Chapter2
Viewers 1k

အခန်း(၂)သက်တံ့ရောင်ချီးကျူးစကားများ


တိရစ္ဆာန်ဟူသည် ဘေးအန္တရာယ်ကို အာရုံခံနိုင်စွမ်း မွေးရာပါ ရှိကြစမြဲပင်။


ဝမ်မင်ယွီမှာ တကယ့် တိရစ္ဆာန်စစ်စစ် တစ်ကောင် မဟုတ်သော်ငြား အိုမီဂါတို့၏ ပင်ကိုယ်တိရစ္ဆာန် အသွင်သဏ္ဌာန်ကြောင့် သူ၏ ခန္ဓာကိုယ်ထဲတွင်လည်း တိရစ္ဆာန်တို့၏ ဗီဇအချို့ ကိန်းအောင်းနေဆဲပင်။


နားရွက်ကျယုန်ကလေးများသည် သဘာဝအရ အလွန်ကြောက်တတ်ကြပြီး အပ်ကျသံ ကြားရုံမျှနှင့်ပင် လန့်ဖျပ်သွားတတ်ကြလေသည်။


ယခုမူ အန္တရာယ်အငွေ့အသက်များ လွှမ်းခြုံနေသည့် အမျိုးသားတစ်ဦးက သူ့ရှေ့တည့်တည့်တွင် သဘာဝရန်သူကြီးအလား မားမားမတ်မတ် ရပ်နေလေရာ ဝမ်မင်ယွီ၏ ခန္ဓာကိုယ်လေးမှာ တောင့်တင်းသွားပြီး မြေပြင်ပေါ်သို့ ခွေခေါက်လဲကျကာ သေချင်ယောင်ဆောင်လိုက်ချင်စိတ်များပါ ပေါက်နေမိ‌ေတာ့၏။


လွန်ခဲ့သည့် ရက်အနည်းငယ်အတွင်း ဝမ်မင်ယွီမှာ ပျင်းတိပျင်းရွဲ နေထိုင်နေခဲ့ရုံသာမက တိတ်တဆိတ်လည်း သတင်းအချက်အလက်များ စုဆောင်းခဲ့သေးသည်။ သို့သော် နန်းတွင်းအစေခံများမှာ နှုတ်လုံလွန်းလှသဖြင့် သူ မြို့စားမင်းအိမ်တော်မှ ကြားခဲ့ရသည်များနှင့် မူလခန္ဓာကိုယ်ပိုင်ရှင်၏ မှတ်ဉာဏ်ဟောင်းများကိုသာ ပြန်လည်တူးဆွ၍ မှန်းဆနေရ၏။


လွန်ခဲ့သော နှစ်ပေါင်းထောင်ချီသည့် ခေတ်ကာလမှာ အလွန်ဝေးကွာလွန်းလှသဖြင့် ရှေးဟောင်းကျမ်းစာ အနည်းငယ်မျှသာ ရှိ‌ေတာ့သော်လည်း အချို့သော မှတ်တမ်းများမှာမူ ကျန်ရစ်နေခဲ့ဆဲ။


ဒဏ္ဍာရီများအရ တစ်ခါက ညီလာခံကျင်းပနေစဉ်အတွင်း အမတ်တစ်ဦးဟာ ရက်စက်ကြမ်းကြုတ်သော ဧကရာဇ်ကို အာခံ၍ ဒေါသထွက်စေမည့် စကားများ ပြောဆိုခဲ့ဖူးသည်။ ထိုခဏ၌ အာဏာရှင်ကြီးက အမတ်များအား အေးအေးဆေးဆေး ငုံ့ကြည့်နေရာမှ မျက်လုံးအစုံမှာ သွေးရောင်လွှမ်းသွားပြီး တခြားလူတစ်ယောက်အလား ရုတ်ချည်း ပြောင်းလဲသွားကာ မျက်နှာမှာလည်း ကြောက်မက်ဖွယ် ရူးသွပ်မှုများဖြင့် ဆိုးရွားစွာ ပုံပျက်သွားခဲ့၏။ ထို့နောက် ကိုယ်ရံတော်၏ ဓားကို ဆွဲယူ၍ လျှပ်တစ်ပြက်အတွင်း ဝှေ့ယမ်းလိုက်ရာ သွေးများ နေရာအနှံ့ စင်သွားပြီး ထိုအမတ်မှာ နေရာတင် ပွဲချင်းပြီး သေဆုံးသွားခဲ့သည်။ ညီလာခံခန်းမတစ်ခုလုံး တိတ်ဆိတ်ခြောက်ကပ်သွားပြီး အမတ်မင်းများမှာလည်း သူတို့ကိုယ်သူတို့ နောက်ထပ် အသတ်ခံရမည့် အလောင်းများ ဖြစ်သွားမည်ကို စိုးရိမ်တုန်လှုပ်သွားကြ၍ စကားတစ်လုံးပင် မဟဝံ့ကြတော့။


ဤဖြစ်ရပ်ကြောင့်ပင် ထိုမင်းဆိုးမင်းညစ်ကြီး၏ စိတ်ထင်တိုင်းလုပ်တတ်ပုံနှင့် လူ့အသက်ကို မြက်ပင်သစ်ပင်ကဲ့သို့သာ သဘောထားတတ်သည့် နာမည်ဆိုးတို့မှာ ပိုမိုခိုင်မာလာပြီး နန်းတွင်းအရာရှိအားလုံးမှာလည်း တုန်လှုပ်ချောက်ချားခဲ့ကြရ၏။


လေထုကြီးတစ်ခုလုံးပင် အေးခဲသွားသယောင်။


ဝမ်မင်ယွီမှာ ထိုအကြောင်းများကို တွေးမိသည်နှင့် အသက်ရှူရန်ပင် မေ့လျော့နေမိလျက်။ တံခါးဘောင်ကို ကိုင်ထားသည့် သူ၏လက်‌ေလးများမှာ မသိစိတ်ကြောင့် တင်းကျပ်သွားပြီး လက်ချောင်းလေးများမှာလည်း ကွေးညွတ်သွားကာ လက်ဆစ်များမှာလည်း ဖြူဖျော့လာလေပြီ။


မိမိကို အချိန်မရွေး သတ်ပစ်နိုင်သည့် ဤမင်းဆိုးမင်းညစ်ကြီးထံမှ စိုက်ကြည့်ခြင်းကို ခံနေရသဖြင့် ဝမ်မင်ယွီခမျာ ခြေထောက်များပင် ပျော့ခွေလာတော့သည်။


ဤရက်စက်ကြမ်းကြုတ်သော ဧကရာဇ်ကြီးနှင့် ရင်ဆိုင်ရလျှင် မည်သို့မည်ပုံ ဖြေရှင်းမည်ဟု သူ ကြိုတင်တွေးတောခဲ့ဖူးသော်လည်း အမှန်တကယ် ဆုံတွေ့ရသည့်အခါတွင်မူ အသိဉာဏ်များအားလုံး ဗလာဟင်းလင်း ဖြစ်သွားခဲ့ရလေပြီ။ သူ့မှာ ကြောက်လန့်လွန်းသဖြင့် မူလအသွင်ဖြစ်သော အမွေးပွယုန်လုံးလေးအဖြစ် ပြောင်းသွားလုနီးပါးပင်။


စိတ်ထဲတွင် သူ ခေါင်းပြတ်သွားမည့် မြင်ကွင်းကိုသာ မြင်ယောင်နေမိပြီး ထိုကြောက်မက်ဖွယ် မြင်ကွင်းကြောင့် ငိုချလိုက်ချင်စိတ်များပင် ပေါက်နေလျက်။ အသစ်ရရှိထားသော ဒုတိယဘဝလေးသည်လည်း ဤမျှနှင့်ပင် ရုတ်တရက် အဆုံးသတ်သွားတော့မည်လော?


ဝတ်ရုံနက် ဆင်မြန်းထားသည့် အမျိုးသားမှာ အရပ်ရှည်ပြီး ခန့်ညားသော်လည်း လျှောက်လှမ်းလာသော ခြေလှမ်းတိုင်း၌ ပါလာသည့် ဖိအားမှာမူ အလွန်ပင် လွှမ်းမိုးနိုင်လွန်းလှ၏။


ဝမ်မင်ယွီမှာ မသိစိတ်ကြောင့် တုန်ယင်သွားပြီး ရှောင်တိမ်းရန် ကြိုးစားသော်လည်း အားနည်းနေသော ခြေထောက်များကတော့ သူ့အမိန့်ကို မနာခံတော့၍ နောက်သို့ မပြောပလောက်အောင် အနည်းငယ်မျှသာ ဆုတ်နိုင်လေသည်။


မုကျန့်က သူ့ရှေ့ နှစ်လှမ်းအကွာတွင် ရပ်တန့်လိုက်ပြီး တည်ငြိမ်စွာ ငုံ့ကြည့်လာ၏။


"မင်းက ဝမ်မိသားစုကနေ ပို့လိုက်တဲ့သူလား? ဘယ်သူက မင်းကို အခြေခံကျင့်ဝတ်တွေ သင်ပေးထားတာလဲ? ဦးညွတ်ရကောင်းမှန်းတောင် မသိဘူးလား?"


ထိုစကားကို ကြားမှ ဝမ်မင်ယွီမှာ သတိပြန်ဝင်လာလျက်။


ဟုတ်သားပဲ၊ ရှေးခေတ်မှာဆို ဧကရာဇ်နဲ့ တွေ့ရင် ဦးညွှတ်ရတယ်လေ။ ဘယ်လိုနည်းလမ်းနဲ့ ဦးညွှတ်ရမှာလဲ? လွန်ခဲ့တဲ့ နှစ်ရက်လောက်ကတင် သူ တိတ်တဆိတ် လေ့ကျင့်ထားပါသေးတယ်၊ အခုကျမှ ဘာလို့ ဘာမှ မမှတ်မိရတော့တာလဲ!


ပတ်ဝန်းကျင်ရှိ အစေခံများကို နမူနာကြည့်ရန် မသိစိတ်ဖြင့် ဝေ့ဝဲကြည့်သော်လည်း ရှေ့မှ ရပ်နေသူက အမြင်ကို ကာဆီးထားပြန်၏။


သေစမ်း!

စာမေးပွဲခန်းထဲ၌ မေးခွန်းတစ်ခုမှ မဖြေနိုင်၍ ဘေးလူ၏ အဖြေလွှာကို ခိုးကြည့်ချင်သော်လည်း စာ‌ေမးပွဲခန်း‌ေစာင့်သူက ဘေးနားတွင် ကပ်ရပ်နေသည့် ဒုက္ခမျိုးကို ကိုယ်တိုင်ကိုယ်ကျ ခံစားလိုက်ရသည့်နှယ်။ ထို့ပြင် ပုံမှန်စာမေးပွဲဆိုလျှင်တောင် ကျရုံသာ ရှိသော်လည်း ယခုစာမေးပွဲတွင်မူ ကျသွားပါက အသက်ပင် ဆုံးရှုံးရနိုင်သည်မဟုတ်ပါလား။


အလွန်ပင် ကြောက်မက်ဖွယ် ကောင်းလှ၏။


ဝမ်မင်ယွီ ခဏမျှ တုန့်ဆိုင်းနေစဉ်မှာပင် ဧကရာဇ်က စိတ်မရှည်တော့ဟန်ဖြင့် အေးစက်စက် လေသံဖြင့် ဆိုလာ‌ေတာ့သည်။


"မြို့စားကွမ်းယန်က ကိုယ်တော့်ဆီကို စကားမပြောတတ်တဲ့ လူတစ်ယောက် ပို့လိုက်တာလား ဘယ်လောက်တောင် ရဲတင်းလိုက်သလဲ!"


ဝမ်မင်ယွီ၏ နှလုံးခုန်သံပင် မြန်သွားရလေပြီ။ နောက်ထပ် ကြားရမည့် စကားမှာ "ငါကိုယ်တော် စိတ်မချမ်းသာဘူး... ဒါကြောင့် မင်းရဲ့ မိသားစုတစ်ခုလုံးကို သတ်ပစ်မယ်" ဟူ၍ ဖြစ်နေမည်လော။


သူသည်လည်း မြို့စားကွမ်းယန်ကို မနှစ်သက်သော်ငြား သေစေချင်သည်အထိတော့ မုန်းတီးခြင်း မရှိပေ။ ထို့ပြင် ဆွေခုနစ်ဆက် မျိုးခုနစ်ဆက် သတ်မည်ဆိုပါက သူသည်လည်း ထိုစာရင်းတွင် ပါဝင်နေမည်ပင်။


ဝမ်မင်ယွီ ဘာပြောရမည်ကိုပင် မစဉ်းစားနိုင်တော့ဘဲ အလျင်အမြန် ပြန်ဖြေလိုက်ရသည်။


"ကျွန်တော် စကားပြောတတ်ပါတယ်"


မုကျန့်က မျက်လုံးကို အနည်းငယ် မှေးကြည့်လိုက်ပြီး မေးပြန်၏။


"ဒါဆို ဘာလို့ စောစောကတည်းက မပြောတာလဲ?"


ဝမ်မင်ယွီမှာ ကြောက်လန့်လွန်းသဖြင့် မည်သို့တုံ့ပြန်ရမည်ကိုပင် မေ့သွားခဲ့ပါသည်ဟု ဝန်မခံရဲပေ။ ပြုံးနေသော မျက်နှာကို မည်သူမျှ လက်သီးနှင့် မထိုးရက်သကဲ့သို့ ချော့မော့ပြောဆိုသော စကားကို လူတိုင်း နှစ်သက်ကြလိမ့်မည်ဟုသာ သူ မျှော်လင့်မိသည်။ ထို့ကြောင့် နှုတ်ခမ်း‌ေလးကို ကွေးညွတ်လျက် ဖြူစင်သော အပြုံးလေးတစ်ပွင့် ပြုံးပြလိုက်၏။


"အရှင့်ကို ပထမဆုံးအကြိမ် မြင်လိုက်ရတော့ အရှင့်ရဲ့ ခန့်ညားလှပတဲ့ ရုပ်ရည်နဲ့ ပြိုင်ဖက်ကင်း မြင့်မြတ်တဲ့ အရှိန်အဝါတွေကြောင့် ကျွန်တော်တောင် မှင်တက်သွားပြီး ခဏ‌လောက် စကားပြောဖို့ မေ့သွားရတာပါ"


ဤသည်မှာ လုံးဝ ဥဿုံ လိမ်ညာခြင်းတော့ မဟုတ်ပေ။ အစပိုင်းတွင် ကြောက်မက်ဖွယ် ကောလာဟလများကို ကြားဖူးထားသဖြင့် မင်းဆိုးမင်းညစ်ကြီးမှာ ထွားကြိုင်းပြီး ရက်စက်ကြမ်းကြုတ်သည့် ပုံစံမျိုးရှိလိမ့်မည်ဟု သူ ထင်မြင်ခဲ့‌ေလသည်။ သို့သော်လည်း အမှန်တကယ် မြင်တွေ့လိုက်ရသည့်အခါတွင်မူ ဧကရာဇ်မှာ အလွန် ငယ်ရွယ်ပြီး ခန့်ညားလွန်းနေ၏။ ကြောက်မက်ဖွယ် အရှိန်အဝါသာ မရှိပါက သူဟာ လူအများထံမှ လက်ဆောင်ပဏ္ဍာများစွာကို လက်ခံရ‌ရှိနေလောက်မည့် အမျိုးကောင်းသား တစ်ဦးနှင့်ပင် တူနေပေလိမ့်မည်။


သူ စကားပြောပြီးသည်နှင့် ပတ်ဝန်းကျင်ရှိ နန်းတွင်းအစေခံများထံမှ ထိတ်လန့်တုန်လှုပ်သွားသော အသံများ ထွက်ပေါ်လာလျက်။ ဝမ်မင်ယွီ၏ စကားမှာ သူတို့အတွက် ထိန်းချုပ်၍မရအောင် ကြောက်စရာ ကောင်းနေသည့်အလား။


ဝမ်မင်ယွီပင် ထိတ်လန့်သွားရပြီး လမ်းမှားကို ရွေးချယ်မိ၍ မြေမြှုပ်မိုင်းတည့်တည့် နင်းမိပြီး သေရတော့မည်လားဟုပင် တွေးမိသွားသည်။


သူ၏ အပြုံးမှာ တောင့်တင်းသွားသော်လည်း အတင်းအားတင်း၍ ဆက်လက်ပြုံးထားရဆဲ။


မုကျန့်က သူ့ကို စက္ကန့်အနည်းငယ်မျှ စိုက်ကြည့်နေပြီးနောက် ရုတ်တရက် ရယ်မောလိုက်၏။ ထိုရယ်သံမှာ အေးစက်စက် လုပ်ရယ်သံလော သို့တည်းမဟုတ် ရိုးရိုးရယ်သံလော ဆိုသည်မှာမူ ခွဲခြားရန် ခက်ခဲလှပေသည်။


ထို့နောက် လှည့်ထွက်သွားပြီး "သူ့ကို ခေါ်ခဲ့" ဟူသော စကားတစ်ခွန်းသာ ချန်ရစ်ခဲ့‌တော့၏။


ဝမ်မင်ယွီပင် ကြောင်အမ်းအမ်း ဖြစ်ကျန်ရစ်ခဲ့ပြီး ဧကရာဇ်၏ ဆိုလိုရင်းကို နားမလည်နိုင် ဖြစ်နေလျက်။ ဖြူဖျော့ဖျော့ မျက်နှာနှင့် ကုန်းကုန်းတစ်ဦးဟာ လက်ထဲတွင် သားမြီးယပ်ကို ကိုင်ဆောင်လျက် သူ့ထံသို့ လျှောက်လာပြီး အပြုံး‌ေလးဖြင့် ဆိုသည်။


"ဝမ်သခင်လေး အရှင်မင်းကြီးက အခစားဝင်ဖို့ မိန့်ကြားလိုက်ပါတယ်။ ကျေးဇူးပြုပြီး ကျွန်တော့်နောက်ကို လိုက်ခဲ့ပါ"


ဝမ်မင်ယွီ: "...ဟုတ်ကဲ့"


အပြင်ပန်းတွင် ပြုံးပြနေရသော်လည်း ရင်ထဲတွင်မူ မျက်ရည်များ ဝဲနေလျက်။ ချော့မော့ပြောဆိုသော နည်းလမ်းမှာ အောင်မြင်ခဲ့သလော သို့မဟုတ် ကျရှုံးသွားခဲ့သလော။ ဧကရာဇ်က သူ့ကို သတ်မည်ဟု မပြောခဲ့သော်ငြား ဘာကြောင့် အခစားဝင်ခိုင်းရသလဲ? နှိပ်စက်ရန်လော သို့မဟုတ် စိတ်အလိုကျ ကစားစရာ တစ်ခုခုအဖြစ် သဘောထားရန်လော။ သူကတော့ နောက်ဆုံးအချက် ဖြစ်နေစေရန်သာ ဆုတောင်းနေမိ၏။


သူ ထွက်သွားတော့မည့် အချိန်တွင် စန်းရှီက နောက်မှ လှမ်းခေါ်လိုက်သည်။ ဝမ်မင်ယွီ လှည့်ကြည့်လိုက်ရာ စိုးရိမ်ပူပန်နေသော မျက်ဝန်းများနှင့် ဆုံလေ၏။ သူတို့ သိကျွမ်းခဲ့သည်မှာ မကြာသေးသော်လည်း စန်းရှီသည် စိတ်ရင်းကောင်းသူ တစ်ဦးဖြစ်သည်ဟု သူ ယူဆမိကာ သံယောဇဉ် အနည်းငယ်တွယ်မိလျက်။ ထို့ကြောင့် ခြေထောက်များ တုန်ရီနေသော်လည်း အားတင်း ပြုံးပြကာ စန်းရှီအား စိတ်သက်သာရာရစေရန် နှစ်သိမ့်လိုက်မိသည်။


"မစိုးရိမ်နဲ့၊ ငါ ဘာမှမဖြစ်ပါဘူး"


...တကယ်တော့ ဘာမှမဖြစ်ဘူးဆိုတာ အလကားပြောတာ၊ သူ ဘယ်တော့မှ ပြန်မလာနိုင်တော့တာလည်း ဖြစ်နိုင်တယ်မဟုတ်လား...

ဝမ်မင်ယွီမှာ မိန်းမစိုး၏ နောက်သို့ လိုက်ပါသွားလျက်။ ဤသည်မှာ သူ နန်းတော်သို့ ရောက်ရှိလာပြီးနောက်ပိုင်း ပထမဆုံးအကြိမ် အဆောင်ပြင်ပသို့ ထွက်ရခြင်း ဖြစ်၏။ နန်းတော်ကြီးမှာ အမှန်တကယ်ပင် ခန့်ညားထည်ဝါပြီး ခမ်းနားလှသော်လည်း အသက်နှင့်လောင်းကြေးထပ်ထားရသော အခြေအနေတွင်မူ သူ့၌ လိုက်လံခံစားကြည့်ရှု‌ေနရန် အချိန်မရှိ‌ေတာ့။ ထိုမိန်းမစိုးထံမှ သတင်းနှိုက်ရန် ကြိုးစားသော်လည်း ထိုသူမှာ အပြုံးမျက်နှာရှိပြီး စကားပြောရလွယ်ကူပုံ ပေါက်သော်လည်း အမှန်တကယ်တွင်မူ အလွန်ပါးနပ်လှသည်။


ဝမ်မင်ယွီ ပါးစပ်ကိုသာ တင်းတင်းပိတ်ထားလိုက်‌ပြီး ခမ်းနားသော နန်းဆောင်တစ်ခုဆီသို့ တိတ်ဆိတ်စွာ လျှောက်လှမ်းခဲ့ရ၏။ အထဲသို့ ဝင်လိုက်သည်နှင့် အနောက်ဘက်မှ တံခါးမှာ ချပ်ခနဲ ပိတ်သွားသဖြင့် သူ၏ နှလုံးသားထဲတွင်ပင် ထိတ်ခနဲ ဖြစ်သွားရသည်။


မုကျန့်က အလယ်ဗဟိုရှိ စားပွဲဝိုင်းကြီးတွင် ထိုင်နေပြီး သူ့ရှေ့မှ စားပွဲပေါ်တွင်မူ အနံ့အရသာနှင့် ပြည့်စုံသော စား‌ေသာက်ဖွယ်များ စုံလင်စွာ ရှိနေလျက်။


ဝမ်မင်ယွီ ရုတ်တရက် ဗိုက်ဆာလာလေပြီ။ နေ့လယ်စာ စားချိန်လည်း နီးနေပြီ မဟုတ်ပါလား။


မုကျန့်က မေးစေ့ကို လက်ဖြင့် ထောက်ထားပြီး တည်ငြိမ်အေးစက်သော အမူအရာဖြင့် ရှိနေဆဲ။ ဆွဲဆောင်လွန်းနေသော ထိုဟင်းလျာများကို သူကတော့ စိတ်ဝင်စားဟန်ပင် မရှိ။


ဝမ်မင်ယွီကသာ ထိုဟင်းလျာများကို နှစ်ခါမျှ လှမ်းကြည့်လိုက်မိပြီး တိတ်တဆိတ် တံတွေးပင် မျိုချလိုက်မိလေသည်။


မင်းဆိုးမင်းညစ်ကြီးက သူ့ကို ဘာကြောင့် ခေါ်ရသလဲ မသိသဖြင့် နန်းဆောင်ထဲသို့ ဝင်လာပြီးနောက် တစ်နေရာတည်းတွင်သာ မလှုပ်မယှက် ရပ်နေမိလျက်။


မုကျန့်က မျက်လွှာပင့်ပြီး သူ့ကို အေးစက်စွာ တစ်ချက်ကြည့်ကာ ဆို၏။


"လာထိုင်"


ဝမ်မင်ယွီမှာ အနည်းငယ် အံ့အားသင့်သွားရသော်လည်း နာခံစွာ လျှောက်သွားလိုက်သည်။ ထို့နောက် ထိုင်ခုံကို ကြည့်ကာ မည်သည့်နေရာတွင် ထိုင်ရမည်ကို မသေချာ ဖြစ်နေလျက်။


မုကျန့်က သူ့ဘေးနားရှိ နေရာကို လက်ဖြင့် ပုတ်ပြလာ၏။


ဝမ်မင်ယွီသည်လည်း ချက်ချင်း ထိုင်ချလိုက်‌ေလသည်။ သူ၏ လှုပ်ရှားမှုမှာ မြန်ဆန်လွန်းသဖြင့် အနည်းငယ် ရိုင်းရာ ရောက်နေနိုင်သော်လည်း သူအနေနှင့် ရည်ရွယ်ချက်ရှိရှိ လုပ်ဆောင်ခြင်းတော့ မဟုတ်ပေ။ အကယ်၍ သူသာ နှေးကွေးနေပါက ဧကရာဇ် စိတ်မရှည်ဘဲ ကွပ်မျက်မိန့် ပေးလိုက်မည်ကိုသာ သူ စိုးရိမ်နေမိခြင်းပင်။


မုကျန့်မှာ မေးစေ့ကို လက်ဖြင့် ထောက်ထားဆဲဖြစ်ပြီး တည်ငြိမ်စွာ မေးလာ၏။


"မင်းနာမည် ဘာလဲ"


"ဝမ်မင်ယွီပါ"


သူ မဆိုင်းမတွပင် ဖြေလိုက်သည်။ ဝမ်မင်ယွီမှာ ခဏမျှ ကြောင်အ,သွား‌‌ေသးသော်လည်း ကံကောင်းထောက်မစွာဖြင့် မူလခန္ဓာကိုယ်ပိုင်ရှင်၏ နာမည်မှာလည်း သူ့နာမည်နှင့် အသံထွက်တူနေသဖြင့် အမှားအယွင်းတော့ မရှိခဲ့ပေ။


သို့သော် သူ စကားပြောပြီးသည်နှင့် အေးစက်စက် အကြည့်တစ်ချက်က သူ့ဦးခေါင်းကို ထိုးဖောက်သွားသည့်အလား ခံစားလိုက်ရသဖြင့် ကျောရိုးထဲမှပင် စိမ့်တက်သွားကာ နှလုံးခုန်သံများ မြန်လာ‌ေတာ့၏။


ဘာဖြစ်လို့လဲ? မင်းဆိုးမင်းညစ်ကြီးက သူ့နာမည်ကို မကြိုက်လို့လား?


"ဘယ်စာလုံးတွေလဲ?"


မုကျန့်က နောက်ထပ် မေးခွန်းတစ်ခု မေးလာပြန်သည်။


ဝမ်မင်ယွီသည်လည်း ဘာကိုမျှ မစဉ်းစားတော့ဘဲ မူလပိုင်ရှင်၏ အမည်ဖြစ်သော "ဝမ်မင်ယွီ"ဟူသော စာလုံးများ၏ အဓိပ္ပာယ်ကိုသာ ရှင်းပြလိုက်တော့၏။


သူ ရှင်းပြပြီးသည်နှင့် မုကျန့်၏ မျက်နှာမှာ ပို၍ပင် အေးစက်သွားလေသည်။


ဝမ်မင်ယွီမှာ ကြောက်လည်းကြောက်၊ ဇဝေဇဝါလည်း ဖြစ်နေမိလျက်။


နာမည်က ကောင်းသားပဲ! ငါ ဘာများ မှားသွားလို့လဲ? ငါ... နာမည် ပြောင်းလိုက်ရမှာလား?!


သူ စိတ်ထဲ၌ မကျေမနပ် ဖြစ်နေစဉ်မှာပင် သူ၏ မေးစေ့ပေါ်တွင် အေးစက်စက် အထိအတွေ့တစ်ခုကို ခံစားလိုက်ရ၏။ ဖြူဖျော့ပြီး ရှည်လျားသော လက်တစ်စုံက သူ၏ မေးစေ့ကို ဆွဲမလိုက်ခြင်းပင်။


မုကျန့်၏ အကြည့်များကို မလွှဲမရှောင်သာ ဆုံတွေ့လိုက်ရစဉ်၌ ဝမ်မင်ယွီမှာ သူ၏ မေးစေ့ပေါ်တွင် ဖိအားအချို့ကိုပင် ခံစားလိုက်ရသည်။ လက်ချောင်းများက သူ၏ မေးစေ့ကို အသာအယာ ဆွဲညှစ်ပြီးနောက် ပါးပြင်ပေါ်သို့ လျှောတိုက်သွားကာ ဖြည်းညှင်းစွာ ပွတ်သပ်နေလျက်။ ထိုလက်ချောင်းများမှာ အေးစက်နေပြီး အဆိပ်ရှိသော မြွေတစ်ကောင် သူ့မျက်နှာပေါ် တွားသွားနေသည့်နှယ် ခံစားရ၍ တစ်ကိုယ်လုံး စိမ့်တက်သွားပြီး နှလုံးခုန်သံများ ပို၍ပင် မြန်ဆန်လာရ၏။


ခေတ္တမျှ သူ၏ နားရွက်ကို အသာအယာ ပွတ်သပ်ပြီးနောက် ဧကရာဇ်၏ လက်ထိပ်များဟာ သူ့နားသန်သီးလေးကို ပွတ်သပ်နေပြန်သည်။


ထိုမျှ ရင်းနှီးသောအထိအတွေ့ကို တစ်ခါမျှ မကြုံဖူးသေးသဖြင့် ဝမ်မင်ယွီ နေရခက်နေမိ၏။ တုန်ရီသွားပြီး နောက်သို့ ဆုတ်ရန် ကြိုးစားမိသော်လည်း မြဲမြံစွာ ဆုပ်ကိုင်ခံထားရသဖြင့် ရုန်းထွက်၍လည်း မရနိုင်ပေ။


ဝမ်မင်ယွီမှာ ဤမင်းဆိုးမင်းညစ်ကြီး ဘာဖြစ်နေသည်ကို လုံးဝ နားမလည်နိုင် ဖြစ်နေလျက်။ ရုတ်တရက်ကြီး မေးစေ့ကို ဆွဲကိုင်ပြီး မျက်နှာကို လာထိတွေ့နေခြင်းမှာ မနာကျင်စေသော်လည်း သူ အလွန် ထိတ်လန့်နေမိ‌ေလသည်။ သူ့ကိုယ်သူ စမ်းသပ်ခန်းထဲရှိ ခွဲစိတ်ခုတင်ပေါ်မှ ဖားတစ်ကောင်နှယ် ခံစားနေရပြီး တစ်ဖက်လူ၏ အကြည့်များက သူ၏ အရေပြားကိုပင် ထိုးဖောက်ကာ အတွင်းပိုင်းအထိ အကုန်လုံးကို မြင်နေရသည့်အလား။ အထိအတွေ့ ခံ‌ေနရသည့် နေရာများမှာလည်း အကြောင်းပြချက် မရှိဘဲ 

ပူနွေးကာထုံကျင်လာလျက်။


နေရာအနှံ့ ထိတွေ့ကြည့်ပြီးနောက် မုကျန့်သည်လည်း စိတ်ဝင်စားမှု ကုန်ဆုံးသွားဟန်ပင်။ မျက်လွှာကို အနည်းငယ် ပြန်ချလိုက်ကာ လက်ကို ပြန်ရုတ်လိုက်ပြီး ကုလားထိုင်ပေါ်တွင် ပျင်းရိစွာ မှီချလိုက်ရာ မျက်နှာမှာလည်း မှိုင်းညို့နေ၏။


ဒီတော့...ဒါက ဘာသဘောလဲ?


ဝမ်မင်ယွီ ဇဝေဇဝါ ဖြစ်နေသော်လည်း စိတ်ထဲတွင်မူ သက်ပြင်းချလိုက်မိ‌ေလသည်။


ဧကရာဇ်က လူ့အရေခွံ ခွာရသည်ကို ဝါသနာပါသူတစ်ဦးဟု သူ ထင်မိတော့မည့်ဆဲဆဲပင်။ ထိုသို့သာဆိုလျှင် အလွန် ကြောက်စရာ ကောင်း‌ေနမည်မဟုတ်ပါလား။


လေထုကြီးမှာ ထူးဆန်းစွာ တိတ်ဆိတ်နေ၏။


ဝမ်မင်ယွီ မနေနိုင်ဘဲ စားပွဲပေါ်ရှိ ဟင်းလျာများကို ခိုးကြည့်နေမိလျက်။ သူ တမင်ကြည့်‌ေနခြင်း မဟုတ်ဘဲ အနံ့မှာ အလွန်ပင် မွှေးကြိုင်လွန်းလှ၍သာ။


"စားချင်လို့လား?"


ခပ်ဩဩ အသံတစ်ခု ရုတ်တရက် ထွက်ပေါ်လာသဖြင့် ဝမ်မင်ယွီပင် လန့်ဖျပ်သွားရ‌သည်။ သူ မုကျန့်ကို အမြန် မော့ကြည့်လိုက်ရာ မျက်လုံးအစုံမှာ ဝိုင်းစက်သွားပြီး ကြောက်လွန်း၍ အမွေးများပင် ထောင်ထနေသော သတ္တဝါလေးနှင့်တောင် တူ‌ေန၏။ မည်သို့ပင်ဆိုစေ သူဟာ စိတ်ကို အမြန်ပင် ပြန်ထိန်းလိုက်ကာ ဖြူဖြူစင်စင် အပြုံး‌ေလးဖြင့် ခေါင်းယမ်းပြလိုက်ပြီး ပြန်ဖြေလိုက်ရလေသည်။


"ဟင့်အင်း၊ မစားချင်ပါဘူး"


ဤသည်မှာ ဧကရာဇ်၏ စားတော်ပွဲ ဖြစ်၏။ ဧကရာဇ်ကိုယ်တိုင်ပင် မစားရသေးသည်ကို သူက မည်သို့ စားဝံ့ပါမည်နည်း။ ထိုသို့လုပ်ခြင်းမှာ သေတွင်းထဲ ခုန်ဆင်းခြင်းနှင့် အတူတူပင် မဟုတ်ပါလား။


မုကျန့်၏ နှုတ်ခမ်းများ အပြုံးတစ်ခုအဖြစ် ကွေးညွတ်သွားသော်လည်း ထိုအပြုံးမှာ မျက်ဝန်းများဆီထိ မရောက်ပေ။ ထိုအပြုံးတွင် ပျော်ရွှင်မှု လုံးဝ မပါဘဲ အေးစက်မှု အရိပ်အယောင်များသာ ရောထွေးနေလျက်။


"မင်းက မစားချင်ဘူးဆိုမှတော့...ဒီဟင်းတွေကို ဘယ်သူလုပ်တာလဲ?"


နေဦး! ဒါက ဘာကို ဆိုလိုတာလဲ?


ဝမ်မင်ယွီ အနည်းငယ် ဇဝေဇဝါ ဖြစ်နေစဉ်မှာပင် မုကျန့်က သူ၏ မေးခွန်းကို ကိုယ်တိုင် ပြန်ဖြေလိုက်သည်။


"သူလုပ်တဲ့ ဟင်းတွေက စားချင်စရာမှ မကောင်းတာ၊ အဲဒီတော့ သူ့ကို ဆက်ထားဖို့ ဘာအကြောင်းရှိမှာလဲ?"


သေစမ်း! အာဏာရှင် ဆိုတဲ့အတိုင်းပဲ!ရုတ်တရက်ကြီး လူသတ်ဖို့ ဆုံးဖြတ်လိုက်ပြန်ပြီ။


ဝမ်မင်ယွီမှာ သူ့ကြောင့် မည်သူမျှ သေဆုံးသွားရမည်ကို မလိုလားပေ။ ထို့ကြောင့် သူ့ခမျာ အလျင်အမြန်ပင် တူကို ယူ၍ အသားတစ်ဖတ်ကို ကောက်ပြီး ပါးစပ်ထဲသို့ အတင်းထည့်လိုက်ရတော့သည်။ ထို့နောက် နှစ်လိုဖွယ်ကောင်းသော အပြုံးဖြင့် ‌ဆိုလိုက်၏။


"အရသာရှိလိုက်တာ~"


ယခုတစ်ကြိမ်တွင်မူ သူ ဟန်ဆောင်နေခြင်း မဟုတ်‌ေတာ့။ ဧကရာဇ်အတွက် ပြင်ဆင်ထားသော နန်းတွင်းဟင်းလျာများမှာ အမှန်တကယ်ပင် ထိပ်တန်းအရသာ ရှိလှသဖြင့် သူ၏ မျက်ဝန်းများမှာ ချက်ချင်းပင် တောက်ပသွားခဲ့သည်။


မုကျန့်က စောနကမှ ခေါ်ထားသော အစေခံကို ပြန်လည် ထွက်ခွာရန် လက်ရိပ်ပြလိုက်ပြီး ဝမ်မင်ယွီကို မဲ့ပြုံးဖြင့် ကြည့်လိုက်၏။


"မင်း ခုနကပဲ မစားချင်ဘူးလို့ ပြောခဲ့တာ မဟုတ်ဘူးလား?"


ဝမ်မင်ယွီက အပြုံး‌ေလးနှင့် ပြန်ဖြေသည်။


"ဟင်းတွေက ကြည့်လိုက်တာနဲ့ အရသာရှိမှန်း သေချာနေလို့ပါ"


မုကျန့်: "ဒါဆို အကုန်လုံး ကုန်အောင် စားလိုက်"


အိုး...ဒီလို ခြိမ်းခြောက်ခံရတာတော့ ကောင်းလိုက်တာနော်။


ဝမ်မင်ယွီ နာခံစွာ သဘောတူလိုက်ပြီး သူ၏ စားသောက်မှုအပေါ်တွင်သာ အာရုံစိုက်ကာ အတင်းပင် ခေါင်းမဖော်တမ်း စားနေတော့၏။


ဘဲသားကင်မှာ အပေါ်ယံအရေခွံကြွပ်ရွနေပြီး အသားမှာ နူးညံ့လှသည်။ ဝက်ချိုချဉ်ကြော်မှာလည်း အလွန် အရသာရှိပြီး ငါး‌ေပါင်းမှာလည်း လတ်ဆတ်မွှေးကြိုင်ကာ နူးညံ့လွန်းလှ၏။ ပုစွန်မှာလည်း ထုပ်ထုပ်လေးနှင့် လတ်ဆတ်လှပြီး ကျောက်စိမ်းဖြူ တို့ဟူးမှာလည်း ပါးစပ်ထဲတွင် အရည်ပျော်သွားသည့်အလား...


တော်ဝင်ဟင်းလျာများမှာ အလွန်ပင် အရသာရှိလှသော်လည်း အပေါ်စီးကနေ သူ့ကို စိုက်ကြည့်နေသော အေးစက်စက် အကြည့်များကြောင့် သူ့ခမျာ ခေါင်းပင် ‌ကျိန်းလာပြီး စိတ်ပိုင်းဆိုင်ရာ ဖိအားများစွာ ခံစားနေရလေသည်။ အစားအစာ၏ အရသာကိုပင် ကောင်းစွာ မခံစားနိုင်တော့ဘဲ အစာမကြေဖြစ်တော့မည့် အခြေအနေသို့ ရောက်ရှိနေတော့၏။