Ch 13
Viewers 1k

အခန်း(13


အိမ်ရဲ့အတွင်းပိုင်းမှာတော့ မီးဖိုဆီမှ အနွေးဓာတ်ကြောင့် နွေးနွေးထွေးထွေး ရှိနေခဲ့ပြီး အပြင်ဘက်မှာတော့ အေးစက်လှတဲ့နှင်းထုတွေကြားထဲမှာ ကောင်ငယ်လေးတွေက ပြေးလွှားခုန်ပေါက်ပြီး ဆော့ကစားနေခဲ့ကြတယ်။ 


အခုချိန်မှာတော့  အိမ်ထောင်စုအသီးသီးမှ ဆယ်ကျော်သက် ကောင်လေးတွေ အားလုံး အပြင်ကိုထွက်လာပြီး ဆော့ကစားနေကြပြီ။ တစ်စုံတစ်ယောက်က မီးရှူးမီးပန်းများကို နှင်းအစုအဝေးအပေါ်မှာ ထည့်ထားခဲ့ပြီး နောက်တစ်ယောက်က တော့ မီးရှူးမီးပန်းတွေကို နှင်းတွေနဲ့ဖန်တီးပြုလုပ်ထားတဲ့  ရေခဲအဆောက်အအုံတွေပေါ်မှာထားရင်း တစ်ယောက်က်နဲ့တစ်ယောက်ယှဥ်ပြိုင်ဆော့ကစားနေခဲ့ကြတယ်။


သူတို့တွေက  ယန်ဆွေ့မြစ်တစ်လျှောက်လုံး မီးရှူးမီးပန်းတွေနဲ့ ပစ်လွှတ်နေခဲ့ကြပြီး အိမ်တိုင်းအိမ်တိုင်းမှ ကလေးတွေက မြစ်ဘေးဆီသို့ပြေးထွက်လာခဲ့ကြကာ သူတို့ရဲ့စွတ်ဖားတွေကိုဆွဲယူလာရင်း အပြေးပြိုင်ဖို့အတွက် တန်းစီနေခဲ့ကြတယ်။  


ရှုံးသွားတဲ့လူတိုင်းက မီးရှူးမီးပန်းတွေကို အဖိုးအခအနေနဲ့ ပေးဆောင်ရမယ်။  လီမင်ပေ၊ လီမင်နန် နဲ့ လီမင်ရုန်တို့မှာလည်း   သစ်သားချောင်းနှစ်ချောင်းစီရှိနေခဲ့ကြကာ လျင်မြန်စွာ လျှောစီးနေခဲ့ကြပြီး လီမင်ကွမ်းကတော့ လီမင်ရှုနဲ့ လီမင်ရှင်းတို့နဲ့အတူ လိုက်လံအားပေးနေခဲ့တယ်။


တစ်မနက်ခင်းလုံး အားပါးပါးရနဲ့ အပြင်းအထန်ဆော့ကစားပြီးနောက်မှာတော့ ဗိုက်ကိုဆာလောင်စေလောက်တဲ့အထိ မွေးပျံ့နေတဲ့ အစားအစာတွေရဲ့ရနံ့ကို ရရှိလာခဲ့တာကြောင့် အိမ်သို့ ပြန်လာခဲ့ကြတယ်။ လီမင်ရှင်းက သူ့ရဲ့မျက်နှာကို ဆေးကြောရင်းနဲ့ မှတ်ချက်ချလာတယ်။


“အဖွားရဲ့အိမ်က ကျွန်တော်တို့ရဲ့အိမ်ထက် အများကြီး ပိုပြီးပျော်စရာကောင်းတယ်” 


ကျန်းချွမ်ဟွားက အနောက်ကိုပြန်လှည့်ကြည့်လိုက်လိုက်ပြီး အနီးအနားမှာ ဘယ်သူမှ မရှိတာကိုမြင်မှ သူမရဲ့သားဖြစ်သူကို တိုးတိုးတိတ်တိတ်နဲ့  သတိပေးစကားဆိုခဲ့ပြန်တယ်။


“ငါတို့ရဲ့အိမ်က မင်းအဖွားရဲ့အိမ်ထက် ပိုကောင်းတယ်.. တကယ်လို့ မင်းအဖွားရဲ့အိမ်က ငါတို့အိမ်ထက်ပိုကောင်းတယ်လို့ ဆက်ပြောနေမယ်ဆိုရင်ရင် ငါ မင်းကို ဒီမှာပဲ ထားခဲ့တော့မယ်..  မင်းကို ငါတို့နဲ့အတူ ပင်းချန်ကို ပြန်မခေါ်သွားတော့ဘူး”


လီမင်ရှင်းက အခုမှ လေးငါးနှစ်အရွယ်မျှသာရှိသေးတာလေ။ ဒီတော့ သူမရဲ့စကားကိုကြားချိန်မှာ ချက်ချင်းပဲ စိတ်ပျက်လက်ပျက်ဖြစ်သွားခဲ့ရကာ ညိုးငယ်ထိုင်းမှိုင်းစွာနဲ့ ထိုနေ့မွန်းလွဲပိုင်း သူ့ရဲ့အစ်ကိုတွေ ကစားတဲ့နောက်ကိုတောင် မလိုက်ရဲတော့ဘူး။ ထို့အစား သူက အမေဖြစ်သူအတူ အနွေးပေးထားတဲ့ ခန်ပေါ်မှာ နာခံစွာနဲ့  တစ်ရေးတစ်မောအိပ်ကာ အနားယူခဲ့တယ်။



သို့ပေမယ့် ညနေစောင်းချိန်ကိုရောက်တော့ လျို့ရှို့လန်နဲ့ ကွေ့ဟွားတို့က ညစာအတွက်ပြင်ဆင်ခဲ့ကြတယ်။ သူတို့က အရိုးကြီးတွေနဲ့ ဂေါ်ဖီတို့ပြုတ်ထားတဲ့ စွပ်ပြုတ်၊ ကြက်သားနဲ့ မှိုစတူးချက်၊ ငါးကြင်းနဲ့ တို့ဟူးစတူးတို့ လုပ်ခဲ့ကြတယ်။


လီမင်ရှင်းက ဟင်းရနံ့တွေကို ရှူရှိုက်ရင်းနဲ့ ခန်ပေါ်မှထရပ်လိုက်တော့  အဖွားလီနှင့်အတူ ဝမ်စုဖန်းနဲ့ ကျန်းချွမ်ဟွားတို့တွေ  ဖက်ထုပ်လုပ်နေတာကို မြင်တွေ့လိုက်ရတယ်။  ဖြူဖြူဖွေးဖွေး ဖက်ထုပ်တွေက  ဗန်းပေါ်တွင် သပ်သပ်ရပ်ရပ် တန်းစီလျှက်သားရှိနေခဲ့တယ်။


လီမင်ရှင်းရဲ့ ပါးစပ်က ချက်ချင်းပဲ ရေတွေနဲ့ပြည့်နှက်လာကာ သူ့ရဲ့အမေဖြစ်သူကိုလှမ်းပြောလိုက်တယ်။


“အမေ.. ကျွန်တော်ကတော့ အဖွားရဲ့အိမ်က ကျွန်တော်တို့ရဲ့အိမ်ထက် ပိုကောင်းတယ်လို့ ထင်နေတုန်းပဲ.. ဒီတော့ အမေ ကျွန်တော့်ကိုဘာလို့မထားခဲ့ရမှာလဲ..  ကျွန်တော် ဒီမှာနေရတာကို အရမ်းကြိုက်တယ်”


ကျန်းချွမ်ဟွားရဲ့မျက်နှာက ရှက်ရွံ့စိတ်တွေနဲ့ ချက်ချင်းပဲ နီရဲသွားခဲ့ရတယ်။  


တစ်ဖက်မှ ဝမ်စုဖန်းကတော့ ဖက်ထုပ်အသားထဲသို့အစာသွပ်ကာ ထုပ်နေရင်းနဲ့ လီမင်ရှင်းရဲ့ပုံစံလေးကိုကြည့်ကာ မရယ်ပဲမနေနိုင်ဘူး။


“  ကြားရတာကောင်းသားပဲ.. ဒါဆိုရင် မင်းရဲ့ဒုတိယအန်တီက မင်းအိပ်နေတဲ့အချိန်တွေမှာ ဖက်ထားပေးမယ်လေ”


လီမင်းရှင်းက ကျန်းချွမ်ဟွားရဲ့ ရှုပ်ထွေးတဲ့အမူအယာကို နားမလည်ခဲ့ဘူး။ သူက ခန်ရဲ့ အလယ်သို့ ပျော်ရွှင်စွာတိုးဝင်လာခဲ့ကျန်းကျန်းရဲ့ ပုခက်လေးကိုတွန်းရင်း ဝမ်စုဖန်းကို အပြစ်ကင်းစင်စွာမေးလာတယ်။


“ဒါဆို ကျွန်တော် ညီမလေးကျန်းကျန်းနဲ့ တစ်ခန်းတည်းမှာနေရမှာလား” 


ဝမ်စုဖန်းက သူမရဲ့ရယ်ချင်စိတ်ကို ထိန်းချုပ်ပြီး အလေးအနက်ရှိတဲ့အသံနဲ့ပြောလိုက်တယ်။  


“ဒါပေါ့.. မင်းရဲ့ ညီမလေးကျန်းကျန်းက ငယ်သေးလို့ မင်းရဲ့ ဒုတိယအန်တီနဲံ အိပ်ရတယ်”


“အင်း ဒါဆိုဒုတိယအန်တီနဲ့အတူအိပ်မယ်!” 


လီမင်းရှင်းက စိတ်အားထက်သန်စွာ ခေါင်းညိတ်လိုက်တယ်။


“ဒါဆို ကျွန်တော်ဒီမှာနေတော့မယ်”


အဖွားလီနှင့် ဝမ်စုဖန်းတို့က ချက်ချင်းပဲ အော်ရယ်လိုက်မိကြတယ်။ ကျန်းချွမ်ဟွားအနေနဲ့ ဝန်စုဖန်းက လီမင်းရှင်းကို စနောက်နေတယ်ဆိုတာကိုသိပေမဲ့ သူမက သက်သောင့်သက်သာမဖြစ်သလို ခံစားမိတုန်းပဲ။ 


သို့သော်လည်း ထိုအချိန်မှာ အပြင်ဘက်ဆီမှ မီးရှူးမီးပန်းတွေပစ်ခတ်တဲ့အသံတွေ ထွက်ပေါ်လာတာကြောင့် သူမရဲ့ အဆင်မပြေမှုကို ဘယ်သူကမှ သတိမထားမိခဲ့ကြဘူး။ မိသားစုတစ်စုလုံးက အနောက်ခန်းထဲမှာ စုရုံးကာ စကားစမြည်ပြောရင်း ဝမ်းသာအားရ ရယ်မောသံတွေက ဆက်တိုက်ပဲ ပဲ့တင်ထနေခဲ့တယ်။


အစားအသောက်တွေ အဆင်သင့်ဖြစ်တဲ့အချိန်မှာတော့ လီမိသားစုရဲ့ညီအစ်ကို သုံးယောက်က တစ်နှစ်မှာ တစ်ကြိမ်သာ အသုံးပြုလေ့ရှိတဲ့ စားပွဲဝိုင်းကြီးကို ယူလာကာ သပ်သပ်ရပ်ရပ်နဲ့ ခင်းကျင်းပြင်ဆင်ကြပြီး  အစားအသောက်အမယ်စုံလင်စွာ တစ်ယောက်ပြီးတစ်ယောက် ယူဆောင်လာခဲ့ကြတယ်။


လီမူဝူက သူသိမ်းဆည်းထားတဲ့ အရက်တွေကို ထုတ်ယူလာခဲ့ပြီး သူ့အမေနှင့် သူ့ရဲ့ညီနှစ်ယောက်အတွက် တစ်ဖန်ခွက်စီလောင်းထည့်ပေးလိုက်တယ်။ သူတို့တွေ ဖန်ခွက်ချင်းတိုက်လိုက်ကာ ပျော်ရွှင်စွာ တစ်ငုံစီသောက်လိုက်ကြပြီးမှ တူတွေကိုဆန့်ထုတ်ကာ ဟင်းပန်းကန်တွေထဲမှ အရိုးနဲ့ အဆီများတဲ့အသားတွေကို လှမ်းယူလိုက်ကြတယ်။


နှစ်သစ်ကူးအကြိုနေ့ပြီးဆုံးသွားတဲ့နောက် နေ့ရက်တွေက လျင်မြန်စွာ ကုန်လွန်ခဲ့ပြီး မကြာခင်မှာပဲ လူနာပြက္ကဒိန် ပထမမြောက်လရဲ့ ဆယ်ရက်နေ့ကိုရောက်လာခဲ့တယ်။  


လီမူလင်းသည်လည်း ပင်းချန်မြို့ကို ပြန်သွားရမဲ့နေ့သို့ ရောက်ရှိလာခဲ့ပြီ။ လီမူလင်းက မသွားခင်မှာ မဒမ်လီ  သူ့ကိုပေးခဲ့တဲ့ ပိုက်ဆံတွေနဲ့ သူရဲ့စုဆောင်းထားတဲ့ငွေတွေကို ပေါင်းပြီး နောက်ထပ်အစားအသောက်လက်မှတ် ငါးဆယ်ကိုလည်း မဒမ်လီဆီကို ပေးအပ်ခဲ့တယ်။ 


“အမေ..ဒါတွေက ကျွန်တော် အမေအတွက် ဆယ်စုနှစ်လုံးစုဆောင်းခဲ့တဲ့ပိုက်ဆံတွေပါ .. အခုကစပြီး လစဥ်လတိုင်း အမေ့အတွက် ပိုက်ဆံနဲ့ အစားအသောက်လက်မှတ်တွေ ပြန်ပို့ပေးပါ့မယ်”


မဒမ်လီက သားဖြစ်သူပေးတဲ့ ပစ္စည်းတွေကို လက်ခံပြီးနောက် သူ့ကို မီးဖိုချောင်ထဲသို့ ခေါ်သွားခဲ့တယ်။ ထို့နောက် ပြောင်းဖူးမှုန့် အိတ်တစ်ဝက်နဲ့ နှစ်လကြာအောင် အေးခဲထားတဲ့ သမင်ခြေထောက်တစ်ပိုင်းကို လှမ်းပေးလိုက်ခဲ့တယ်။


“ဒါတွေက မင်းရဲ့ ဒုတိယအစ်ကိုနဲ့ မရီးတို့က မင်းအတွက် ပြင်ဆင်ပေးထားတာ..  သူတို့နှစ်ယောက်ကလည်း ခက်ခဲနေတယ်ဆိုပေမယ့် အနည်းဆုံးတော့ အိမ်မှာ ကောက်ပဲသီးနှံတွေ စိုက်ပျိုးနိုင်ပြီး မှိုတွေကောက်နိုင်သလို ၊ ကြွက်နားရွက်တွေ၊ တောရိုင်းဟင်းသီးဟင်းရွက်တွေကိုလည်း စုဆောင်းတယ်ကံကောင်းရင် တောကြက်နဲ့ ယုန်တွေကိုတောင် ဖမ်းနိုင်သေးတယ်.. ဒီတော့ မင်းတို့ရဲ့ ဘဝထက်တော့ ပိုကောင်းနေပါသေးတယ်”


လီမူလင်းတစ်ယောက် ထိုပစ္စည်းတွေကိုကြည့်ရင်း မျက်ရည်တွေကျဆင်းလာရတယ်။


“အခုအချိန်က ခက်ခဲနေကြတာ .. အမေ ဒါကို သူတို့အတွက် ချန်ထားလိုက်ပါ.. ကျွန်တော်တို့မှာက အစာစားမဲ့ပါးစပ်တွေအများကြီးမရှိဘူး.. ဒါကြောင့် စီမံနိုင်ပါသေးတယ်”


“ငါက မင်းတို့လူကြီးနှစ်ယောက်စားရတာ မစားရတာကို ဂရုမစိုက်ဘူး ဒါပေမယ့် မင်းရှုနဲ့ မင်ရှင်းတို့က လိမ်မာတဲ့ကလေးတွေပဲ.. သူတို့တွေ ဗိုက်ဆာနေရတာကို မြင်ရတာ ငါ့ကိုနာကျင်စေတယ်” 


မဒမ်လီက သူမရဲ့ဆေးတံမှ ပြာတွေကို ခေါက်ပြီးခါလိုက်တယ်။ ထိုနောက် ခဏလောက်တိတ်ဆိတ်နေပြီးမှ လက်ကိုဝှေ့ရမ်းပြီး ပြောလိုက်ပြန်တယ်။


“မြန်မြန်သွားတော့.. ရထားကိုမလွတ်နဲ့”


လီမူလင်းက မျက်ရည်သုတ်လိုက်ပြီး  သူ့အမေကို နှုတ်ဆက်စကား ထပ်ပြောဖို့လုပ်လိုက်ပေမဲ့ ရုတ်တရက် ရင်ထဲကိုထိပြီး ငိုလိုက်မိတာကြောင့် သူခုနတုန်းကပြောချင်နေတာကို မေ့သွားခဲ့လေတယ်။


“မသွားချင်ဘူး မသွားချင်ဘူး! အဖွား! ကျွန်တော့်ကို လာကယ်ပါဦး!” 


လီမင်းရှင်းက သူ့ရဲ့မိဘများ ထုပ်ပိုးပြီး ထွက်ခွာရန် အဆင်သင့်ဖြစ်နေတာကို မြင်တော့ ပြန်ရတော့မယ်ဆိုတာကို  သဘောပေါက်ပြီး မထိန်းချုပ်နိုင်စွာ အော်ငိုလာတယ်။


“ကျွန်တော် အဖွားရဲ့အိမ်ကို ချစ်တယ်!  အဖွားကို ချစ်တယ်! အိမ်ကို မပြန်ချင်ဘူး”


ကျန်းချွမ်ဟွားက စိတ်ဒုက္ခရောက်စွာနဲ့ ချွေးတွေပြန်နေရပြီး  သူ့ကို ချော့မော့ဖို့ကြိုးစားနေရတယ်။


  “မငိုနဲ့လေ.. ငါတို့ နောက်တစ်ခေါက်ပြန်လာကြမယ်”


“ဒါပေမယ့် ဟိုတစ်နေ့ကပဲ အမေပြောခဲ့တယ်လေ! အဖွားတို့ရဲ့အိမ်က ကျွန်တော်တို့အိမ်လောက်မကောင်းဘူး နောက်တစ်ခါပြန်မလာတော့ဘူးဆို!”


လီမင်းရှင်းက သူ့ရဲ့အမေကို မယုံတော့ဘဲ မျက်ရည်စက်လက်ဖြင့် သူ့အမေရဲ့စကားအတိအကျကို ပြန်ပြောခဲ့တယ်။


ကျန်းချွမ်ဟွားတစ်ယောက် ဘေးဘက်မှာရပ်ပြီး ဆေးတံသောက်နေတဲ့ မဒမ်လီကို လှမ်းကြည့်လိုက်မိပြီး ချွေးသီးချွေးပေါက်တွေကျဆင်းလာရတယ်။ 


သူမရဲ့ကလေးနှစ်ယောက်က လီမိသားစုအိမ်မှာ ကောင်းကောင်းစားနေကြရပြီး သူတို့ရဲ့ ကိုယ်အလေးချိန်တွေတောင် နည်းနည်းလောက်တက်လာတာကိုမြင်နေရပေမယ့် ကျန်းချွမ်ဟွားက  သူမရဲ့ကလေးတွေ လီမိသားစုနဲ့ ပိုပြီးရင်းနှီးလာတာကိုမြင်တော့ မနာလိုမဖြစ်ဘဲ မနေနိုင်ခဲ့ဘူး။ ဒါကြောင့်ပဲ လွန်ခဲ့သော နှစ်ရက်က သူမရဲ့သားကို တီးတိုးပြောထားခဲ့တာ။


“အဓိပ္ပာယ်မရှိတာတွေပြောမနေနဲ့ တကယ်လို့ မင်း မလိမ္မာဘူးဆိုရင်  ငါတို့ မင်းကို နောက်တစ်ခါ လိုက်မပို့တော့ဘူး” 


ကျန်းချွမ်ဟွားတစ်ယောက် နောက်ဆုံးတော့ သူမရဲ့သားကို ချော့မော့နိုင်သွားပြီး ဆွဲထုတ်လုနီးပါး ခေါ်လာခဲ့ကာ မဒမ်လီရဲ့ရှေ့သို့ သွားရင်း ဖြစ်ညှစ်ပြီးပြုံးလိုက်တယ်။


“အမေ ကျွန်မတို့ သွားတော့မယ်နော်.. မူလင်း အားလပ်ချိန်ရရင် ကျွန်မတို့ ပြန်လာခဲ့မယ်”


မဒမ်လီက မျက်တောင် ,တောင်  မခတ်ခဲ့ပဲ မြေးဖြစ်သူရဲ့ ခေါင်းကို ညင်သာစွာပွတ်သပ်လိုက်တယ်။


“ဆောင်းဦးရာသီမှာ ပြန်လာခဲ့လေ.. ဆောင်းဦးရာသီကျရင် တောင်တန်းတွေသာ ကောင်းတဲ့အရာတွေနဲ့ ပြည့်နေမှာ.. အဲဒီအချိန် အဖွားက မင်းတို့ကို စိတ်ကျေနပ်တဲ့အထိ စားခွင့်ပေးမယ်”


ထိုစကားတစ်ခွန်းတည်းနဲ့ လီမင်ရှင်းရဲ့ မျက်ရည်တွေက ချက်ချင်းရပ်တန့်သွားခဲ့ပြီး မျက်နှာပေါ်မှ မျက်ရည်တွေကို သုတ်ကာ မဒမ်လီကို တောက်ပပြီး အပြစ်ကင်းစင်တဲ့ အပြုံးဖြင့် မော့ကြည့်လာတယ်။


“ကျွန်တော် အဖွားကို ချစ်တယ်!”


လီမူလင်းရဲ့ မိသားစုကို လိုက်ပို့ပြီးနောက် အသက်ဝင်နေခဲ့တဲ့ လီမိသားစုက ပုံမှန်အတိုင်း ပြန်လည်ရောက်ရှိသွားခဲ့တယ်။


မကြာခင်မှာပဲ နှင်းတွေနဲ့ ရေခဲတွေက အရည်ပျော်လာပြီး မြစ်ရေတွေကလည်း ကျဆင်းလာပြီး ရာသီဥတုက တဖြည်းဖြည်း ပူနွေးလာခဲ့တယ်။ 


အချိန်တွေ တရွေ့ရွေ့ ဖြတ်သန်းလာပြီးနောက် ကျန်ကျန်းသည်လည်း နောက်ဆုံးတော့ နွေရာသီရောက်လာချိန်မှာပဲ ထထိုင်လာနိုင်ခဲ့တယ်။