Ch 14
Viewers 1k

အခန်း(14)


လူနာပြက္ခဒိန်ရဲ့ ခုနှစ်လမြောက်က တစ်နှစ်ပတ်လုံးမှာ အပူပြင်းဆုံးသော အချိန်ကာလပဲ။ လူတွေကတော့ တဖြေးဖြေးနဲ့ ပိုပိုပြီး နေရာလွတ်ဖြစ်လာတဲ့ မီးဖိုချောင်ထဲကို ကြည့်ပြီး စတင်ပြီး မငြိမ်မသက် ဖြစ်လာကြတယ်။ 


ဒီနှစ်ရဲ့ ပထမလကတည်းက ကောက်ပဲသီးနှံအထောက်အပံ့တွေက ပိုပိုပြီး ရှားပါးလာခဲ့တယ်။ အရင်တုန်းကဆိုရင် လစဥ်လတိုင်း ကောက်နှံတွေကို လတစ်ဝက်လောက် ဝယ်လို့ရနိုင်ပေမဲ့ ဒီနှစ်မှာတော့ မရရှိခဲ့ဘူးလေ။


ဇူလိုင်လတုန်းကဆိုရင် ထောက်ပံ့မှု နှစ်ကြိမ်ပဲ ဝယ်လို့ရခဲ့ပြီး ဝယ်လို့ရနိုင်တဲ့ပမာဏကလည်း အရမ်းကိုနည်းပါးလွန်းတယ်။ ဒီတော့ နို့စို့အရွယ် ကျန်းကျန်းကလွဲရင် မိသားစုအတွင်းရှိ လူတိုင်းက ဆာလောင်မှုဒဏ်ကိုသည်းခံနိင်စေဖို့ ခါးပတ်ကို တင်းတင်းကြပ်ကြပ်စည်းထားရုံသာတတ်နိုင်ခဲ့ကာ ဆာလောင်မွတ်သိပ်မှုဒဏ်ကို နောက်တစ်ဖန် ခံစားခဲ့ရပြန်တယ်။


လီမူဝူနှင့် လီမူစန်းတို့တွေက စပါးစတိုးဆိုင်ရဲ့ ဂိုဒေါင်တံခါးဝမှာ ထိုင်ကာ ဘာတစ်ခုမှရှိမနေတဲ့ခြံထဲကိုငေးရင်း သက်ပြင်းမချပဲမနေနိုင်ခဲ့ကြဘူး။ 


သူတို့နှစ်ယောက်လုံးက စပါးကောက်နှံဆိုင်မှာ ဂိုဒေါင်အတွင်းသို့ အိတ်တွေထမ်းသယ်ပေးရတဲ့ အလုပ်သမားတွေဖြစ်ပြီး သယ်ဆောင်ရတဲ့အထုတ်တွေအပေါ်မူတည်ပြီး ပိုက်ဆံတွေရရှိလေ့ရှိတယ်။ 


အရင်နှစ်တွေတုန်းကဆိုရင် လစဉ်လတိုင်း ယွမ် (၄၀) ဒါမှမဟုတ် (၅၀) လောက်ကို ဘယ်လိုဖြစ်ဖြစ်ရရှိနိုင်ခဲ့တယ်။  မနှစ်တုန်းကလည်း ဘယ်လောက်ပဲခက်ခဲပါစေ လစဥ် ယွမ်(၃၀)လောက်တော့ ရရှိနိုင်ခဲ့သေးတယ်။ သို့ပေမယ့် ဒီနှစ်မှာတော့ နှစ်အစကနေ ခုချိန်ထိ စုစုပေါင်းမှ ယွမ် (၄၀)လောက်ပဲ အိမ်ကိုပြန်ယူနိုင်ခဲ့သေးတယ်။


ပိုက်ဆံက အရေးမကြီးသေးဘူး။ သူတို့ဆီမှာ အရင်တုန်းက စုဆောင်းထားခဲ့တာ ရှိနေခဲ့တာကြောင့် သိပ်ပြီး ခက်ခဲတယ်လို့ မဆိုနိုင်ဘူး။ အရေးကြီးတာက အစားအသောက်တွေဝယ်လို့မရနိုင်တာပဲ။


လီမူဝူ မျက်မှောင်ကြုတ်လိုက်ပြီး အလုပ်ကြမ်းလုပ်ခဲ့ရတာတွေကြောင့် သူ့ကိုရှိရင်းစွဲအသက်ထက် ပိုပြီး ရုပ်ရင့်ပြီးအိုဆာသလိုထင်မြင်ရစေတယ်။  


“ငါတို့တို့  ဘာတစ်ခုမှ မသယ်နိုင်ပဲ အိမ်ကိုပြန်သွားရရင် အဆင်ပြေမှာမဟုတ်ဘူး.. မနက်ဖြန်ကျရင် အလုပ်ကိုမလာပဲ  တောင်ပေါ်တက်ပြီး တောရိုင်းအသီးအရွက်တွေ သွားခူးရအောင်..  ဘာပဲဖြစ်ဖြစ် စပါးဆိုင်မှာလည်း အလုပ်မှမဖြစ်ဘဲ”


လီမူစန်းက အနည်းငယ် ချီတုံချတုံ ဖြစ်နေသေးတယ်။


“အစားအသောက်အတွက်ဆိုရင် ကျွန်တော်တို့ ဒီမှာလည်း တချို့တစ်ဝက် ခူးလို့ရနိုင်တယ်.. ဒါပေမဲ့ ဒီမှာ လွတ်သွားရင်တော့ ဘယ်တော့မှ စားစရာတွေရလာနိုင်မလဲ မသိနိုင်ဘူး..  တောင်ပေါ်ကဟင်းသီးဟင်းရွက် ကောက်ဖို့က အိမ်ကကလေးတွေနဲ့ မိသားစုဝင်တွေကို လွှတ်လို့ရတယ်လေ..  မိန်းကလေးတွေအတွက် ဆန်တွေရနိုင်မလား ဒီမှာစောင့်နေတာက ပိုကောင်းလောက်မယ်”


လီမူဝူ သက်ပြင်းချလိုက်ပြီး ခေါင်းကို ကုတ်လိုက်တယ်။ သူ့အနေနဲ့ ဘာလုပ်ရမလဲဆိုတာ မသိတော့ဘူး။ ပေရှားခရိုင်ဆိုတာက သစ်တောဧရိယာပဲလေ။


လျှိုမြောင်ထဲမှာရှိနေတဲ့ လူတွေကလွဲရင် မြို့တွေမှာ စားသောက်နေကြတဲ့ အစားအစာ အများစုက ပြင်ပကနေ တင်ပို့လာခဲ့တာပဲ။ တခြားလူတွေက ပြောင်းလဲဖို့နေရာရှာနေကြပြီ။ သူတို့တွေ တစ်ယောက်ကိုတစ်ယောက် ကူကယ်ရာမဲ့စွာ ကြည့်လိုက်ကြပြီး ခေါင်းငုံ့ရင်း သက်ပြင်းချကြပြန်တယ်။


ထိုအချိန်မှာ မဒမ်လီသည်လည်း ဗီရိုကိုဖွင့်ကာ အထဲမှာရှိနေတဲ့ အစားအသောက်ပမာဏအနည်းငယ်ကို ကြည့်ပြီး သက်ပြင်းချနေခဲ့တယ်။ ယခုအခါ နွေရာသီအားလပ်ရက်ကိုရောက်ရှိနေပြီဖြစ်လို့ လီမင်တုန်နဲ့ လီမင်ရှီတို့က  သစ်တောစီမံခန့်ခွဲမှုရုံးသို့ သွားခဲ့ကြပြီး ပိုက်ဆံရဖို့အတွက် သစ်တွေသွားသယ်နေခဲ့ကြတယ်။ 


လီမင်နန်နဲ့ လီမင်ပေတို့သည်လည်း အချောင်ခိုမနေခဲ့ကြဘူး။ ကွေ့ဟွားက သူတို့နှစ်ယောက်ကို ခေါ်သွားပြီး တစ်နေကုန် တောင်ပေါ်သို့သွားကာ လိုက်လံရှာဖွေနေခဲ့တယ်။ သူတို့က တောရိုင်းအသီးအရွက်တွေခူးဆွတ်တဲ့အပြင် မိသားစုအတွက်  ထင်းတွေလည်း ပြန်သယ်လာခဲ့ကြတယ်။ သူတို့က အသုံးဝင်နိုင်တဲ့အရာမှန်သမျှ ကောက်ယူလာခဲ့ကြတယ်။


ဝမ်စုဖန်းကတော့ အိမ်ှာ အဝတ်အစားတွေကို လျှော်ဖွတ်နေခဲ့ပြီး ပြီးစီးသွားချိန်မှာ ကျန်းကျန်နိုးနေပြီလားဆိုတာကို အလျှင်အမြန်ဝင်ကြည့်ခဲ့တယ်။ ကလေးက မြေပြင်ပေါ်ကိုပြုတ်ကျသွားမှာကိုလည်း စိတ်ပူရသေးတယ်လေ။


မဒမ်လီက သူမရဲ့ချွေးမဖြစ်သူ အပြင်ကနေ ဝင်လာတာကို မြင်တော့ မီးဖိုခန်းထဲမှ ထွက်လာပြီး မေးလိုက်တယ်။


“ကျန်းကျန်း နိုးလာပြီလား.. သူမ နိုးလာရင် ခေါ်ခဲ့ပြီး ငါတို့တွေမြေနေရာဆီကို သွားကြည့်ရအောင်”


ထိုအချိန်မှာ ကျန်းကျန်းက ခန်ပေါ်မှာထိုင်ပြီး ပြတင်းပေါက်ဘောင်ကိုမှီကာ အပြင်ဘက်သို့ လှမ်းကြည့်နေခဲ့တယ်။


ဝန်စုဖန်းက သူမရဲ့ပုံစံကိုမြင်တော့ အလွန်ထိတ်လန့်သွားခဲ့ပြီး ခြေလှမ်းအနည်းငယ်လောက်နဲ့ ပြေးသွားကာ ကလေးကို ပွေ့ချီလိုက်တယ်။ 


မဒမ်လီ ဝင်လာချိန်မှာ ထိုမြင်ကွင်းကို မြင်လိုက်ရတော့ လျှင်မြန်စွာပြောလိုက်တယ်။


“သူမ ဘယ်လိုလုပ်ပြီး ပြတင်းပေါက်ဘောင်ဆီကိုရောက်လာရတာလဲမသိဘူး.. သူမသာ ထပ်ပြီးတွယ်တက်လိုက်မယ်ဆိုရင် ပြတင်းပေါက်ပေါ်ကိုရောက်ဖို့ နည်းနည်းလောက်ပဲလိုတော့မှာ ငါတို့အိမ်ရဲ့ ပြတင်းပေါက်က နိမ့်လွန်းတယ်.. သူမသာ ပြတင်းပေါက်ဘောင်ပေါ်ကိုတက်ပြီး အပြင်ကို ပြုတ်ကျလာရင် ထိလိုက်မိတော့မှာ”


ဝမ်စုဖန်း ယောက္ခမဖြစ်သူကို ပြန်တုံ့ပြန်လိုက်ပြီး ကျန်းကျန်းကို သူမရဲ့နောက်ကျောဘက်မှာ အဝတ်စနဲ့ လွယ်ပို့လိုက်တယ်။ ထို့နောက် သူမကို အဝတ်ဦးထုပ်လေးဆောင်းပေးလိုက်ပြီး စစ်တပ်သုံးရေဘူးကိုယူကာ တံခါးကိုသော့ခတ်ပြီး မဒမ်လီနဲ့အတူ အပြင်ကို ထွက်လာခဲ့တယ်။


ဒါက ကျန်းကျန်းအတွက် ကြီးပြင်းလာပြီးနောက် ပထမဆုံးအကြိမ် အိမ်ထဲမှ ထွက်လာခဲ့ရတာ ပထမဆုံးအကြိမ်ပဲ ။ ရာသီဥတုကောင်းမွန်တဲ့အချိန်မျိုးမှာ ဝမ်စုဖန်းနဲ့ ကွေ့ဟွားတို့က သူမကို ခြံထဲမှာ ခဏလောက်ခေါ်ပြီး ကစားရုံလောက်သာ ရှိခဲ့ဖူးတာလေ။


ဟုန်စုန့် တောင်တန်းက လီမိသားစုရဲ့နေအိမ်နဲ့ သိပ်ပြီး အဝေးလွန်းလှဘူး။ ထိုနေရာကိုရောက်ဖို့အတွက် သူတို့တွေ မိနစ်နှစ်ဆယ်လောက်ကြာအောင် လမ်းလျှောက်ရလိမ့်မယ်။


သူတို့တွေ တောထဲသို့ ခြေချလိုက်တာ အပူဒဏ်တွေက ခဏချင်းပင် ပျောက်ကွယ်သွားခဲ့တယ်။  


မြင့်မားလွန်းလှတဲ့ ထင်းရှူးပင်တွေနဲ့ ဘုဇပတ်ပင်တွေက မြင့်မားစွာယှက်နွယ်နေကြပြီး ကောင်းကင်ယံဆီမှ နေရောင်ခြည်ကိုပိတ်ဆို့ထားကာ နွေအပူဒဏ်ကို တွန်းလှန်ထားခဲ့တယ်။ 


မဒမ်လီက ခြည်သားအဝတ်လေးနဲ့ ကျန်းကျန်းရဲ့ဘေးပတ်လည်ကို ချည်းကပ်လာတဲ့ ပိုးမွှားတွေကို တစ်ကြိမ်ပြီးတစ်ကြိမ်ဝှေ့ရမ်းပေးနေပြီး ကျန်းကျန်းကို ခြင်တွေမှတ်တွေ  ကိုက်ခဲလာမှာကို စိုးရမ်စွာနဲ့ မောင်းထုတ်ပေးနေခဲ့တယ်။


တောင်ထိပ်မှ မြေဆီလွှာတွေက တောင်အောက်ခြေထက် များစွာ စိုစွတ်နေခဲ့သော်လည်း ထိုနေရာက ပိုပိုပြီးအေးလာခဲ့တာကြောင့် နေထိုင်ဖို့ကောင်းမွန်တဲ့ပုံမရှိဘူး။  


မဒမ်လီက လွန်ခဲ့တဲ့ ဆယ်ရက်လောက်က အစေ့ချပြီးစိုက်ထားတဲ့ ဂေါ်ဖီထုပ်  စိုက်ခင်းရှိရာနေရာဆီသို့ လျှောက်သွားလိုက်တယ်။ ထိုစိုက်ခင်းနေရာက မြက်ပင်များနဲ့ဖုံးလွှမ်းနေပြီး ဂေါ်ဖီပျိုးပင်များထွက်ပေါ်လာခြင်း မရှိသေးတာကိုမြင်တော့ အနည်းငယ် စိုးရိမ်လာခဲ့တယ်။


“ပြီးခဲ့တဲ့ အကြိမ်က စိုက်ထားခဲ့တဲ့ မျိုးစေ့တွေ ရှင်နေလောက်သေးရဲ့လား မသိဘူး..နေရာတစ်ခုရှာပြီး ကလေးကိုချထားလိုက်ဦး.. ငါတို့ မြက်တွေနှုတ်ရမယ်”


ဝမ်စုဖန်းက ပြန့်ပြူးတဲ့မြေပြင်တစ်နေရာရှာလိုက်ပြီး နူးညံ့တဲ့မြက်ခင်းတွေကို ဖြန့်ခင်းပေးလိုက်ကာ ကျန်းကျန်းကို ထိုနေရာဆီမှာ ချပေးလိုက်တယ်။


ကျန်းကျန်းတစ်ယောက် မြေပြင်မှာထိုင်ရင်းနဲ့ မြက်ပင်တွေကို လက်နှစ်ဖက်နဲ့ ကိုင်လိုက်ချိန်မှာ  ရုတ်တရက် ထူးဆန်းတဲ့ ခံစားချက်တစ်ခုက သူမရဲ့ နှလုံးသားထဲသို့ ဝင်ရောက်လာခဲ့တယ်။ 


စိုစွတ်နေတဲ့မြေပြင်ကို ထိလိုက်မိချိန်မှာတော့ သစ်တောအတွင်းမှာရှိနေတဲ့ သစ်ပင်တိုင်း မြက်ပင်တိုင်းအပြင် ပုန်းအောင် ခိုနားနေခဲ့ကြတဲ့ ကျေးငှက်တွေတိုင်း၊ အင်းဆက်တွေတိုင်းနှင့် တိရစ္ဆာန်တိုင်းကိုပါ ခံစားမိနိုင်နေခဲ့ပြန်တယ်။ 


သူမက သူတို့တွေတိုင်းရဲ့ဖြစ်တည်မှုတွေကို ခံစားနေနိုင်ပြီး သူတို့တွေးနေတဲ့အရာတွေကိုပါသိရှိနေခဲ့တယ်။


မြက်ပင်တွေတည်ရှိရာကိုဖြတ်သန်းပြီးနောက် ဂေါ်ဖီထုတ်တွေအစေ့ချထားတဲ့ မဖြစ်ထွန်းတဲ့မြေနေရာမှာ...


“ငါ နေရောင်ခြည်လိုချင်တယ်...”


“အရမ်းအေးတာပဲ..”


“ငါ မြေကြီးထဲကနေ ဖောက်ထွက်ချင်နေပြီ..”


ကျန်ကျန်းက သူမရဲ့ အာရုံစူးစိုက်မှု တွေအားလုံးကို ထိုမြေနေရာဆီမှာမြှုပ်နှံထားလိုက်တယ်။  သူမက ဒီနေရာမှာ အုံ့မှိုင်းပြီး အေးစက်မှုတွေကို ခံစားနေရတယ်လို့ တွေးမိတာကြောင့် နေရောင်ခြည်ရဲ့ နွေးထွေးမှုတွေကိုကို မနေနိုင်ပဲတွေးတော စိတ်ကူးယဥ်ကြည့်လိုက်မိတယ်။


ကျန်းကျန်းရဲ့အတွေးတွေ ပြောင်းလဲသွားတာတယ်ဆိုရင်ပဲ သစ်ပင်ထိပ်ဖျားဆီမှ ထူထပ်အုပ်မှိုင်းနေတဲ့သစ်ရွက်တွေကြားထဲမှ နေရောင်ခြည်အကွက်တန်းတွေက အစက်အပျောက်လေးတွေအဖြစ် ဖြာကျလာခဲ့ကာ ထို ကုန်းမြေပေါ်မှာရှိနေတဲ့ အသီးအရွက်ပင်ပေါက်နဲ့အစေ့လေးတွေ တစ်ခုချင်စီတိုင်းဆီကို လင်းဖြာပေးဖို့ ကြိုးစားလာခဲ့ကြတယ်။


နွေးထွေလွန်းတဲ့ နေရောင်ခြည်က သူမရဲ့ ခန္ဓာကိုယ်ဆီကိုလည်း ဖြာဝေတောက်ပလာခဲ့ကာ ကျန်းကျန်းရဲ့ မျက်ဝန်းတွေကိုပိတ်ဆို့ထားတဲ့ ကလေးမျက်နှာလေးပေါ်မှာ အပြုံးလေးဖြစ်ပေါ်လာခဲ့တယ်။ သူမက မြေပြင်ပေါ်မှ အစေ့တစ်ခုချင်းစီကို လိုအပ်တဲ့နေရောင်ခြည်တွေရရှိစေဖို့ တွေးတောနေခဲ့ပြီး အစေ့လေးတွေက အညှောက်ပေါက်ပြီး ပျိုးပင်ပေါက်လေးတွေအဖြစ် မြေပြင်ပေါ်သို့ ထွက်ပေါ်လာခဲ့တာကိုပါ ဆက်လက်တွေးတောနေခဲ့တယ်။ ထိုအပင်ပေါက်လေးတွေက အောက်ခြေမြေဆီလွှာဆီမှ အစိုဓာတ်နဲ့ အပေါ်ဘက်မှ နွေးထွေးစွာကျရောက်လာတဲ့ နေရောင်ခြည်မှ လိုအပ်မှုတွေအားလုံးကိုစုတ်ယူကာ လျင်မြန်စွာ ကြီးထွားလာခဲ့ကြတယ်။


မဒမ်လီနဲ့ ဝမ်စုဖန်းတို့က သူတို့စိုက်ထားတဲ့စိုက်ခင်းနေရာဆီမှ မြက်ပင်တွေကို ဆွဲနှုတ်နေကြစဥ်မှာ သူတို့ရဲ့ဘေးဘက်ဆီမှ  ပြိုးပြိုးပြက်ပြက်ပြက်ပြက်လင်းလက်လာတဲ့ အလင်းတန်းတစ်ခု ထွက်ပေါ်လာတာကို တွေ့လိုက်ရတာကြောင့် အနောက်ဘက်ကိုလှည့်ကြည့်လိုက်မိကြတယ်။ 



ထို့နောက်မှာတော့ ကျန်းကျန်းရဲ့ခန္ဓာကိုယ်တစ်ခုလုံးဆီမှာ ရွှေရောင်အလင်းတန်းတစ်ခုဖနင့် ဖုံးအုပ်ထားတာကို အံ့သြထိတ်လန့်စွာဖြင့် တွေ့လိုက်ရလေတယ်။ 


“ကျန်းကျန်း...”


ဝမ်စုဖန်းက ကျန်းကျန်းဆီမှာ အန္တရာယ်တစ်မျိုးမျိုးဖြင့်ကြုံတွေ့နေရပြီလို့ ထင်လိုက်မိတာကြောင့် သူမရဲ့ကလေးဆီကို အပြေးအလွှားသွားချင်ခဲ့တယ်။ သို့ပေမယ့် နှစ်လှမ်းလောက် လှမ်းပြီးသွားချိန်မှာ သူမရဲ့လက်ကို မဒမ်လီက ဖမ်းဆွဲလိုက်တာကိုခံလိုက်ရတယ်။ 


ဂေါ်ဖီထုပ်အစေ့တွေက မြေပြင်ပေါ်မှအညှောက်ထွက်ကာ ပေါက်လာကြပြီး လေထုထဲမှာပဲ ကြီးထွားလာခဲ့ကြကာ ချက်ချင်းနီးပါး ခူးယူစားသောက်လို့ရတဲ့အရွယ်အထိ ကြီးထွားလာခဲ့လေတယ်။



**