အခန်း(18)
“ရှင်ဘာလို့ ဒီလောက်ထိ အသုံးမကျဖြစ်နေတာလဲ.. ဒီပြောင်းနှံတွေကို မြန်မြန်လေး အောက်ကိုပြန်သယ်သွားပေးဦး”
ဝမ်စုဖန်း လီမူဝူအား စိတ်မရှည်စွာကြည့်လိုက်တယ်။ သူမရဲ့အနီးကို သစ်ကိုင်းတွေ ရှည်ထွက်လာလိုက် ကျုံ့ဝင်သွားလိုက်ဖြစ်နေတာကို မြင်လိုက်ရတာတောင် ဒူးထောက်မကျသွားတဲ့ လူတစ်ယောက်အနေနဲ့ ဝမ်စုဖန်းက လီမူဝူကို အလွန် သူရဲဘောကြောင်လွန်းတယ်လို့ ခံစားနေရတယ်။
လီမူဝူက သူ့ရဲ့ ဒူးကို လက်နဲ့ထောက်ကိုင်ရင်း တုန်ယင်နေတဲ့ခြေထောက်တွေကို ဆန့်တန်းပြီး မတ်တပ်ထရပ်လိုက်တယ်။ သို့ပေမယ့် မြေပြင်ပေါ်မှာ ပုံလျက်သားရှိနေတဲ့ပြောင်းဖူးတွေနဲ့ မြေကြီးထဲမှ တူးထုတ်ထားတဲ့ အာလူးတွေကို မြင်လိုက်ရတော့ သူ့ရဲ့မျက်လုံးတွေက အံ့သြတုန်လှုပ်မှုတွေကို ဆက်လက်ပြသလာခဲ့ပြန်တယ်။
လီမူဝူက တုန်လှုပ်စွာနဲ့ မြေပြင်ပေါ်မှာရှိနေတဲ့ ပြောင်းနှံပုံကို လက်ညိုးထိုးကာ တုန်ယင်နေတဲ့ နှုတ်ခမ်းတွေနဲ့ ပြောလာတယ်။
“ဒါ.. ဒါက ငါတို့ရဲ့သမီးလေး လုပ်ထားတာလား”
ဝမ်စုဖန်းက ဂုဏ်ယူစွာနဲ့ခေါင်းညိတ်ပြလာတယ်။
“ကျွန်မတို့ရဲ့သမီးက စွမ်းအားတွေရှိတယ်.. အမေပြောတာတော့ သူမကို နတ်ဘုရားတွေက ဒီလိုစွမ်းအားတွေအပ်နှင်းထားတာဖြစ်မယ်တဲ့.. ဒါပေမယ့် ရှင် ဒီအကြောင်းကို တခြားသူတွေကို ပြောလို့မရဘူး.. မူစန်းတို့ကိုတောင် ပြောခွင့်မရှိဘူးတဲ့.. ကျွန်မတို့သားတို့က အခုမှ ကြီးပြင်းမဲ့အရွယ်ပဲရှိသေးတာဆိုတော့ ရှင် ပြောပြလို့မရဘူး.. ဒီအကြောင်းကို လုံးဝ ဖော်ထုတ်ခွင့်မပေးဘူးနော်.. ရှင့်ရဲ့ပါးစပ်ကို ပိတ်ထားလိုက် .. ရှင် နားလည်ရဲ့လား?”
လီမူဝူက ဝမ်စုဖန်းကို ထုံထိုင်းတဲ့အကြည့်တစ်ခုပေးလာတယ်။
“ငါက ပါးစပ်လုံမလုံ မင်း သိနေတာပဲမဟုတ်ဘူးလား”
ဝမ်စုဖန်းက သူ့ခင်ပွန်းသည်ရဲ့အကျင့်စရိုက်နဲ့ဆိုရင် တုတ်တစ်ချောင်းကိုတောင် အဖျားနှစ်ဖက်လုံးကို မထိနိုင်တဲ့အကြောင်း သတိရသွားတာကြောင့် စိတ်သက်သာရာရသွားခဲ့တယ်။
သူမက ခါးကို လက်တစ်ဖက်နဲ့ ထောက်ထားပြီး ကျန်လက်တစ်ဖက်မှာ အာလူးကိုဆွဲကိုင်ရင်းနဲ့ ထိုလက်ကို ဝှေ့ရမ်းလာခဲ့တာကြောင့် သူမရဲ့ပုံစံက မဒမ်လီနဲ့ ခပ်ဆင်ဆင်တူနေခဲ့တယ်။
“ကျွန်မ ပြောင်းဖူးတွေ၊အာလူးတွေရိတ်သိမ်းထားပြီးပြီ ရှင် မြန်မြန်လာပြီး ဒါတွေ အောက်ကိုသယ်သွားလိုက်.. မမှောင်ခင် သယ်နိုင်သလောက် သယ်သွားရမယ်!”
လီမူဝူက ပြောင်းဖူးတွေကို လက်နဲ့အပြည့်ကောက်ယူပြီး ခြင်းထဲသို့ ထည့်ခါနီးမှာ ခြင်းတောင်းထဲမှာရှိနေတဲ့အပြာရောင်အဝတ်နဲ့ထုတ်ထားတဲ့ ထမင်းအိုးကို မြင်တွေ့လိုက်ရပြီး အလျှင်အမြန်ထုတ်ယူလိုက်ကာ ဝမ်စုဖန်းဆီကိုပေးလိုက်တယ်။
“ငါ အရမ်းလန့်သွားတာနဲ့ မေ့သွားတာ.. အမေက မင်းအတွက် ထုတ်ပေးလိုက်တဲ့ အစားအစာပဲ.. ကလေးကို မြေကြီးပေါ် မှာချထားပြီး မင်း ခဏလောက်နားလိုက်ဦးလေ.. မင်း သူ့ကိုအမြဲတမ်းသယ်ပြီး အလုပ်လုပ်နေရာတာ ပိုပင်ပန်းနေမှာပေါ့”
ဝမ်စုဖန်းက လီမူဝူကို ပြောစရာစကားတွေပြည့်နှက်နေတဲ့အကြည့်မျိုးနဲ့ကြည့်လာတယ်။
“ကျွန်မ သူမကို မြေကြီးပေါ်ချရမှာကို ကြောက်နေပြီ.. နောက်တစ်ခါ အနောက်ကို ပြန်လှည့်ကြည့်လိုက်ရင် တောင်တစ်ခုလုံးက သူ့ကြောင့် ပြောင်းနှံနဲ့ ပြည့်သွားမှာကို စိုးရိမ်တယ်”
ဒါပေမယ့် ထိုစကားတွေကိုပြောပြီးနောက်မှာပဲ ဝမ်စုဖန်းက ကျန်းကျန်း သူ့နောက်ကျောမှာရှိနေတဲ့အချိန်ကိုပြန်တွေးလိုက်မိတယ်။ သူမရဲ့ နောက်ကျောဘက်မှာ မီတာပေါင်းများစွာရှည်လျားတဲ့အကိုင်းအခက်တွေ လိုက်ပါလာတဲ့ပုံကိုတွေးမိတော့ နောက်ကျောမှာသယ်ထားရတာကလည်း မလုံခြုံဘူးလို့ တွေးလိုက်မိပြန်တယ်။
ဝမ်စုဖန်းက သူမရဲ့နောက်ကျောမှာချည်ထားတဲ့ တဘက်ကို ပြန်ဖြည်လိုက်ပြီး ကျန်းကျန်းကို လီမူဝူယူလာခဲ့တဲ့ ခြင်းထဲသို့ ထည့်လိုက်တယ်။
“ ရှင်း ကလေးကို အိမ်သို့ အရင်ပြန်ခေါ်သွားပြီး ကွေ့ဟွားကို စောင့်ကြည့်ခိုင်းလိုက်လေ.. ကျွန်မ နောက်ကျနေရင် ကြက်ဥပေါင်းလေး လုပ်ပြီး သူမကိုကျွေးထားပေးဖို့ ကွေ့ဟွားကိုမှာခဲ့လိုက်”
လီမူဝူ သဘောတူလိုက်ပြီး ကျန်းကျန်းနဲ့ အလေးချိန်တူညီလောက်တဲ့ အာလူးတွေကို အရှေ့ဘက်ခြင်းထဲမှာထည့်လိုက်ပြီး ထမ်းပိုးကို ပုခုံးပေါ်သို့တင်ကာ တောင်ပေါ်မှ ခြေလှမ်းကျဲကျဲနဲ့ ပြန်ဆင်းသွားခဲ့တယ်။
လှုပ်ရှားနေတဲ့ ခြင်းထဲမှာ ဝင်ထိုင်ရင်းနဲ့ ကျန်းကျန်းတစ်ယောက် သိချင်စွာနဲ့ ခြင်းတောင်းရဲ့အစွန်းကို ကိုင်ကာ အပြင်ဘက်သို့ လှမ်းကြည့်လိုက်မိတယ်။
ဒီရှေးခေတ်ရဲ့ စိမ်းလန်းစိုပြေနေသော သစ်တောအုပ်ထဲမှာ သံယဇာတနဲ့ သဘာဝကုန်ပစ္စည်းတွေ ပေါကြွယ်ဝလွန်းတယ်။
တန်ဖိုးကြီးမျိုးစိတ်တွေကလည်း ဒါဇင်နဲ့ချီပြီး ရှိနေခဲ့တယ်။ အခုချိန်မှာ သစ်သီးတွေက မရင့်မှည့်သေးပဲ အနီရောင်၊ အဝါရောင်နဲ့ အစိမ်းရောင်အသီးတွေက သစ်ပင်တွေပေါ်မှာ တွဲလွဲကျလျှက်ရှိနေခဲ့တယ်။
ကျန်းကျန်း ထိုတောရိုင်းသစ်သီးတွေကိုကြည့်ရင်း သူမရဲ့ခေါင်းကိုမော့ကာ ထင်းရှူးပင်ကြီးပေါ်မှာရှိနေတဲ့ သိပ်ပြီးမကြီးသေးတဲ့ ထင်းရှူးသီးလေးတွေကို မော့ကြည့်လိုက်တယ်။
တရုတ်နှစ်သစ်ကူးအချိန်တုန်းက အိမ်မှာရရှိခဲ့တဲ့ ထင်းရှူးစေ့ကြော်ရနံ့ကို ပြန်တွေးကြည့်မုတော့ ကျန်းကျန်းရဲ့ပါးစပ်က သွားရည်တွေ ကျနေတာကို မရပ်တန့်နိုင်တော့ဘူး။
ကျန်းကျန်းရဲ့အကြည့်အောက်မှာပဲ အပင်ပေါ်မှာရှိနေတဲ့ ထင်းရှူးသီးလေးတွေက သာမန်မျက်စိနဲ့ မြင်နိုင်လောက်တဲ့ အရှိန်အဟုန်နဲ့ ကြီးထွားလာခဲ့ကြပြီး သစ်ပင်မှ တောင်းထဲသို့ ပြုတ်ကျလာခဲ့ကြတယ်။
ကျန်းကျန်းတစ်ယောက် ဒါကို သူမရဲ့ ပင်ကိုယ်စွမ်းရည်လား ဒါမှမဟုတ် အရည်အချင်းလို့ ခေါ်ရမလားဆိုတာကိုတောင် မသိတော့ဘူး။ ဒါကို သူမ အသက်ရှူရှိုက်နေသလိုမျိုး၊ အစာစားသောက်နေသလိုမျိုး အထူးတလည်လေ့ကျင့်နေစရာမလိုပဲ သဘာဝအတိုင်း လုပ်နိုင်တဲ့ပုံရတယ်။
ဒီလို စိတ်ဝင်စားစရာကောင်းတဲ့ အရည်အချင်းက ကျန်းကျန်းကို အရုပ်အသစ်ရထားတဲ့ ကလေးတစ်ယောက်လိုဖြစ်သွားစေပြီး ထပ်ခါတလဲလဲလုပ်ကြည့်ချင်နေခဲ့ကာ ဘယ်တော့မှ မမောပန်းသလိုဖြစ်နေခဲ့တယ်။
ကာပူချန်းသီး၊ ရက်စ်ဘယ်ရီ၊သစ်တော်သီး၊ စပျစ်နှင့် ကီဝီပင်တွေ ၊ နောက်ထပ် အစိမ်းရောင် တောရိုင်းအသီးတွေကလည်း လျှင်မြန်စွာ ရင့်မှည့်သွားခဲ့ပြီး ထိုအသီးမှည့်တွေက ကြွေကျလာခဲ့ပြန်တယ်။ ရင့်မြည့်ပြီး ကြွေကျလာတဲ့အသီးတွေက အလွန်ချိုမြိန်ပြီး ပြုတ်ကျလာတဲ့ အသီးရိုင်းတွေအားလုံးက အကောင်းဆုံးအရသာရှိနေခဲ့ကာ ကျန်းကျန်းရဲ့ ရင်ခွင်ထဲကို ဆက်လက် ပြုတ်ကျနေခဲ့ကြတယ်။
ကျန်းကျန်းက ခြင်းတောင်းထဲမှာ ပိုပိုများပြားလာတဲ့ တောရိုင်းအသီးအနှံတွေကို ကြည့်ရင်း သူမရဲ့မျက်လုံးထဲမှအပြုံးက လခြမ်းကွေးလေးလို ဖြစ်လာခဲ့တယ်။
ထိုအချိန်မှာ ခြင်းတွေကိုသယ်ဆောင်ရင်း လမ်းလျှောက်နေရတဲ့ လီမူဝူက လမ်းလျှောက်ရင်းနဲ့ တဖြည်းဖြည်း မှားယွင်းလာသလို ခံစားမိနေခဲ့ရကာ ထမ်းပိုးက အနောက်ဘက်ကို လျှောကျတော့မလို ခံစားနေရတယ်။
သူက ထမ်းပိုးကို အရှေ့ဘက်သို့ ပြန်ဆွဲယူလိုက်ပြီး မီတာများစွာ လျှောက်သွားပြီးနောက်မှာ ခြင်းတွေက အနောက်ဘက်သို့ ပြန်လျှောကျသွားပြန်တယ်။ လီမူဝူ နောက်ဆုံးမှာတော့ တုံ့ပြန်လာခဲ့ပြီး ခြင်းတောင်းထဲမှာရှိနေတဲ့ ကျန်းကျန်းကို ကြည့်ဖို့ ခေါင်းကိုအမြန်လှည့်လိုက်တယ်။
ထိုအချိန်မှာတော့ ကျန်းကျန်းတစ်ယောက် ထင်းရှူးသီးတွေကို ရင်ခွင်ထဲမှာထည့်ရင်း ထိုင်နေတာကိုတွေ့လိုက်ရတယ်။ ဒါ့အပြင် သူမ ဘယ်လောက်တောင် စားသောက်ထားပြီလဲဆိုတာကို မသိရလောက်အောင် သူမရဲ့မျက်နှာက အနီရောင်၊ ခရမ်းရောင်နဲ့ အစိမ်းရောင် အရည်တို့နဲ့ပေတေနေကာ ကြောင်ချီးရုပ်လေး ပေါက်နေခဲ့ပြီ။
ဒါက ချစ်စရာကောင်းသလို တစ်ချိန်တည်းမှာ ရယ်ချင်စရာလေးလည်း ဖြစ်နေခဲ့တယ်။ ထို့အပြင် ကျန်းကျန်းရဲ့ဘေးနားမှာ ထင်းရှူးသီးမျှော်စင်လေးတွေ ခုနှစ်ခုရှစ်ခုလောက်ရှိပြီး ခြင်းရဲ့တစ်ဝက်ကတော့ အသီးမျိုးစုံနဲ့ ပြည့်နေခဲ့တယ်။
အတိတ်တုန်းက ထင်းရှူးပင်ပေါ်တက်မိလို့ ပြုတ်ကျကာ အရိုးတစ်ချောင်းကျိုးခဲ့ဖူးတဲ့ လီမူဝူက ခေါင်းကို ခက်ခက်ခဲခဲ ပြန်လှည့်လိုက်ရကာ ထမ်းပိုးကို အရှ့သို့ ပြန်ဆွဲလိုက်ပြီး အရှေ့အနောက် ညီအောင် ချိန်ညှိပေးလိုက်တယ်။ ပြီးနောက် ရုတ်တရက် လျှင်မြန်စွာပြေးတော့တယ်။
“အမေ...အမေ...”
တောင်ခြေရင်းမှာရှိနေတဲ့ အဖွားလီကတော့ လှည်းကို သစ်ပင်တွေကြားထဲမှာချည်ထားရင်းနဲ့ အနီးအနားပတ်ဝန်းကျင်မှာရှိနေတဲ့ တောရိုင်းဟင်းသီးဟင်းရွက်တွေကို မတူးထုတ်ပဲ မနေနိုင်ခဲ့ဘူး။ သူမရရှိထားတာတွေကို လှည်းပေါ်သို့ သွားတင်ပြီးတဲ့အချိန်မှာပဲ အဝေးမှ သူ့သားရဲ့ တစ္ဆေသရဲလိုအော်သံကို ကြားလိုက်ရလေတယ်။
မဒမ်လီ သူမရဲ့ခေါင်းကို ဒေါသတကြီး ခေါင်းခါယမ်းလိုက်တယ်။
“ ကမ္ဘာပေါ်မှာ မတွေ့ဖူးတာတွေ ဘာတွေများရှိနေလို့လဲ! သူ့ညီအစ်ကိုတွေရဲ့ ဦးနှောက်လောက်သာ တစ်ဝက်လောက်ရှိနေရင် ဒီနှစ်တွေမှာ ငါ အဲလောက်ထိ စိတ်ပူပန်နေရမှာမဟုတ်ဘူး”
သူမ ညည်းညူပြီးချိန်မှာပဲ မဒမ်လီတစ်ယောက် သူမရဲ့အကြည့်ထဲသို့ အနောက်က ဝံပုလွေလိုက်လာသလိုမျိုး ပြေးဝင်လာခဲ့တဲ့ သားဖြစ်သူ လီမူဝူကိုမြင်တွေ့လိုက်ရတယ်။ ဒါ့အပြင် သူက တောင်ပေါ်မှ အလျှင်အမြန်ပြေးဆင်းလာခဲ့ကြတာကြောင့် သူ့ရဲ့ထမ်းပိုးနဲ့သယ်လာတဲ့ အရှေ့အနောက်ခြင်းနှစ်ခုက အလွန်လှုပ်ရမ်းနေခဲ့ပြီး ခြင်းထဲမှာရှိနေတဲ့ အာလူးတစ်ချို့တောင် အောက်ကို ခါရမ်းပြုတ်ကျသွားတာကို တွေ့လိုက်ရတယ်။
အစားအစာ ရှားပါးမှုကြောင့် ဆာလောင်ငတ်မွတ်နေရတဲ့ မဒမ်လီက ဘယ်လိုလုပ်ပြီး ဒီလိုမျိုးပြုတ်ကျသွားတာကိုလက်ခံနိုင်မှာလဲ။ သို့ပေမဲ့ သူမက သူ့ကိုအော်ငေါက်ခါနီးမှာပဲ အနောက်ဘက်ခြင်းထဲမှ အလွန်ရင်းနီးကျွမ်းဝင်လှတဲ့ အရာလေးကို တွေ့မြင်လိုက်ရလေတယ်။
ခေါင်းကိုအနီရောင်ဦးထုပ်လေးဆောင်းထားပြီး အပြာရောင်ဂျာကင်အင်္ကျီလေးဝတ်ထားကာ နုညံ့ဖြူဖွေးသော အသားအရည် ၊ အနက်ရောင်စပျစ်သီးကြီးတွေလို မျက်လုံးရွဲကြီးတွေ ...
ဘာကို အာလူးလဲ။ ဘာကို အစားအစာတွေလဲ။ မဒမ်လီ လက်တလောမှာ ဘာတစ်ခုမှ သတိမရတော့ဘူး။
သူမရဲ့စိတ်ထဲမှာ ရှိနေသမျှအရာအားလုံးက သူမ နှစ်ပေါင်းများစွာကတည်းက စောင့်မျှော်ခဲ့ရတဲ့ မြေးမလေးသာရှိတော့တယ်။
“ လီမူဝူ.. နင်က ငါ့ရဲ့မြေးလေးကို ခြင်းတောင်းထဲကို ဖြစ်ကတတ်ဆန်း ပစ်ထည့်လာတယ်ပေါ့လေ! ငါ နင့်ရဲ့ခွေးခြေထောက်တွေကို ရိုကာချိုးပစ်မယ်!”
သူ့အမေရဲ့ ဒေါသတကြီးအော်ဟစ်လိုက်သံက နောက်ဆုံးတော့ လီမူဝူကို နိုးထလာစေတယ်။ သူ လျှင်မြန်စွာ စိတ်ပြန်ပြန်လည်လာခဲ့ကာ သူ့ရဲ့ ခြေလှမ်းတွေက နှေးကွေးသွားခဲ့တယ်။
အနိးအနားဘေးပတ်ဝန်းကျင်မှာ ဘယ်သူမှ မရှိတာကိုမြင်တော့ မဒမ်လီကသူ့ရဲ့မျက်နှာကို လက်ညိုးထိုးရင်း ငေါက်ငမ်းလာတော့တယ်။
“ငါ ခုဏကတည်းက မင်းကို အကုန်မပြောပြထားခဲ့ဘူးလား.. မင်း ဘာလို့ဒီလောက်ထိကြောက်လန့်နေရသေးတာလဲ”
“မဟုတ်ဘူး...”
လီမူဝူ တံတွေးကို ခက်ခက်ခဲခဲမြိုချလိုက်မိပြီး သူ့ရဲ့အမေကို ဘယ်လိုမျိုး ရှင်းပြရမလဲမသိဖြစ်နေခဲ့တယ်။
ထိတ်လန့်မှုရဲ့ ပထမလှိုင်းကို ကျော်ဖြတ်သွားချိန်မှာ ဒုတိယလှိုင်းက ရောက်ရှိလာခဲ့တယ်။
မဒမ်လီက လီမူဝူကိုကြည့်လိုက်ပြီး ကျန်းကျန်းကို ကောက်ချီလိုက်ကာ ခြင်းတောင်းတစ်ဝက်ခန့်ရှိနေတဲ့ အတွင်းမှ ပစ္စည်းတွေကိုလှမ်းကြည့်လိုက်ပြီး ပိုပြီးသိချင်လာခဲ့ရတယ်။
“သြဂုတ်လထဲမှာ သစ်တော်သီးတွေက ဘယ်လိုလုပ်ပြီး ရင့်မှည့်လာရတာလဲ.. ဘယ်နေရာက ရလာခဲ့တာလဲ.. ထင်းရှူးသီးတွေရော.. ကြည့်ရတာ ဒီထင်းရှူးသီးတွေက တော်တော်ကြီးတာပဲ.. ဒါတွေက ၀ောစောမှည့်လာတာတွေလား”
စကားပြောနေရင်းနဲ့ မဒမ်လီက သစ်တော်သီးတစ်လုံးကိုကောက်ယူကာ တစ်လုံး ကိုကိုက်စားလိုက်တယ်။
“မဟုတ်ဘူး...”
လီမူဝူ စကားပြောဖို့လုပ်လိုက်ပေမဲ့ သူ့ရဲ့အမေဆီမှနေ ဖြတ်တောက်ခံလိုက်ရတယ်။
“ဒီနှစ်မှာ အသီးတွေက ချိုတာပဲ.. အရည်လည်းရွှမ်းတယ်.. မင်းပြီးသွားရင် သွားပြီး ကောက်ခဲ့ဦး.. ဇွန်းနဲ့ခြစ်ပြီး ကျန်းကျန်းကိုကျွေးရအောင်”
“ဒါပေမယ့်...”