အခန်း(11)
ရှောင်းရွှယ် ထိုလူ၏မျက်နှာကို ရှင်းလင်းစွာ မြင်လိုက်ရသည့်အခိုက်တွင် မအောင့်အီးနိုင်စွာဖြင့် ပင့်သက်ရှိုက်မိသွား၏။
ဤပုဂ္ဂိုလ်သည်က ထင်ရှားပြတ်သားသောမျက်ခုံး၊ ကြားအကွာအဝေးက ညီမျှသော ဖီးနစ်မျက်လုံးများဖြင့် အလွန်ချောမောခန့်ညားလေသည်။
သူက ထိုနေရာတွင်ထိုင်ပြီး သူတို့သုံးယောက်ကို ကြည့်နေသော်လည်း သူ၏မျက်နှာတွင် အံ့ဩသော သို့မဟုတ် ထိတ်လန့်သော အမူအရာမရှိပေ။
ထိုသူသည်ကား ယင်ရိလျိုနှင့်အတူ သီးသန့်ဂိုဒေါင်မှ ထွက်လာသော ကျင်းယန်ပင်ဖြစ်ချေသည်။
မာဖေးကျန့်က သူ၏လက်ထဲမှ စီးကရက်ကို မြေပြင်ပေါ်သို့ ပစ်ချလိုက်ပြီး ခြေထောက်ဖြင့် နင်းခြေကာ ညှိမ်းလိုက်သည်။ ထို့နောက် သူ့ဘေးမှ ညီဖြစ်သူကို တစ်ချက်ကြည့်လိုက်သည်။
“အသက်ရှင်နေတဲ့ လူအကောင်လိုက်ကြီးလေ၊ မင်းသူ့ကို မမြင်ခဲ့ဘူးပေါ့”
မာဖေးထန် ဂရုမစိုက်ခဲ့ပေ။ သူ၏လက်မောင်းက တဖြည်းဖြည်း ကြီးမားလာကာ လူဝံလက်မောင်းအဖြစ် ပြောင်းလဲသွားခဲ့၏။ သူက ကျင်းယန်အား ခြိမ်းခြောက်ရန်အတွက် သူ၏လက်မောင်းအား ရင်ဘက်ရှေ့တွင် ပိုက်ထားလိုက်လေသည်။
“ဘာများကြောက်နေစရာ ရှိနေလို့လဲ၊ ဒါက မသန်စွမ်းတစ်ယောက်ပဲကို…သူက ဘာလုပ်နိုင်မှာမလို့လဲ”
(သူ၏အသံမှာ မထီမဲ့မြင်ပြုမှု၊ အထင်အသေးမှုများဖြင့် ပြည့်နှက်နေခဲ့သောကြောင့် ကျင်းယန်၏ အမူအရာက မည်းမှောင်သွားခဲ့လေသည်။)
“ဟေ့…မသန်စွမ်းကောင်၊ဒီကားရဲ့သော့ကို လက်လွှဲပေးလိုက်၊ ဘာလှည့်ကွက်မှ လုပ်ဖို့မကြိုးစားနဲ့ ၊ဒီလိုကောင်းတဲ့အရာမျိုးက မင်းလက်ထဲမှာရှိရင် အလကားဖြစ်သွားမှာပဲ”
မာဖေးကျန့် ရှောင်းရွှယ်ကို သူ့၏လက်မောင်းထဲတွင် ဖက်ထားကာ မျက်နှာပေါ်တွင်တော့ ကျင်းယန်အား ပြက်ရယ်ပြုနေသကဲ့သို့ လှောင်ပြုံးတစ်ခုရှိနေခဲ့သည်။
ဤလူသည်က မိသားစုကြီး၏ သခင်လေးတစ်ယောက် ဖြစ်သည်မှာ သေချာပြီး ပျက်ကပ်မတိုင်မှီအချိန်တွင် ဤကဲ့သို့ လူမျိုးနှင့် ဆုံတွေ့ပါက ဦးညွှတ်၍ ကပ်တွယ်နေရမည် ဖြစ်သော်လည်း ပျက်ကပ်ဖြစ်ပြီးနောက်တွင် ထိုကဲ့သို့ မျက်နှာဖြူလေးသည်က သူ့မျက်လုံးထဲသို့ မဝင်ရောက်နိုင်တော့ပေ။
တစ်ဖက်လူက မသန်စွမ်းတစ်ယောက် ဖြစ်နေသည်ကို ထည့်ပြောရန်ပင်မလိုပေ။ ထိုသို့သောသူက မည်သည့်အရာကို လုပ်နိုင်မည်နည်း။
အပြင်သို့ ထွက်လာသည်း အခိုက်အတန့်၌ပင် သန္ဓေပြောင်းသားရဲများ၏ ကိုက်သတ်ခြင်းကို ခံရကောင်း ခံရနိုင်မည်ဖြစ်၏။
သူ၏ခန္ဓာကိုယ် တုန်ခါစပြုလာပြီး နောက်ကျောမှ အဝတ်များက ဆုတ်ပြဲစပြုလာကာ သွေးများက သူ၏ပိန်ပြီး အဝါရောင်သန်းနေသော မျက်နှာဆီသို့ တဟုန်ထိုး စီးဆင်းလာခဲ့၏။
အချိန် အနည်းငယ်ကြာပြီးနောက် သူ၏အသွင်အပြင်မှာ မကောင်းဆိုးဝါးတစ်ကောင်ကဲ့သို့ ပြောင်းလဲသွားခဲ့လေသည်။
ထိုလူ၏ မျက်နှာသည်က တွန့်ခေါက်ရာများနှင့် ပြည့်နှက်နေပြီး အသားအရောင်မှာ မီးခိုးပြာရောင်သို့ ပြောင်းလဲကာ မျက်လုံးများမှာလည်း စိမ်းပုပ်ရောင်သလင်းကျောက်များနှင့် ဆင်တူနေခဲ့သည်။ ပါးစပ်ထဲ၌လည်း သွားချွန်များက ကြီးထွားလာခဲ့သည်။
အဝတ်အစားများမှာ ဆုတ်ပြဲသွားခဲ့ပြီး ထိုနေရာမှ ကြီးမားပြီး အမွှေးထူသော တောင်ပံကြီးနှစ်ခု ထွက်လာခဲ့ကာ ရှောင်းရွှယ်၏ခါးကို ဖိထားလေသည်။
သူမ၏ အဖြူရောင်အင်္ကျီက ချက်ချင်းပင် ပိုးဖလံလူသား၏ တောင်ပံများမှ မီးခိုးပြာရောင်အကြေးခွံအမှုန့်များဖြင့်ဖုံးလွှမ်းသွားခဲ့၏။
ရှောင်းရွှယ်မှာ အနည်းငယ်တုန်ရီသွားခဲ့ကာ ဘေးသို့လှည့်၍ သူမ၏ “ရည်းစား” အား မကြည့်ဝံ့ပေ။
ထိုသူမှာ မာဖေးကျန့်လား…ပိုးဖလံမကောင်းဆိုးဝါးလားကို မပြောနိုင်သောကြောင့်ပင် ဖြစ်သည်။ သူမ၏ခါးပေါ်မှ လက်များသည်က တောင်ပံများနောက်၌ ပုန်းကွယ်နေသော လက်သည်းများအဖြစ် ပြောင်းလဲသွားခဲ့၏။
သူမ၏ပတ်ပတ်လည်ရှိ လေထုသည်လည်း အနံ့ဆိုးဖျော့ဖျော့တစ်ခုကို သယ်ဆောင်လာပြီး ၎င်း၏အရင်းအမြစ်မှာ သူမ၏ဘေးဘက်မှဖြစ်လေ၏။
ထိုသူ၏တောင်ပံများပေါ်မှ အမွှေးများက သူမကို မရပ်မနား ပွတ်တိုက်နေကာ နေရာအနှံ့မှ ယားယံလာစေသည်။)
ကျင်းယန် ထိုသို့သောအရာကို အရင်က မမြင်ဖူးခဲ့ပေ။ သူ၏မျက်စံများက ကျုံ့ဝင်သွားခဲ့ကာ သူ့ရှေ့မှ “မကောင်းဆိုးဝါး”အား စိုက်ကြည့်နေခဲ့မိ၏။
ပျက်ကပ်နေ့များတွင် မျိုးစပ်ခြင်းဟုခေါ်သော သန္ဓေပြောင်းအမျိုးအစား ရှိသည်ကို ကျင်းယန်မသိသော်လည်း ယင်ရိလျိုကတော့ သိပေသည်။
ယင်ရိလျို သူမ၏ယုန်နားရွက်များကို ခါယမ်းလိုက်ကာ ကျင်းယန်၏လက်မောင်းကို အားပြုလျှက် မတ်တပ်ရပ်လိုက်ပြီး သူမရှေ့မှ လူနှစ်ယောက်ကို ကြည့်ရှုလိုက်သည်။
ဤလောကထဲရှိ ပျက်ကပ်သည်က အစဥ်အလာအရ ကမ္ဘာပျက်ကပ်ဗားရှင်းများနှင့် ကွာခြား၏။ ဇွန်ဘီများနှင့် အထူးစွမ်းရည်များ မပါရှိဘဲ မျိုးစိတ်များ၏သန္ဓေပြောင်းခြင်းသာ ပါလေသည်။
ဉာဏ်ရည်နိမ့်မျိုးစိတ်များက လျင်မြန်စွာ ဆင့်ကဲ့ပြောင်းလဲလာကြပြီး ၎င်းတို့၏ သန္ဓေပြောင်းခြင်းများက ရုပ်ပိုင်းဆိုင်ရာနှင့် အသိဉာဏ်ကြွယ်ဝမှုကို ပြောင်းလဲစေလိမ့်မည်။
လူသားများကဲ့သို့ ဉာဏ်ရည်မြင့် မျိုးစိတ်များအတွက်မူ ၎င်းတို့က ရှေးဦးအဆင့်သို့ နောက်ပြန်ဆုတ်လိမ့်မည်ဖြစ်ပြီး ဆင့်ကဲပြောင်းလဲခြင်းလမ်းကြောင်း အမျိုးမျိုးရှိကာ အားနည်း၍ ထိခိုက်လွယ်သော အာရုံငါးပါးနှင့် ခြေလက်အင်္ဂါရပ်များက တောရိုင်းတိရစ္ဆာန်များကဲ့သို့ သန္ဓေပြောင်းသွားလိမ့်မည်ဖြစ်၏။
တချို့လူများက သူတို့၏အမြင်အာရုံများ ပြောင်းလဲသွားပြီး၊ တချို့လူများက အနံ့ခံအာရုံ ပြောင်းလဲသွားခဲ့ကြကာ ထက်မြက်သည့် တိရစ္ဆာန်များနှင့် တူသော အာရုံများရရှိလာကြသည်။
တချို့လူများက ခြေထောက်များပြောင်းလဲသွားခဲ့ကာ ခုန်ပေါက်ခြင်းကဲ့သို့ နေရာများတွင် ခွန်အား ကြီးမားစွာ တိုးလာခဲ့၏။
သို့သော် ဤသည်ထက်ပိုသည်မှာ မျိုးစပ်ခြင်းဟု ခေါ်ဆိုသော အထူး သန္ဓေပြောင်းခြင်း အမျိုးအစားလည်း ရှိလေသည်။
လူတစ်ယောက်က နောက်ထပ်မျိုးစိတ်များဖြင့် သန္ဓေပြောင်းသွားချိန်တွင် ထိုမျိုးစိတ်များ၏ အထူးပင်ကိုဗီဇများကို လက်ခံရရှိ လိမ့်မည်ဖြစ်၏။
သူတို့တို့က ပုံစံနှစ်ခုကြား လွတ်လပ်စွာ ပြောင်းလဲနိုင်ပြီး အစွမ်းထက်သော စွမ်းရည်များကို ရရှိနိုင်လေသည်။
ဤသန္ဓေပြောင်းခြင်း အမျိုးအစား၏ ဖြစ်နိုင်ချေမှာ တစ်သောင်းမှတစ်ယောက်သာရှိပေ၏။ အဓိကအားဖြင့် သေသည်အထိ အကိုက်ခံရခြင်း၊ သို့မဟုတ် အစားခံရခြင်းကို ဖြစ်စေလိမ့်မည်။
ဥပမာအားခြင်း သူတို့ရှေ့တွင်ရှိနေသော ဤပိုးဖလံလူသားမှာ သန္ဓေပြောင်း ပိုးဖလံထံမှ ကိုက်ခဲခြင်းကိုခံရပြီး အစားခံခဲ့ရသင့်သည်။
သို့သော်ငြား သူက အလွန်အမင်း ကံကောင်းသွားပြီး ပိုးဖလံနှင့် မျိုးစပ်ရန် လုပ်ဆောင်နိုင်သွားကာ ယခု သူ၏ပုံစံကို ရလဒ်ထွက်လာစေသည်။
ကျင်းမိသားစု၏ အိမ်ထဲသို့ တရကြမ်းဝင်လာခဲ့သော ထိုလူနှစ်ယောက်သည်က ဤလောကကြီးထဲရှိ သန္ဓေပြောင်းခြင်း အမျိုးအစားနှစ်ခုကို အသီးသီး သရုပ်ဖော်နိုင်ခဲ့လေသည်။
သို့သော် ဝတ္ထုထဲတွင် ပျက်ကပ်၏ နောက်ပိုင်း အချိန်ကာလများ၌ မျိုးစပ်လူများသည်က ၎င်းတို့ကိုယ်တိုင်၏ အာရုံသိစိတ်များကို ထိန်းချုပ်ရာ၌ ပြဿနာများ ရှိလာလိမ့်မည်ဖြစ်၏။
တိရစ္ဆာန်များ၏ သွေးများက သွေးကြောများထဲတွင် စီးဆင်းနေခဲ့သည့်အတွက် ၎င်းတို့၏ ပင်ကိုစရိုက်မှာ ပို၍ရက်စက်လာပြီး ဗရမ်းဗတာဖြစ်လိမ့်မည်။ အဆုံးတွင် မျိုးစပ်လူသားများက သူတို့ကိုယ်သူတို့ မထိန်းချုပ်နိုင်ခဲ့သောကြောင့် သေဆုံးသွားခဲ့လိမ့်မည်။
သူတို့ရှေ့တွင်ရှိနေသော ပိုးဖလံလူသားကတော့ ကျိန်းသေပေါက်ပင် သူ့ကိုယ်သူ အလွန်ဂုဏ်ယူနေခဲ့၏။
ဤစွမ်းရည်က အံ့သြစရာကောင်းသော တစ်စုံတစ်ခုဟု အသေအချာ ထင်နေခဲ့ပုံရသည်။
သူ စကားပြောသည့်အခါတွင် သူ၏မျက်လုံးများက အစိမ်းရောင်များ ရောင်ပြန်ဟပ်နေသကဲ့သို့ တောက်ပနေခဲ့ကာ အမွှေးထူသော ပါးစပ်မှာလည်း တုန်ရီနေခဲ့သည်။
“မင်းသေချာစဥ်းစားပြီးတော့ ပစ္စည်းတွေကို လွှဲပေးလိုက်သင့်တယ်၊ ဘယ်လိုပဲဖြစ်ဖြစ် မင်းက ပျက်ကပ်နေ့တွေမှာ ရှင်သန်နိုင်မှာမှ မဟုတ်ဘဲ”
ကျင်းယန်သည် မာဖေးကျန့်အား အဖြေမပေးခဲ့ပေ။ သူက တစ်ဖက်လူနှင့် ဖြေရှင်းရန် ပျင်းရိနေခဲ့ကာ သူ၏ပစ္စတိုကိုသာ တိုက်ရိုက်ဆွဲထုတ်လိုက်၏။
သူ(ကျင်းယန်)၏ခန္ဓာကိုယ်မှာ ခွန်အားများဖြင့် သန်စွမ်းလာခြင်းကို ခံစားနေရသည်။ သူ၏လက်မောင်းကို အားစိုက်ထုတ်လိုက်ချိန်၌ ကြွက်သားများက အရင်ကထက်ပို၍ ထင်ရှားနေကာ မျက်လုံးများမှာလည်း ပစ်မှတ်တစ်ခုကို တစ်စက္ကန့်အတွင်း အာရုံစိုက်နိုင်ပြီး ဆယ်မီတာကျော်အဝေးမှ အရာဝတ္ထုများပေါ်ရှိ အသေးစိတ်များကိုပင်လျှင် မြင်နိုင်လေသည်။
သူက သေနတ်ကို လျင်မြန်သော အရှိန်ဖြင့် ချိန်လိုက်ပြီး ကြီးမား၍ ကသိကအောက် ဖြစ်စရာကောင်းသော ရောစပ်မျက်လုံးများထဲမှ တစ်လုံးကို သနားညှာတာမှု ကင်းမဲ့စွာ ပစ်ခတ်လိုက်သည်။
‘ဘန်း’ ဟူသော အသံဖြင့် ကျည်ဆန်က ပစ်ခွင့် ထိမှမ်သွားပြီးနောက် ပိုးဖလံလူသား၏ ရောစပ်မျက်လုံးများထဲမှ တစ်လုံးမှာ ပေါက်ထွက်သွားခဲ့လေသည်။
တစ်ဖက်လူမှာ အော်ဟစ်ရန်ပင် အချိန်မရှိခဲ့ပေ။ အစိမ်းပုပ်ရောင်အရည်များက ဘေးမှ မိန်းကလေး၏ မျက်နှာပေါ် သို့ စီးကျသွားခဲ့သည်။
မာဖေးကျန့် မြေပြင်ပေါ်သို့ လဲကျသွားခဲ့လေ၏။ ဤရုတ်တရက် အခြေအနေ ပြောင်းလဲသွားမှုကြောင့် ရှောင်းရွှယ်တစ်ယောာက် ကြောက်လန့်သွားပြီး မရပ်မနားအော်ဟစ်လိုက်သည်။
ဘေးဘက်တွင် ရပ်နေသော မာဖေးထန်သည်လည်း ယခုလေးတင် ဖြစ်ပျက်သွားသည်များကို နားလည်သဘောပေါက်သွားခဲ့ရသည်။
သူ၏သွေးရင်းအစ်ကိုဖြစ်သူ၏ ဦးခေါင်းခွံမှာ ကျည်ဆန်တစ်ခုဖြင့် ဖောက်ခွဲခြင်းခံလိုက်ရသည်ကို သူ၏မျက်လုံးများဖြင့် မြင်တွေ့ခဲ့ရသည်ပင်။
မာဖေးထန်က လူဝံတစ်ကောင်ကဲ့သို့ ဟိန်းဟောက်သံတစ်ခု ထုတ်လွှတ်လိုက်ကာ ဝှီးချဲပေါ်တွင် ထိုင်နေသော ကျင်းယန်ဆီသို့
ပြေးသွားလိုက်၏။
ကျင်းယန်ကတော့ အလွန်အမင်းတည်ငြိမ်နေလေ၏။ သူက နောက်ထပ်ကျည်ဆန်တစ်ခုကို လျင်မြန်စွာ ထည့်လိုက်ကာ လူဝံနှင့်တူသော လူငယ်၏ခေါင်းကို ပစ်လုနီပါးအချိန်တွင် အရိပ်ဖြူလေးတစ်ခုက ပုံရိပ်များကိုသာ မြင်နိုင်သောအရှိန်ဖြင့် သူ၏လက်မောင်းထဲမှ ရုတ်တရက်ခုန်ထွက်သွားခဲ့သည်။
ကျင်းယန် အနည်းငယ်ရပ်တန့်သွားခဲ့ကာ သူ၏အမြင်အာရုံမှာလည်း ရုတ်တရက်ခုန်ထွက်သွားသော ယုန်ဖြူလေးပေါ်တွင် ကျောက်ချနေခဲ့သည်။
အမြှောက်ဆံတစ်ခုကဲ့သို့ ဦးတည်၍ ပြေးလာသောလူငယ်က သူမထက် မရေတွက်နိုင်လောက်အောင် အဆပေါင်းများစွာ ကြီးမားလေသည်။
ဆိုရလျှင် ရှိခိုးကောင်တစ်ကောင်က စစ်ရထားတစ်စီးကို ရပ်တန့်ရန်ကြိုးစားနေသည်နှင့် တူပြီး မည်သည့်အခိုက်အတန့်မဆို အမွှေးဖြူလုံးလေးက ခြေမွခံရတော့မည် ပုံပေါ်နေလေ၏။
ကျင်းယန်၏ နှလုံးသားက တုန်လှုပ်သွားခဲ့ရသည်။ သူ့အနေဖြင့် ထိုယုန်ဖြူလေး၏ အသက်အန္တရာယ်ကို စိတ်ပူစပြုနှင့်ပြီး ဖြစ်ကြောင်းကို ကိုယ်တိုင် သတိမမူမိခဲ့ချေ။
ယင်ရိလျိုက အနက်ရောင်အမွှေးများဖြင့် ဖုံးလွှမ်းနေသော မာဖေးထန်၏ လက်မောင်းကြီးများကို ကြည့်လိုက်ပြီး သူမ၏နှလုံးသားထဲ၌ ကြောက်ရွံမှုကို ခံစားရသော်လည်း တစ်ဖက်လူမှ ကျင်းယန်အား နာကျင်အောင်လုပ်တော့မည်ကို စဥ်းစားလိုက်မိလျှက် သူမထံ၌ အဆုံးမဲ့သတ္တိများနှင့် ချက်ချင်း ပြည့်နှက်သွားခဲ့သည်။
ထို့နောက်တွင် ယင်ရိလျို၏လက်ဖဝါးမှ ဓားသွားရှည်များနှင့် တူသောလက်သည်းများ ဆန့်ထွက်လာခဲ့ခဲ့သည်။
သူမဆီသို့ဦးတည်၍ လျှင်မြန်စွာ တိုးလာသော လူဝံမျိုးစပ်၏ လက်သီးက သူမ၏မျက်လုံးထဲတွင်တော့ အနှေးပြကွက်ဖြင့် ပြသနေခဲ့သည်။
ယင်ရိလျို ရုတ်တရက် ခုန်လိုက်ပြီး သူမ၏ လက်သည်းများကို အသုံးပြု၍ မာဖေးထန်၏ ရင်ဘက်တစ်လျှောက် ပြင်းထန်စွာဟက်တက်ခွဲလိုက်လေ၏။
**