အခန်း(19)
“ မင်း ကျန်းကျန်းကိုဘယ်လောက်ထိ ပစ်ထားလိုက်လဲကြည့်လိုက်ဦး.. ဒီမျက်နှာလေးက အရမ်းကိုညစ်ပတ်နေပြီ”
မဒမ်လီက သူမရဲ့ အကျီထဲမှ လက်ကိုင်ပုဝါတစ်ထည်ကို ထုတ်ယူကာရေနွေးအိုးထဲမှ ရေအနည်းငယ်လောင်းချလိုက်ပြီး ကျန်းကျန်းရဲ့ မျက်နှာလေးကို သန့်ရှင်းသွားအောင် သုတ်ပေးလိုက်တယ်။
မဒမ်လီရဲ့ အမြှောက်ဆက်တိုက်ပစ်သလိုပြောလာတဲ့ စကားတွေပြီးဆုံးသွားချိန်မှာတော့ လီမူဝူတစ်ယောက် နောက်ဆုံးတော့ စကားပြောဖို့ အခွင့်အရေးရလာခဲ့ပြီ။
“ဒီအသီးအနှံရိုင်းတွေကို ဘယ်က ကောက်လာခဲ့တာလဲဆိုတာကို ကျွန်တော်မသိဘူး..ကျွန်တော် တောင်ပေါ်ကနေ သယ်သွားတဲ့အချိန်တုန်းကခြင်းထဲမှာ ကလေးကလွဲလို့ ဘာမှမပါခဲ့ဘူး.. ဒီအနားကိုရောက်တဲ့အချိန်ကျမှ ခြင်းက လေးလာလို့ ဆိုပြီးလှည့်ကြည့်လိုက်မိတာ.. အဲဒီအချိန် ပစ္စည်းတွေက ခြင်းတစ်ဝက်လောက်ပြည့်နေပြီ .. ဒါကိုမြင်လိုက်ရတော့ ကျွန်တော်ရဲ့ခြေထောက်တွေပါ ပျော့ခွေသွားတော့မလို့”
“ကြောက်လွန်းလို့ ခြေထောက်တွေပျော့ခွေပြီး ပြန်ပြေးလာခဲ့တယ်ပေါ့!”
မဒမ်လီ နှာမှုတ်လိုက်ပြီး ခြင်းတောင်းထဲမှ အသီးရိုင်းတွေကို လှမ်းကြည့်လိုက်တယ်။
လီမူဝူကြောင့် ပြုတ်ကျသွားခဲ့ပုံရတဲ့ အာလူးတစ်ချို့ကလည်း အနောက်ဘက်မှခြင်းတောင်းထဲသို့ တစ်နည်းနည်းနဲ့ပြန်လည်ရောက်ရှိနေခဲ့ပုံရတယ်။
“ ကွေ့ဟွားက အိမ်မှာရောက်နေလောက်ပြီ.. ငါ ကျန်းကျန်းကို အိမ်ကိုခေါ်သွားပြီး သူမကို ထိန်းခိုင်းထားလိုက်မယ်.. မင်း လုပ်စရာရှိတာကိုဆက်လုပ်ထားလိုက်.. အခုတောင် ညနေပိုင်းကိုရောက်ပြီး အချိန်က တော်တော်နောက်ကျနေပြီ”
မဒမ်လီက ကျန်းကျန်းကိုပွေ့ချီပြီး မြန်မြန်ထွက်သွားခဲ့တယ်။ လီမူဝူလည်း သူ့သယ်လာတဲ့ ပစ္စည်းတွေကို အပင်တွေကြားထဲမှာဖွတ်ထားတဲ့ လှည်းပေါ်သို့ တင်လိုက်ပြီးတောင်ပေါ်သို့ ပြန်တက်သွားလိုက်တယ်။
ကံကောင်းထောက်မစွာနဲ့ သူ့ရဲ့ခြေထောက်တွေက ဒီလမ်းကို ကျင့်သားရစွာနဲ့ ချောချောမွေးမွေး ပြန်သွားနိုင်နေတုန်းပဲ။ လီမူဝူ မျက်လုံးမှိတ်ပြီးသွားမယ်ဆိုရင်တောင် မျက်လုံးပြန်ဖွင့်တဲ့အချိန်မှာ သွားလိုတဲ့နေရာကို ရောက်နေပြီးသားဖြစ်နေလိမ့်မယ်။ ဒါကြောင့် လီမူဝူရဲ့ ခေါင်းက ရှုတ်ထွေးနေခဲ့ပေမဲ့ နေပေမယ့် မမှောင်ခင်မှာပဲ လှည်းတစ်ဝက်လောက်ပြည့်အောင်ဖြည့်နိုင်ခဲ့တယ်။
ကောင်းကင်က အနည်းငယ်လင်းနေတုန်းပဲဖြစ်ပေမဲ့ တောင်ပေါ်မှာဆိုရင် မှောင်လုနီးပါးဖြစ်နေပြီဖြစ်တာကြောင့် လီမူဝူက ပြောင်းဖူးနှစ်ခြင်းကို အလျင်အမြန်ထည့်ပြီး ဝမ်စုဖန်းကိုခေါ်ကာ တောင်ပေါ်မှ ပြန်ဆင်းလာခဲ့တယ်။
မဒမ်လီက လှည်းပေါ်မှာထိုင်ရင်း ဆေးလိပ်သောက်နေခဲ့တယ်။ သူမရဲ့သားနဲ့ချွေးမ ဖြစ်သူတို့တောင်ပေါ်မှ ပြန်ဆင်းလာတာကိုမြင်တော့ သူမက ပေါ်ပေါ်မှာ ဖုံးထားတဲ့ အထည်ကို လျှင်မြန်စွာ ဆွဲဖယ်လိုက်ပြီး လီမူဝူကို ပြောင်းနှံတွေ အမြန်ထည့်ခိုင်းလိုက်တယ်။
မိသားစုသုံးယောက်က နောက်ဆုံးတော့ မိုးလုံးလုံးမချုပ်ခင်အချိန်မှာ အိမ်ကိုပြန်ရောက်ခဲ့ကြတယ်။ လီမူဝူက တံခါးကိုဖွင့်ကာ တွန်းလှည်းကို တွန်းဝင်လိုက်တယ်။
သူတို့ရဲ့ လှုပ်ရှားမှုကို ကြားတော့ မိသားစုထဲမှ လူတွေအားလုံး အပြင်သို့ထွက်လာခဲ့ကြတယ်။
“အဖွား .. အဖွားက ကျွန်တော်တို့အတွက် အလုပ်ရှိလို့ အိမ်မှာ စောင့်ရမယ်လို့ပြောခဲ့တယ်လေ.. ဒါပေမယ့် ကျွန်တော်တို့က တစ်နေ့ခင်းလုံးစောင့်နေတာတောင် ကျန်းကျန်းကို စောင့်ကြည့်ရုံကလွဲလို့ ဘာမှလုပ်စရာမရှိဘူး”
လီမင်ပေက သူ့ရဲ့အဖွားကိုမြင်တော့ ပထမဆုံးမကျေမနပ်ပြောလာခဲ့တယ်။
“ကျန်းကျန်းက အရမ်းလိမ္မာတယ် သူမကဘယ်တော့မှ ပြသနာမရှာဘူး.. ကျွန်တော်တို့က ဘာလုပ်နေရမှာလဲ”
အိမ်ထဲမှ ပျံ့လွင့်လာတဲ့ အစားအသောက်ရနံ့ကိုရတော့ မဒမ်လီက သူမရဲ့မြေးကို ဆူငေါက်ချင်တဲ့စိတ်တောင် မရှိတော့ဘူး။ သူမက လှည်းပေါ်ကနေ သွက်လက်စွာ ခုန်ဆင်းလိုက်တယ်။
“အိမ်ထဲကိုဝင်ပြီး အရင်စားရအောင်”
ဝမ်စုဖန်းက သူမရဲ့ မျက်နှာနှင့်လက်တွေကိုဆေးကြောလိုက်ပြီး ကျန်းကျန်းကိုတွေ့ဖို့အတွက် အရှေ့ခန်းဆီသို့ အမြန်သွားခဲ့လေတယ်။ အခုချိန်မှာ ကျန်းကျန်းက ကြက်ဥပေါင်းကိုစားပြီးလို့ နှစ်ခြိုက်စွာ အိပ်ပျော်နေခဲ့ပြီ။
ဝမ်စုဖန်းက ခေါင်းအုံးကို ယူပြီး ဘေးဘက်တွေကို ကာရံလိုက်ပြီးမှ စားသောက်ဖို့ထွက်လာခဲ့တယ်။
ညနေစာကတော့ နေ့လည်တုန်းက ကျန်ရှိနေသေးတဲ့ အာလူးနဲ့ရောနှောချက်ထားတဲ့ယုန်သား စတူးချက်နဲ့ အသီးအရွက်ဖက်ထုပ်တွေပဲ။ လီမင်ပေက ကွေ့ဟွားကို ဒီနေ့ ဝအောင်စားလို့ရတယ်လို့ အဖွားဖြစ်သူပြောခဲ့ကြောင်း ပြန်ပြောခဲ့ပေမဲ့ ကွေ့ဟွားက လီမင်ပေရဲ့စကားကိုမယုံခဲ့ဘူး။
ယခုနှစ်ပိုင်းတွေက အရမ်းခက်ခဲနေခဲ့တာလေ။ မိသားစုထဲမှာ စားစရာတွေအများကြီးရှိနေရင်တောင် ဒါတွေက ဝယ်ရမဲ့အရာတွေပဲ။ နောက်ပြီး သူတို့ရဲ့မိဘတွေနဲ့ အဖွားက တစ်ညနေခင်းလုံးအပြင်ကိုထွက်နေခဲ့ရတာဆိုတော့ အလုပ်လုပ်နေခဲ့တာဖြစ်နိုင်ပြီး ပင်ပန်းနေမှာ သေချာတယ်။
ဒါကြောင့် ကွေ့ဟွားက တောရိုင်းဟင်းသီးဟင်းရွက် ဖက်ထုပ်တွေကို စားဖို့တောင်မှ တွန့်ဆုတ်နေခဲ့တယ်။ ယုန်သားနဲ့အာလူးစတူးချက်လိုမျိုး ကောင်းမွန်တဲ့ဟင်းတွေကိုတော့ သေချာပေါက် သိမ်းဆည်းထားသင့်တယ်။
မဒမ်လီက အသားဟင်းနဲ့ရောချက်ထားတဲ့ အာလူးတွေကိုစားရင်းနဲ့ လီမင်ပေပြောလာတဲ့ ကွေ့ဟွားရဲ့အကြောင်းကို နားထောင်နေခဲ့တယ်။ ထိုအချိန်မှာ လီမင်တုန်က စကားပြောခြင်းကိုရပ်တန့်ကာ မဒမ်လီကိုစိုက်ကြည့်နေခဲ့ပေမဲ့ မဒမ်လီကတော့ လီမင်တုန်ရဲ့အကြည့်တွေကို သတိမပြုမိခဲ့ဘူး။ သူမရဲ့မျက်လုံးတွေထဲမှာ အာလူးနဲ့ ဝိုင်သာရှိနေပြီး အလွန်ပျော်ရွှင်နေခဲ့တယ်။
ညစာစားပြီးနောက် မဒမ်လီက သူမရဲ့ ပါးစပ်ကို သုတ်နေရင်းနဲ့ သူမရဲ့မြေးအများစုက သန်းဝေရင်းနဲ့ အိပ်ယာဝင်ချင်နေကြတာကိုမြင်တော့ ကပျာကယာတားပြီးပြောလိုက်တယ်။
“မအိပ်ကြနဲ့ဦး.. အပြင်ကိုထွက်ပြီး ငါနဲ့ အလုပ်လာလုပ်ရမယ်”
ပြီးနောက် သူမက လီမင်တုန်နဲ့ လီမင်ရှီကို စိုက်ကြည့်လိုက်ပြန်တယ်။
“မနက်ဖြန် မင်းတို့နှစ်ယောက် လစာရရင် မင်းတို့ရဲ့အလုပ်က ထွက်ခဲ့ကြတော့”
လီမင်တုန်က အလျှင်အမြန်ပြောလာတယ်။
“အဖွား.. ကျောင်းမဖွင့်ခင် လဝက်ကျော်လောက်တောင် ကျန်သေးတယ်လေ.. အခု အလုပ်ထွက်တာက နည်းနည်းမစောလောက်ဘူးလား”
သူမရဲ့မြေးအကြီးဆုံးကို ကြည့်ရင်းနဲ့ မဒမ်လီက ရှားရှားပါးပါး နူးညံ့စွာနဲ့ သဘောကျနှစ်ခြိုက်တဲ့အကြည့်ကိုဖော်ပြလာတယ်။
“မင်းက ရက်နည်းနည်းလောက်ကြာရင် ပင်းချန်ကိုသွားရမှာလေ.. အဲဒီကျရင်လည်း အိမ်မှာနှစ်ရက်လောက်တော့ အနားယူမှဖြစ်မယ်.. အခုတော့ အိမ်မှာ ငါနဲ့အတူအလုပ်လုပ်ရမယ်”
လီမင်တုန်က မဒမ်လီရဲ့စကားကို နားထောင်မဲ့အကြောင်း ပြန်ဖြေလာတယ်။
သူမမြေးရဲ့ အတန်းဖော်တချို့ကလည်း တက္ကသိုလ်တက်ခွင့်ရတာကို သတိရမိသွားတာကြောင့် မဒမ်လီက ထပ်ပြီး မေးမြန်းလိုက်တယ်။
“မင်းရဲ့ အတန်းဖော်တွေအားလုံး လက်မှတ်တွေဝယ်ပြီးကြပြီလား.. မင်းတို့တွေ ကျောင်းကို အတူတူစတက်ကြမှာလား”
လီမင်တုန်က လျှင်မြန်စွာဖြေလာတယ်။
“ဝမ်ကျင်းကော်က ပင်းချန်ရဲ့လက်တွေ့အသုံးချသိပ္ပံပညာတက္ကသိုလ်ကိုတက်ရမှာဆိုတော့ ကျွန်တော်တို့ရဲ့ စိုက်ပျိုးရေး တက္ကသိုလ်ထက် နှစ်ရက် နောက်ကျတယ်လေ.. ဒါပေမယ့် လီအောင့်ကျွင့်ရဲ့ အသုံးချသိပ္ပံတက္ကသိုလ်ကတော့ ကျွန်တော်တို့နဲ့ တစ်နေ့တည်းပဲဖွင့်ခဲ့တာ..
ကျွန်တော် တက္ကသိုလ်လမ်းညွှန်ထဲက စာတွေကို ဖတ်ကြည့်ပြီး လက်မှတ်တွေဝယ်ပြီးပြီ.. ဝမ်ကျင်းကော်ကလည်း ကျွန်တော်တို့နဲ့အတူသွားလိမ့်မယ်.. ဒါဆို ကျွန်တော်တို့အားလုံးအတူသွားနိုင်တယ်လေ”
မဒမ်လီက သူတို့တွေ အတူသွားမယ်ဆိုတာကိုကြားတော့ စိတ်သက်သာရာ ရသွားခဲ့တယ်။ သူမက ခန်ပေါ်မှဆင်းပြီးမီးကိုဖွင့်ကာ မိသားစုဝင်တွေကိုပြောလိုက်တယ်။
“မီးဖွင့်လိုက်မယ် အလုပ်မြန်မြန်လုပ်လိုက်ကြတာပေါ့”
လီမင်ပေက အဖွားဖြစ်သူကို အံသြစွာ ကြည့်လိုက်တယ်။ ထို့နောက် သူကလျှပ်စစ်မီးကိုကြည့်ပြီး လီမင်တုန်ဘက်သို့ ခေါင်းလှည့်ကြည့်ကာ ပြောလိုက်မိပြန်တယ်။
“အစ်ကိုကြီးက ညဘက် စာအုပ်တွေဖတ်တဲ့အချိန်မှာတောင် လျှပ်စစ်မီးသုံးဖို့ ဝန်လေးနေခဲ့တာ.. အဖွား အခု ဘာလုပ်နေတာလဲ? ကျွန်တော်တို့ရဲ့ လျှပ်စစ်မီးသီးတွေကိုတောင် တကယ်ကြီးသုံးနေတယ် “
မဒမ်လီတစ်ယောက် စကားမပြောနိုင်ဖြစ်သွားရတယ်။ သူမက လက်တွေကို နောက်ကျောက်ဘက်မှာ ပစ်ထားရင်း လှည်းဆီသို့သွားကာ လှည်းကိုဖုံးအုပ်ထားတဲ့ အဝတ်ကိုဆွဲလှန်လိုက်တယ်။ ထို့နောက်မှာတော့ လှည်းတစ်ဝက်လောက်ရှိတဲ့ ပြောင်းနှံတွေ၊ အာလူးနဲ့ ဂေါ်ဖီထုပ်တို့ကမြင်ကွင်းထဲသို့ ပေါ်ထွက်လာတော့တယ်။
လီမင်နန်နဲ့ လီမင်ပေတို့က လှည်းအနီးသို့ ခြေနှစ်လှမ်းလောက်နဲ့ရောက်အောင် ပြေးသွားခဲ့ကြတော့တယ်။ သူတို့တွေက ဂေါ်ဖီထုပ်တို့ကို တို့ထိလိုက်ကြပြီး ပြောင်းနှံနှစ်ခုသုံးခုကို ကောက်ယူလိုက်ကာ မဒမ်လီကို မယုံကြည်နိုင်စွာ ပြန်ကြည့်လာကြတယ်။
“ဒါတွေက ကျွန်တော်တို့အိမ်အတွက်လား”
မဒမ်လီက ငတုံးလေးတွေအဖြစ်ပြောင်းလဲသွားတဲ့ မြေးဖြစ်သူတွေကို ကြည့်လိုက်ပြီး အလွန်ကျေနပ်စွာ ပြုံးလိုက်တယ်။
“ဒါက ငါတို့မိသားစုရဲ့ဟာတွေပဲ!”
“အဖွား .. ဒါကိုဘယ်ကရလာတာလဲ”
လီမင်တုန်က သူ့ရဲ့နှာခေါင်းသို့လျှောကျနေတဲ့ မျက်မှန်ကို ပြန်ပင့်တင်ရင်းနဲ့ မေးလာတယ်။
တည်ငြိမ်အေးဆေးနေတုန်းပဲဖြစ်တဲ့ သူမရဲ့မြေးအကြီးဆုံးကို ကြည့်လိုက်ပြီ မဒမ်လီက မျက်နှာရော နှလုံးခုန်သံပါ မပြောင်းမလဲနဲ့ပြောလာတယ်။
“မင်းတို့ရဲ့အကြီးဆုံးဦးလေးက ငါတို့မိသားစုအတွက် အစားအသောက်တွေ မလုံလောက်တော့ဘူးဆိုတာကိုကြားလို့ သူ့ရဲ့ရဲဘော်တွေကို တောင်ပိုင်းကနေ ရိက္ခာတွေဝယ်ခိုင်းလိုက်တာ.. ပြီးတော့ ငါတို့ဆီကို ပို့ပေးလာတာလေ”
လီမင်တုန်က တစ်ခုခုမှားနေတယ်လို့ ခံစားမိနေပြီး နောက်ထပ်မေးခွန်းအနည်းငယ်မေးချင်သေးပေမယ့် မဒမ်လီက သူ့ရဲ့အတွေးတွေကိုကြိုမြင်နေတဲ့ပုံနဲ့ အရှေ့ကနေပိတ်ပြီးပြောလာတယ်။
“မင်းရဲ့ဦးလေးက အများပိုင်နေရာတွေကိုသိမ်းပိုက်တဲ့အချိန်တုန်းက အဲဒီဘက်မှာ စျေးပေါနေလို့ သူနဲ့ သူ့ရဲ့ရဲဘော်တွေက အခွင့်ကောင်းယူပြီး အစားအသောက်တွေကို ထရပ်ကားကြီးနဲ့ ပြန်သယ်လာခဲ့ကြတာ.. ငါတို့ ဒီအစားအစာတွေအကြောင်းကို တခြားလူတွေသိသွားအောင် မလုပ်ရဲဘူး..
ဒါကြောင့် တိတ်တိတ်လေးနေမှရမယ်.. မင်းတို့အားလုံးမှတ်ထားကြနော်.. ဒီအကြောင်းကို အပြင်လူတွေသိသွားလို့မရဘူး.. တကယ်လို့ မင်းရဲ့ဦးလေးကို နှောင့်ယှက်မိသွားရင် ငါ အဲဒီလူကိုတစ်လလုံး အစာမကျွေးဘူး”
လီမင်နန်၊ လီမင်ရှီနဲ့ လီမင်ပေတို့ ညီအစ်ကို သုံးယောက်က ကြက်သွန်ဖြူထောင်းသလိုမျိုး ခေါင်းကို တဆတ်ဆတ်ညိတ်လာခဲ့ကြတယ်။
“အဖွား.. စိတ်မပူပါနဲ့.. ကျွန်တော်တို့ အဲဒီအကြောင်းကို မပြောဘူးလို့ ကတိပေးတယ်”
မဒမ်လီက ကျေနပ်စွာ ခေါင်းညိတ်ပြီး လီမင်တုန်ကို ပြန်ကြည့်လိုက်တယ်။
လီမင်တုန် ကူကယ်ရာမဲ့ ပြုံးလိုက်ပြီး :
“အဖွား ကျွန်တော် ကိစ္စရဲ့လေးနက်မှုကို သိပါတယ်၊ ဦးလေး ဒီကိစ္စအတွက် အန္တရာယ်မကျစေရဘူး”
မဒမ်လီ ပြုံးလိုက်တယ်။
“ဂေါ်ဖီထုပ်နဲ့ အာလူးတွေကို မြေအောက်ခန်းထဲ ထည့်ပြီး ပြောင်းနှံတွေကို အိမ်နောက်ဖေးမှာ စုထားလိုက်ကြ.. မင်းတို့ မနက်ဖြန် အိမ်ကိုပြန်ရောက်ရင် ပြောင်းနှံကို အခွံချွတ်ပြီး အိမ်နောက်ဘက်မှာ အခြောက်ခံရမယ်”
လီမူဝူက မိသားစုထဲမှ ယောက်ျားလေးတော်တော်များများ အလုပ်စလုပ်နေပြီဆိုတာကို မြင်တော့ မနေနိုင်ပဲ မေးလိုက်တယ်။
“မူစန်းတို့ အိမ်ကို အရင်မပို့ဘူးလား”
မဒမ်လီက သူမရဲ့ဆေးတံကိုထုတ်ကာ နှစ်ကြိမ်လောက်ရှိုက်လိုက်တယ်။ ကလေးတွေ အားလုံး အိမ်နောက်ဖေးသို့ သွားကြတာကို မြင်မှ သူမက တီးတိုးပြောလိုက်တယ်။
“ ငါတို့အိမ်မှာ ပြောင်းဖူးမှုန့် ဆယ်ကီလိုနဲ့ ကန်စွန်းဥခေါက်ဆွဲ ကီလိုသုံးဆယ် ကျန်သေးတယ်.. အဲဒီထဲက တစ်ဝက်ခွဲပြီး သူ့မိသားစုဆီကို အရေးပေါ် သုံးလို့ရအောင်ပို့ထားလိုက်..ငါတို့တွေ အကုန်လုံးကိုရိတ်သိမ်းပြီးသွားမှ သူ့ကိုအိမ်ကိုခေါ်ပြီးလာယူခိုင်းရမယ်.. အဲလိုလုပ်မှ မင်းရဲ့ညီက မင်း စီရင်စုဆီကိုသွားပြီး ရိက္ခာသယ်ခဲ့တယ်ဆိုတာကို ယုံလိမ့်မယ်”
ဝမ်စုဖန်းက မဒမ်လီကို အားကျစွာစိုက်ကြည့်လာတယ်။
“အမေ.. အမေက ဥာဏ် အရမ်းကောင်းတပဲ!”
“ဒါပေါ့!”
မဒမ်လီက ဂုဏ်ယူစွာနဲ့ ပြောလာတယ်။
“ငါ့ရဲ့ ဥာဏ်ပညာကြောင့်သာ မဟုတ်ရင် ကျန်းကျန်းက ငါတို့မိသားစုထဲမှာ မွေးလာနိုင်မှာမဟုတ်ဘူး!”
**