အခန်း(16)
မဒမ်လီ ခဏလောက်စဉ်းစားလိုက်ပြီး ဝမ်စုဖန်းကို ညွှန်ကြားလိုက်တယ်။
“မင်း ကလေးကိုခေါ်ထားပြီး ပြောင်းနှံတွေအရင်ချိုးနေလိုက် ငါ တုန်ဇီရဲ့ အဖေကို သွားရှာပြီး သစ်သားတွန်းလှည်း ဒါမှမဟုတ် သယ်စရာတစ်ခုခု ငှားလာခဲ့မယ်”
ဝမ်စုဖန်းက ထိတ်လန့်တကြားကြည့်ရင်း သူမရဲ့ ပုံစံက ငိုချတော့မလို ဖြစ်နေခဲ့တယ်။
“အမေ တကယ်လို့ တစ်ယောက်ယောက် မြင်သွားရင် ဘယ်လိုလုပ်မလဲ”
“ဒီလောက်ထိ တိုက်ဆိုင်တာမျိုး မဖြစ်နိုင်လောက်ပါဘူး”
မဒမ်လီ သူမကို နှစ်သိမ့်လိုက်တယ်။
“ဒီနေရာက ဘာမှမရှိတဲ့မြေပြန့်ပဲလေ.. ဒီနေရာမှာ တောရိုင်းဟင်းသီးဟင်းရွက်တွေ၊ မှိုတွေ ဘာမှ ရှိမနေဘူး.. တောင်ပေါ်ကို လာတဲ့လူတွေက ငါတို့မိသားစုက ဒီနေရာမှာရှိတဲ့ မြေရိုင်းတွေ စိုက်ခင်းအတွက် ထိန်းသိမ်းထားပြီးပြီဆိုတာကို သိထားကြတာပဲ.. နောက်ပြီး အခုက ရိတ်သိမ်းတဲ့ရာသီမဟုတ်တော့ ဘယ်သူမှ လာကြည့်ကြမှာမဟုတ်ဘူး..ဒါက အချိန်ဖြုန်းရုံပဲဖြစ်မှာ”
ဝန်စုဖန်းက စိုးရိမ်နေသေးတာကိုမြင်တော့ မဒမ်လီက သူမကို နောက်ထပ်အကြံတစ်ခုပေးလာခဲ့တယ်။
“တကယ်လို့ တစ်ယောက်ယောက်က ဒီကိုရောက်လာတယ်ဆိုရင် မင်းတို့ရဲ့အစ်ကိုကြီးဆီက ပို့ပေးလာတဲ့ဆေးကို သုံးထားတာလို့ပြောလိုက်.. အဲဒီဆေးကြောင့် နှစ်လလောက်စောပြီး အသီးအနှံတွေရင့်လာတယ်လို့ ပြောလိုက်လို့ရတယ်”
ဝမ်စုဖန်းက မဒမ်လီကို ထိတ်လန့်စွာကြည့်ပြီး မေးလိုက်တယ်။
“အဲလောက်ထိ မှော်ဆန်တဲ့ အရာမျိုး ရှိလို့လား?”
“မင်းက ငတုံးလား”
မဒမ်လီက ဆေးလိပ်အိတ်ကိုယူပြီးဝမ်စုဖန်းရဲ့ခေါင်းကိုပုတ်လိုက်တယ်။
“ဒါက မင်းအတွက် လူတွေကို လှည့်စားဖို့ပြောခိုင်းတာမဟုတ်ဘူးလား! အဆင်ပြေပါတယ်.. မင်း ဒီနေရာမှာ ပြောင်းနှံတွေကိုပဲချိုးနေလိုက်.. ငါ မင်းရဲ့ယောက်ျားကို ခေါ်လာခဲ့မယ်”
မဒမ်လီက စိုက်ခင်းဆီသို့ပြန်သွားပြီး အာလူးအချို့ကို ခြင်းတောင်းထဲသို့ထည့်လိုက်တယ်။ ထို့နောက် အပေါ်မှ အဝတ်စုတ်တွေနဲ့ ဖုံးအုပ်လိုက်ပြီး တောင်ပေါ်မှဆင်းသွားတော့တယ်။ ဝမ်စုဖန်းရဲ့ မျက်လုံးတွေက မဒမ်လီထွက်သွားရာနောက်ကို လိုက်ကြည့်နေမိပြီး မဒမ်လီ ဆယ်မီတာလောက်ကိုရောက်သွားတာကို မြင်မှ လှမ်းအော် မေးလိုက်ပြန်တယ်။
“အိမ်ကိုပြန်ရောက်ရင် အမေဘယ်လိုပြောမှာလဲ”
“မင်းအစ်ကိုကြီး ဖူကျန့်ကနေ ပြန်ပို့လိုက်တာ”
မဒမ်လီက ခေါင်းကိုလှည့်မကြည့်ဘဲ ပြန်ဖြေလာခဲ့တယ်။
ဝမ်စုဖန်းက ကျန်းကျန်းကို မြေကြီးပေါ်သို့ နောက်တစ်ကြိမ် ပြန်မချရဲတော့ဘူး။ သူမကို နောက်ကျောဘက်မှာ အဝတ်နဲ့သိုင်းလွယ်ပြီးတော့သာ ချည်နှောင်ထားတော့တယ်။
သူမက ပြောင်းနှံတွေကို ချိုးရင်းနဲ့ ကျန်းကျန်းကို လှမ်းပြောနေခဲ့တယ်။
“ငါပြောမယ် သမီးလေး.. အနာဂတ်မှာ မင်းမဖြေရှင်းနိုင်တဲ့ ဒီလိုကြောက်စရာကောင်းတဲ့အရာတွေကို ထပ်လုပ်လို့မရဘူးနော်.. တခြားလူတွေမြင်သွားရင် မင်းဘယ်လိုလုပ်မလဲ? သူတို့တွေ မင်းကိုကြောက်သွားရင်တော့ အဆင်ပြေပါတယ်.. ဒါပေမယ့် လူဆိုးတွေရောက်လာပြီး မင်းကို အဝေးကို လူဆိုးတွေက မင်းကို ခေါ်သွားကြမယ်ဆိုရင် ဘယ်လိုလုပ်မှာလဲ.. မင်းရဲ့အမေကို ဘယ်နေရာမှာ လိုက်ရှာခိုင်းတော့မှာလဲ”
ကျန်းကျန်း ဝမ်စုဖန်းရဲ့နောက်ကျောပေါ်မှာ လှဲလျောင်းရင်းနဲ့ စိတ်ဓာတ်ကျတဲ့အမူအယာတွေကို ဖော်ပြနေခဲ့တယ်။
သမီးဆီမှာ ဒီလိုအရည်အချင်းမျိုးရှိနေတယ်ဆိုတာကို ဘယ်လိုလုပ်ပြီးသိနိုင်ခဲ့မှာလဲ။ သမီးရဲ့ အရင်ဘဝမှာတုန်းက ထီထိုးရင်တောင် ထီလက်မှတ်က ဂဏန်းနှစ်လုံးထက် ပိုပြိးတူတာကိုမဝယ်ဖူးဘူးလေ။ လမ်းဖြတ်ကူးနေရင်းနဲ့ ဒီလို ဆုအကြီးစားကြီးကိုရရှိလာလိမ့်မယ်လို့ ဘယ်လိုလုပ်ပြီး သိနိုင်ခဲ့မှာလဲလို့!
ဝမ်စုဖန်းက ပြောင်းနှံတွေကို တစ်ခုပြီးတစ်ခုချိုးပြီး ဘေးနားမှ နေရာလွတ်ဆီကို တိုက်ရိုက်ပစ်ပုံနေခဲ့တယ်။
ကျန်းကျန်းတစ်ယောက် ပျင်းရိလာရတာကြောင့် ဘေးပတ်ဝန်းကျင်ကိုလှည့်ပတ်ကြည့်လိုက်တော့ ဘလူးဘယ်ရီရိုင်းပင် တစ်နွယ်က သူမရဲ့အကြည့်ထဲကို ရောက်ရှိလာခဲ့တယ်။ ကျန်းကျန်း သူမရဲ့အသက်ကိုတွက်ချက်ကြည့်လိုက်တော့ ခုနစ်လနီးပါးရှိပြီ။ ဒီတော့ အသီးအနှံတွေစားသင့်တဲ့ အရွယ်ပဲလို့ ကိုယ့်ဘာသာကိုယ် ကောက်ချက်ချလိုက်တယ်။
ဒါကြောင့် ဝမ်စုဖန်း သူမကို ဂရုမစိုက်နိုင်တဲ့အချိန်မှာ မနီးမဝေးမှာရှိနေတဲ့ ဘလူးဘယ်ရီပင်ဆီသို့ တိတ်တဆိတ် လက်လှမ်းလိုက်တယ်။
လေးလံတဲ့ ဘလူးဘယ်ရီသီးတွေကိုသယ်ဆောင်ထားတဲ့ ဘလူးဘယ်ရီအကိုင်းအခက်က ရုတ်တရက် ဆန့်ထွက်လာခဲ့ပြီး ကျန်းကျန်းဆီကိုရောက်တဲ့အထိ ကြီးထွားမှုကို မရပ်တန့်ခဲ့ဘူး။
ကျန်းကျန်း အံ့သြစွာ ပြုံးလိုက်မိပြီး သူမရဲ့ လက်ကလေးကို အမြန်ဆန့်ထုတ်ကာ ဘလူးဘယ်ရီသီးတစ်လုံးကို သူမရဲ့ပါးစပ်ထဲသို့ ညင်သာစွာ ထည့်လိုက်တယ်။ ထို့နောက်သူမရဲ့ ထွက်ပြူကာစ အပေါ်အောက် သွားလေးချောင်းနဲ့ ကိုက်ခဲလိုက်ပြီး ခေါင်းကို တဆတ်ဆတ်ညိတ်လိုက်လေတယ်။
ပါးစပ်ထဲမှာ ပေါက်ကွဲထွက်သွားတဲ့ ချိုချိုချဥ်ချဉ် ဘလူးဘယ်ရီသီးဖျော်ရည်များက သူမရဲ့ အရသာဖုတွေဆီကို ပျံ့နှံလာခဲ့ပြီး ကျန်းကျန်း စိတ်ကျေနပ်စွာဖြင့် မျက်လုံးတွေကို မှိတ်ထားလိုက်တယ်။
ကျန်းကျန်း သူမရဲ့ ပါးစပ်ထဲမှ အသီးအရည်ကို ပါးစပ်ထဲသို့ မျိုချလိုက်ရင်း အခွံကိုတော့ ဘေးဘက်သို့ ထွေးချလိုက်တယ်။ ထို့နောက် သူမ နောက်တစ်လုံးကိုလှမ်းခူးပြီး ပါးစပ်ထဲသို့ ထည့်လိုက်ပြန်တယ်။
ဝမ်စုဖန်းက ပြောင်းနှံတစ်နှံကို ချိုးလိုက်ပြီးနောက် အရှေ့ကို ဆက်သွားလိုက်တယ်။ ဒီတော့ ဘလူးဘယ်ရီပင်သည်လည်း နောက်ထပ်မီတာဝက်ခန့် ဆန့်ထွက်လာကာ ကျန်းကျန်းရဲ့ ဘေးနားမှာ ခိုင်မြဲစွာ ရပ်တန့်သွားခဲ့ပြန်တယ်။
တစ်လုံးပြီးတစ်လုံး စားပြီးနောက် လေးလုံးမြောက်ကိုရောက်တဲ့အချိန်မှာတော့ ခွန်အားစိုက်ပြီး လုပ်နေခဲ့ရတဲ့ ဝန်စုဖန်းက သူမရဲ့ ခါးပေါ်မှာ လက်ထောက်ပြီး အနားယူနေချိန်မှာ အနောက်ဘက်မှ သမီးဖြစ်သူရဲ့တစ်ခုခုစားသောက်နေတဲ့အသံကို ကြားသွားလေတော့တယ်။
ဝမ်စုဖန်း အနောက်ဘက်သို အလျှင်အမြန်ပြန်လှည့်ကြည့်လိုက်တော့ကျန်းကျန်းရဲ့ မျက်နှာနဲ့ လက်တွေမှာ ခရမ်းရောင်အရည်တွေနဲ့ ပေရေနေတာကိုမြင်တွေ့လိုက်ရတယ်။ ဝမ်စုဖန်း ချက်ချင်းပဲ ထိတ်လန့်သွားရပြီး :
“မင်း ဘာတွေစားလိုက်တာလဲ?”
ကျန်းကျန်းက တိတ်တဆိတ်နဲ့ ဝမ်စုဖမ်းရဲ့အနောက်ဘက်မှ ဘလူးဘယ်ရီသီးတစ်လုံးကိုလှမ်းယူပြီး အပြစ်ကင်းစင်တဲ့မျက်နှာနဲ့ ဝမ်စုဖန်းကို ပေးလာခဲ့တယ်။
ဝမ်စုဖန်း အနောက်ဘက်သို့ လျင်မြန်စွာ ပြန်လှည့်ကြည့်လိုက်တော့ အနောက်ဘက်မှာရှိနေတဲ့ ခုနစ်မီတာ၊ ရှစ်မီတာမျှရှည်တဲ့ ဘလူးဘယ်ရီအကိုင်းအခက်ကို မြင်တွေ့လိုက်ရတာကြောင့် ထိတ်လန့်သွားရပြန်တယ်။
“ဒါက.. ဒီ ဘလူးဘယ်ရီသီးတွေက သန့်ရှင်းရဲ့လား”
ကျန်းကျန်းက ချိုမြိန်တဲ့ အပြုံးတစ်ခုကိုဖော်ပြလာခဲ့တယ်။ သူမက ဝမ်စုဖန်းရဲ့ ပုခုံးထက်ကို လက်တစ်ဖက်ဖြင့်တင်ကာ နှစ်ကြိမ်လောက် တွယ်တက်ဖို့ ကြိုးစားခဲ့ပြီး သူမရဲ့လက်ထဲမှာရှိနေတဲ့ ဘလူးဘယ်ရီသီးကို ဝမ်စုဖန်းရဲ့ပါးစပ်ထဲသို့ ထည့်ပေးဖို့ ကြိုးစားနေခဲ့တယ်။
သူမရဲ့သမီးလေးဆီမှာ မယုံနိုင်လောက်စရာ အရည်အချင်းမျိုးတွေရှိနေကြောင်းကို သိထားပြီဆိုပေမဲ့လည်း ဝမ်စုဖန်းအနေနဲ့ ရုတ်တရက် ရှည်လျားတဲ့ အကိုင်းအခက်ကြီးတစ်ခုက သူမအနားကိုတိုးကပ်လာတာကိုမြင်လိုက်ရချိန်မှာ အနည်းငယ်လောက် ရင်ဆိုင်ရခက်ခဲတယ်လို့ ခံစားနေရတုန်းပဲ။
သူမအနေနဲ့ တခြားတစ်ယောက်ယောက်က မြင်သွားမှာကို ကြောက်လန့်မိတာကြောင့် လျင်မြန်စွာ ခြေဖျားထောက်ရပ်လိုက်ပြီး ဘေးပတ်ဝန်ကျင်မှာ တစ်ခြားလူတွေရှိမရှိလှည့်ပတ်ကြည့်လိုက်တယ်။
ဒီသစ်တောထဲမှာ တျီတျီတျာတျာအော်မြည်နေတဲ့ ငှက်ကလေးတွေရဲ့ တေးဆိုသံတွေ ရှိနေပြီး ပုံမှန်မဟုတ်ဘဲ ထင်ရှားလွန်းနေတဲ့ ဘလူးဘယ်ရီ အကိုင်းအခက်ကလွဲရင် ဘာတစ်ခုမှ ထူးခြားနေတာမျိုး ရှိမနေခဲ့ဘူး။
ဝမ်စုဖန်း သူမရဲ့ခေါင်းကို ပြန်လှည့်ပြီး ကျန်းကျန်းကို စကားတချို့ပြောဖို့ လုပ်တဲ့အချိန်မှာ သူမရဲ့ပါးစပ်ထဲမှာ ကျန်းကျန်းထည့်ပေးထားတဲ့ ဘလူးဘယ်ရီသီးတစ်လုံးရှိနေတာကြောင်း ဖောင်းကားနေတာကို သိလိုက်ရတယ်။ ဝန်စုဖန်း ထိုဘလူးဘယ်ရီသီးကို အရင်ကိုက်ပြီးမှ စကားဆက်ပြောဖို့လုပ်ခဲ့တယ်။ သို့ပေမယ့် ဘလူးဘယ်ရီသီးဆီမှ ထွက်လာတဲ့ ချိုချိုချဥ်ချဥ်အရည်ရွှန်းတဲ့ အရသာပြည့်နှက်သွားချိန်ကျမှသာ ဝန်စုဖန်းတစ်ယောက် သူမရဲ့ ပါးစပ်က ခြောက်သွေ့နေတာ အချိန်ကြာမြင့်လှပြီဖြစ်တဲ့အကြောင်းကို သတိပြုမိသွားရတယ်။
သူမရဲ့ ဗိုက်ထဲကို မြိုချပြီးနောက် ဝမ်စုဖန်းက ကျန်းကျန်းကို လွယ်ပိုးဖို့ ချည်ထားတဲ့ကြိုးတွေကို ပြန်ဖြည်လိုက်ကာ ကျန်းကျန်းကို သူမရဲ့ ရင်ခွင်ထဲမှာပွေ့ချီလိုက်တယု။ ထို့နောက် ဘလူးဘယ်ရီသီးတချို့ခူးကာ ကျန်းကျန်းရဲ့လက်ထဲကိုခည့်ပေးလိုက်ပြီး သူမကိုယ်တိုင်လည်း တစ်လုံးပြီးတစ်လုံး ခူးယူကာ အတော်များများစားလိုက်တယ်။
ကျန်းကျန်းတစ်ယောက် သူမဘဝရဲ့ ပထမဆုံးအကြိမ်အဖြစ်ဘလူးဘယ်ရီသီးကိုစားသောက်ခဲ့တယ်။ ဒါက ချိုချိုချဥ်ချဉ်နဲ့ အရသာလှရှိပေမယ့် သူမရဲ့ခန္ဓာကိုယ်က ငယ်ရွယ်လွန်းသေးတာကြောင့် အလွန်အကျွံစားမိရင် မကောင်းနိုင်ဘူးလို့တွေးမိတာကြောင့် ဘလူးဘယ်ရီသီးအများစုကို ဝမ်စုဖန်းရဲ့ပါးစပ်ထဲသို့သာ ထည့်ပေးနေခဲ့တယ်။
ဝမ်စုဖန်းက ထိုသစ်ကိုင်းပေါ်မှာရှိနေတဲ့ ဘလူးဘယ်ရီသီးတွေအားလုံးကို စားလိုက်ပြီးနောက် ကျန်းကျန်းက သူမရဲ့ မျက်လုံးတွေကိုမှိတ်လိုက်တော့ ထိုအကိုင်းအခက်က အနောက်ကိုပြန်ဆုတ်သွားခဲ့တယ်။
တကယ်လို့ သူမသာ အသီးတွေအားလုံးကိုခူးဆွတ်ခံထားရတာကြောင့် ကတုံးလိုဖြစ်နေတဲ့ ဘလူးဘယ်ရီအကိုင်းအခက်နဲ့ သူမရဲ့ ပါးစပ်ထဲမှာကျန်ရစ်နေဆဲဖြစ်တဲ့ ဘလူးဘယ်ရီရနံ့တွေကြောင့်သာမဟုတ်ဘူးဆိုရင် ဝမ်စုဖန်းတစ်ယောက် သူမ အိပ်မက်တစ်ခုမက်ခဲ့တာလို့ ထင်နေမိလိမ့်မယ်။
မဒမ်လီက သူမရဲ့ ခြေထောက်တိုတိုတွေနဲ့ အလျှင်အမြန်လျှောက်လာခဲ့တယ်။ သူမ တောင်ခြေသို့ရောက်သည်နှင့် တပြိုင်နက် လီမင်ပေကလည်း တခြားသောဦးတည်ချက်တစ်နေရာမှ သူမရှိရာဘက်သို့ ခြင်းတောင်းတစ်ခုနှင့် လာနေတာကို မြင်တွေ့လိုက်ရတယ်။
မဒမ်လီက သူ့ကိုအမြန်ရပ်ခိုင်းလိုက်တယ်။
“မင်းတစ်ယောက်တည်းလား.. မင်းရဲ့မရီးနဲ့ တတိယအစ်ကိုဘယ်မှာလဲ”
လီမင်ပေက သူလာခဲ့တဲ့ လမ်းကြောင်းဘက်ကို ညွှန်ပြပြီး ပြန်ဖြေလာတယ်။
“အဲဒီဘက်မှာ မှိုနဲ့ တောရိုင်း ဟင်းသီးဟင်းရွက်တွေ အများကြီး ပေါက်နေတယ်.. အဲဒါကြောင့် ကျွန်တော် ဒီအသီးအရွက် ခြင်းကို အိမ်ကိုပြန်ထားမလို့.. ပြီးရင် ရေနွေးတည်ပြီး ဟင်းရွက်ဖက်ထုပ်နှစ်အိုးလုပ်ရမယ်”
သူကပြောရင်းနဲ့ အမြန်သွားဖို့အတွက်ခြေထောက်တွေကိုမြှောက်လိုက်တယ်။
မဒမ်လီက သူ့ရဲ့လက်မောင်းကို အမြန်ဆွဲလိုက်တယ်။
“မင်းဘာလို့ အဲလောက်မြန်မြန်ပြေးနေရတာလဲ.. ကောင်စုတ်လေး..ငါမင်းကိုပြောစရာရှိသေးတယ်”
“ဘာကိစ္စရှိလို့လဲ အဖွား ကျွန်တော်ဗိုက်ဆာနေပြီ!”
လီမင်ပေက အသီးအရွက်တွေနဲ့ ပြည့်နေနဲ့ခြင်းကိုကြည့်ရင်း သူ့ရဲ့ ဗိုက်ကို ပွတ်သပ်ကာပြောလာတယ်။
“မနက်တုန်းက အဖွားက တောရိုင်းအသီးအရွက်တွေနဲ့ဖြည့်ထားတဲ့ အသီးအရွက်ဖက်ထုတ်တွေပဲကျွေးခဲ့တာလေ.. ကန်စွန်းဥတောင် အမျာကြီးမရခဲ့ဘူး.. အဲဒါကြောင့် ကျွန်တော် ဗိုက်ဆာနေတာကို မခံနိုင်တော့ဘူး”
မဒမ်လီက သူမရဲ့မြေးဖြစ်သူ ဗိုက်ဆာနေပြီလို့ပြောလာတာကိုကြားတော့ မကြာခင်တုန်းက မြင်ခဲ့တဲ့ တောင်ပေါ်မှ မြင်ကွင်းကိုပြန်လည်တွေးတောမိသွားရပြီး ပျော်ရွှင်မှုကို မထိန်းချုပ်နိုင်ဖြစ်သွာရတယ်။
“သွား.. အဖွားအတွက် တစ်ခုခုလုပ်ပေး.. အဖွားက ပြန်ရောက်ရင် မင်းကို အသားဟင်းချက်ပေးမယ်”
“တကယ်လား အဖွား ဘာခိုင်းမလို့လဲ”
လီမင်ပေရဲ့မျက်လုံးတွေက ချက်ချင်းတောက်ပလာပြီး အဖွားဖြစ်သူရဲ့ အဝတ်စုတ်တွေနဲ့ဖုံးထားတဲ့တောင်းထဲမှာ ဘာတွေပါလဲဆိုတာကိုကြည့်ဖို့အတွက် မဒမ်လီရဲ့အနားကို အလျှင်အမြန် လျှောက်လာခဲ့တယ်။
မဒမ်လီက သူ့ရဲ့လက်ကို ရိုက်ထုတ်လိုက်ပြီး သူမရဲ့အပျော်တွေကို မျက်နှာပေါ်မှာ မပေါ်စေပဲ ပြောလာတယ်။
“မြန်မြန်လုပ်.. ငါခိုင်းတာလုပ်ပြီးသွားရင် မင်းစားရလိမ့်မယ်”
“ကောင်းပါပြီ အဖွား.. အဖွား ဘာခိုင်းချင်တာလဲ”
သူတို့တွေ အသားအကြောင်း မပြောကြရတာ နှစ်တစ်ဝက်လောက်ရှိနေပြီ။ နောက်ပြီး အစားအသောက်ကိုတောင် ဝအောင်မစားရတော့ဘူးလေ။
လီမင်ပေကတော့ အသားတစ်ကိုက်စားနိုင်သရွေ့ သူ့ကို ပြေးသွားခိုင်းတာမပြောနဲ့ ကောင်းကင်ကနေ ပျံသွားခိုင်းမယ်ဆိုရင်တောင်မှ ကိစ္စမရှိဘူး လုပ်ပေးနိုင်တယ်လို့ တွေးနေပြီ။
**