား။
မုကျန့်က လက်ကိုမြှောက်ကာ လက်ချောင်းထိပ်များကို ပွတ်သပ်ပြီး နှာခေါင်းနားသို့ ကပ်ကြည့်လိုက်သည်။ သူ့ကို စိတ်အနှောင့်အယှက် မဖြစ်စေသည့် ချိုမြိန်သော သစ်သီးရနံ့သင်းသင်းလေးတစ်ခုကို သူ ခံစားလိုက်ရသည်။ ထိုရနံ့ေလးမှာ စောစောက ဝမ်မင်ယွီ၏ မျက်နှာကို ထိတွေ့ခဲ့စဉ်က ရရှိခဲ့သော ရနံ့ဖြစ်ပြီး တစ်ဖက်တွင် စိမ်းသက်သလို ခံစားရသော်လည်း တစ်ဖက်တွင်မူ ရင်းနှီးနေသယောင်။
မုကျန့်က မျက်လွှာချထားပြီး သူ၏ ခံစားချက်များကို ဖုံးကွယ်ထားသဖြင့် မည်သူမျှ သူ ဘာတွေးနေသည်ကို မသိနိုင်ပေ။
လူဆိုသည်မှာ ဗိုက်ဝသွားသည့်အခါတွင် ပို၍ စိတ်လက်ပေါ့ပါးသွားတတ်ပြီး သတိဝီရိယလည်း လျော့နည်းသွားတတ်ကြသည်ပင်။ တစ်ခါတရံတွင်မူ ဉာဏ်ရည်ပင် အနည်းငယ် ကျဆင်းသွားတတ်ကြ၏။
ဝမ်မင်ယွီ၏ ဗိုက်လေးမှာ အနည်းငယ် ပူထွက်နေပြီး ကျေနပ်အားရနေပုံပင်။ သူထိုင်နေသော ပုံစံေလးမှာလည်း နန်းဆောင်ထဲသို့ စတင်ဝင်ရောက်လာစဉ်ကထက်စာလျှင် ပို၍ စိတ်အေးလက်အေး ရှိနေလေပြီ။ သို့သော်လည်း သူ မော့ကြည့်လိုက်စဉ် မုကျန့်ကို မြင်လိုက်ရသည့်အခါ၌မူ ခဏတာ ကြောင်အမ်းသွားပြီး အာရုံကြောများပင် ချက်ချင်း ပြန်လည် တင်းမာသွားရသည်။
"မစားချင်ဘူးလို့ ပြောပြီးတော့ တကယ်တမ်းကျတော့ အတော် အစားပုတ်ပါလား... စားပွဲပေါ်က ဟင်းတွေကိုတောင် တစ်ယောက်တည်း ကုန်အောင် စားနိုင်တယ်ပေါ့"
မုကျန့်က လှောင်ပြောင်လိုသော အကြည့်များဖြင့် သူ့ကို ကြည့်နေသည်။
ထိုစကားကို ကြားလိုက်ရသည့်အခါ ဝမ်မင်ယွီမှာ ဒေါသထွက်လွန်းသဖြင့် ပေါက်ကွဲကာ စားပွဲကိုပင် မှောက်လှန်ပစ်လိုက်ချင်စိတ် ပေါက်သွားရ၏။ ဒီလူပဲ သူ့ကို အတင်း စားခိုင်းခဲ့တာ မဟုတ်ဘူးလား? အကုန်ကုန်အောင် စားရမယ်လို့လည်း အမိန့်ပေးခဲ့ပြီး သူ စကားပြောဖို့ ကြိုးစားတိုင်းလည်း ပါးစပ်ပိတ်ပြီး ဆက်စားဖို့ပဲ ပြောခဲ့တာလေ။ အခုကျမှ သူ အစားပုတ်တယ်လို့ လာပြီး ကဲ့ရဲ့နေတာလား?!
ဝမ်မင်ယွီမှာ ရင်ထဲတွင် ဒေါသတအုံနွေးနွေး ဖြစ်နေရသော်လည်း အပြင်ပန်းတွင်မူ ဘာမှမကြားလိုက်သလိုသာ ဟန်ဆောင်နေပြီး ခေါင်းလေးကို စောင်းလျက် ချိုသာစွာ ပြုံးပြလိုက်သည်။ သူ၏ အမူအရာမှာ အပြစ်ကင်းစင်ကာ ဖြူစင်ရိုးအသည့် ပုံစံလေးပင်။
မုကျန့်မှာမူ မည်သည့် အမူအရာမျှ မပြပေ။
သားမြီးယပ်ကို ကိုင်ထားသော မိန်းမစိုးက ရိုသေစွာဖြင့် ရှေ့သို့တိုးကာ ခွင့်ပန်လိုက်၏။ မုကျန့်၏ ခွင့်ပြုချက်ကို ရရှိပြီးနောက်တွင် ကျန်ရှိနေသော အစားအစာများကို သိမ်းဆည်းရန် နန်းတွင်းအစေခံများကို အချက်ပြလိုက်ေတာ့သည်။
နန်းတွင်းအစေခံများနှင့် ကုန်းကုန်းများမှာ ပန်းကန်များကို တစ်ချပ်ပြီးတစ်ချပ် အလှည့်ကျ သယ်ဆောင်သွားကြသည်။ လူအုပ်စုကြီးမှာ နန်းဆောင်ထဲရှိ စားပွဲများကို ပတ်၍ လှုပ်ရှားနေကြသည့်တိုင် မည်သည့်အသံမျှ မထွက်ကြပေ။ တစ္ဆေများ ဖြတ်သွားသည့်နှယ် တိတ်ဆိတ်လွန်းလှသဖြင့် စိတ်ထဲတွင်ပင် မသက်မသာ ဖြစ်လာရ၏။
ဝမ်မင်ယွီ၏ နှုတ်ခမ်းများမှာ တောင့်တင်းနေပြီး အစာမကြေသလိုပင် ပိုမို ခံစားလာရသည်။
မကြာမီမှာပင် နန်းတွင်းအစေခံအားလုံး ဆုတ်ခွာသွားကြပြီး အထိန်းတော်ချုပ်ကြီးကတော့ နောက်ဆုံးမှ ထွက်ခွာသွား၏။
ဝမ်မင်ယွီသည်လည်း သူတို့နှင့်အတူ လိုက်သွားချင်သဖြင့် တံခါးဆီသို့ လှမ်းကြည့်လိုက်မိ၏။
"ဘာကို ကြည့်နေတာလဲ? ဗိုက်မဝသေးဘူးလား?"
မုကျန့်က တည်ငြိမ်စွာ မေးလာသည်။
ဝမ်မင်ယွီ တစ်စက္ကန့်အတွင်း အမြန်လှည့်ကြည့်လိုက်ပြီး ပြုံး၍ ခေါင်းယမ်းရင်း ဖြေလိုက်၏။
"မဟုတ်ပါဘူး ကျွန်တော် အရမ်းဗိုက်ဝသွားပါပြီ။ တစ်ခါမှ မစားဖူးတဲ့ အရာတွေ အများကြီးကိုလည်း စားခဲ့ရပါတယ်။ အရမ်းကိုပျော်ရွှင်ရပါတယ်။ အခုလို ဆုလာဘ်တွေ ပေးသနားတဲ့အတွက် ကျေးဇူးအများကြီး တင်ပါတယ် အရှင်"
မုကျန့်က ပုံမှန်အတိုင်းပင် ဟမ် ဟု အသံတစ်ချက်ပြုကာ သဘောတူလိုက်သည်။
ထို့နောက် အတွင်းဆောင်ထဲတွင် မည်သူမျှ စကားမပြောကြတော့။ တိတ်ဆိတ်မှုကြီးမှာ အလွန်ပင် လေးနက်လွန်းလှသဖြင့် ထူးဆန်းခြောက်ခြားဖွယ်ပင် ကောင်းနေလျက်။
ဝမ်မင်ယွီမှာ ခေါင်းေလးငုံ့ကာ မည်သည့်စကား ပြောရမည်ကို စဉ်းစားနေမိ၏။ မင်းဆိုးမင်းညစ်ကြီးကို ဒေါသ မထွက်စေဘဲ၊ တစ်ဖက်တွင်လည်း ငြီးငွေ့ပြီး သူ့ကို သတ်ပစ်ချင်စိတ် မပေါက်သွားစေမည့် စကားမျိုးကို ရှာဖွေနေခြင်းပင်။
အေးစက်စက် အငွေ့အသက်က ကျောရိုးထဲမှပင် စိမ့်တက်သွားရသည်။ သူ၏ အသိဉာဏ်များကို အသုံးချကာ စကားလုံးများကို ကြိုတင်ပြင်ဆင်ပြီးနောက် စကားပြောရန် မော့ကြည့်လိုက်တော့၏။
"အရှင်..."
စကားတစ်ခွန်း စရုံရှိသေးသော်လည်း ထိုအသံမှာ တိုးညင်းသော လေတိုးသံအဖြစ် ပြောင်းလဲသွားကာ ကျန်ရှိသည့် စကားများကို ပြန်လည် မျိုချလိုက်ရသည်။
အဘယ်ကြောင့်ဆိုသော် မင်းဆိုးမင်းညစ်ကြီးမှာ မေးစေ့ကို လက်ဖြင့် ထောက်၍ မျက်လုံးများကို မှိတ်လျက် အိပ်ပျော်နေသည်ကို မြင်လိုက်ရသောကြောင့်ပင်။
ဘာလို့ ရုတ်တရက်ကြီး အိပ်ပျော်သွားတာလဲ?
ဝမ်မင်ယွီမှာ အနည်းငယ် အံ့အားသင့်သွားသော်လည်း အလွန်ပင် စိတ်သက်သာရာ ရသွားခဲ့၏။ သူ အိပ်ပျော်သွားသည်မှာ အကောင်းဆုံးပင်။ သို့မှသာ ထိုကြောက်မက်ဖွယ်ကောင်းသော အကြည့်များကို ရင်မဆိုင်ရတော့မည့်အပြင် ဦးနှောက်ကို အလုပ်ပေးပြီး ဆက်ဆံနေရသည့် ဒုက္ခမှလည်း ကင်းဝေးမည် မဟုတ်ပါလား။
သူ့ခမျာ လက်ေလးကို ရင်ဘတ်ပေါ် တင်ကာ အသက်ကိုပင် ပြင်းပြင်းရှူလိုက်မိသည်။ "ဧကရာဇ်ကို ခစားရတာ ကျားနဲ့အတူ နေရသလိုပဲ" ဆိုသည့် စကားမှာ အမှန်ပင်။ ဧကရာဇ်နှင့် ရင်ဆိုင်ရသည့်အခါ ခံစားရသော စိတ်ပိုင်းဆိုင်ရာ ဖိအားမှာ အလွန် ကြီးမားလှ၏။ အသတ်မခံရလျှင်ပင် အရွယ်မတိုင်မီ ကြောက်လန့်ပြီး သေဆုံးသွားနိုင်ပေသည်။
သူ ထိုင်ခုံပေါ်တွင် ခဏမျှ ကြောင်စီစီ ထိုင်နေမိပြီးနောက် မုကျန့်ကို ခိုးကြည့်လိုက်ရာ ထိုသူမှာ အိပ်မောကျနေဟန်။ သူ... အခု ထွက်သွားလို့ ရလောက်လား? ဧကရာဇ် အိပ်နေတာကို သူက နှောင့်ယှက်လို့ မဖြစ်ဘူး မဟုတ်လား?
ဝမ်မင်ယွီ စက္ကန့်အနည်းငယ်မျှ တုံ့ဆိုင်းနေပြီးနောက် ဖြည်းဖြည်းချင်း ထရပ်လိုက်သည်။ မင်းဆိုးမင်းညစ်ကြီး နိုးသွားစေမည့် မည်သည့် အသံမျိုးကိုမျှ မထွက်စေရန် အလွန်ပင် ဂရုစိုက်နေလျက်။
ထိုင်နေစဉ်တွင် ဘာမှမခံစားရသော်လည်း မတ်တတ်ရပ်လိုက်သည်နှင့် သူ၏ ခြေထောက်များမှာ ပြုတ်ထားသော ခေါက်ဆွဲဖတ်များနှယ် ပျော့ခွေသွားကာ မြေပြင်ပေါ်သို့ လဲကျလုနီးပါး ဖြစ်သွား၏။ ကံကောင်းထောက်မစွာဖြင့် သူ ဖြည်းဖြည်းချင်း ထခဲ့သဖြင့် အချိန်မီ ထိန်းလိုက်နိုင်ကာ မည်သည့် အသံမျှ မထွက်ခဲ့ပေ။ သို့သော်လည်း မသိစိတ်အရ မုကျန့် မျက်လုံးပွင့်လာသလားဆိုသည်ကို အလိုလို လှည့်ကြည့်မိသေးသည်။
တော်သေးတာပေါ့။
ဝမ်မင်ယွီ လေပူတစ်ချက်ကို အသာအယာ မှုတ်ထုတ်လိုက်ပြီး တံခါးဆီသို့ ဦးတည် လျှောက်လှမ်းေတာ့၏။ သူ၏ လှုပ်ရှားမှုများမှာ အသက် (၈၀) အရွယ် လမ်းလျှောက်ရခက်ခဲေနသော အဖိုးအိုေလးတစ်ဦးအလား တစ်လှမ်းချင်း နှေးကွေးစွာ ရွေ့လျားနေလျက်။
တံခါးဝသို့ ရောက်ရန် နီးကပ်လာသည်နှင့်အမျှ မျှော်လင့်ချက်ရောင်ခြည်မှာ လက်တစ်ကမ်းအလိုသို့ ရောက်ရှိလာပြီဟု ထင်မှတ်လိုက်စဉ်...
"ဘယ်ကို သွားမလို့လဲ"
အက်ရှနေသော ခပ်ဩဩ အသံတစ်ခု သူ၏ နောက်ကျောဘက်မှ ရုတ်တရက် ထွက်ပေါ်လာသည်။
တိတ်တဆိတ် ထွက်ပြေးရန် ကြိုးစားနေသော ခွေးကလေးမှာ ကျောက်ရုပ်တစ်ရုပ်ကဲ့သို့ ချက်ချင်း တောင့်တင်းသွား၏။ သူ၏ ဦးနှောက်မှာ ဗလာဖြစ်သွားပြီး ခေါင်းပင်ကျိန်းသွားရကာ ဆံပင်မွေးများမှာလည်း ထောင်ထသွားလျက် နှလုံးခုန်သံပင် ရပ်တန့်သွားသလိုပင်။ နောက်သို့ လှည့်ကြည့်ရန်ပင် မဝံ့ရဲတော့။
မုကျန့်ဟာ တစ်ချက်ကလေးမျှ မလှုပ်ရှားဘဲ ထိုင်နေဆဲဖြစ်သော်လည်း မျက်လုံးများမှာ ပွင့်နေပြီဖြစ်ကာ သူ၏ အေးစက်သော အကြည့်များက ဝမ်မင်ယွီ၏ နောက်ကျောကို ထိုးဖောက်မတတ် စိုက်ကြည့်လျက် သူ့(ဝမ်မင်ယွီ)ကို နေရာမှာတင် ရပ်တန့်သွားစေသည်။
"ကိုယ်တော် ထွက်သွားဖို့ ခွင့်ပြုချက် ပေးလိုက်လို့လား? ပြန်လာခဲ့!"
အမိန့်ပေးသံမှာ ငြင်းဆန်ရန် နေရာမရှိပေ။ ဝမ်မင်ယွီမှာ တုန်တုန်ရီရီဖြင့် မကြုံစဖူး အမြန်နှုန်းနှင့်ပင် ထိုင်ခုံဆီသို့ အပြေးပြန်သွားကာ ဝုန်းခနဲ ထိုင်ချလိုက်၏။ ထို့နောက် လက်ကို ဒူးပေါ်တင်ကာ လိမ္မာသော ကလေးတစ်ဦးကဲ့သို့ ငြိမ်သက်စွာ ထိုင်နေလျက်။
သူ၏ အမူအရာေလးမှာ တတ်နိုင်သမျှ သိမ်မွေ့အပြစ်ကင်းစင်နေအောင် ဖန်တီးထားေလသည်။
"ကျွန်တော် ခွင့်ပြုချက်မရှိဘဲ ထွက်သွားဖို့ ကြိုးစားေနတာ မဟုတ်ပါဘူး။ အရှင် အိပ်ပျော်နေတာ မြင်လို့ အအေးမိမှာ စိုးရိမ်တာနဲ့ ကုန်းကုန်းဆီမှာ စောင်တစ်ထည်လောက် သွားေတာင်းမလို့ပါ"
သူ၏ ဝိုင်းစက်နက်မှောင်သော မျက်ဝန်းလေးများကိုပင် နှစ်ချက်မျှ ပုတ်ခတ်ပြလိုက်ေသး၏။ ထိုမျက်ဝန်းေလးများမှာ ကြည်လင်သန့်စင်လွန်းလှသဖြင့် ဘယ်တော့မှ လိမ်ညာမည့်သူ မဟုတ်ဟုပင် ထင်ရသည်။
မုကျန့်မှာမူ မည်သည့် ခံစားချက်မျှ မပြဘဲ သူ့ကို တစ်ချက်ကြည့်ကာ မျက်လုံးများကိုသာ ပြန်မှိတ်လိုက်၏။ ဆက်လက် အိပ်စက်ရန်သာ ကြံရွယ်ထားပုံပင်။
ဝမ်မင်ယွီ: ...?
ဒါဆို သူ့ကို ဒီမှာ ဘာလို့ ဆက်ထားထားတာလဲ? ဒီမင်းဆိုးမင်းညစ်ကြီးက ဘေးနားမှာ လူတစ်ယောက်မှ မရှိရင် အိပ်မပျော်တဲ့ (၃) နှစ်သား ကလေးလေးမလို့လား?
သူ ထွက်သွားသည်နှင့် မုကျန့်က အာရုံခံမိပြီး နိုးလာခဲ့၍ ဝမ်မင်ယွီမှာ ထပ်မလှုပ်ရဲတော့ဘဲ ထိုနေရာ၌ အရုပ်တစ်ရုပ်ကဲ့သို့သာ နေနေရတော့သည်။ သူ ပျင်းရိလာသဖြင့် ပတ်ဝန်းကျင်ရှိ ဇိမ်ခံပရိဘောဂများကို လိုက်ကြည့်နေမိပြီး အိပ်ပျော်နေသော မင်းဆိုးမင်းညစ်ကြီးကိုလည်း ခေတ္တမျှ ကြည့်နေမိ၏။ ထို့နောက် ဘာဖြစ်နေမှန်း သတိဝင်လာသည်နှင့် ချက်ချင်း မျက်နှာလွှဲလိုက်ကာ သူ၏လက်ချောင်းလေးများကိုသာ ဆော့ကစားရင်း အချိန်ဖြုန်းနေမိလျက်။
အချိန်မည်မျှ ကုန်လွန်သွားသည်မသိ၊ ဝမ်မင်ယွီလည်း မျက်ခွံများ လေးလံလာပြီး အိပ်ပျော်တော့မည့်ဆဲဆဲတွင် တစ်စုံတစ်ယောက် အထဲသို့ ဝင်လာသည်။
ဝမ်မင်ယွီ ရုတ်တရက် မော့ကြည့်လိုက်ရာ သားမြီးယပ်ကို ကိုင်ထားသော မိန်းမစိုးအား တွေ့လိုက်ရ၏။
တစ်ဖက်လူမှာလည်း အနည်းငယ် အံ့အားသင့်သွားဟန်ရှိပြီး မျက်လုံးချင်း ဆုံမိသည့်အခါ၌ ခေတ္တမျှပင် ရပ်တန့်သွားေလသည်။
အထိန်းေတာ်ချုပ် ကျောက်သဲ့ကွမ်းမှာ ဧကရာဇ်ထံမှ အခေါ်တော်လွှတ်သံ မကြားရတော့သဖြင့် လာရောက် စစ်ဆေးခြင်းဖြစ်သော်လည်း ဧကရာဇ် အိပ်ပျော်နေသည်ကို တွေ့ရသဖြင့် အံ့အားသင့်သွားခြင်း ဖြစ်၏။ သူပင် ထိုအမူအရာကို မဖုံးကွယ်နိုင်ခဲ့ပေ။
ထို့နောက် ဝမ်မင်ယွီ၏ အကြည့်များနှင့် ဆုံမိေလရာ ဦးညွှတ် နှုတ်ဆက်လိုက်ပြီး ကျောကို ကိုင်းလျက် တိတ်တဆိတ် ပြန်လည် ထွက်ခွာသွားခဲ့သည်။
ဝမ်မင်ယွီ: ...
အစွန့်ပစ်ခံရသည့် ခံစားချက်ကို ထပ်မံ ကြုံတွေ့ရပြန်သဖြင့် ရင်ကျိုးရပါ၏။
အတော်ကြာပြီးနောက်တွင် မုကျန့်သည်လည်း နောက်ဆုံး၌ နိုးလာခဲ့လေပြီ။ သူ မျက်လုံးဖွင့်လိုက်စဉ် ဝမ်မင်ယွီ ရှိနေေသးသည်ကို မြင်သော်လည်း ဘာမှ ထွေထွေထူးထူး မပြောဘဲ လက်ရိပ်ပြကာ ပြန်ခိုင်းလိုက်သည်။
ထိုသို့ဖြင့် ဝမ်မင်ယွီမှာ သူ၏ အဆောင်သို့ အထိအခိုက်မရှိဘဲ ပြန်ရောက်လာခဲ့၏။
စန်းရှီက ဝမ်မင်ယွီ ပြန်လာသည်ကို မြင်သောအခါ မယုံနိုင်လောက်အောင်ပင် အလွန်အမင်း ဝမ်းသာသွားလျက်။ သူ၏ ခံစားချက်များမှာ ပြင်းထန်လွန်းလှသဖြင့် မျက်ဝန်းများပင် နီမြန်းနေပြီး မျက်ရည်ပင် ကျလုနီးပါး ဖြစ်နေသည်။
"သခင်လေး ဘာမှမဖြစ်ဘဲ ပြန်လာနိုင်တာ ဝမ်းသာလိုက်တာ! အရှင်က သခင်လေးကို ဘာအတွက် ခေါ်တာလဲဟင်?"
ဝမ်မင်ယွီမှာလည်း အိမ်မက်မက်နေသကဲ့သို့ ကြောင်စီစီ ဖြစ်နေဆဲ။ မင်းဆိုးမင်းညစ်ကြီးနှင့် တွေ့ဆုံပြီးနောက် အထိအခိုက် မရှိဘဲ အမှန်တကယ် ပြန်လာနိုင်ခဲ့သည်မဟုတ်ပါလား။ သူ စန်းရှီကို ငေးငိုင်စွာသာ ပြန်ဖြေလိုက်၏။
"ငါ ထင်တာတော့... ငါ့ကို ထမင်းခေါ်ကျွေးတာ ထင်တယ်?"
သူ စားပွဲပေါ်ရှိ ဟင်းလျာအားလုံးကိုပါ ကုန်စင်အောင် စားခဲ့မိသည်ပင်။ ဧကရာဇ်ထက်ပင် ပိုမိုစားသောက်ခဲ့ပြီး ဧကရာဇ်၏ ဝေစုကိုပါ အားမနာတမ်း အပြတ်ရှင်းခဲ့သည် မဟုတ်ပါလား။
စန်းရှီ: "...???"