အခန်း(6)
မွှေးကြိုင်ပြီး အရသာရှိတဲ့ ကြက်သားခေါက်ဆွဲပြုတ်တစ်ပန်းကန်ကို စားပြီးနောက် ကောင်လေးနှစ်ယောက်က လီမိသားစုကို အလျှင်အမြန်ချစ်ခင်သွားကြတော့တယ်။ ဓားသွားလိုပါးစပ်နဲ့ တိုဟူးလိုနှလုံးသားမျိုးရှိတဲ့ အဖွားလီက ကလေးနှစ်ယောက်ကိုလှမ်းခေါ်ကာ အချိန်အတော်ကြာအောင် ပွေ့ဖက်ပေးထားခဲ့တယ်။
ခဏအကြာမှာတော့ သူတို့ နှစ်ယောက်ကို ဖူနန်မှာဆော့ကစားဖို့ တခြားကလေးတွေနဲ့လွှတ်ပေးထားလိုက်တယ်။ လီမင်နန်နဲ့ လီမင်ပေတို့တွေက နေရာတိုင်းနဲ့ရင်းနီးတာကြောင့် အကုန်လိုက်ပြပေးခဲ့ကာ ခဏအကြာမှာ လီမင်ရှုနဲ့ လီမင်ရှင်းတို့ညီအစ်ကိုတွေနဲ့ အတူကြီးပြင်းလာခဲ့ကြသလိုမျိုး ရင်းနီးသွားခဲ့တယ်။
လီမင်ပေက သူတောင်ပေါ်တက်တာတွေ၊ မြစ်ထဲကိုဆင်းတာတွေ စတဲ့စိတ်ဝင်စားစရာအကောင်းဆုံးအတွေ့အကြုံတွေအကြောင်းကိုပြောခဲ့ပြီး တစ်ဖက်မှညီအစ်ကိုနှစ်ယောက်က စိတ်ဝင်တစားနားထောင်ခဲ့ကြတယ်။
လေးနှစ်သားအရွယ်လီမင်ရှင်းက ဘာကိုမှမသိတတ်စွာနဲ့ အကုန်ဖွင့်ဟလာတော့တယ်။
“အဖွားရဲ့မိသားစုက ဆင်းရဲတယ်လို့ အမေကပြောတယ် ပျော်စရာဘာမှမရှိဘူးတဲ့”
“အဓိပ္ပါယ်မရှိတာ!”
လီမင်ပေက မျက်လုံးပြူးပြီး ပြန်ပြောလိုက်တယ်။
“ငါမင်းကိုပြောမယ် ..ငါတို့အိမ်မှာ အကုန်လုံးရှိတယ်နော်.. အခုအေးနေတဲ့ ရာသီဥတုအခြေအနေမှာ လာမကြည့်နဲ့.. ဒါတောင်မှ တစ်ခါတလေ တောင်ပေါ်ကနေ ရစ်ငှက်လေးတွေ ဖမ်းလို့ရသေးတယ်.. အခုတောင်မှ မင်းတို့တွေရစ်ငှက်သားနှစ်တုံးစားခဲ့ကြသေးတယ်မဟုတ်ဘူးလား?”
ရစ်ငှက်သားအသားက စားရတာမလွယ်ပေမယ့် အသားထည့်ပြုတ်ထားတဲ့စွပ်ပြုတ်အရည်ကတော့ အရမ်းမွှေးပြီးအရသာရှိတယ်။ ဒါကြောင့် ကြက်သားမစားရတာအရမ်းကြာနေပြီဖြစ်တဲ့ လီမင်ရှင်းက သူ့ရဲ့နှုတ်ခမ်းတွေကို လျှာနဲ့လျက်လိုက်ပြီး အပြစ်ကင်းတဲ့အပြုံးနဲ့ပြောလာတယ်။
“ကြက်သားက အရသာရှိတယ်!”
လီမင်ပေက လီမင်ရှင်းရဲ့ခေါင်းကိုထိကိုင်ပြီး အော်ရယ်ကာ မေးလာတယ်။
“မင်းတို့ ပင်းချန်မှာရော ဘာတွေလုပ်ကြလဲ”
မင်ရှင်းက ခေါင်းငုံ့ကာ ခဏလောက် စဉ်းစားလိုက်ပေမဲ့လည်း အကြာကြီး စဥ်းစားတာတောင် ဘာပိုမှ မတွေးမိတာကြောင့် ရိုးရိုးသားသားနဲ့ ခေါင်းကိုသာ ခါယမ်းပြလာတယ်။ လီမင်ရှုကတော့ အသက်ကြီးနေပြီဖြစ်ကာ ကစားခြင်းနဲ့ပတ်သက်ပြီး အတွေ့အကြုံအချို့ရှိနေပြီ။
“စုန့်ဟွာမြစ်မှာ ရေခဲငါးတွေသွားဖမ်းတာကိုကြည့်ရတာလည်း စိတ်ဝင်စားစရာကောင်းတယ်.. ဒါပေမယ့် ငါတို့အိမ်နဲ့အရမ်းဝေးတယ်လေ.. ငါ့အမေက ငါတို့ကို မသွားစေချင်ဘူး”
“ဘာဖြစ်လဲ? ငါတို့ရဲ့အိမ်ရှေ့မှာ ယန်ချွေ့ မြစ်ရှိတယ်လေ.. ငါ့အစ်ကိုနဲ့ ငါက ဒီလထဲမှာတောင် ငါးတွေ အများကြီး ဖမ်းဖူးတယ်.. မနက်ဖြန် ငါမင်းကို ခေါ်သွားပေးမယ်”
လီမင်ပေက သူ့ရဲ့ရင်ဘတ်ကို ပုတ်ရင်းကတိပေးလိုက်တယ်။
လီမင်ရှုနဲ့ လီမင်ရှင်းတို့က အထပ်ထပ်အခါခါ ခေါင်းညိတ်ပြလာကြပြီး လီမင်ပေက ဆက်ပြောလာတယ်။
“ငါတို့အိမ်မှာ နောက်ထပ်ပျော်စရာတစ်ခုရှိသေးတယ်”
လူတိုင်းရဲ့ စူးစမ်းစပ်စုလိုတဲ့ မျက်လုံးတွေကို ကြည့်ပြီး လီမင်ပေက သူ့ရဲ့ရင်ဘတ်ကို ဂုဏ်ယူစွာ ကော့လိုက်ပြီး :
“အမေက ငါကို ကလေးလေး မွေးပေးထားသေးတယ်.. ညီမလေးတစ်ယောက်မွေးပေးထားတာ!”
“ဝိုး...”
လီမင်ရှုနဲ့လီမင်ရှင်းတို့က လီမင်ပေကို ကြည်ညိုလေးစားစွာဖြင့် ကြည့်လာကြတယ်။
“ဒုတိယအဒေါ်က အံ့သြစရာပဲ.. ငါတို့မိသားစုမှာ ညီမလေးမရှိဘူး”
“တတိယဦးလေးမှာလည်း မရှိဘူး”
လီမင်ပေ ဂုဏ်ယူစွာနဲ့ ပြောပြီး အိမ်ထဲကို လှမ်းကြည့်လိုက်တော့ လူကြီးတွေက အနောက်ဖက်အိမ်မှာ ထိုင်စကားပြောနေတာကို တွေ့လိုက်ရတာကြောင့် သူ့ရဲ့ ညီအစ်ကိုအသစ်နှစ်ယောက်ကို လက်ဝှေ့ယမ်းပြီး ပြောလိုက်တယ်။
“ငါ မင်းတို့ကို ငါ့ရဲ့ညီမလေးနဲ့တွေ့ဖို့ ခေါ်သွားပေးမယ်”
ကောင်လေး လေးယောက်က အရှေ့ဘက်ခန်းတံခါးဆီသို့ ပြေးဝင်သွားကြပြီး လီမင်ပေက တံခါးကိုသတိထားပြီးဖွင့်ကြည့်လိုက်တယ်။ အတွင်းပိုင်းမှာတော့ ကျန်းကျန်းက ဗိုက်ပြည့်နေပြီဖြစ်တာကြောင့် သူမရဲ့လက်နဲ့ခြေဖဝါးလေးတွေကို စိတ်ဝင်တစားနဲ့လှုပ်ရှားကြည့်နေခဲ့တယ်။
တကယ်တမ်းမှာတော့ ဝမ်စုဖန်းက လီမူလင်းတို့တွေ အိမ်ကိုပြန်ရောက်လာတာကို ကြားခဲ့ပေမဲ့ ကျန်းကျန်းက အခုလေးတင် နို့စို့ပြီး အိပ်ပျော်သွားကာစဖြစ်တာကြောင့် ကျန်းကျန်းနို့သွားမှာစိုးလို့ မလှုပ်ရှားရဲဖြစ်နေခဲ့တာ။
သို့ပေမယ့် အပြင်ဘက်မှ အသံတွေက ကျယ်လောင်လွန်းတာကြောင့် ကျန်းကျန်းတစ်ယောက လန့်နိုးလာခဲ့ရတယ်။ သူမလေးက ငိုယိုတာတွေ ၊ပြသနာရှာတာတွေမလုပာလာပါပဲ တစ်ယောက်တည်း ပျော်ရွှင်စွာ ဆော့ကစားနေတာကိုမြင်တော့ ဝမ်စုဖန်းက အဝတ်အစားတွေလဲပြီးအပြင်မှာရောက်နေတဲ့လူတွေကိုသွားနှုတ်ဆက်ဖို့တွေးနေခဲ့တယ်။
သူမ အဝတ်အစားတွေ လဲဝတ်ပြီးချိန်မှာပဲ အခန်းတံခါးကပွင့်လာခဲ့ပြီး ကောင်လေးတွေက အထဲကိုဝင်လာခဲ့ကြတယ်။
“အမေ.. ဒါက စတုတ္ထဦးလေးတို့ မိသားစုထဲက မင်ရှုနဲ့ မင်ရှင်းတဲ့.. သူတို့တွေက ညီမလေးကို တွေ့ချင်နေကြတယ်”
လီမင်နန်နဲ့ လီမင်ပေတို့က ကလေးနှစ်ယောက်ကို ခေါ်လာပြီး ထိုကလေးတွေက ဝမ်စုဖန်းဆီကို အပြုံးဖြင့် နှုတ်ဆက်လာကြတယ်။
“မင်းတို့က လူချောလေးတွေပဲ”
ဝမ်စုဖန်းက အနောက်ဘက်အိမ်ဆီမှ မဒမ်လီရဲ့ကြိမ်းမောင်းသံတွေကိုကြားလိုက်ရတာကြောင့် ကလေးတွေကို အိမ်ခန်းထဲသို့ ပြတ်သားစွာဆွဲခေါ်လိုက်လေတယ်။
“လာကြလေ ခန်ပေါ်ကိုသွားကြ.. မင်းတို့ရဲ့ညီမက အခုလေးတင်နိုးလာတာလေ “
ထို့နောက် သူမက ကျန်းကျန်းကို မွေ့ရာပေါ်မှာတင်ပေးလိုက်တယ်။
ဒါကိုမြင်တော့ လီမင်ရှုက ကျန်းကျန်းကိုကြည့်ဖို့အတွက် ဖိနပ်ချွတ်ပြီး ခန်ပေါ်ကို အလျှင်အမြန်တက်သွားခဲ့လေတယ်။ လီမင်ရှင်းကတော့ အနည်းငယ်ရှက်နေသေးပြီး အပေါ်ကို မတက်သွားသေးဘဲ ခန်အောက်မှာ ရပ်နေသေးတယ်။
သို့ပေမယ့် ခဏအကြာမှာတော့ ညီအကို သုံးယောက်ကကျန်းကျန်းရဲ့ဘေးပတ်လည်မှာ ဝိုင်းရံလိုက်ကြပြီး ကျန်းကျန်းကိုကွယ်ထားသလိုဖြစ်နေတာကြောင့် သူ သေသေချာချာမမြင်နိုင်တော့ဘူး။ သူ အလျင်လိုနေတဲ့အချိန်မှာတော့ ရှက်ကြောက်နေဖို့ကို မေ့သွားခဲ့ပြီဖြစ်ကာ ဖိနပ်ကို ချွတ်ပြီးခန်ပေါ်ကိုတွယ်တက်သွားခဲ့တော့တယ်။ ထို့နောက်လီမင်နန်နဲ့ လီမင်ပေတို့ရဲ့အလည်ကိုတိုးဝင်သွားလိုက်တယ်။
ကလေးတွေက ကြီးထွားမှုမြန်ဆန်တာကြောင့် ကျန်းကျန်းက တွားသွားတာတွေ ထိုင်တာတွေမလုပ်နိုင်ခင်မှာ မစ္စလီက သူမအတွက် အဝတ်အစားအသစ်တွေ မဝယ်ပေးခဲ့တော့ဘဲ လီမင်နန် ငယ်ငယ်တုန်းကဝတ်ခဲ့တဲ့ အ၀တ်ဟောင်းတွေကိုပဲ ကျန်းကျန်းကိုဝတ်ပေးထားခိုင်းခဲ့တယ်။
ခန်က တစ်နေ့လုံး အဆက်မပြတ်မီးထည့်ထားပြီး အနောက်ဘက်ကနံရံကလည်း မီးဖိုထားဆဲဖြစ်တာကြောင့် အခန်းတွင်းမှာ အလွန်နွေးထွေးနေခဲ့တယ်။ ကျန်းကျန်းကခန်ပေါ်မှာ လဲလျောင်းနေပြီး လက်ရှည် ကုတ်အင်္ကျီတစ်ထည်ကို ၀တ်ထားရတာကြောင့် အနည်းငယ် ပူလာခဲ့တယ်။
လီမင်ရှင်းကတော့ ဒီနူးညံ့တဲ့ပုံရတဲ့ကလေးကိုစပ်စုစွာကြည့်ပြီး သူမရဲ့သေးငယ်တဲ့လက်လေးတွေကို မထိပဲမနေနိုင်တော့ဘူး။ ပြီးနောက် ဝမ်စုဖန်းကိုရယ်ပြပြီးပြောလာခဲ့လေတယ်။
“ညီမလေးက အရမ်းလှတာပဲ”
“ဒါပေါ့!”
လီမင်ပေက ဂုဏ်ယူဝံ့ကြွးစွာပြုံးလိုက်တယ်။
“ငါ့ညီမရဲ့ နာမည်က ကျန်းကျန်းတဲ့.. ဒီစာလုံးက အရမ်းရေးရခက်တာ..ငါ့အဖေကတော့ ငါ့ညီမကျောင်းသွားတက်တဲ့အချိန်ကျရင် သူ့နာမည်ကိုရေးတဲ့အချိန်ငိုနေတော့မယ်လို့ ပြောခဲ့သေးတယ်”
လီမင်ရှုက အခုချိန်မှာ မူလတန်း ဒုတိယနှစ်ကိုတက်နေပြီဖြစ်တာကြောင့် ထိုစကားလုံးကိုကြားချိန်မှာ အံ့သြသွားခဲ့လေတယ်။
“မင်းတို့ ဘာလို့ဒီလိုမျိုးရေးရခက်တဲ့ နာမည်ကို ပေးခဲ့ရတာလဲ.. ဒုတိယဦးလေးက ညီမလေးကို မကြိုက်ဘူးလား”
“ဒီနာမည်က နားထောင်လို့ကောင်းတယ်လေ.. ကိုယ့်ကိုကိုယ် ထောက်ပံ့ရတာလည်း လွယ်တယ်တဲ့”
လီမင်နန်က ခန်ပေါ်မှာလှဲပြီး သူ့ရဲ့ခြေထောက်တွေကိုလှုပ်ရှားရင်းနဲ့ စာအုပ်ကိုကြည့်ကာပြောလာတယ်။
“ငါ့အဖေနဲ့ အဖွား နှစ်ယောက်စလုံး ငါ့ညီမလေးကို ကြိုက်ကြတယ်.. နောက်ပြီး အဖွားက ငါတို့ရဲ့ညီမကျန်းကျန်းက ငါတို့မိသားစုရဲ့ မျိုးဆက်ငါးဆက်မှာမှ တစ်ဦးတည်းရလာတဲ့ မိန်းကလေးပဲတဲ့”
လီမင်ရှုနဲ့ လီမင်ရှင်တို့က လီမင်နန်ပြောတဲ့စကားရဲ့ အဓိပ္ပါယ်ကို ကောင်းစွာနားမလည်နိုင်ပေမယ့် သူတို့ရဲ့ လေးစားမှုတွေကိုတော့ ဖော်ပြလာကြတုန်းပဲ။
“အံ့သြစရာကောင်းလိုက်တာ.. ငါ့အမေဆို ညီမလေးမမွေးနိုင်ဘူး”
လီမင်ပေက ဂုဏ်ယူစွာနဲ့ သူ့ရဲ့ခေါင်းကို မော့မြှောက်ထားခဲ့ပြီး မသိတဲ့သူတွေသာမြင်သွားမယ်ဆိုရင် တခြားလူတွေက သူ့ကို ချီးကျူးနေကြတယ်လို့တောင် ထင်နေကြလိမ့်မယ်။
ကျန်းကျန်းက လူတိုင်းရဲ့ စကားတွေကိုနားလည်နေပေမဲ့လည်း သူမရဲ့အသက်က လတောင်မပြည့်သေးတာကြောင့် စကားမပြောရဲလေဘူး။ ဒီတော့ သူမကလည်း စကားဝိုင်းမှာဝင်ပါနိုင်ဖို့အတွက် ပူပေါင်းတွေမှုတ်ထုတ်ရုံသာတတ်နိုင်ခဲ့တယ်။
လီမင်ရှုက ကျန်းကျန်းရဲ့ အနက်ရောင်မျက်ဝန်းတောက်တောက်လေးတွေနဲ့ ချစ်စဖွယ် အသွင်အပြင်လေးကို ကြည့်ကာ လီမင်ရှင်းရဲ့ ငယ်ငယ်တုန်းကပုံကိုပြန်တွေးကြည့်လိုက်မိပြီး ဝေဝေဝါးဝါးမှတ်မိလာခဲ့တယ်။
“ မင်ရှင်း ငယ်ငယ်တုန်းက ညီမလေးလောက် မကောင်းဘူး.. သူက ရှူးရှူးပေါက်ဖို့နဲ့ငိုဖို့ပဲသိတာ လုံးဝပျော်စရာမကောင်းဘူး”
“ငါ့ရဲ့ညီမလေးက မငိုဘူး”
လီမင်ပေက ချက်ချင်းပဲ ဝင်ပြောလာပြန်တယ်။
“သူမက ငါ့ကိုကိုမြင်တဲ့အချိန်တိုင်း ရယ်ပြတယ် .. အဖွားပြောတာတော့ ငါ့ရဲ့ညီမလေး သွားတွေ ပေါက်လာတဲ့အချိန်ကျရင် ငါက သူငါးတွေစားနိုင်ဖို့ ရှာပေးမယ်ဆိုရင် ငါ့ညီမလေးက ငါ့ကိုပိုချစ်လာမှာတဲ့”
ကျန်းကျန်း မတတ်နိုင်ပါပဲ သူမရဲ့မျက်နှာပေါ်မှာ အနက်ရောင်မျဉ်းတွေ ပြည့်လာခဲ့ရတယ်။
- တုံးအတဲ့ကောင်လေး.. အဖွားက နင့်ကို အလုပ်သွားလုပ်ဖို့ လှည့်စားနေတာ!
ကျန်းကျန်းရဲ့ မျက်နှာပေါ်မှ အပြုံးကို မြင်လိုက်ရတော့ လီမင်ပေက ချက်ချင်းပဲ ပိုလို့ဝမ်းသာပျော်ရွှင်သွားပြီး ဝမ်စုဖန်းဘက်သို့လှည့်ပြီး မေးလေတယ်။
“ အမေ.. ကျွန်တော့်ရဲ့ညီမလေး ပြုံးနေတာကို မြင်လား .. သူက ကျွန်တော့်ကို အကြိုက်ဆုံးများလား “
“ဒါပေါ့! ဒါပေါ့! ဒါပေါ့!”
ဝမ်စုဖန်းက အနောက်ကနေ သဘောတူစွာပြောပေးရင်း သူမရဲ့ တုံးအတဲ့ သားငယ်လေးအတွက် တွင်းတူးပေးဖို့ကိုလည်း မမေ့လေဘူး။
“မင်း ငါးတွေရှာနိုင်ပြီး ယုန်တွေကိုရလာရင် နောက်ပြီး သစ်အယ်စေ့နဲ့ ထင်းရှူးစေ့တွေကို ကောက်လာနိုင်မယ်ဆိုရင် မင်းရဲ့ညီမလေးက မင်းကိုပိုပြီးကြိုက်လာလိမ့်မယ်”
လီမင်ပေက စိုးရိမ်တကြီးနဲ့ မေးလာရှာတယ်။
“အမေ.. အဲဒါကိုဘာလို့ ကျွန်တော့်ရဲ့တတိယအစ်ကိုရှေ့မှာ ပြောလိုက်ရတာလဲ.. သူ ကျွန်တော်နဲ့လာပြိုင်နေမယ်ဆိုရင် ဘယ်လိုလုပ်မလဲ”
လီမင်နန် သူ့ရဲ့ မျက်လုံးတွေကို နက်ရှိုင်းစွာလှိမ့်လိုက်မိပြီး ညည်းညူလိုတဲ့စိတ်တွေကို အတင်းအကြပ်ဖိနှိပ်ကာ ကြင်နာတဲ့ အပြုံးကို ညှစ်ထုတ်ဖို့အတွက် အစွမ်းကုန် ကြိုးစားခဲ့လေတယ်။
“ငါက ဘာလို့ ငါရဲ့ညီကိုပဲ ညီမလေးရဲ့အချစ်ဆုံးအစ်ကိုဖြစ်ခွင့်မပေးရမှာလဲ.. ငါ မင်းဆီက လုမယူပါဘူး.. စကားမစပ် နောက်နှစ်ကိုစောင့်လိုက်ဦး.. ဆောင်းဦးပေါက်ကိုရောက်ရင် မင်း ထင်းတွေပိုပြီးကောက်သင့်တယ်.. တကယ်လို့ ညီမလေးသာ အေးခဲနေရရင် မင်းကိုကြည့်တော့မှာမဟုတ်ဘူး”
ဝမ်စုဖန်းတစ်ယောက် လီမင်နန်ကို ကျေးဇူးတင်တဲ့အမူအရာတွေဖြင့် ကြည့်နေတဲ့ လီမင်ပေကိုမြင်တော့ မရယ်မောပဲမနေနိုင်တော့ဘူး။
**