အခန်း(17)
မဒမ်လီက ဆေးလိပ်အိတ်ထဲမှ ဆေးလိပ်ကိုထုတ်ယူပြီး မီးညှိကာ နှစ်ချက်လောက်ရှိုက်သောက်လိုက်တယ်။ ထို့နောက် မြေပြင်ပေါ်မှာထိုင်ချလိုက်ပြီး သူမရဲ့ ရောင်ရမ်းနေတဲ့ ခြေထောက်တွေကို ပွတ်သပ်လိုက်ကာ သူမရဲ့မြေးကို ညွှန်ကြားလိုက်တယ်။
“တောင်းကို အိမ်မှာ အရင်သွားထားလိုက်.. ပြီးရင် မင်းအဖေကို ကောက်နှံအရောင်းဆိုင်မှာ သွားရှာပြီး ခွင့်ဆယ်ရက်ယူလာခဲ့ဖို့ပြောလိုက် .. ပြီးရင် မြန်မြန်ပြန်လာခဲ့လို့.. ငါသူ့ကိုပြောစရာရှိတယ်။”
“ဘာကိစ္စရှိလို့လဲ? ဘာလို့ ဆယ်ရက်နားရမှာလဲ”
လီမင်ပေက အနည်းငယ် စိတ်ရှုပ်သွားခဲ့တယ်။
“အဲတီအကြောင်းကို စိတ်မပူနဲ့ .. မင်းလိုကလေးက ဘာကိုနားလည်မှာလဲ? မင်းအဖေကို ငါပြောသလိုမျိုးပြောလိုက်လို့ရတယ်”
မဒမ်လီက လီမင်ပေကို စိုက်ကြည့်ကာ စိတ်မရှည်စွာ ပြောလိုက်တယ်။
“စကားမစပ် မင်းရဲ့တတိယဦးလေးက မင်းကိုမေးတဲ့အချိန် အဲဒီမှာပဲ စပါးအိတ်တွေ ဆက်သယ်နေဖို့လို့ပြောလိုက် ..တခြား ဘာကိုမှ စိတ်ပူစရာမလိုဘူးလို့ပြောလိုက်ဦး”
သူတို့ရဲ့အဖွားက အိမ်မှာ အိမ်ထောင်ဦးစီးပဲလေ။ ဒီတော့ အဖွားဖြစ်သူက ထပ်မပြောချင်တော့တာကိုမြင်တော့ လီမင်ပေက ထပ်ပြီး မမေးရဲတော့ဘူး။ အဖွားဖြစ်သူ မသွားသေးတာကိုမြင်တော့ သူက အရင်ပြောလိုက်တယ်။
“ဒါဆို ကျွန်တော် အိမ်ကိုအရင်ပြန်ပြီး ခြင်း သွားထားလိုက်မယ်.. အဖွား အိမ်ကို စောစောပြန်လာပြီး အသားဟင်းချက်ပေးထားနော်”
“ဘာတွေ အလျင်လိုနေတာလဲ.. ငါ မင်းရဲ့အသားကို ဘာမှမလုပ်ပါဘူး”
မဒမ်လီက လုံလောက်အောင် အနားယူလိုက်ပြီးနောက် မတ်တပ်ထရပ်ကာ ခိုင်ခိုင်ခံ့ခံ့ရှိတဲ့ သစ်ကိုင်းတစ်ချောင်းကို အမှီပြုပြီး အိမ်သို့ ဖြေးဖြေးချင်း ပြန်လာခဲ့တယ်။
လီမင်ပေကတော့ သူ့နောက်ကနေ ဝံပုလွေတစ်ကောင် လိုက်ဖမ်းနေသလိုမျိုး အိမ်ပြန်လမ်းတစ်လျှောက်လုံးကို အမြန်ပြေးသွားခဲ့ပြီး အိမ်တံခါးဖွင့်ကာ တောင်းကို ခြံထဲသို့ ပစ်ချလိုက်လေတယ်။
ဒီနေ့က ဘာအလုပ်မှ မရှိခဲ့တာကြောင့် လီမူဝူနဲ့ လီမူစန်းတို့က သူတို့နဲ့အတူယူလာခဲ့တဲ့ တောရိုင်းဟင်းသီးဟင်းရွက်တွေအစာသွပ်ထားတဲ့ ဖက်ထုပ်တွေကို မစားခဲ့ကြဘဲ ညနေဘက် အိမ်ကိုပြန်တဲ့အချိန် အိမ်ကိုပြန်ယူသွားဖို့ ဆုံးဖြတ်ခဲ့ကြတယ်။ သူတို့တွေက နေ့လည်စာတောင် မစားကြဘဲ ရေအေးတွေနဲ့သာ ဗိုက်ဖြည့်ရင်း အလုပ်ရလာနိုင်မဲ့ အရိပ်အခြေကိုစောင့်ဆိုင်းနေခဲ့ကြတယ်။
လီမင်ပေက တစ်လမ်းလုံး လျင်မြန်စွာ ပြေးလာခဲ့ပြီး လီမူဝူရဲ့ လက်ကို လှမ်းဆွဲပြီး အသက်ရှူမောဟိုက်စွာနဲ့ပြောလာတယ်။
“အဖေ အိမ်ကို အမြန်ပြန်လိုက်တော့.. အဖွားက အဖေ့ကို ရှာနေတယ်”
“ဘာမှားနေလို့လဲ?”
လီမင်ပေရဲ့မျက်နှာက အလောတကြီးဖြစ်နေပုံပေါ်နေတာကို မြင်လိုက်ရတော့ လီမူဝူနဲ့ လီမူစန်းတို့ရဲ့ မျက်နှာတွေက အရောင်ပြောင်းသွားခဲ့ပြီး အမြန်ထရပ်လာကြကာ လီမင်ပေရဲ့ ဘေးကို ဝိုင်းလာခဲ့ကြတယ်။
“မင်းရဲ့အဖွား နေမကောင်းဖြစ်နေလို့လား”
“မဟုတ်ဘူး မဟုတ်ဘူး!”
လီမင်ပေက သူ့ရဲ့လက်ကို အကြိမ်ကြိမ်အခါခါ ဝှေ့ယမ်းပြီး ပြောလိုက်တယ်။
“အဖွားက လုံးဝကိုကျန်းမာရေးကောင်းတယ်.. အခုလေးတင် တောင်ပေါ်ကနေ ဆင်းလာနေတာ”
လီမင်ပေက သူ့ရဲ့အသက်ရှူနှုန်းကို ပြင်းပြင်းထန်ထန်ရှူရှိုက်နေခဲ့ပြီး နောက်ဆုံးတော့ အမောပြေသွားခဲ့ပြီဖြစ်ကာ ထပ်ပြီး ပေါင်းထည့်ကာ ပြောလာတယ်။
“အဖေ..အဖွားက အဖေ့ကို ခွင့်ဆယ်ရက်ယူလာခဲ့ဖို့မှာလိုက်သေးတယ်”
“ဘာလို့ ဆယ်ရက်ခွင့်ယူခိုင်းရတာလဲ”
လီမူဝူက သူ့ရဲ့သားဖြစ်သူကို စိတ်ရှုပ်ထွေးစွာ မေးလိုက်တယ်။
“ကျွန်တော်က ဘယ်လိုလုပ်ပြီးသိမှာလဲ?”
လီမင်ပေက သူ့ရဲ့မျက်လုံးတွေကို လှိမ့်လိုက်မိပြီး ဆက်ပြောလာတယ်။
“အဖွားက မပြောတဲ့အရာတွေကို ကျွန်တော်က ဘယ်လိုလုပ် ထပ်မေးလို့ရနိုင်မှာလဲ”
လီမူဝူက ခေါင်းညိတ်လိုက်ပြီး ရုံးခန်းဆီသို့သွားခဲ့ကာ လီမူစန်းကလည်း သူ့ရဲ့အစ်ကိုနောက်က လိုက်သွားဖို့ပြင်တယ်။ သို့ပေမယ့် လီမင်ပေက အဖွားဖြစ်သူရဲ့ ညွှန်ကြားချက်ကို သတိရကာ လီမူစန်းကို အမြန်ဆွဲလိုက်တယ်။
“တတိယဦးလေး.. အဖွားက ဦးလေးကို ဒီမှာပဲ အလုပ်ဆက်လုပ်နေဖို့မှာလိုက်တယ်.. ဆန်တွေဝင်လာရင် ကျွန်တော်တို့တွေ ဝယ်ဖို့အတွက် လူတစ်ယောက်တော့ ရှိဖို့လိုတယ်လေ”
လီမူစန်းက လှေကားထစ်များပေါ်မှာ ပြန်ထိုင်ချလိုက်ကာ သက်ပြင်းကို နောက်တစ်ကြိမ်ချလိုက်ပြန်တယ်။
ယခုအချိန်မှာ ကောက်နှံဆိုင်တွေက အလုပ်လည်းမရှိသလို လုပ်အားခလည်း မရနိုင်တာကြောင့် လီမူဝူက ခွင့်ဆယ်ရက်ကို အလွယ်တကူရရှိခဲ့ပြီး သားအဖနှစ်ယောက် အိမ်ကို အမြန်ပြန်လာခဲ့ကြတယ်။
အိမ်တံခါးဝသို့ ရောက်ခါနီးမှာ မီးခိုးခေါင်းတိုင်ဆီမှ မီးခိုးတွေ ထွက်လာတာကိုမြင်တော့ လီမင်ပေတစ်ယောက် ချက်ချင်း ပျော်ရွှင်သွားတော့တယ်။
“အဖွားက ဒီနေ့အသားဟင်းချက်ပေးမယ်လို့ပြောခဲ့တယ်”
သူအိမ်ထဲသို့ ဝင်သွားပြီးနောက်မှာတော့ သေချာပေါက်ကိုပဲ မီးဖိုခန်းဖက်မှ ယုန်သားနဲ့ အာလူးစတူးချက်တဲ့ရနံ့တို့က မွှေးပျံ့နေခဲ့တယ်။
လီမင်ပေ တံတွေးမြိုချလိုက်မိပြီး အပူဒဏ်ကို မကြောက်ဘဲ အိုးထဲမှ အသားတစ်ပိုင်းကို ကောက်ယူပြီး ပါးစပ်ထဲသို့ကောက်ထည့်လိုက်တယ်။
မဒမ်လီက ဟင်းချက်ယောက်မကို ဘေးမှာချလိုက်ပြီး လီမူဝူကို အရှေ့ဘက်ခန်းဆီသို့ ဆွဲခေါ်သွားခဲ့ပြီး တီးတိုးပြောလာတယ်။
“ငါမင်းကို တစ်ခုပြောမယ် ကြောက်လည်း မကြောက်သွားနဲ့.. အော်လည်းမအော်လိုက်နဲ့ “
“ဘာကိစ္စရှိလို့လဲ ဘုရားက ဆုံးမလိုက်လို့လား?”
လီမူဝူ မနေနိုင်စွာပြန်မေးလိုက်တယ်။
မဒမ်လီက သူ့ရဲ့ အင်္ကျီလက်ကို ဆွဲလိုက်ပြီး သားဖြစ်သူကို အသံတိုးဖို့သတိပေးလိုက်တယ်။ ပြီးမှ တောင်ပေါ်မှာ ဖြစ်ပျက်ခဲ့သမျှ အရာအားလုံးကို လီမူဝူကို တစ်ခုပြီးတစ်ခု ပြောပြလိုက်လေတယ်။
လီမိသားစုထဲမှာ လီမူဝူက ဥာဏ်အတုံးဆုံးလို့ပြောနိုင်တယ်။ မဒမ်လီပြောတာကိုနားထောင်ပြီးချိန်မှာ သူက အချိန်အတော်ကြာတဲ့အထိ တုံ့ပြန်မလာခဲ့ဘူး။ မဒမ်လီက မနေနိုင်တော့ပဲ သူ့ကိုဆွဲလှုပ်ကာ စိတ်အားထက်သန်စွာနဲ့ ထပ်မေးလိုက်တယ်။
“ငါပြောတာကို နားလည်ရဲ့လား လောင်ဝမ်ရဲ့အိမ်ကို အမြန်သွားလိုက်ပြီး သူ့ရဲ့အိမ်က သစ်သားလှည်းကို ငှားလာခဲ့လိုက်.. ကောက်နှံတွေအရင် အိမ်ကိုသယ်ပြီးမှ စကားဆက်ပြောကြတာပေါ့.. အဲဒါတွေကို တောင်ပေါ်မှာဆက်ထားမယ်ဆိုရင် ပြသနာဖြစ်လာနိုင်တယ်”
လီမူဝူက မဒမ်လီကို နားမလည်နိုင်စွာငေးကြည့်နေခဲ့ပြီး ခဏအကြာမှာတော့ မျက်ရည်တွေစီးကျရင်းပြောလာခဲ့တယ်။
“အမေ.. အမေ ဘာဖြစ်နေတာလဲ သေလောက်အောင် ဆာလောင်နေလို့ အခုလိုရူးသွားရတာလား?”
ရုတ်တရက် ထွက်ပေါ်လာတဲ့သံက မီဖိုထဲမှာရှိနေတဲ့ လီမင်ပေကိုထိတ်လန့်သွားစေခဲ့တယ်။ မဒမ်လီကတော့ ဒေါသထွက်လွန်းလို့ ဒွာရခုနှစ်ပေါက်လုံးမှ မီးခိုးငွေ့တွေတောင်ထွက်လာချင်နေပြီ။ သူမက ခါးမှာချိတ်ထားတဲ့ ဆေးလိပ်အိတ်နဲ့ လီမူဝူရဲ့ မျက်နှာကို ရိုက်တော့တယ်။
“မင်းကသာ ဆာလောင်လွန်းလို့ ရူးသွားတာလို့ ငါထင်တယ်! မင်းရဲ့အမေကို အဓိပ္ပါယ်မရှိတဲ့စကားတွေလာ ပြောမနေနဲ့.. သွားပြီး လှည်းငှားလာခဲ့..နောက်တစ်ခါ အဓိပ္ပါယ်မရှိတဲ့စကားမျိုး ပြောလာရင် မင်းရဲ့ ခွေးခြေထောက်တွေကို ငါရိုက်ချိုးပစ်မယ်”
လီမူဝူရဲ့ မျက်ရည်တွေက ချက်ချင်းပဲ ရပ်တန့်သွားခဲ့ပြီး အပြင်ဘက်သို့ အမြန် ပြန်ထွက်ကာ အပြေးအလွှား ထွက်သွားခဲ့တယ်။
မဒမ်လီ မီးဖိုချောင်သို့ပြန်ဝင်သွားတော့ ယုန်သားကို ပန်ကိတ်နှင့် စားသောက်ရင်း မျက်နှာမှာ ဆီတွေ ပေကျံနေတဲ့ လီမင်ပေကို မြင်လိုက်ရတယ်။ သူမ စိတ်ပျက်မှုနဲ့ ဝမ်းနည်းမှု နှစ်မျိုးလုံးကို ခံစားခဲ့ရပြီး မြေးဖြစ်သူကို လှမ်းပြောလိုက်တယ်။
“ဒီမှာ လာထိုင်ပြီးစားမနေနဲ့.. ငါ မင်းကိုကျွေးမဲ့အချိန်ကို စောင့်နေ”
ထို့နောက် သူမက အိုးအသေးလေးကိုထုတ်ယူပြီး လီမူစန်းတို့ မိသားစုအတွက် ထည့်ပေးလိုက်တယ်။ ပြီးနောက် လီမင်တုံနဲ့ လီမင်ရှီတို့အတွက် တစ်ခွက် ၊ လီမင်နန်နဲ့ လီမင်ပေတို့အတွက် တစ်ခွက်ဖယ်ထားလိုက်ကာ တောင်ပေါ်မှာရှိနေတဲ့ ဝမ်စုဖန်းအတွက် တစ်အိုးထည့်လိုက်တယ်။
မဒမ်လီ လူတိုင်းအတွက် ဝေစုခွဲပြီးနောက် ကျန်ရှိနေတဲ့ ဟင်းတွေအားလုံးကို ခူးခတ်လိုက်ပြီး သူမအခုလေးတင် ထုတ်ယူခဲ့တဲ့ ပန်ကိတ်တွေကိုပါယူပြီး စားပွဲပေါ်သို့ တင်ပေးလိုက်တယ်။ ပြီးနောက် လီမင်ပေရဲ့ခေါင်းကိုအသာခေါက်ပြီး ပြုံးလိုက်တယ်။
“မင်း ဒီနေ့ ဗိုက်ပွင့်ထွက်အောင် စားလို့ရတယ်”
လီမင်ပေက ပန်ကိတ်စားပြီး လည်ပင်းနင်နေတာကြောင့် ချောင်းတဟွတ်ဟွတ်ဆိုးရင်း ရေနှစ်ငုံလောက်သောက်ပြီးမှ ပြန်လည်သက်သာလာခဲ့တယ်။ သူက မဒမ်လီဆီကို သံသယနဲ့ လှမ်းကြည့်လာခဲ့ပြီး ဘာကို မှားယွင်းပြီး တွေးလိုက်မိလဲ မသိပဲ ပြောလာတယ်။
“အဖွား .. အဖွားက ဒီဘဝကို အရမ်းခက်ခဲလွန်းတယ်လို့ ထင်လို့ ကျွန်တော်တို့ကို အဆိပ်ကျွေးချင်နေတာလား အဲဒါကြောင့် ယုန်သားထဲမှာ အဆိပ်နဲ့ရောပြီး ကျွေးဖို့လုပ်တာလား? ဟုတ်တယ်မလား?”
မဒမ်လီ ဒေါသထွက်လွန်းလို့ အသက်ရှူမဝသလိုတောင်ဖြစ်သွားရကာ ဆေးတံကို ကောက်ယူပြီး လီမင်ပေ့ကို ရိုက်တော့တယ်။
“တစ်နေကုန်အောင် အဓိပ္ပါယ်မရှိတာတွေ စဥ်းစားနေတာပဲ.. ငါသာ မင်းကိုအဆိပ်ခပ်မယ်ဆိုရင် ယုန်သားကိုဖြုန်းတီးပြီး မင်းကို ကျွေးနေဦးမှာလား.. မင်းရဲ့ ပါးစပ်ထဲကိုပဲ တိုက်ရိုက်လောင်းချပစ်လိုက်မှာ!”
လီမင်ပေက အရိုက်နှက်ခံရပြီးနောက် ကြောက်လန့်တကြား အော်ဟစ်ကာ ပုန်းအောင်းနေခဲ့ပေမဲ့ သူ့ကိုယ်သူ ခုခံကာကွယ်ပြီး ပြောနေတုန်းပဲ။
“ အဲဒီပုံပြင်ကို အရင်တစ်ခေါက်တုန်းက ဒုတိယအစ်ကိုပြောခဲ့တာ”
မဒမ်လီက ဆေးတံကိုပြန်ကိုင်ပြီး ကူကယ်ရာမဲ့စွာပြောလိုက်တယ်။
“မင်းရဲ့ ဒုတိယအစ်ကိုက တခြားလူကိုအရူးလုပ်ဖို့ ဒီလိုအဓိပ္ပါယ်မရှိတဲ့စကားတွေကိုပြောရတာကြိုက်တယ်.. ဒါပေမယ့် ဒီမှာ အဲလိုစကားတွေကိုယုံတဲ့အရူးတစ်ယောက်ကလည်း တကယ်ရှိနေတာပဲ”
လီမင်ပေက နောက်တစ်ကြိမ် နင်သွားရပြန်တယ်။ သို့ပေမယ့် စားပွဲပေါ်မှာရှိနေတဲ့ မဒမ်လီရဲ့ ဆေးတံကိုမြင်တော့ ထပ်ပြီးမငြင်းဆိုရဲတော့ဘူး။
မဒမ်လီက သူ့ကို စိတ်ပျက်လက်ပျက်နဲ့ ကြည့်ရင်း လှမ်းပြောလိုက်တယ်။
“ဗိုက်ပြည့်သွားရင် တောင်ပေါ်ကို အမြန်တက်ပြီး ကွေ့ဟွားနဲ့ မင်နန်ကို ထမင်းစားဖို့ ပြန်ခေါ်လာခဲ့.. မင်းတို့တွေ ညနေပိုင်း ပြန်သွားစရာမလိုတော့ဘူး..ငါ့မှာ မင်းတို့ကိုခိုင်းစရာအလုပ်တွေရှိသေးတယ်”
လီမူဝူက တွန်းလှည်းကို ငှားပြီး ပြန်လာခဲ့တယ်။ အိမ်ကိုရောက်ပြီးနောက် ယုန်သားဟင်းကို အေးအေးဆေးဆေးစားချင်ခဲ့ပေမဲ့ မဒမ်လီက သူ့ကို ပန်ကိတ်နှစ်ချပ်နဲ့ အဝေးသို့ စေလွှတ်လာခဲ့ပြန်တယ်။
“မင်း ဒီစားစရာတွေကို ရှိနေပြီဆိုတော့ မြန်မြန်ထပြီး လှည်းယူလာပြီး ငါ့နောက်ကိုလိုက်ခဲ့”
ပေရှားမှာ လူအများအပြားက လက်တွန်းသစ်သားလှည်းတွေကို အသုံးပြုကြတာကြောင့် အထူးအဆန်းဖြစ်မနေခဲ့ဘူး။ လီမူဝူက လှည်းကို တောင်အောက်ခြေသို့အထိ တွန်းလာခဲ့တယ်။
မဒမ်လီက လှည်းပေါ်မှာရှိနေတဲ့ ထမင်းထုတ်ကို ခြင်းထဲသို့ထည့်လိုက်ပြီး ခြင်းကြီးနှစ်ခြင်းနဲ့ ထမ်းပိုးတစ်ချောင်းကို လီမူဝူဆီသို့ပေးလိုက်တယ်။
“မင်း အပေါ်ကိုသွားပြီး ထမင်းသွားပို့လိုက်.. ပြီးရင် အစားအသောက်တွေကို ပြန်သယ်လာခဲ့.. အပေါ်ကနေ ဖုံးအုပ်လာဖို့ကို မမေ့နဲ့ဦး.. တစ်စုံတစ်ယောက်နဲ့တွေ့ရင် တောရိုင်းအသီးအနှံခူးဆွတ်လာခဲ့တယ်လို့ ပြော”
လီမူဝူက မဒမ်လီကို စိုးရိမ်တကြီးကြည့်လာတယ်။ သို့ပေမယ့် သူ စကားပြောခါနီးမှာပဲ မဒမ်လီရဲ့ ဆေးတံက မြောက်တက်လာတာကိုမြင်တွေ့လိုက်ရတာကြောင့် လီမူဝူ သူ့ရဲ့လက်ကို အလျှင်အမြမ်ဝှေ့ယမ်းလိုက်တယ်။
“မရိုက်နဲ့တာ့ မရိုက်နဲ့တော့.. ကျွန်တော် အခုပဲတက်သွားလိုက်မယ်”
သူက ဒီတောင်အကြောင်းကို ကျွမ်းဝင်စွာသိထားတာကြောင့် ဆယ့်ငါးမိနစ်လောက်မှာ လမ်းလျှောက်ပြီးနောက် လီမူဝူတစ်ယောက် နောက်ဆုံးတော့ သူတို့ရဲ့ကိုယ်ပိုင် စိုက်ပျိုးမြေသို့ ရောက်ရှိခဲ့တယ်။
ဝမ်စုဖန်းတစ်ယောက် မြေကြီးထဲမှ အာလူးများကို တူးထုတ်နေစဉ်မှာ ရုတ်တရက် မြေကြီးပေါ်သို့ တစ်စုံတစ်ခုပြုတ်ကျသွားတဲ့အသံကို ကြားလိုက်ရတာကြောင့် သူမရဲ့နောက်ကျောဘက်ဆီသို့ အလျင်အမြန်ပြန်ကြည့်လိုက်တယ်။
“တုန်ဇီအဖေ.. ရှင် ဘာလို့အဲဒီမှာ ဒူးထောက်နေရတာလဲ”
“... ခြေထောက်တွေ အားနည်းနေလို့..”