Ch 12
Viewers 538

အခန်း(12)




မာဖေးထန်တစ်ယောက် သူ၏ရင်ဘက်တွင် ဓားသွားများဖြင့် ခွဲဖြတ်ခြင်းခံရသော အထိအတွေ့တစ်ခုကိုသာ ခံစားလိုက်ရကာ စူးရှသောနာကျင်မှုက သူ၏မျက်လုံးများကို ပြူးကျယ်သွားစေခဲ့သည်။ 




သူ နာကျင်စွာဖြင့် အော်သံတစ်ခုထုတ်လိုက်မိပြီး ဘေးပတ်လည်ရှိ တစ်စုံတစ်ခုအား ရိုက်မိစေရန် မျှော်လင့်လျက် သူ၏လက်များကို အရိုင်းဆန်စွာ လွှဲယမ်း‌ နေခဲ့၏။) 






သို့သော်လည်း ယင်ရိလျိုတွင် သေးငယ်၍ ဖျတ်လတ်သော ခန္ဓာကိုယ်ရှိသောကြောင့် လွှဲရမ်းရိုက်ထုတ်နေသော လက်မောင်းများကြားမှ အလွယ်တကူပင် ခုန်ပေါက်၍ ရှောင်လိုက်နိုင်လေ၏။‌




နောက်ထပ်ရိုက်ချက် ရောက်မလာခင်အချိန်တွင် သူမက သတိကြီးစွာထားလျက် အခွင့်အရေးကို စောင့်နေ မာဖေးထန်၏လက်မောင်းပေါ်ကို နောက်တစ်ကြိမ် ကုတ်ခဲလိုက်ပြန်သည်။






သူမ၏ကိုယ်ပေါ်၌  သတ်ဖြတ်လိုသည့် အရှိန်အဝါတစ်ခုကို ဆွဲချိတ်လျက် ရှိနေသော်လည်း ခဏအကြာတွင်ပင် ကျင်းယန်၏ လက်မောင်းထဲသို့ ပျော်ရွှင်စွာဖြင့်ပြန်လည်ခုန်ဝင်လိုက်လေသည်။




ကျင်းယန်တစ်ယောက် ဤမြင်ကွင်းကိုကြညာ့ကာ ဘဝ၏  အဓိပ္ပါယ်ကိုပင်  ရုတ်တရက် သံသယဝင်စပြုလာလေသည်။ 




ဒါက အမှန်တကယ်ပဲ ယုန်တစ်ကောင်ရော ဟုတ်ရဲ့လား။




ယုန်တစ်ကောင်က နေရာလွတ်ကို ထိန်းချုပ်နိုင်၊ ဉာဏ်ရည်မြင့်မားပြီး သန္ဓေပြောင်းလူသားတစ်ယောက်ကို  ကြမ်းပြင်‌ ပေါ်ကိုရိုက်ချနိုင်တယ်ပေါ့။ 






ကျင်းမိသားစုကို ဖောက်ဝင်လာသော လူသုံးယောက်အနက် မာဖေးကျန့်မှာသေသွားခဲ့ပြီး မာဖေးထန်သည်လည်း သူ၏လူဝံလက်မောင်းမှာ ပြင်းပြင်းထန်ထန်ဒဏ်ရာရသွားခဲ့ကာ လူသားပုံစံ ပြန်ပြောင်းရန် ဖိအားပေးခံလိုက်ရသည်။




သာမန်လူသား ရှောင်းရွယ်တစ်ဦးတည်းသာ ထိုနေရာတွင် ငိုရှိုက်လျှက် မတ်တပ်ရပ်ကာ ကျန်နေခဲ့သည်။




ရှောင်းရွှယ်တစ်ယောက် သူမအား ခံစားချက်ကင်းမဲ့သော မျက်နှာထားဖြင့် သေနတ်နှင့် ချိန်ထားသော ကျင်းယန်ကို ခိုးကြည့်လိုက်သည်။




သူမ၏ ခြေထောက်များမှာ တုန်ရီနေပြီး မျက်ရည်များ စီးဆင်းနေသော်လည်း ကျင်းယန်ကမူ သနားညှာတာမှု လက္ခဏာမပြရုံသာမက စိတ်မရှည်ပင် ဖြစ်လာခဲ့၏။ 






“သူ့(မာဖေးထန်)ကို ဆွဲထုတ်သွားလိုက်၊ နောက်တစ်ကြိမ်ထပ်တွေ့ရင် အခုလို အလွယ်တကူ လွှတ်ပေးတော့မှာ မဟုတ်ဘူး” 




ကျင်းယန်၏ အေးစက်သော အသံက ရှောင်းရွှယ်အား  တုန်ရီသွားစေသည်။




  




သူမ သတိလစ်နေသော မာဖေးထန်ကို ကြည့်လိုက်၏။ သူ၏ရင်ဘက်ပေါ်တွင် ဒဏ်ရာသုံးချက်ရှိပြီး လက်မောင်းပေါ်တွင်မူ နက်ရှိုင်းသော ဒဏ်ရာတစ်ခု ရှိ၏။




ဤကဲ့သို့ အန္တရာယ်များလှသည့် အပြင်ဘက် လောကကြီးထဲတွင် သူမကဲ့သို့ အားနည်းသော မိန်းကလေးက တစ်ကိုယ်တည်းအားဖြင့် အပြင်းအထန်ဒဏ်ရာရထားသည့် လူနာအား ပြုစုစောင့်ရှောက်လျက် ရှင်သန်နိုင်ဖို့က မည်ငို့ ဖြစ်နိုင်ပါမည်နည်း ? 




ထို့ကြောင့် တစ်ဖက်မှ ခန့်ညားသောလူကို သူမ၏မျက်ရည်များဖြင့် အနိုင်ယူရန် တွေးခဲ့လေသည်။ 




သူမက သူ့နောက်သို့ လိုက်ချင်သော်ငြား သူမဆီသို့ ချိန်ထားသော အနက်ရောင် သေနတ်တစ်လက်ရှိနေသောကြောင့် သူမ တစ်ချက်မှမလှုပ်ရဲတော့ပေ။




အဆုံးသတ်တွင်တော့ သူမ မာဖေးထန်ကို လှမ်းကိုင်ကာ တရွတ်တိုက်ဆွဲသွားပြီး နေရာမှထွက်ခွာလေတော့သည်။ 








ရှောင်းရွှယ် နေရာမှမထွက်ခွာခင်၌ အပြင်ဘက်လောကကြီး၏ လက်ရှိအခြေအနေများကို အစီအရင်ခံရန်အတွက် ကျင်းယန်ထံမှ ခြိမ်းခြောက်ခြင်း ခံလိုက်ရသေးသည်။‌




ရှောင်းရွှယ်သည်လည်း တစ်ဖက်မှ သူမကို ပစ်သတ်မည်ကို ကြောက်သောကြောင့် သူမ၏ဦးနှောက်အားနှိပ်စက်၍ အသေးစိတ် ပြန်ပြောပြနိုင်ရန်ကြိုးစားလိုက်၏။




သူမ၏ စကားများမှတဆင့် ကျင်းယန်နှင့် ယင်ရိလျိုတို့သည်လည်း အခြေအနေအား တဖြည်းဖြည်း နားလည်သဘောပေါက်သွားခဲ့သည်။




သူမ၏ စကားများအရ လက်ရှိတွင် နေရာတိုင်းက ဗရမ်းဗတာဖြစ်နေခဲ့သည်။ နေရာတိုင်းတွင် ကြမ်းကြုတ်သော သန္ဓေပြောင်းတိရစ္ဆာန်များ၏ တိုက်ခိုက်ခံရသော အန္တရာယ်များနှင့် ပြည့်နေခဲ့သည်။ 




လူသားမျိုးနွယ် အများစုမှာ သန္ဓေပြောင်းခြင်းကို မဖြတ်ကျော်ခဲ့ရသည့်အတွက်ကြောင့် သူတို့က ပုန်းအောင်းရုံသာ တတ်နိုင်လေသည်။ 








မာ ညီအစ်ကိုများသည်ကား ကမ္ဘာပျက်ကပ် ဖြစ်ခဲ့သည့် ကနဦးကတည်းက မြို့ထဲမှ စူပါမားကတ်များကို လုယက်ရန် သူတို့၏သန္ဓေပြောင်း စွမ်းရည်များ‌ပေါ်တွင်  မှီခိုခဲ့ကြသည်။




သို့သော်လည်း ပျက်ကပ်၏လေးရက်မြောက်နေ့တွင် စစ်တပ်မှ ရောက်ရှိလာခဲ့ငည်။ ထိုစစ်တပ်သည်ကား ပိုလျှံသော အရင်းအမြစ်များ၊ လက်နက်ကျည်၊ ခဲယမ်းနှင့် ကျွမ်းကျင် အမှုထမ်းများရှိသော ရှစ်စုမြောက် အထူးတပ်စုအင်အားဖြစ်၏။ 




မာညီအစ်ကိုတို့မှာ ထိုစစ်တပ်က ၎င်းတို့နှင့် အဆင်မပြေဟု တွေးခဲ့သောကြောင့် မြို့စွန်သို့ ဦးတည်၍ ထွက်ပြေးလာကာ ကျင်းမိသားစု၏ဗီလာထဲသို့ ချိုးဖောက်ဝင်‌ ရောက်လာခြင်းဖြစ်လေသည်။






စစ်တပ်မှ ထုတ်ပြန်သော တရားဝင်ဖော်ပြချက်တွင် လက်တလောကိစ္စရပ်များကိုသာ ဖော်ပြထားသည်။




“ပျက်ကပ်”ဟု ကျယ်ကျယ်ပြန့်ပြန့်သိရှိကြသော အရာသည်ကား ကွဲပြားသော မျိုးစိတ်များ၏ ဆင့်ကဲပြောင်းလဲခြင်းများကြောင့် ဖြစ်ပွားလာခဲ့သည်ဟုဆို‌ထားလေသည်။ 




စစ်တပ်ဘက်မှ  ထိုအကြောင်းအရာအား ဤထက် ပို၍ မသိသည်လား ( သို့မဟုတ် ရည်ရွယ်ချက်ရှိစွာဖြင့် အမှန်တရားကို ဖုံးအုပ်ထားသည်လား ဆိုသည်ကိုတော့ မရှင်းလင်းပေ။ 




ယင်ရိလျိုကတော့ နောက်ဘက်မှတစ်ခု ဖြစ်သည်ဟု သံသယရှိလေ၏။ 








နောက်ဆုံးတွင် ဘေးအန္တရာယ်များဖြင့် ရင်ဆိုင်ရာ၌ လူအများစုမှာ ထိတ်လန့်တုန်လှုပ်မှုအတွင်းသို့ ကျရောက်လိမ့်မည်ဖြစ်သောကြောင့် မလိုအပ်သော ဆူပူလှုပ်ရှားခြင်းကို ရှောင်ရှားရန် အလို့ငှာ စစ်တပ်က ထိုသို့သာ ပြောခဲ့ခြင်း ဖြစ်နိုင်လေသည်။






ဤသည်မှာ ယခင်က သူမ ဖတ်ခဲ့ဖူးသော ပျက်ကပ်ဝတ္ထုဖြစ်သည်ကို မသိခဲ့လျှင် သူမသည်လည်း အမှန်တရားကို ခန့်မှန်းနိုင်ခဲ့လိမ့်မည် မဟုတ်‌ပေ။ 




သို့သော် လုံးဝ သေချာသည့်အရာမှာ ဆင့်ကဲပြောင်းလဲခြင်းသည်က ဆက်လက်ဖြစ်နေသကဲ့သို့ သန္ဓေပြောင်း တိရစ္ဆာန်မျိုးစုံနှင့်လည်း ပက်ပင်းကြုံတွေ့လိမ့်မည်ဖြစ်ကာ အနာဂတ်တွင်လည်း ကြိုတင်မခန့်မှန်းနိုင်သော ဘေးဒုက္ခများကျရောက်လာလိမ့်မည်ဖြစ်၏။




သူတို့၏ မြို့၌ ကောင်းမွန်သောခိုလှုံရာနေရာ တစ်ခုမျှပင် မရှိသောကြောင့် ထိုအချိန်က စစ်တပ်မှ အနီးအနားရှိ လူတိုင်းအား ရှင်သန်ခြင်း စာစောင်ငယ်များကို ဖြန့်ဖြူးခဲ့သည်။ ရှောင်းရွှယ်တွင်လည်း ထိုစာစောင် တစ်ခုရှိခဲ့ပြီး ၎င်းက ကျင်းယန်၏ လက်ထဲသို့ ရောက်သွားခဲ့လေ၏။) 




စာစောင်ငယ်ထဲတွင် ရှင်သန်ခြင်းကောက်နုတ်ချက်အချို့၊ စစ်တပ်မှ လုပ်ဆောင်မည့် အစီအစဥ်များနှင့် အနီးနား ခိုလှုံရာ အခြေစိုက်စခန်းအားလုံး၏ အရွယ်အစား၊ အင်အားနှင့် ဖြန့်ဖြူးခြင်းများကိုလည်း စာရင်းထုတ်ထားလေသည်။




စာမျက်နှာများထဲမှ တစ်ခုတွင် စစ်တပ်မှ ကမ်းလှမ်းထားသော ရွေးချယ်စရာသုံးခုကို ဖော်ပြထားလေသည်။ 




ပထမရွေးချယ်စရာ ကမ်းလှမ်းချက်သည်က စစ်သားများ၏ အများစု နောက်လိုက်ပြီး မြောက်ဘက်သို့ ဦးတည်ရန်ဖြစ်သည်။ 




သူတို့က နိုင်ငံ၏ ဗဟိုအင်အားစုများ တည်ရှိသော နိုင်ငံ၏ မြို့တော် B ဆီသို့ ခရီးသွားလိမ့်မည်ဖြစ်သည်။




နောက်ဆုံးတွင် မြို့တော်B သည်ကား နိုင်ငံထဲမှအသန်မာဆုံး စစ်သည်များ စုဝေးနေကြသည့် နေရာဖြစ်၏။ 




လမ်းခရီးက ရှည်လျားလိမ့်မည်ပင်။ လမ်းတစ်လျှောက် လူတိုင်း၏ လုံခြုံရေးကို သေချာစေရန် စစ်တပ်က သူတို့အကောင်းဆုံး ကြိုးစားမည်ဖြစ်သော်ငြား လူအများက သူတို့၏ကိုယ်ပိုင်အစားအစာကို ထွက်ရှာဖွေရမည်ဖြစ်၏။ 




လူတစ်ယောက် မြို့တော် Bကို ရောက်နိုင် ၊ မရောက်နိုင် ဆုံးဖြတ်ရာတွင် ကံ သည်လည်း အစိတ်အပိုင်းကြီးကြီးဖြင့် ကစားလိမ့်မည်ပင်။ 




ဒုတိယ ရွေးချယ်စရာက နေခဲ့ရန်ဖြစ်၏။ စစ်တပ်က ဤနေရာတွင် ခိုလှုံရာတစ်ခု တည်ဆောက်ရန်အတွက် သူတို့၏စစ်သားအ


တချို့ကို ချန်ထားရန် စီစဥ်ထားခဲ့သည်။ 




ထွက်သွားရန် ဆန္ဒမရှိသူများအတွက် မြို့ထဲတွင် နေရန် ရွေးချယ်နိုင်ပေသည်။ 






တတိယရွေးချယ်စရာသည်က သူတို့ဘာသာ ခရီးသွားရန်ဖြစ်ပေသည်။ စစ်တပ်နှင့်အတူ မြောက်ဘက်နယ်ကို လိုက်ရန် သို့မဟုတ် မြို့တွင် မနေချင်ကြသူများအတွက် ရွေးချယ်မှုတစ်ခုဖြစ်၏။ 




ဤလူများအတွက်လည်း စစ်တပ်က နိုင်ငံအနှံ့မှ အကြီးဆုံး ခိုလှုံရာအခြေစိုက်စခန်းများ၏ တည်နေရာများကို ထောက်ပံ့ပေးထားလေသည်။ 






ပထမရွေးချယ်မှုကို ရွေးချယ်သူများက မနက်ဖြန်နေ့လည်တွင် စစ်တပ်နှင့်အတူ ထွက်ခွာကြရလိမ့်မည်ဖြစ်သည်။ 




ဤအပိုင်းထိ ဖတ်ပြီးနောက် ကျင်းယန်တစ်ယောက် အတွေးများထဲတွင် လမ်းပျောက်သွားခဲ့သည်။ 




  




ထိုအခိုက်အတန့်တွင် မြို့တော်Bရှိရာ မြောက်ဘက်နယ်သို့ ဦးတည်ခြင်းက အကောင်းဆုံးရွေးချယ်မှု ဖြစ်လိမ့်မည်။ အဘယ်ကြောင့်ဆိုသော် စစ်တပ်ခေါင်းဆောင်များ တည်ရှိနေသောနေရာဖြစ်ပြီး နိုင်ငံအတွင်း အန္တရာယ်ကင်းမှု လယ်ဗယ်မှာ အမြင့်ဆုံးဖြစ်ပေလိမ့်မည်။




သို့သော်ငြား သူ စီးပွားရေးလုပ်ငန်းထဲတွင် ကျင်လည်ခဲ့သော နှစ်များမှတဆင့် သူ သင်ယူခဲ့ရသော အရာတစ်ခုသည်ကား လူမှုရေး ရုန်းကန်မှုများ၏ ရက်စက်မှုဖြစ်ပေသည်။




အထူးသဖြင့် ဥပဒေက ပြင်ဆန်ရန် လိုအပ်နေသော အချိန်တွင်ဖြစ်၏။ အာဏာမရှိသော သူများအတွက် ဘဝများသည် ခက်ခဲလိမ့်မည်ပင်။ 




လမ်းပေါ်မှ ကြိုတင်မခန့်မှန်းနိုင်သော အန္တရာယ်များအပြင် စစ်တပ်နှင့် မြောက်ဘက်နယ်ကို လိုက်ပါလာသော အလွန်များပြားသော လူများနှင့်အတူ ပဋိပက္ခများ ဖြစ်ခြင်း ဖြစ်လာနိုင်သည်။






ထိုကဲ့သို့ အချိမ်အခိုက်အတန့်မျိုးတွင်  သူသည်က….. 




ကျင်းယန်တစ်ယောက် သူ၏ကျိုးနေသော ခြေထောက်ကို ကြည့်လိုက်ပြီး  ခပ်ဟဟရယ်လိုက်၏။ သူ၏လက်ရှိ အခြေအနေဖြင့် စစ်တပ်နောက်သို့လိုက်ရန် သူ့အတွက် မဖြစ်နိုင်ပေ။ 




မြို့တော် B သို့ သွားသော ခရီးမှာ အလွန် မခန့်မှန်းနိုင်ဖြစ်လိမ့်မည်ပင်။




ပန်းတိုင်သို့ရောက်ရန်အတွက်  အလွန်ပင် အချိန်ယူရလိမ့်မည်။




တခြားတစ်ဖက်တွင် နေထိုင်ရန်အတွက် ရွေးချယ်သူက အလွန်နည်းမည်ဖြစ်သည်။ ဤနေရာတွင်ရှိသော ရှင်သန်ရာ အခြေစိုက်စခန်းများအတွက် မျှော်လင့်ချက် မြင့်မားခြင်းမရှိပေ။ 




လက်ရှိအချိန်အတွက်ဆိုရလျှင် သူတို့ဘာသာ ခရီးသွားခြင်းကသာ သူနှင့် သူ၏ယုန်လေးအတွက် အကောင်းဆုံးရွေးချယ်မှုဖြစ်သည့်ပုံပင်။






ကျင်းယန်တစ်ယောက်  နားရွက်များကိုလွှဲယမ်းနေသော ယုန်လေးကို တစ်ချက်ကြည့်ကာ ၎င်း၏  ပြည့်ပြည့်ဖြိုးဖြိုး ပါးပြင်လေးကို ဖွဖွလေးဆွဲလိုက်သည်။ 




ယုန်လေး၏နေရာလွတ်က သူတို့၏ အကြီးမားဆုံးကောင်းကျိုးဖြစ်လာခဲ့၏။ 




အခြားမည်သူမှ ထိုအကြောင်းအား သိ၍ မရပေ။ မဟုတ်ပါက အဆုံးမသတ်နိုင်သော ပြဿနာများရှိလာမည်ဖြစ်သည်။






စာစောင်ငယ်လေးက ထောက်ပံ့သော အချက်အလက်များအား ဖတ်ပြီးနောက် ကျင်းယန်က မြေပုံပေါ်မှ တည်နေရာတစ်ခုဖြစ်‌သော မြို့တော် Z ပေါ်တွင် မဆိုင်းမတွပင် အဝိုင်း,ဝိုင်းလိုက်၏။ 






မြို့တော် Z သည်ကား စီရင်စု H ၏ဗဟိုဒေသဖြစ်ကာ လက်ရှိတွင် နိုင်ငံထဲမှ အကြီးမားဆုံး ခိုလှုံရာအခြေစိုက်စခန်းတစ်ခု ရှိလေသည်။ 




စာစောင်ငယ်ထဲမှဖော်ပြချက်အရ ပျက်ကပ်အစပိုင်းတွင် စွမ်းအားရှိသူများက ကြိုတင်သိမြင်မှုရှိခဲ့ကြ ခိုလှုံရာစခန်းများ၏ အုတ်မြစ်ကို စတင်ခဲ့ကာ ယခုအခါတွင် ထို‌နေရာ၌ အလွန်ကောင်းမွန်သော စီမံခန့်ခွဲရေးစနစ်တစ်ခုသည် အခြေကျခဲ့ပြီးဖြစ်‌သည်။




  


မြို့တော် Zက ၇၀၀ ကီလိုမီတာပတ်လည် ကွာဝေးကာ မြို့တော် B ဆီသို့ အကွာအဝေး၏ တစ်ဝက်ဖြစ်သည်။




အကွာအဝေးနှင့် ဂုဏ်သတင်းကဲ့သို့သော အချက်အလက်များကို ထည့်သွင်းစဥ်းစားပြီးနောက် မြို့တော် Z က သမာရိုးကျမဟုတ်သော မြို့တော် B ထက် ပိုကောင်းလိမ့်မည်ဟု ကျင်းယန် ဆုံးဖြတ်လိုက်သည်။ 








သူတို့၏ ပန်းတိုင်ကို ဆုံးဖြတ်ပြီးနောက် ကျင်းယန်က ကျောပိုးအိတ်ထဲမှ သံလိုက်အိမ်မြှောင်တစ်ခု ထုတ်လိုက်ကာ လမ်းကြောင်းကို စတင်စီစဥ်လိုက်၏။ 




သူတို့အနေဖြင့် မြို့စွန်များ တလျှောက်‌ ရွှေ့သွားသင့်ပြီး လမ်းတလျှောက်၌ စားစရာအထောက်အပံ့များကို ပို၍ရှာသင့်သည်။ မြို့စွန်များ၌ လူဦးရေနည်းပါး‌သောကြောင့် ပဋိပက္ခများလည်း နည်း‌ပေလိမ့်သည်။ 








ယင်ရိလျို စားပွဲပေါ်သို့ ခုန်တက်လိုက်ပြီး ကျင်းယန်၏ဘေးတွင် တိတ်တဆိတ်ထိုင်ကာ မြေပုံပေါ်တွင် လိုင်းများရေးဆွဲနေ‌သော ကျင်းယန်ကို စောင့်ကြည့်နေခဲ့လေသည်။




သူမအနေဖြင့် ကျင်းယန်ကို မနှောင့်ယှက်ခဲ့ပေ။ တစ်ဖက်လူက သူတို့၏ အနာဂတ်အစီအစဥ်များ ဆုံးဖြတ်နေသည်ကို သူမ သိပေ၏။ 




ယင်ရိလျိုအနေဖြင့် ကျင်းယန်၏ နောက်ဆုံး ဆုံးဖြတ်ချက်မှာ မည်သို့ ဖြစ်နေသည်ကို မသိသော်လည်း သူမတို့က စစ်တပ်၏နောက်သို့လိုက်၍ မြို့တော် B ဆီသို့ သွားလိမ့်မည် မဟုတ်သည်ကိုတော့ သိလေ၏။




ဝတ္ထုထဲ၌ ဇာတ်လိုက်နှင့် ဇာတ်လိုက်မတို့က ထိုရှစ်စုမြောက်အင်အားစုနောက်သို့ လိုက်ပါသွားခဲ့ကြသည်။





*