အခန်း(12)
ကျန်းချွမ်ဟွားဆိုတာက ခိုးကြောင်ခိုးဝှက် အကြံအစည်တွေအများကြီးရှိပေမဲ့ အရည်အချင်းကတော့ မရှိတဲ့ သူမျိုးပဲ။
ရိုးရိုးရှင်းရှင်းပြောရရင် သူမက အားနည်းတဲ့သူများကို အနိုင်ကျင့်တတ်ပြီး အားကြီးသူတွေကိုတော့ ကြောက်လန့်တတ်တယ်။
ဒါကြောင့် မဒမ်လီက သူမရဲ့ တောင်ဝှေးကို ဝှေ့ယမ်းပြီး တင်းမာတဲ့အကြည့်ကို ပေးလာတဲ့အချိန်မှာ ကျန်းချွမ်ဟွားက ချက်ချင်းပဲ နောက်ကိုပြန်ဆုတ်သွားခဲ့တာ။
အဲဒီနောက်မှာ သူမရဲ့ အပြုအမူတွေကို သင်ယူနိုင်ခဲ့မယ်ဆိုရင်တော့ ကောင်းမွန်လိမ့်မယ်။ သို့ပေမဲ့ သူမက သင်ယူတတ်တဲ့သူတစ်ယောက်မဟုတ်ခဲ့ဘူး။
သူမက မဒမ်လီကို အပြစ်မလုပ်ရဲတော့ဘူးဆိုပေမဲ့ သူမရဲ့မြေးချွေးမဆီကို သွားပြီးအနိုင်ကျင့်ခဲ့ပြန်တယ်။ သို့သော်လည်း ငယ်စဥ်ကတည်းက သူမရဲ့ယောက္ခမအိမ်မှာ ကြီးပြင်းလာတဲ့ ကွေ့ဟွားဆိုတဲ့မိန်းကလေးက အိမ်မှုကိစ္စတွေကို သူမဘာသာသူမ စီမံခန့်ခွဲနိုင်နေတဲ့ မိန်းကလေးမျိုးဖြစ်နေလိမ့်မယ်လို့ သူမ မမျှော်လင့်ထားခဲ့မိဘူး။
အသက်ကြီးတဲ့သူတွေ အားလုံးက သူမ(ကွေ့ဟွား)ကို ချီးမွမ်းခဲ့ကြတာလေ။ ဒီတော့ သူမက ဘယ်လိုလုပ်ပြီး ရှက်ရွံ့ပြီးကြောက်တတ်တဲ့ မိန်းမမျိုးဖြစ်နိုင်မှာတဲ့လဲ။
ဒီတော့ ကျန်းချွမ်ဟွားက စကားနှစ်ခွန်းလောက်ပြောလိုက်တာနဲ့ ကွေ့ဟွားက ရိုးရှင်းဖြောင့်တန်းစွာနဲ့ ချက်ချင်းပဲ ပြန်လည် အနိုင်မခံစွာပြောလိုက်တယ်။
လီမိသားစုမှ အဖွဲ့ဝင်တိုင်းက အသက်အကြီးဆုံးမှ ငယ်ရွယ်တဲ့သူအထိ သွားရှုပ်လို့မရနိုင်ပါဘဲ လီမူလင်းတောင်မှ သူမရဲ့ဘက်မှာမရှိတဲ့အကြာင်းကို သဘောပေါက်သွားတာကြောင့် ကျန်းချွမ်ဟွားက နောက်ဆုံးတော့ ငြိမ်သက်သွားခဲ့တယ်။
လူနာပြက္ကဒိန်ရဲ့ နှစ်သစ်ကူးအကြိုနေ့မှာတော့ မဒမ်လီက အိပ်ယာမှ အစောကြီးထပြီး သူမရဲ့ သားတွေနဲ့ မြေးတွေကို တွဲလောင်းချိတ်ဆွဲပြီး အလှဆင်ရန်နဲ့ တံခါးတွေမှာ ကံကောင်းခြင်းကိုကြိုဆိုတဲ့ ကောင်းချီးကဗျာစာရွက်တွေကပ်ဖို့ ညွှန်ကြားခဲ့တယ်။ ဒါ့အပြင် အဓိက ဝင်ပေါက်မှာလည်း “ဖူ”ဆိုတဲ့ စာလုံးတွေကပ်ခိုင်းခဲ့တယ်။
ထို့နောက် တစ်လခွဲကျော်လောက် သိုလှောင်ထားခဲ့တဲ့ ဝက်သားကိုလည်း ထုတ်ယူလာခဲ့ပြီး တစ်နှစ်ကြာမွေးမြူထားတဲ့ ကြက်မကိုလည်း သတ်ခဲ့တယ်။ ဒါ့အပြင် လွန်ခဲ့တဲ့ရက်တွေတုန်းက လဲလှယ်ရရှိခဲ့တဲ့ အရိုး ခုနှစ်ရိုး ရှစ်ရိုးခန့်ကိုလည်း ခုတ်ထစ်ပြီး အသီးအရွက်တွေနဲ့ စွပ်ပြုတ်ချက်ဖို့အတွက် ပြင်ဆင်ခဲ့တယ်။
လျို့ရှို့လန်နဲ့ ကွေ့ဟွားတို့က မီးဖိုထဲမှာအလုပ်ရှုပ်နေခဲ့ကြပြီး အများသားတွေကတော့ ခြံဝန်းထဲမှာ နှင်းတွေကိုလှည်းကျင်းတာတွေ ထင်းတွေခုတ်ပိုင်းတာတွေလုပ်နေခဲ့ကြတယ်။ ကျန်းချွမ်ဟွား မီးဖိုချောင်ထဲကို ဝင်သွားတော့ ကွေ့ဟွားက သူမကို အလျင်အမြန် ပြန်လည်တွန်းထုတ်ပစ်လိုက်လေတယ်။
မဒမ်လီက တစ်ချက်ကြည့်လိုက်ပြီးနောက် သူတို့နှစ်ယောက် တစ်နေရာထဲမှာရှိနေရင် ခိုက်ရန်ဖြစ်ပွားလိမ့်မယ်ဆိုတာကို ချက်ချင်းသိရှိလိုက်တယ်။ ဒီတော့ သူမက ကျန်းချွမ်ဟွားကို အိမ်ထဲမှာပဲ နေဖို့ပြောလိုက်တယ်။ သူမဆီက ဘယ်လိုကြီးကြီးမားမားအကူအညီမျိုးကိုမှလည်း မျှော်လင့်မထားခဲ့ဘူး။
အိမ်ထဲကိုရောက်တော့ မဒမ်လီက ကျန်းချွန်းဟွာကို ခန်စားပွဲပေါ်မှာ ပန်းကန်လုံးလေးထားဖို့ ညွှန်ကြားခဲ့တယ်။ ပြီးနောက် သူမရဲ့ ခါးမှာချိတ်ထားတဲ့ သော့ကို ဖြုတ်ယူပြီး ဘီဒိုကိုဆွဲဖွင့်ကာ ထိုပန်းကန်တွေထဲမှ တစ်လုံးစီထဲကို မြေပဲနဲ့ နေကြာစေ့တွေဖြည့်လိုက်တယ်။
ဆောင်းဦးရာသီတုန်းက တောင်တွေပေါ်မှ ကောက်ယူစုဆောင်းရရှိထားတဲ့ ထင်းရှူးစေ့နဲ့ သစ်အယ်သီးစေ့တွေကိုလည်း ယနေ့မှာကြော်လှော်ထားတာကြောင့် ကျန်ရှိနေတဲ့ပန်းကန်နှစ်လုံးထဲသို ထည့်လိုက်ပြန်တယ်။
ဒါ့အပြင် မဒမ်လီက သကြားလုံးလက်တစ်ဆုပ်စာပါ ထုတ်ယူလာခဲ့ပြီး သူမရဲ့မြေးလေးတွေကို ဝေငှပေးလိုက်ကာ သူတို့ရဲ့အိတ်ကပ်တွေထဲမှာ ထည့်ထားဖို့ ပြောခဲ့တယ်။
ကျန်းချွမ်ဟွားက ထင်းရှူးစေ့ လက်တစ်ဆုပ်စာကို ကောက်ယူလိုက်ပြီး အခွံခွာညှပ်နဲ့ အခွံခွာခဲ့ပြီး ရရှိလာတဲ့အစေ့အဆံတွေကို လီမင်ရှုနှင့် လီမင်ရှင်းတို့ရဲ့ပါးစပ်ထဲသို့ ခွံ့ကျွေးနေခဲ့တယ်။ လီမင်နန်နှင့် လီမင်ပေတို့အတွက်ကတော့ ထိုအရာတွေကို သူတို့ကိုယ်တိုင်ကောက်ယူခဲ့တာဖြစ်ပြီး မကြာခဏ စားနေရတာဖြစ်နေခဲ့တာကြောင့် စိတ်မဝင်စားကြဘူး။
သူတို့တွေက အပြင်ဘက်မှာ ခဏလောက်ပြေးလွှားဆော့ကစားနေခဲ့ကြပြီး လီမူလင်းဆီကနေ မီးပန်းအခုနှစ်ဆယ်လောက်တောင်းပြီး မီးပန်းတွေနဲ့ဆော့ကစားဖို့ လီမင်ရှင်းနဲ့လီမင်ရှုတို့ကိုဆွဲခေါ်ထုတ်သွားကြလေတယ်။
လီမင်ရှုက လီမင်ပေနဲ့ အသက်အရွယ်အတူတူဖြစ်ပြီး သူတို့ရဲ့အသက်အရွယ်ကကစားဖို့ကို သဘောကျနှစ်သက်တဲ့အရွယ်ပဲ။ ဒီတော့ မီးရှူးမီးပန်းတွေ ရှိတဲ့အကြောင်းကိုကြားတော့ ကျန်းချွမ်ဟွား ကမ်းပေးနေတဲ့ ထင်းရှူးစေ့တွေကို စိတ်မဝင်စားပဲ ချက်ချင်းဖယ်ထုတ်လိုက်တော့တယ်။ ပြီးနောက် အလျှင်အမြန်ပဲ ဖိနပ်ကိုစီးလိုက်ကာ နံရံမှာ ချိတ်ထားတဲ့ အင်္ကျီအထူကိုဆွဲယူဝတ်ဆင်ပြီး အပြင်သို့ ပြေးထွက်သွားတော့တယ်။ မင်ရှင်းသည်လည်း သူ့ရဲ့အစ်ကိုထွက်သွားတာကိုမြင်တော့ စိတ်လှုပ်ရှားလာပြီး မတ်တပ်ထရပ်ပြီး ပြောလာတယ်။
“အစ်ကိုကြီး ကျွန်တော့်ကို ခဏစောင့်ဦး ကျွန်တော်လည်း လိုက်ချင်တယ်”
လီမင်ရှုက စိတ်အလောတကြီးနိုင်စွာနဲ့ အပြင်ဘက်သို့ လှမ်းကြည့်လိုက်ပြီးနောက် လီမင်ရှင်းကို လှမ်းပြောလိုက်တယ်။
“ ဖိနပ်မြန်မြန်စီးလိုက်လေ”
သူမရဲ့ သားနှစ်ယောက်လုံး အပြင်သို့ပြေးထွက်သွားတော့မှာကို မြင်လိုက်ရတာကြောင့် ကျန်းချွမ်ဟွားက လီမင်ရှင်းကို လှမ်းဆွဲကာ ချော့မော့ ဖြောင်းဖြလိုက်တယ်။
“လိမ္မာတဲ့ကလေးလေး.. အပြင်ဘက်မှာ အရမ်းအေးနေတယ်လေ.. အမေနဲ့ အတူအိမ်ထဲမှာထိုင်ပြီး ဒါတွေကို စားနေတာက ပိုမကောင်းဘူးလား.. ဒီထင်းရှူးစေ့တွေကို ကြည့်လိုက်ပါဦး ဘယ်လောက်တောင်မွှေးကြိုင်ပြီး စားချင်စရာကောင်းလိုက်သလဲ”
မကြာသေးခင်အချိန်တုန်းကတည်းက လီမင်းရှင်းက အဖွားဖြစ်သူရဲ့အိမ်မှာ အစားအသောက်တွေနဲ့ပတ်သက်ပြီး ပြည့်လျံနေအောင် စားသောက်နေခဲ့ရတာကြောင့် အခုချိန်မှာ အစားအသောက်အတွက် စိတ်လှုပ်ရှားခြင်းမရှိတော့ဘူး။
အခုလိုအချိန်မျိုးမှာ အပြင်ကိုထွက်ပြီး မီးရှူးမီးပန်းနဲ့ ဆော့ကစားဖို့ကိုသာ ပိုပြီးစိတ်အားထက်သန်နေခဲ့တယ်။ သူက ကျန်းချွမ်ဟွားရဲ့ရင်ခွင်ထဲမှ မျက်ရည်များကျဆင်းလုနီးပါးအထိ ရုန်းကန်ပြီး ပြောလိုက်တယ်။
“အမေ သားကိုလွှတ်ပေး.. သား အပြင်ကိုထွက်ပြီးကစားချင်တယ်!”
မဒမ်လီက ကျန်းကျန်းကို မင်္ဂလာကြိုးမျှင်လေးတွေနဲ့ ချော့မြူဆော့ကစားနေခဲ့တာဖြစ်ပြီး လီမင်ရှင်းရဲ့ငိုသံနဲ့ အတင်းရုန်းကန်နေတဲ့စကားတွေကို ကြားလိုက်ရတယ်။ သူမ ထိုနေရာဆီကိုလှမ်းကြည့်ကာ မပြောပဲမနေနိုင်တော့ဘူး။
“ကလေးကိုလွှတ်ပေးလိုက်ပါ.. နှစ်သစ်ကူးအကြိုနေ့တွေမှာ ဘယ်မိသားစုကများ ကလေးတွေကို အပြင်ထွက်ခွင့်ပြီး ဆော့ကစားခွင့်မပေးလို့လဲ.. မင်းရဲ့တတိယယောက်မအိမ်က မင်ရုန်နဲ့ မင်ကွမ်းတောင် အပြင်မှာ ကစားနေတာကိုမမြင်ဘူးလား”
ထိုအချိန်ကျမှ ကျန်းချွမ်ဟွားက မလွှတ်ချင်လွှတ်ချင်နဲ့ တွန့်ဆုတ်စွာ လွှတ်ပေးလိုက်တယ်။ သူမက စားပွဲပေါ်မှာရှိတဲ့ ထင်းရှူးစေ့တွေနှင့် သစ်အယ်စေ့တွေကို စိုက်ကြည့်လိုက်ကာ တခြားသော ဧည့်သည်တွေ ဝင်လာတဲ့အချိန်ကျရင် ထိုအစေ့အဆံတွေအားလုံးကို စားလိုက်မှာကို စိုးရိမ်နေခဲ့တယ်။ ဒါကြောင့် သူမက မီးဖိုချောင်သို့ဝင်သွားလိုက်ပြီး ပန်းကန်လုံးအသေးတစ်လုံးကို ယူလာခဲ့ပြီး မဒမ်လီရဲ့ အံသြတကြီးဖြစ်နေတဲ့အကြည့်အောက်မှာပဲ အခွံမာသီးတွေကိုပန်းကန်လုံးတစ်ဝက်ခွဲကာ အခွံခွာနေခဲ့တယ်။
ကျန်းချွမ်ဟွား ခေါင်းမော့ကြည့်လိုက်ချိန်မှာ မဒမ်လီရဲ့အမူအရာကိုမြင်လိုက်ရတော့ စိတ်မသက်မသာခံစားလိုက်ရတယ်။
“ဒီအရာတွေက ပင်းချန်မှာဆိုရင် ပိုက်ဆံပေးမှစားနိုင်တဲ့အရာတွေလေ.. မင်ရှုနဲ့ မင်ရှင်းတို့က ဒီလိုမျိုးအစေ့အဆံတွေကို အရမ်းကြိုက်တယ်ဆိုတာသတိထားမိလို့ သူတို့ပြန်လာတဲ့အချိန်ကျရင် စားစေချင်လို့ အခွံခွာပေးနေတာပါ”
မဒမ်လီကတော့ ကျန်းချွမ်ဟွားကိုအခုလိုမျိုး လောဘကြီးပြီး တွန့်တိုလွန်းတတ်တဲ့ လူတစ်ယောက်ဖြစ်လာအောင် ကျန်းမိသားစုက ဘယ်လိုများ ပြုစုပျိုးထောင်ခဲ့တာလဲဆိုတာကို စဥ်းစားမကြည့်နိုင်တော့ဘူး။ အဖေကျန်းရဲ့လစာနဲ့ဆိုရင် သူတို့မိသားစုလို လူသုံးဦးတည်းသာရှိတဲ့မိသားစုက တခြားသော လူအများစုထက် ပိုပြီး ကောင်းကောင်းမွန်မွန်နေထိုင်ခဲ့ရသင့်တယ်လေ။
သို့သော်လည်း သူမရဲ့ ချွေးမဖြစ်သူက တစ်နှစ်မှ တစ်ကြိမ်သာ လာလည်တာဖြစ်တာကြောင့် မဒမ်လီက သူမရဲ့ မနာလိုတွန့်တိုမှုတွေကို ဖော်ထုတ်ချင်စိတ်ရှိမနေခဲ့ဘူး။ သူမက ကျန်းချွမ်ဟွားဆီကို တစ်ချက်ကြည့်လိုက်ပြီး ပြန်ဖြေလိုက်တယ်။
“ဒီအနီးအနားက တောင်တွေဘက်မှာ ထင်းရှူးပင်နီတွေနဲ့ ထင်းရှူးပင်တွေနဲ့ ပြည့်နေတာလေ.. ကလေးတွေက ဒါကိုစားရတာ သဘောကျရင် မင်းတို့တွေ ပြန်ခါနီးမှာ နည်းနည်းလောက် အိမ်ကိုပြန်ယူသွားလို့ရတယ်”
ကျန်းချွမ်ဟွားတစ်ယောက် ဝမ်းသာအားရ ဖြစ်သွားရပြီး ပြုံးရယ်ရင်းနဲ့ ပြောလိုက်တယ်။
“ဒီနေရာက အရမ်းကောင်းတာပဲ.. ဒီလိုစားစရာတွေက အပြင်ဘက်မှာဆိုရင် ပိုက်ဆံရှိရင်တောင် ဒါတွေကို ဝယ်လို့ မရနိုင်ဘူး”
မဒမ်လီ အနေနဲ့ ကျန်းချွမ်ဟွားက အိမ်ထဲကိုလျှောက်လှမ်းဝင်လာပြီးကတည်းက ပထမဆုံးနားထာင်ရအဆင်ပြေတဲ့စကားကိုကြားလိုက်ရတာကြောင့် ပြုံးလိုက်မိတယ်။
“ အဲဒီ ပန်းကန်အလွတ်တွေကို ယူလိုက်ပြီး မင်းရဲ့တတိယယောက်မဆီကို ပြန်ဖြည့်ဖို့ ယူသွားပေးလိုက်.. ခဏနေလို့ အိမ်နီးချင်းတချို့ရောက်လာရင် ပန်းကန်အလွတ်တွေသက်သက်ချထားတာက မြင်လို့ကောင်းမှာမဟုတ်ဘူး”
ဒီတစ်ကြိမ်မှာတာ ကျန်းချွမ်ဟွားက အလျှင်အမြန်သဘောတူလာတယ်။ သူမက ခန်ပေါ်မှဆင်းပြီး မြန်ဆန်စွာထွက်သွားခဲ့တယ်။ ကျန်းကျန်းက ဝမ်စုဖန်းရဲ့လက်မောင်းထဲမှာ တစ်ဝက်တစ်ပျက်လှဲလျောင်းနေခဲ့ပြီး အခွံခွာထားတဲ့ ထင်းရှူးစေ့နဲ့ သစ်အယ်စေ့ပန်ကန်ထဲမှ ရရှိလာတဲ့ မွှေးရနံ့တို့ကြောင့် သွားရည်တွေကျဆင်းနေခဲ့တယ်။
ဒီဘက်ခေတ်က ထင်းရှူးစေ့တွေ ကြီးမားပြီး အရသာပြည့်ဝလွန်းလှတဲ့ တောရိုင်းထင်းရှူးစေ့တွေပဲ။ ထိုအစေ့အဆံတွေက သံအိုးကြီးတစ်ခုမှာ သဲဖြင့် ထည့်ပြီး လှော်ထားတာဖြစ်လို့ မွှေးရနံ့က ပုံမှန်ထက်ထူးကဲနေကာ မင်းရဲ့ခံတွင်းကို ရေတွေနဲ့ပြည့်နှက်လာစေလိမ့်မယ်။
ကျန်းကျန်းက အခွံမာသီးတွေကို စူးစိုက်ကြည့်ရင်းသွားရည်တွေကျနေတာကိုမြင်တော့ အဖွားလီက မရယ်ဘဲမနေနိုင်တော့ဘူး။
“အိုး.. ငါတို့သမီးငယ်လေးက အနံ့တွေကို ခွဲခြားပြီးသိနေပြီပဲ.. ဒါပေမယ့် ဒါတွေကို မင်းစားလို့ မရနိုင်သေးဘူး ..မင်း ဒါတွေစားဖို့အတွက် ငယ်လွန်းသေးတယ်.. နောက်နှစ်ဆောင်းဦးရာသီကိုရောက်ရင်တော့ ထင်းရှူးစေ့နဲ့ သစ်အယ်စေ့တွေကို လိုက်ကောက်တဲ့အချိန်ကျရင် ငါတို့ကျန်းကျန်းရဲ့ဝေစုပါ သေချာပါက်ပါစေရမယ် လို့အာမခံတယ်.. ဟုတ်ပြီလား”
ကျန်းကျန်းက တံတွေး မျိုချလိုက်ပြီး သူမရဲ့ ဝဝကစ်ကစ် လက်ကလေးကို အသုံးပြုကာ သူမရဲ့မျက်နှာပေါ်မှ ရေစက်(သွားရေ)တွေကို သုတ်ဖို့ ကြိုးစားခဲ့တယ်။
ဝမ်စုဖန်းက ဝါဂွမ်းဖြင့်ပြုလုပ်ထားတဲ့ ပါးစပ်သုတ်ပုဝါကို ကိုင်ထားခဲ့ပြီး ကျန်းကျန်းရဲ့ ပါးစပ်လေးနှင့် လက်တွေကို သုတ်လိုက်ကာ ဟက်ဟက်ပက်ပက် ရယ်မောရင်း မဒမ်လီကို လှမ်းပြောလိုက်တယ်။
“အမေ ကျန်းကျန်းကိုကြည့်ပါဦး.. သူမက ဒီလောက်ထိ ငယ်ငယ်လေးပဲရှိနေသေးတာကို သူ့ရဲ့ ပါးစပ်ကို သုတ်ဖို့သိနေပြီ.. သူ့ကိုယ်သူ သန့်ရှင်းရေးလုပ်ဖို့ သိတေတာပဲ”
အဖွားလီက ပြုံးလိုက်ပြီး ကျန်းကျန်းရဲ့လက်ထဲသို့ ဖဲကြိုးနီလေးကိုထည့်ပေးလိုက်ကာ ပျော်ရွှင်စွာပြောလိုက်တယ်။
“ကျန်းကျန်းက ဥာဏ်ရည်အရမ်းထက်မြက်ပြီး သန်လည်း သန်မာတယ်.. သူမကြီးပြင်းလာတဲ့အချိန်ကျရင် သူမရဲ့အဖွားစားဖို့အတွက် တောဝက်တွေကိုတောင် တိုက်ခိုက်အနိုင်ယူလာပေးနိုင်လိမ့်မယ်”
သူမက ဝမ်စုဖန်းကိုစိုက်ကြည့်ရင်း ကျေနပ်အားရစွာနဲ့ ဆက်ပြောလာတယ်။
“မင်း ဒီတစ်ခါတော့ သူမကို ကောင်းကောင်း ဂရုစိုက်ပေးထားခဲ့တာပဲ.. ကြက်စွပ်ပြုတ်နဲ့ ငါးစွပ်ပြုတ်က ထိုက်တန်တယ်လို့ပြောရမယ်.. နောက်ကျရင် မင်နန်နဲ့ မင်ပေတို့ကို ငါးတွေထပ်ဖမ်းခိုင်းရမယ်”
ဝမ်စုဖန်းက တွေးတောရင်နဲ့ ပြန်ပြောလိုက်မိတယ်။
“ဒီနှစ်ယန်ဆွေ့မြစ်က တကယ်ကိုထူးဆန်းနေတယ်.. ပုံမှန်ဆိုရင် ငါးတွေက နွေရာသီမှာပဲ ဖမ်းရလွယ်တာလေ.. ဆောင်းရာသီမှာ ငါးသွားဖမ်းမယ်ဆိုရင် လက်ဗလာနဲ့ ပြန်လာတာများတယ်မလား.. ဒါပေမယ့် ဒီနှစ်ကျတော့ နွေရာသီမှာတောင် ငါး သိပ်မဖမ်းမိခဲ့ပေမယ့် ဆောင်းရာသီထဲမှာ ရက်အနည်းငယ်ကြာပြီးတိုင်း ငါးဖမ်းမိနေခဲ့တယ်”
အဖွားလီက ကျန်းကျန်းရဲ့ နှင်းဆီရောင်တောက်နေတဲ့ ပါးပြင်လေးတွေကို ပွတ်သပ်လိုက်ပြီး ပေါ့ပေါ့ပါးပါးနဲ့ မှတ်ချက်ချတယ်။
“ဒါက ငါတို့ရဲ့ကျန်းကျန်းအတွက် ကောင်းကင်ဘုံဆီကနေ ရိက္ခာတွေ ပို့ပေးနေတာဖြစ်မယ်”