အခန်း(20)
ဆာလောင်ငတ်မွတ်မှုဒဏ်ကို ခံခဲ့ရပြီးနောက် အလွန်များပြားလှတဲ့အစားအစာတွေက ကောင်းကင်မှ ပြုတ်ကျလာခဲ့တယ်။ လီမိသားစုကတော့ အကြီးပိုင်းမှသည် ငယ်ရွယ်တဲ့သူတွေအထိ သူတို့ရဲ့ ပင်ပန်းနွမ်းနယ်မှုဆိုတာကို မသိတော့လောက်အောင် မေ့လျာ့သွားကြပုံရပြီး အားအင်တွေ အပြည့်ဖြစ်နေခဲ့ကြတယ်။ ကလေးတွေကလည်း ညလည်သန်းခေါင်အချိန်မှာ ပြေးလွှားနေခဲ့ကြပြီး အစားအစာတွေအားလုံးကို ပြောင်းရွှေ့ပြီးသွားတဲ့အချိန်ထိ အိပ်ယာမဝင်ခဲ့ကြဘူး။
ကွေ့ဟွားကတော့ နောက်နေ့မနက်မှာ အိမ်မှ လူကြီးသုံးယောက်က အစားအသောက်တွေသယ်ဖို့ အပြင်ကိုထွက်ရဦးမယ်ဆိုတာကိုတွေးပြီး မီးဖိုထဲသို့သွားကာ ပန်ကိတ်တွေလုပ်ခဲ့ပြီး အာလူးတစ်အိုးကို ပြုတ်လိုက်တယ်။ ထို့နောက် ကြက်ဥနှစ်လုံးဖောက်ကာ မွှေးပျံတဲ့ ကြက်ဥကြော်တစ်ပန်းကန်ကြော်လိုက်တယ်။
မဒမ်လီက အမွှေးအကြိုင်နံ့ကို အနံ့ခံမိတာကြောင့် မီးဖိုချောင်ဆီသို့ သွားကြည့်ခဲ့ကာ သူမရဲ့မျက်နှာပေါ်မှာ စိတ်ဓာတ်ကျတဲ့အမူအယာရှိနေခဲ့တယ်။
“ ကြက်ဥတွေက သိပ်မရှိတော့ဘူးလေ.. မင်းဘာလို့ ကြက်ဥကြော်နေတာလဲ.. ဒီရက်ပိုင်း ကျန်းကျန်း စားဖို့ ကြက်ဥမကျန်တော့ရင် ဘယ်လိုလုပ်မလဲ”
ကွေ့ဟွား အပြုံးတစ်ခုနဲ့ အလျှင်အမြန်ရှင်းပြလိုက်တယ်။
“မနေ့တုန်းကကြက်မသုံးကောင်က ဥတွေ ဥလာတယ်.. စုစုပေါင်း ကြက်ဥငါးလုံးတွေ့ခဲ့တယ်လေ.. ညီမလေးအတွက် မကျန်ပဲမနေပါဘူး.. ကျွန်မရဲ့မိဘတွေနဲ့ အဖွားက အလုပ်တွေသွားလုပ်နေရတော့ အရမ်းပင်ပန်းနေပြီလို့ ကျွန်မထင်လို့ ခန္ဓာကိုယ်အတွက်အားပြန်ပြည့်အောင် ကြက်ဥကြော် နည်းနည်းလောက်စားစေချင်လို့ပါ”
မဒမ်လီက ထိုစကားကိုကြားတော့ မထိန်းနိုင်ပဲ ပြုံးလိုက်မိတယ်။
“ငါတို့က အသက်ကြီးနေပြီ.. ထွေထွေထူးထူးတွေ စားနေစရာမလိုဘူး.. မင်းသာ ကောင်းကောင်းစားသင့်တယ်”
မဒမ်လီက ဆေးလိပ်ကို တစ်ချက်ရှိုက်လိုက်ပြီး ကွေ့ဟွားကိုထပ်ပြောလာတယ်။
“ဒီနေ့ ပြောင်းဖူးအခွံချွတ်တာကို သူတို့လေးယောက်ကိုပဲ လုပ်ခွင့်ပေးလိုက်.. မင်းက အိမ်ထဲမှာ ကျန်းကျန်းကိုပဲ စောင့်ကြည့်နေလိုက်ပါ.. သူမကို တခြားလူတွေနဲ့ မတိုက်မိသွားစေနဲ့”
မနေ့တုန်းက သူမ ယူလာခဲ့တဲ့ တောရိုင်းအသီးအနှံခြင်းတစ်ဝက်အကြောင်းကို ပြန်တွေးရင်း မဒမ်လီက အိုးတစ်လုံးကိုယူလိုက်ပြီး အသီးတွေကို ထိုအထဲသို့သွန်ထည့်လိုက်ကာ ရေကန်ထဲမှ ရေယူပြီး ထိုအသီးတွေကို ဆေးကြောလိုက်တယ်။
ကွေ့ဟွား ထကြည့်လိုက်ချိန်မှာ အိုးထဲမှ လတ်ဆတ်တဲ့ အသီးအနှံတွေကို မြင်လိုက်ရတော့ အလွန် အံ့သြပျော်ရွှင်သွားရတယ်။
“အဖွား ဒါကို ဘယ်ကရခဲ့တာလဲ.. ကျွန်မမနေ့တုန်းက ဟင်းသီးဟင်းရွက်ရိုင်းတွေကို သွားခူးတဲ့အချိန်တုန်းက အသီးတွေက အခုမှတစ်ဝက်လောက်ရင့်ရုံလေးတွေပဲရှိသေးတာကိုမြင်ခဲ့တယ်”
မဒမ်လီက မျက်နှာအမူအယာပြောင်းလဲခြင်းမရှိပဲ ပြောခဲ့တယ်။
“ထရပ်ကားမောင်းလာတဲ့ ဒရိုက်ဘာက လျောင်းပြည်နယ်ကနေ ယူလာခဲ့တာ.. သူတို့ဘက်က ငါတို့ဘက်ထက် ပိုပူလို့ အသီးအနှံတွေက ပိုပြီးစောစောရင့်မှည့်တယ်”
တောင်ပေါ်မှာ ရှိနေတဲ့ တောရိုင်းသစ်သီးတွေကလည်း တစ်ခါတစ်လေမှာ စောစောရင့်မှည့်တတ်တယ်။ အခုချိန်မျိုးတွေမှာတောင် တောင်ပေါ်ကိုသွားရင် ကံကောင်းမယ်ဆိုရင် အသီးအနှံတချို့ကို တစ်ခါတစ်လေကောက်ယူနိုင်လိမ့်မယ်။ ဒီတော့ ကွေ့ဟွားက ထိုအကြောင်းကိုသိပ်ပြီးဂရုမစိုက်ခဲ့ဘူး။
မဒမ်လီက ဆေးကြောထားတဲ့ အသီးအနှံတွေကို ဇလုံတစ်ခုထဲသို့ထည့်လိုက်ပြီး ကွေ့ဟွားကိုပြောလိုက်တယ်။
“ကျန်းကျန်းရဲ့ သွားတွေထွက်လာပြီဆိုတော့ သူမ ကိုက်ပြီးဝါးနေလို့ရအောင် ဒီအသီးတွေကိုပေးထားလိုက်.. ဒါက သိပ်မများဘူး.. မင်နန်နဲ့မင်ပေတို့ကို စိတ်ပူမနေနဲ့.. ဒီကလေးတွေက အစားကြီးလွန်းတယ်”
ကွေ့ဟွား ပြုံးလိုက်တယ်။
“ကျွန်မ မီးဖိုထဲမှာ ပြောင်းဖူးနည်းနည်းထည့်ပြီး ဖုတ်ထားတယ်.. သူတို့တွေ ပြောင်းဖူးစားရတာကိုကြိုက်တယ်လေ”
မဒမ်လီ ခေါင်းညိတ်လိုက်တယ်။
“ဒီတစ်ခါတော့ သူတို့စားခိုင်းလိုက်တော့.. ကျန်တာကို ခေါက်ဆွဲကိုချက်လိုက်.. ဒါဆို ဖြုန်းတီးရာမရောက်တော့ဘူး.. စကားမစပ်.. ကားမောင်းတဲ့သူက ထင်းရှူးသီးကြီးတချို့လည်း ယူလာတယ်.. ကြည့်ရတာ ငါတို့တောင်ပေါ်က ထင်းရှူးသီးကြီးတွေထက် အများကြီးပိုကြီးတယ်..
မနက်ပိုင်း မင်း သဲတချို့ သွားသယ်ပြီး ထင်းရှူးစေ့တွေလှော်လိုက်လေ.. ပြီးရင် အစေ့တွေကို အခွံခွာပြီး ကြေအောင်ထောင်းပြီးရင် ကျန်းကျန်းရဲ့ ကြက်ဥပေါင်းပေါ်မှာ တင်ထားပေးလိုက်ဦး”
ကွေ့ဟွား ခေါင်းညိတ်လိုက်ပြီး သူမလုပ်ထားတဲ့ ပန်ကိတ်တွေကို ခြင်းထဲသို့ တစ်ခုပြီး တစ်ခုထည့်လိုက်တယ်။ မြေးအဖွားနှစ်ယောက်ရပ်ပြီး စကားပြောနေစဥ်မှာပဲ လီမူဝူက အပြင်ဘက်မှ ရေချိုငါးစွပ်ပြုတ်အိုးလေးတစ်အိုးကိုယူကာ ပြန်လာခဲ့တယ်။
“မင်း ဘယ်ကရလာတာလဲ”
မဒမ်လီက အနံ့ကိုရတာကြောင့် သားဖြစ်သူကို လှမ်းမေးလိုက်တယ်။
“မူစန်းယူလာတာ.. သူတို့မိသားစုက မနေ့ကညနေပိုင်းတုန်းက ငါးဖမ်းမိခဲ့တယ်လို့ပြောတယ်.. ဒါက ကျွန်တော်တို့မိသားစုအတွက်ပဲ”
လီမူဝူက အိုးကိုချလိုက်ပြီး ရေခွက်တစ်ဝက်လောက် သောက်လိုက်တယ်။
“မနက်က ကျွန်တော် မူစန်းဆီကို အစားအသောက်တွေ ပို့ပေးလိုက်တယ်.. သူက အစကတော့ မလိုချင်ခဲ့ဘူး.. ဒါပေမယ့် ကျွန်တော်က သူ့ကို အမေဆီမှာ အရင်တုန်းကသိမ်းထားတဲ့ အစားအစာတွေအများကြီးရှိတယ်.. အိမ်မှာ အစားအစာတွေအလုံအလောက်ရှိတယ်လို့ ပြောခဲ့လို့ လက်ခံလိုက်တယ်”
မဒမ်လီက ခေါင်းညိတ်လိုက်တယ်။
“နောက်ခဏလောက်နေရင် ငါသူတို့ဆီကို အစားအစာတချို့ ထပ်ပို့လိုက်မယ်.. အခုကတော့ ငါတို့တွေတောင်ပေါ်ကိုတက်ရဦးမှာနဲ့ အလုပ်တွေများနေလို့ သူ့ဆီကိုသွားလည်ဖို့ အချိန်မရှိသေးဘူး”
ထို့နောက် မဒမ်လီက ကွေ့ဟွားဆီကို လှမ်းပြီးညွှန်ကြားလိုက်တယ်။
“မင်း နေ့ခင်းဘက် အိမ်မှာနေမယ်ဆိုရင် တံခါးကို သော့ခတ်ထားလိုက်.. တကယ်လို့ တစ်ယောက်ယောက်လာလည်မယ်ဆိုရင် ဘယ်သူကိုမှ အိမ်ထဲကိုမဝင်ခိုင်းနဲ့.. ငါတို့အိမ်ထဲမှာ အခြောက်ခံထားတဲ့ အစားအသောက်တွေကို တခြားသူတွေကို မမြင်သွားစေနဲ့”
ကွေ့ဟွားက သဘောတူလိုက်ပြီး ယာဂုတွေကို အိုးကြီးတစ်အိုးထဲသို့ထည့်လိုက်တယ်။
အစားအသောက်တွေ အဆင်သင့်ဖြစ်နေပြီဆိုတာကိုမြင်တော့ မဒမ်လီက လက်ကိုင်ချိုင်းတုတ်ကိုယူကာ အိမ်ထဲမှ လူတွေကိုလှမ်းခေါ်ပြီးပြောလိုက်တယ်။ ဝမ်စုဖန်းက သန့်ရှင်းရေးလုပ်ပြီးနေပြီဖြစ်ပြီး ကျန်းကျန်းကိုလည် နို့တိုက်ပေးပြီပြီ။
ဒီနေ့မှာ သူတို့တစ်မိသားစုလုံး အလုပ်ကြိုးစားရမှာဖြစ်တာကြောင့် မနက်စာကလည်း အလွန်ကောင်းမွန်နေခဲ့တယ်။ ထို့အပြင် ခြံထဲမှာရှိနေတဲ့ အစားအစာကိုမြင်ပြီးနောက်မှာ လူတိုင်းက စိတ်ပျော်ရွှင်နေခဲ့ကြပြီး အားရပါးရစားခဲ့ကြတယ်။
သွားမယ့်လူတွေ စုံပြီဆိုတာကိုမြင်တော့ လီမူဝူက လှည်းကို တွန်းထုတ်လာခဲ့ပြီး အစားအစာတွေ ထပ်မံ ရိတ်သိမ်းသယ်ဆောင်ဖို့အတွက် မဒမ်လီနဲ့ ဝမ်စုဖန်းတို့ကိုခေါ်ကာ ထွက်သွားခဲ့တယ်။
ဒီတောအုပ်ထဲမှာမြင့်မားစွာပေါက်နေတဲ့ ထူထပ်သောသစ်ပင်တွေရှိနေပြီး မှိုများနှင့် တောရိုင်းဟင်းသီးဟင်းရွက်များရှိတွေနေတယ်ဆိုပေမဲ့လည်းလည်း ကောက်ပဲသီးနှံတွေ စိုက်ပျိုးဖို့အတွက်ဆိုရင် ဒီထင်းရှူးနီသစ်တောအုပ်က နေရာကောင်းတစ်ခုမဟုတ်ဘူး။
သို့သော်လည်း ပေရှားက သစ်တောဧရိယာဖြစ်ပြီး ပတ်ဝန်းကျင်ဧရိယာမှာရှိနေသမျှအရာအားလုံးက တောင်တွေပြီးရင် တောင်တွေသာ ရှိနေခဲ့တယ်။ သူ့ရဲ့အရှေ့ဘက်နှင့် အနောက်ဘက်တွေမှာရာသီပေါ်သီးနှံစိုက်ခင်းတွေအများကြီးရှိတယ်။ သို့ပေမယ့် မင်းအနေနဲ့ ကောက်ပဲသီးနှံတွေ စိုက်ပျိုးချင်တယ်ဆိုရင်တော့ အဲလောက်ထိကြီးမားတဲ့ နေရာမျိုး ရှိမနေခဲ့ဘူး။
တောင်တန်းတွေက သစ်ပင်တွေဖြင့်အုပ်မိုးပြီး အရိပ်ကျရောက်နေကာ အေးစက်ပြီး စိုစွတ်တယ်။ ယခင်နှစ်တွေတုန်းကဆိုရင် ပျိုးခင်းတွေကိုရိပ်သိမ်းချိန်မှာ မြေပြင်မှာပြားကပ်တဲ့အခြေအနေနီးပါးလောက်သာ ရှိခဲ့တယ်။
သို့ပေမယ့် အခုအချိန်မှာတော့ နှံစားပြောင်းတွေက အပင်တစ်ပင်ထဲမှာ အနှံခုနှစ်ခုရှစ်ခုလောက်ရှိနေပြီး အကုန်လုံးကလည်း ကြီးမားပြီးပြည့်လျှံနေခဲ့တယ်။ ဂေါ်ဖီထုပ်စိုက်ခင်းတွေဆီမှာဆိုရင် တစ်ခုနှင့်တစ်ခု နီးကပ်စွာရှိနေပြီး ခြေချစရာနေရာမရှိသလောက်နီးပါးဖြစ်နေခဲ့ပြီ။
ရိပ်သိမ်းလို့ရတဲ့ ကောက်ပဲသီးနှံတွေ အမြောက်အမြားရှိနေတာကြောင်် လီမူဝူက ခူးဆွတ်ရိတ်သိမ်းပြီးသား ကောက်ပဲသီးနှံတွေကို တောင်အောက်သို့ ပို့ဆောင်ပေးရတဲ့အလုပ်တစ်ခုသာ လုပ်နိုင်ခဲ့တယ်။
သူတို့ သုံးယောက်လုံး စိုက်ခင်းထဲမှ သီးနှံတွေကို စုဆောင်းဖို့အတွက် ခုနစ်ရက်၊ ရှစ်ရက်လောက်ကြာအောင် အတူအလုပ်လုပ်ခဲ့ကြရတယ်။
မြေအောက်ခန်းကတော့ ဂေါ်ဖီထုပ်တွေ၊ အာလူးတွေနဲ့ ပြည့်သွားခဲ့ပြီ။ ကျန်ရှိနေတဲ့ အရာတွေကိုတော့ အနောက်ဘက်မှ လွတ်နေတဲ့ အခန်းတွေဆီမှာ နေရာချထားခဲ့ကြတယ်။ အခွံခွာပြီးသား ပြောင်းဆန်တွေကိုတော့ ခြံနောက်ဖေးရှိ မြေပြန့်မှာ စုပုံထားခဲ့ကြတယ်။ ထို့နောက် သူတို့က သေးငယ်တဲ့ခြံတစ်ခုလုံး တစ်ခုပြီးတစ်ခု လိုက်လံဖြည့်ခဲ့ကြတယ်။
ငှားရမ်းထားတဲ့လှည်းကိုတော့ ရက်ပေါင်းများစွာ အသုံးပြုခဲ့ပြီးနောက် ပြန်လည် ပို့ဆောင်ရတော့မယ်။ မဒမ်လီက သေတ္တာကိုဖွင့်လိုက်ပြီး လက်ခံဖြတ်ပိုင်းကို ထုတ်ယူလိုက်ကာ ငှားရမ်းခ စုစုပေါင်းကိုတွက်ချက်လိုက်တယ်။ ထို့နောက် ကန်စွန်းဥခေါက်ဆွဲသုံးကယ်တီနဲ့အတူ လီမူဝူကို ပြန်ပို့ခိုင်းလိုက်လေတယ်။
ယခုခေတ်ကာလအချိန်တွေမှာ ပိုက်ဆံက အဓိကအရာမဟုတ်ဘူး။ အစားအသောက်ကသာ အရှားပါးဆုံးနဲ့ တန်ဖိုးအရှိဆုံးပဲ။ ဒီတော့လှည်းငှားပေးလိုက်တဲ့ မိသားစုမှ ချွေးမဖြစ်သူက ထိုကန်စွန်းဥခေါက်ဆွဲကိုမြင်တဲ့အချိန်မှ အလွန်ပျော်ရွှင်သွားခဲ့ပြီး ကျသင့်ငွေကိုတောင် မတွက်ချက်တော့ပဲ ပြောလာခဲ့တယ်။
“အစ်ကိုမူဝူ.. နောက်တစ်ကြိမ် လှည်းသုံးစရာရှိမယ်ဆိုရင်လည်း ကျွန်မတို့ဆီမှာ လာငှားလိုက်နော်! ကျွန်မတို့ ငှားပေးမယ်!”
လီမူဝူ ပြုံးပြီး ခေါင်းညိတ်လိုက်တယ်။ သူက ပစ္စည်းတွေကိုသာ ချခဲ့ပြီး စကားများများမပြောခဲ့ဘူး။ သူ့မှာ ခွင့်ရက်ယူထားတဲ့ဆယ်ရက်မှ နောက်ထပ်နှစ်ရက်ကျန်သေးတာကိုတွေးမိတော့ ကောင်းကောင်းလေးအနားယူလိုက်ရမယ်လို့ စဥ်းစားနေခဲ့တယ်။
ရက်အတော်ကြာအောင် အလုပ်ဆက်တိုက်လုပ်ခဲ့ရပြီးတဲ့နောက်မှာ တစ်မိသားစုလုံး အလွန်ပင်ပန်းနေကြပြီဖြစ်ပြီး နွေးထွေးတဲ့ခန်ပေါ်မှာလှဲလျောင်းကာ နောက်ကျတဲ့အထိ အိပ်စက်ခဲ့ကြတယ်။
မဒမ်လီက လှည်းကိုစောင့်ကြပ်ရင်းနဲ့ တောင်ခြေတစ်လျှောက်မှာ တောရိုင်းဟင်းသီးဟင်းရွက်နှင့် မှိုများကို တူးထုတ်ခဲ့ရတာကြောင့် ခြေဖဝါးတွေ အနည်းငယ် ရောင်ရမ်းနေခဲ့ပြီ။
လီမူဝူရဲ့ပုံမှန်အလုပ်က စပါးဆိုင်မှာ အိတ်တွေသယ်ရတာဖြစ်လို့ ခြေထောက်အနည်းငယ်ညောင်းညာတောင့်တင်းတာကလွဲရင် သိပ်ပြီး မခံစားခဲ့ရဘူး။
အပင်ပန်းဆုံးလူကတော့ ဝမ်စုဖန်းပဲ။ သူမက အာလူးတွေကိုတူးထုတ်ရတယ်။ ပဲပိစပ်တွေကို ရိတ်သိမ်းရတယ်။ ဂေါ်ဖီထုတ်တွေကိုလည်း ဆွဲဖြတ်ရတယ်။ သူမက ခါးကိုကိုင်းရင်း မနက်ကနေ ညအထိ အလုပ်အရမ်းကြိုးစားခဲ့ရတယ်။
ဒါကြောင့် ဝမ်စုဖန်း ခန်ပေါ်မှာ လှဲလျောင်းလိုက်ချိန်မှာ ခါးက သူမရဲ့အပိုင်မဟုတ်တော့သလိုတောင် ရုတ်တရက် ခံစားလိုက်ရတယ်။ သူမ မနက်စာစားပြီးတာနဲ့ ခန်ပေါ်ကို လှဲချပြီး အိပ်ပျော်သွားခဲ့တော့တယ်။