အခန်း(၄) လာဘ်ခေါ်ရုပ်လေး
စန်းရှီနှင့် ခဏမျှ စကားစမြည် ပြောဆိုပြီးနောက် ဝမ်မင်ယွီဟာ အနားယူရန် လိုအပ်ကြောင်း လက်ရိပ်ပြကာ ခုတင်ပေါ်သို့ ပစ်လှဲချလိုက်သည်။
နူးညံ့သော ပိုးထည်စောင်ပုံထဲသို့ နစ်ဝင်သွားသည်မှာ တိမ်တိုက်များပေါ်တွင် လဲလျောင်းနေရသည့်အလား။
အန္တရာယ်ကင်းစွာ ပြန်လာနိုင်ခဲ့သော်လည်း ခြေထောက်များမှာမူ တုန်ရီနေဆဲပင်။
အာဏာရှင်ကြီး၏ အရှိန်အဝါမှာ ကြောက်မက်ဖွယ် ကောင်းလှပြီး သူ ယခင်က ဆုံတွေ့ခဲ့ဖူးသမျှ အယ်လ်ဖာတိုင်းထက် ပို၍ ပြင်းထန်လှ၏။ အကယ်၍ ထိုသူသာ ကြယ်တာရာခေတ်တွင် ရှိနေခဲ့ပါက အနည်းဆုံး စစ်သေနာပတိချုပ် ဖြစ်နေပေလိမ့်မည်။
ယနေ့တွင် ကံကောင်းထောက်မစွာ ဘေးကင်းခဲ့သော်လည်း နောက်တစ်ကြိမ်တွင် ဘာဖြစ်မည်ကိုတော့ မည်သူ သိနိုင်ပါမည်နည်း။ သူ ထိုမင်းဆိုးမင်းညစ်ကြီးနှင့် နောက်ထပ် မဆုံချင်တော့သည်မှာ အမှန်ပင်။
ဝမ်မင်ယွီ ခုတင်ပေါ်မှ ဆင်းကာ ဒူးလေးထောက်၍ လက်အုပ်လေးချီလျက် မျက်လုံးများကို မှိတ်ကာ ဘုရားသခင်က သူ၏ ဆုတောင်းသံကို ကြားပါစေကြောင်း ရိုးသားစွာ ဆုတောင်းေနမိသည်။
သို့သော်လည်း ကံဆိုးစွာဖြင့် ဘုရားသခင်ဟာ သူ၏ ဆုတောင်းစကားများကို မကြားခဲ့သည်မှာ ထင်ရှားနေလျက်။
အကြောင်းမှာ နှစ်ရက်အကြာ၌ မင်းဆိုးမင်းညစ်ကြီးက သူ့ကို ထပ်မံ၍ အခေါ်တော်လွှတ်လိုက်သောကြောင့်ပင်။
ထိုအချိန်တွင် မုကျန့်က တော်ဝင်စာကြည့်ဆောင်၌ လျှောက်တင်လွှာများကို စစ်ဆေးနေ၏။ အဆောင်တွင်း၌ သူတစ်ဦးတည်းသာ ရှိနေပြီး အထိန်းတော်ချုပ် ကျောက်သဲ့ချွမ် အပါအဝင် နန်းတွင်းအစေခံများ အားလုံးမှာ တံခါးအပြင်ဘက်တွင်သာ ရှိနေကြသည်။
လေထုကြီးမှာ အလွန်ပင် တိတ်ဆိတ်လွန်းလျက်ပင်။
လူသူ လုံးဝ မရှိသည့်နှယ် ပျင်းရိငြီးငွေ့ဖွယ်ကောင်းပြီး ဖိအားများဖြင့် ပြည့်နှက်နေကာ အေးစက်ဖျော့တော့၍ နက်ရှိုင်းသော တိတ်ဆိတ်မှုကြီးကသာ လွှမ်းမိုးထား၏။
အတိတ်ကာလတုန်းက သူသည် ဤကဲ့သို့သော မည်သူမျှ မနှောင့်ယှက်နိုင်သည့် တိတ်ဆိတ်မှုကိုသာ တောင့်တခဲ့ဖူးသည်။ ဆူညံသံများက သူ့ကို ခေါင်းကိုက်စေပြီး စိတ်တိုလွယ်စေကာ လူတစ်ယောက်ကို သတ်ပစ်ခြင်းကသာ သူ၏ စိတ်သက်သာရာရစေမည့် တစ်ခုတည်းသော နည်းလမ်း ဖြစ်ခဲ့၏။ သို့သော် ယခုအခါတွင်မူ သူဟာ အကြောင်းပြချက်မရှိဘဲ ဂဏှာမငြိမ် ဖြစ်လာပြီး ဤသင်္ချိုင်းကဲ့သို့ မှိုင်းညို့နေသော တိတ်ဆိတ်မှုကြီးကို သည်းမခံနိုင် ဖြစ်လာလျက်။
တက်ကြွလှပသော အရောင်အသွေးအချို့ကို မြင်တွေ့ချင်လာမိသည်။
ထိုအရာကသာ ဤမှောင်မိုက်ခြင်းထဲသို့ စီးဝင်လာနိုင်လိမ့်မည်ပင်။
ဘာကြောင့်မှန်း မသိသော်လည်း သူ ထိုနူးညံ့သော မျက်ဝန်းများနှင့် အပြစ်ကင်းစင်သော အပြုံးမျက်နှာလေးကို သတိရနေမိ၏။ အလွန်ကြည်လင်ပြီး လှပလွန်းလှသဖြင့် ဖျက်ဆီးပစ်ချင်သည့် သို့တည်းမဟုတ် ညစ်နွမ်းသွားစေချင်သည့် အလိုဆန္ဒများကိုပင် ထူးဆန်းစွာ နှိုးဆွပေးနေသည့်နှယ်။
ထိုလှပသော အရာလေးမှာ နုနယ်လွန်းလှ၏။ ထိုသွယ်လျလှပသော ငန်းလည်တိုင်နှယ် လည်ပင်းလေးကိုသာ လက်ဖြင့်ကိုင်၍ အားအနည်းငယ် ထည့်လိုက်ပါက နီမြန်းသော လက်ဗွေရာများ ထင်ကျန်ရစ်ပေလိမ့်မည်။ အကယ်၍ လက်ဖဝါးဖြင့် ဆုပ်ကိုင်လိုက်ပါကလည်း အင်မတန် လွယ်ကူစွာပင် ကျိုးသွားနိုင်ပေသည်။
ထို့ပြင် သစ်သီးရနံ့သင်းသင်းလေးမှာလည်း ချိုမြိန်၍ ဆွဲဆောင်မှု ရှိလှပြီး ထူးဆန်းသော ရင်းနှီးကျွမ်းဝင်နေမှုနှင့်အတူ သူ၏ ရင်ထဲသို့ အေးချမ်းတည်ငြိမ်မှုကို ဆောင်ကြဉ်းပေးခဲ့၏။ သူပင် မျက်လုံးများကို အလိုလို မှိတ်လျက် နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်သွားခဲ့ဖူးသည်။
မုကျန့်၏ ဖြူဖျော့ဖျော့ လက်ချောင်းများက အသာအယာ ကွေးညွတ်သွားပြီး စားပွဲပေါ်သို့ တစ်ချက်ချင်း ဖြည်းညှင်းစွာ တောက်နေမိလျက်။ သူ၏ မျက်တောင်များမှာ ငုံ့ထားသဖြင့် စားပွဲပေါ်မှ လျှောက်တင်လွှာများကို ကြည့်နေသည်ဟု ထင်ရသော်လည်း သူ၏ မျက်ဝန်းများမှာမူ ဟာလာဟင်းလင်းဖြစ်နေပြီး မည်သည့် သက်ဝင်လှုပ်ရှားမှုမျှ မရှိပေ။
ခဏအကြာတွင် သူက မျက်လွှာကို အသာအယာ ပင့်လိုက်ရာ နက်ရှိုင်းသော မျက်ဝန်းအစုံတွင် အမှောင်ရိပ်တစ်ခု ဖျတ်ခနဲ လက်သွားပြီး နှုတ်ခမ်းထောင့်များပင် အနည်းငယ် ကွေးညွတ်သွားလျက်။
သူ ထိုလူသားကို မြင်တွေ့ချင်လာမိ၏။တောက်ပသော အလင်းတန်းထဲမှ ထိုသူ့ကို သူ၏ ကိုယ်ပိုင် အမှောင်ရိပ်နွယ်ပင်များဖြင့် ဆွဲယူကာ မှောင်မိုက်ညစ်ပေသော ရွှံ့နွံအိုင်ထဲသို့ ဆွဲချပစ်ချင်မိသည်။
ထိုပြင်းပြပြ ဆန္ဒများကသာ သူ၏ စိတ်အာရုံတစ်ခုလုံးကို ရုတ်တရက် ဖုံးလွှမ်းသွားလျက်။
ထို့ကြောင့် မုကျန့်က ကျောက်သဲ့ချွမ်အား ထိုသူ့ကို ခေါ်ဆောင်လာရန် အမိန့်ပေးလိုက်တော့သည်။
စောင့်ဆိုင်းနေစဉ်အတွင်း၌ မုကျန့်မှာ ပို၍ပင် ဂဏာမငြိမ် ဖြစ်လာပြီး စိတ်တိုလာရ၏။ သူ လျှောက်တင်လွှာများကိုပင် ဆက်မဖတ်နိုင်တော့။ နောက်ဆုံး၌ သည်းမခံနိုင်တော့သဖြင့် ထရပ်လိုက်ပြီး အပြင်သို့ အရှိန်အဟုန်ဖြင့် ထွက်လာရာ သူ၏ ဝတ်ရုံစများမှာ လေထဲတွင် ဝှေ့ယမ်းသွားလျက်။
ထိုအချိန်၌ ဝမ်မင်ယွီ ရောက်ရှိလာခဲ့၏။
သူတို့နှစ်ဦး မထင်မှတ်ဘဲ မျက်လုံးချင်းပင် ဆုံသွားကြသေးသည်။
ဝမ်မင်ယွီပင် သူ၏ အမူအရာကြောင့် အံ့အားသင့်သွားပြီး ခဏမျှ တုံ့ဆိုင်းသွားသော်လည်း ချက်ချင်းပင် ကြည်လင်သော အသံဖြင့် ပြုံးပြုံးလေး ဆိုလာ၏။
"အရှင်..."
မသိလျှင် မုကျန့်ကို အလွန်တွေ့ချင်နေခဲ့သည့်အလား။
လေနုအေးလေး တစ်ချက် ဝှေ့ယမ်းသွားရာ ရင်းနှီးနေသော ရနံ့လေးပါ ပါလာပြီး မုကျန့်၏ ဂဏာမငြိမ်ဖြစ်မှုများမှာ ချက်ချင်းပင် ငြိမ်ကျကုန်သည်။
ဝမ်မင်ယွီမှာ အပြင်ပန်းတွင် ပြုံးနေရသော်လည်း အတွင်းစိတ်မှာမူ အလွန် ရတက်မအေး ဖြစ်နေမိလျက်။ မင်းဆိုးမင်းညစ်ကြီး၏ နောက်မှနေ၍ အဆောင်တော်တွင်းသို့ ဖြည်းညှင်းစွာ လိုက်ပါသွားရ၏။
နန်းတွင်းအစေခံများမှာမူ တံခါးအပြင်ဘက်တွင်သာ ကျန်ရစ်ခဲ့ပြီး လေထုကြီးမှာလည်း ခြောက်ခြားဖွယ်ကောင်းလောက်အောင် ငြိမ်သက်နေသည်။
ဝမ်မင်ယွီ၏ ရင်ခုန်သံမှာ မြန်ဆန်နေပြီး နောက်တစ်စက္ကန့်တွင်မူ အလွန်ပင် ပြင်းထန်လာသဖြင့် အသက်ရှူဖို့ပင် မေ့လျော့လုနီးပါး ဖြစ်သွားရ၏။
အဘယ်ကြောင့်ဆိုသော် မင်းဆိုးမင်းညစ်ကြီးက သားကောင်ကို အကဲခတ်နေသည့် သားရဲကြီးတစ်ကောင်၏ အကြည့်မျိုးဖြင့် သူ့ကို ကြည့်လိုက်ကာ နက်ရှိုင်းသော လေသံဖြင့် "ဒီကိုလာခဲ့" ဟု ဆိုလိုက်သောကြောင့်ပင်။
ဝမ်မင်ယွီမှာ နာခံစွာဖြင့် တောင့်တောင့်လေး လျှောက်သွားသော်လည်း ခြေထောက်များမှာမူ တုန်ရီနေလေသည်။
မုကျန့်၏ ရှေ့တွင်တော့ အပြစ်ကင်းစင်ပြီး လိမ္မာသော ပုံစံေလးဖြင့် ရပ်နေမိလျက်။ မုကျန့် လက်ဆန့်ထုတ်လိုက်သည်ကို မြင်သောအခါ၌ပင် သူ့မှာ ရှောင်တိမ်းခြင်း မပြုရဲဘဲ မျက်လုံးမှိတ်၍ ထွက်ပြေးချင်သည့် စိတ်ဆန္ဒကိုသာ အစွမ်းကုန် ထိန်းချုပ်ထားလိုက်ရသည်။
မင်းဆိုးမင်းညစ်ကြီး သူ့ကို လည်ပင်းညှစ်သတ်လိုက်မည်ကို စိုးရိမ်ေနမိသည်မှာ အမှန်ပင်။ သို့သော် လောလောဆယ်တွင် မည်သည့် လှုပ်ရှားမှုမျှ မလုပ်ခြင်းကသာ သူ ဟန်လုပ်ထားသော အခြေအနေကို မပျက်စီးစေဘဲ ပို၍ ဘေးကင်းေစမည် ဖြစ်၏။ ထို့ထက် အရေးကြီးသည်မှာ မည်သည့် လူသတ်လိုသော အငွေ့အသက်ကိုမျှလည်း မခံစားရသောကြောင့်ပင်။
မုကျန့်၏ လက်က သူ့ခေါင်းပေါ်သို့ ရောက်လာပြီးနောက် ထူးဆန်းစွာပင် အသာအယာ ပွတ်သပ်ပေးလာသည်။
သူ၏ လောင်းကြေးမှာ မှန်ကန်သွားခဲ့လေပြီ။
ယခုမှသာ တိတ်တဆိတ် သက်ပြင်းချလိုက်နိုင်၏။ဒါပေမဲ့ ဒီပုံစံက ခွေးလေးတစ်ကောင်ကို ချော့မြှူနေတာနဲ့ မတူဘူးလား?
ဝမ်မင်ယွီမှာ ဇဝေဇဝါ ဖြစ်နေလျက်။ သူ့ခေါင်းပေါ်မှ နူးညံ့သော အထိအတွေ့ကြောင့် အနည်းငယ် ယားကျိကျိ ဖြစ်လာကာ တိရစ္ဆာန် ဗီဇများ နိုးထလာပြီး မုကျန့်၏ လက်ဖဝါးကို ပြန်လည် ပွတ်သပ်ချင်စိတ်များပင် ပေါက်လာသည်။
သို့သော်လည်း သူ အစွမ်းကုန် အောင့်ထားလိုက်ပြီး မုကျန့်ကိုသာ သူ၏ ဦးခေါင်းအား စိတ်ကြိုက်ပွတ်သပ်ခွင့် ပေးထားလိုက်၏။
ကံကောင်းထောက်မစွာဖြင့် မုကျန့်က အကြိမ်အနည်းငယ်မျှသာ ပွတ်သပ်ပြီးနောက် ရပ်လိုက်ကာ သူ၏ နေရာသို့ ပြန်သွားပြီး တိုင်းပြည်ရေးရာများကို ဆက်လက် ကိုင်တွယ်လေသည်။ ဝမ်မင်ယွီကိုမူ ဘေးနားရှိ ထိုင်ခုံတစ်ခုတွင် ထိုင်ခိုင်းထား၏။
မွန်းလွဲပိုင်း တစ်ခုလုံး ကုန်လွန်သွားပြီးနောက် သူဟာ မင်းဆိုးမင်းညစ်ကြီးနှင့်အတူ ညစာ စားခဲ့ရပြန်ပြီး ပြည့်အင့်ေနသော ဗိုက်ေလးနှင့်အတူ သူ၏ အဆောင်သို့ ပြန်လာခဲ့ေတာ့သည်။
ဝမ်မင်ယွီ: "...???"
တစ်ခုခုတော့ မှားနေသလိုပဲ။
ထိုနေ့မှစ၍ မင်းဆိုးမင်းညစ်ကြီးက သူ့ကို မကြာခဏ ဆင့်ခေါ်တော့၏။ အကြိမ်တိုင်းတွင် ဝမ်မင်ယွီ၏ ရင်ခုန်သံမှာ စည်တီးနေသကဲ့သို့ ပြင်းထန်နေပြီး လျှိုမြှောင်တစ်ခုပေါ်ရှိ ကြိုးတန်းပေါ်တွင် လမ်းလျှောက်နေရသည့်အလား ခံစားခဲ့ရလေသည်။
သို့သော် လူဆိုသည်မှာ အသားကျလွယ်သော သတ္တဝါဖြစ်ရာ သူသည်လည်း တဖြည်းဖြည်းနှင့် ထုံပေပေ ဖြစ်လာခဲ့၏။
တော်ဝင်စာကြည့်ဆောင်အတွင်း၌
မင်းဆိုးမင်းညစ်ကြီးက လျှောက်တင်လွှာများကို စစ်ဆေးနေစဉ်တွင် သူကတော့ ဘေးနားတွင် လာဘ်ခေါ်ရုပ်လေးတစ်ရုပ်နှယ် ငြိမ်ငြိမ်လေး ထိုင်နေရသည်။
မင်းဆိုးမင်းညစ်ကြီး သူ့ကို ဘာကြောင့် ခေါ်ခေါ်ထားသလဲဆိုသည်ကို သူ တကယ်မသိပေ။ သူက ကြည့်ကောင်းပြီး မျက်စိပသာဒ ဖြစ်တော့ စိတ်ကြည်စေလို့များလား?
ထိုနေရာတွင် ထိုင်နေရသည်မှာ အလွန်ပင် ပျင်းရိလှသဖြင့် သမ်းဝေချင်စိတ်ကို အတင်း အောင့်ထားရ၏။
မေးစေ့ကို လက်ဖြင့် ထောက်ကာ တံခါးပေါ်ရှိ လေးထောင့်ကွက်များကိုသာ လျှောက်ရေတွက်နေမိေတာ့သည်။
ရေတွက်နေရင်းနှင့် သူ၏ မျက်လုံးများမှာ ဘေးဘက်သို့ ရောက်သွားပြီး မုကျန့်အပေါ်သို့ မထင်မှတ်ဘဲ ကျရောက်သွားမိပြန်၏။
သတိဝင်လာပြီး မျက်နှာလွှဲရန် ကြိုးစားလိုက်စဉ်မှာပင် မုကျန့်က သတိထားမိသွားပြီး သူ့ဘက်သို့ လှည့်ကြည့်လာခဲ့၏။
ဝမ်မင်ယွီ ခဏမျှ ကြောင်သွားပြီးနောက် ပျားရည် စားထားသကဲ့သို့ ချိုမြိန်စွာဖြင့် ချက်ချင်း ပြုံးပြလိုက်သည်။ သူ၏ လက်ကလေးများကို ပါးပေါ်တင်ကာ ပန်းလေးတစ်ပွင့် ပွင့်နေသကဲ့သို့သော ပုံစံလေးလုပ်ပြလိုက်ပြီး မုကျန့်ကို မတော်တဆ ကြည့်မိခြင်း မဟုတ်ဘဲ တစိမ့်စိမ့်ကြည့်ရသည်ကိုပင် နှစ်သက်ေနဟန်ဆောင်ကာ ခေါင်းလေးကိုပင် စောင်းပြလိုက်ေသး၏။
"အရှင်က အခုလိုတောင် ခန့်ညားထည်ဝါနေတုန်းပါပဲ၊ ဘယ်သူနဲ့မှ မယှဉ်နိုင်တဲ့ အရှိန်အဝါမျိုး ရှိနေတာပါ"
ထိုစကားကို ကြားသော်လည်း မုကျန့်၏ တည်ငြိမ်သော မျက်နှာမှာ မည်သည့် တုံ့ပြန်မှုမျှ မရှိပေ။ မသိလျှင် ဝမ်မင်ယွီ၏ စကားမှာ လေထဲသို့ ပျောက်ကွယ်သွားသည့်အလား။
"မင်း ပျင်းနေတာလား?"
ဝမ်မင်ယွီ၏ မျက်ခုံးလေးများ တွန့်သွားပြီး သူက လေးနက်စွာဖြင့် ခေါင်းယမ်းကာ ဆိုလေသည်။
"မဟုတ်ပါဘူး အရှင် လျှောက်တင်လွှာတွေ စစ်ဆေးနေတာကို ကြည့်ေနခွင့်ရတာကိုက ကျွန်တော်မျိုးအတွက် ဂုဏ်ယူစရာပါ"
မုကျန့်က သူ၏ စကားကို လျစ်လျူရှုပြီး အမိန့်ပေးလိုက်၏။
"ကျောက်သဲ့ချွမ် သူ့ကို စပျစ်သီး တစ်ပန်းကန် ပေးလိုက်"
ဝမ်မင်ယွီပင် အံ့အားသင့်သွားရသည်။ ဒီလောက် ကောင်းတဲ့ အရာလား?
သို့သော် အထိန်းတော်တစ်ယောက် စပျစ်သီးပန်းကန်ကို ဝမ်မင်ယွီထံ ယူဆောင်လာသည့်အခါတွင်မူ မုကျန့်က ဤသို့ ဆို၏။
"စပျစ်သီးတွေကို အခွံနွှာထားလိုက်၊ ကိုယ်တော် ခဏနေရင် စားမယ်"
ဝမ်မင်ယွီ၏ အပြုံးမှာ တောင့်တင်းသွားရ၏။ ဒါက သူ့ကို အလုပ်တစ်ခု ပေးလိုက်တာပဲ...သူ့ရဲ့လုပ်အားကို အပြည့်အဝကို အသုံးချခိုင်းတာပဲမဟုတ်လား။ အရင်းအမြစ်တွေကို အကောင်းဆုံး အသုံးချတတ်တဲ့ ဧကရာဇ်ကြီးပါပဲလား။
ကောင်းပြီလေ
နန်းတော်ထဲမှာ နေပြီး နန်းတွင်းစာတွေကို စားနေရတာဆိုတော့ စပျစ်သီး အခွံနွှာပေးရတာက တန်ပါတယ်...
ဝမ်မင်ယွီ နာခံစွာ သဘောတူလိုက်ပြီး စပျစ်သီး တစ်လုံးကို ယူကာ ဧကရာဇ်အတွက် အလုပ်စလုပ်တော့သည်။
စပျစ်သီး အခွံနွှာခြင်းမှာ အနည်းငယ် လက်ဝင်လှ၏။ အကယ်၍ အားကို ကောင်းစွာ မထိန်းချုပ်နိုင်ပါက သို့မဟုတ် စိတ်မရှည်ပါကစပျစ်သီး၏အတွင်းသားမှာ ပုံပျက်သွားပြီး ကြည့်ရဆိုးသွားစေနိုင်သည်။ ထို့ကြောင့် အချို့လူများမှာ အခွံနွှာရမည်ကို မုန်းတီးသဖြင့် စပျစ်သီးစားရန်ပင် ပျင်းရိတတ်ကြ၏။
သို့သော် ဝမ်မင်ယွီဟာ စိတ်ရှည်သူဖြစ်ပြီး ဘာကိုမျှ အလျင်စလို လုပ်စရာလည်း မရှိနေပေ။ သူက စပျစ်သီးများကို ဖြည်းဖြည်းချင်း သေသပ်စွာ အခွံနွှာနေလျက်။ ပါးလွှာသော အခွံလေးများကို ဖယ်ရှားလိုက်ရာ အတွင်းမှ စပျစ်သီးသားလေးမှာ ပေါ်ထွက်လာသည်။ စပျစ်သီး တစ်လုံးချင်းစီမှာ ဝိုင်းစက်ပြီး ကြည်လင်နေကာ ကြည့်ရသည်မှာ အလွန်ပင် စိတ်ကျေနပ်စရာ ကောင်းလှ၏။
စပျစ်သီးများကို ဖြည်းဖြည်းချင်းစီ အခွံနွှာနေစဉ် စပျစ်သီး၏အတွင်းသားလေးများမှာ အခြား သန့်ရှင်းသော ကြွေပန်းကန်ပြား တစ်ချပ်ပေါ်တွင် တောက်ပသော ကျောက်မျက်ရတနာများနှယ် စုပုံလာလေသည်။
ဤအလုပ်မှာ အလွန် ခက်ခဲလှသည်တော့ မဟုတ်ပေ။ တစ်ခုတည်းသော စိန်ခေါ်မှုမှာ ကြည့်ရုံသာ ကြည့်ရပြီး စားခွင့်မရှိခြင်းပင်။ ဤေတာ်ဝင်စပျစ်သီးများမှာ အသေအချာ ရွေးချယ်ထားခြင်း ဖြစ်ပြီး တစ်လုံးချင်းစီမှာ ထိပ်တန်း အရည်အသွေးရှိကာ အရည်ရွှမ်းပြီး ချိုမြိန်မည့်ပုံပင်။
ကြည့်လိုက်ရုံနှင့် အရသာရှိပုံ ပေါက်နေသဖြင့် သူ့ကို အချိန်ပြည့် ဆွဲဆောင်နေလေသည်။
ဝမ်မင်ယွီခမျာ အလွန်ပင် စားချင်စိတ် ပြင်းပြလာသဖြင့် တံတွေးကို အကြိမ်ကြိမ် တိတ်တဆိတ်မျိုချလိုက်မိပြီး သူ၏ မျက်ဝန်းများတွင်လည်း နာကျင်မှု အရိပ်အယောင်များ ပေါ်ထွက်နေလျက်။
တကယ် စားချင်လိုက်တာ...
စပျစ်သီးများကို စိုက်ကြည့်နေရင်း သူ့မျက်လုံးများပင် အစိမ်းရောင် ဖြစ်လာတော့မည်။
စပျစ်သီး အခွံနွှာနေရင်းတန်းလန်း ဘေးနားမှ ရုတ်တရက် ကျယ်လောင်သော မြည်ဟီးသံကြီးတစ်ခု ထွက်ပေါ်လာ၏။ ဝမ်မင်ယွီမှာ လန့်ဖျပ်သွားပြီး လက်များပင် တုန်ရီသွားကာ စပျစ်သီးလေးမှာလည်း မြေပြင်ပေါ်သို့ ပြုတ်ကျပြီး လိမ့်ထွက်သွားလေတော့သည်။