Ch 38
Viewers 2k

Chapter 38

[ ကျွန်တော် ထပ်ပြီး မလိုချင်တော့ဘူး]




“ချီယွီ”


စုန့်လီချင်းတစ်ယောက် သူ နားကြားမှားသွားသည်ဟု ထင်မိလိုက်သည်။


သူ ကြက်သေသေသွား၏။ ဒါက… ကျွင်းချီယွီဆီက အမိန့်လား။


သူတစ်ယောက်တည်းသာမက အားလုံးက နားမလည်နိုင်စွာ ရှုပ်ထွေးသွားကြသည်။ နန်းတွင်းအစောင့်များကပင် ချက်ချင်း မလှုပ်ရှားကြဘဲ ကျွင်းချီယွီ၏ နောက်ထပ်စကားကို စောင့်မျှော်လျက် ဟိုကြည့်ဒီကြည့် လုပ်နေကြသည်။


“စုန့်လီချင်းက ဧကရာဇ်မင်းကြီးကို အဆိပ်ခတ်တဲ့ တရားခံလို့ သံသယရှိတယ်၊ သူ့ကို ချက်ချင်း မြေအောက်အကျဥ်းထောင်ထဲပို့ပြီး စစ်ဆေးမေးမြန်းကြ!”


ကျွင်းချီယွီက အမိန့်ကို ထပ်မံပေးလိုက်သည်။ 


“မင်းတို့ ငါ့စကားကို မကြားကြဘူးလား!”


“နေပါဦး၊ အိမ်ရှေ့စံ”


ပထမဆုံး ပြေးထွက်လာသူမှာ ချီမြောင်ဖြစ်သည်။


သူက စိုးရိမ်တကြီး ဒူးထောက်လိုက်ပြီး လျှောက်တင်လိုက်သည်။


“အဆိပ်ခတ်ပြီး လုပ်ကြံဖို့ ကြိုးစားတဲ့သူက ဘယ်သူဆိုတာ အတည်မပြုရသေးပါဘူး၊ အိမ်ရှေ့စံမိဖုရားကို ဘယ်လိုလုပ်ပြီး လက်လွတ်စပယ် စွပ်စွဲနိုင်မှာလဲခင်ဗျာ၊ သံသယရှိတယ်ဆိုရင်တောင်မှ မြေအောက်အကျဥ်းထောင်ထဲကို ဒီလိုလွယ်လွယ်ကူကူ ပို့လို့ဘယ်ဖြစ်ပါ့မလဲ၊ အဲနေရာက… အဲနေရာက ကြီးလေးတဲ့ပြစ်မှုကျူးလွန်သူတွေကို ထားတဲ့နေရာပါ၊ သိုင်းပညာရှင်တစ်ယောက်တောင် ရက်အနည်းငယ်ထက်ပိုပြီး မခံနိုင်တဲ့နေရာမှာ နာမကျန်းဖြစ်ရာကနေ သက်သာကာစ အိမ်ရှေ့စံမိဖုရားက ဘယ်လိုလုပ် နှိပ်စက်ညှဉ်းပန်းတာတွေကို ခံနိုင်မှာလဲဗျာ”


ကျွင်းချီယွီက ချီမြောင်ကို အေးစက်စွာ ကြည့်လိုက်သော်လည်း စိတ်မပြောင်းလဲခဲ့ပေ။


“ဧကရာဇ်မင်းကြီးကို လုပ်ကြံဖို့ ကြံစည်တာက မျိုးရိုးစဥ်ဆက် ကိုးဆက်လုံးကို သက်ရောက်စေနိုင်တဲ့ ကြီးမားတဲ့ပြစ်မှုပဲ၊ သူ့ကို မြေအောက်အကျဥ်းထောင်ထဲပို့ဖို့ အဲအကြောင်းပြချက်က မလုံလောက်သေးလို့လား”


“ဒါပေမဲ့ အပြစ်ရှိတယ်လို့ အဆုံးအဖြတ်မပေးရသေးဘူးလေ၊ မြေအောက်အကျဥ်းထောင်ထဲမှာ နှိပ်စက်ညှဉ်းပန်းမှုတွေခံစားပြီး နောက်ပိုင်းကျမှ အပြစ်မရှိကြောင်း သက်သေပြနိုင်ခဲ့ရင် ဘာအသုံးဝင်တော့မှာလဲ၊ မသေရင်တောင်မှ ဒုက္ခိတဖြစ်သွားပါလိမ့်မယ်၊ အရှင့်မင်းသား… ကျေးဇူးပြုပြီး ထပ်ပြီးစဉ်းစားပေးပါ၊ ကျွန်တော် တောင်းဆိုတာပါ”


ချီမြောင်က သူ့ခေါင်းကို မြေကြီးနှင့် အားပြင်းပြင်း ဆောင့်လိုက်ရာ မြင်ရသူအားလုံး စိတ်မကောင်းဖြစ်သွားကြသည်။


တော်ဝင်သမားအိုအများအပြားကလည်း ဖြောင့်ဖျရန် ကြိုးစားကြသည်။


“အရှင့်သား… တော်ဝင်သမားတော်ချီ ပြောတာ မှန်ပါတယ်၊ ဒီကိစ္စကြောင့် အိမ်ရှေ့စံမိဖုရားနဲ့ အရှင့်ရဲ့ဆက်ဆံရေး ထိခိုက်သွားရင် ပြန်လည်ပြုပြင်လို့ မရနိုင်တော့ပါဘူး”


“အရှင့်သား… ကျေးဇူးပြုပြီး ပြန်လည်စဉ်းစားပေးပါ!”


တစ်ယောက်က စတင်လိုက်သည်နှင့် အစောင့်များအားလုံး ဒူးထောက်လိုက်ကြသည်။


ဤအစောင့်အများစုသည် ဧကရာဇ်မင်းကြီးနှင့် စစ်သူကြီးစုန့်တို့၏ စစ်ပွဲများတွင် လိုက်ပါခဲ့ဖူးသူများဖြစ်သောကြောင့် အမိန့်ကို ဆန့်ကျင်၍ တောင်းပန်ဝံ့ကြသည်။


“ပါးစပ်ပိတ်ထားကြစမ်း! မင်းတို့လို အပြင်လူတွေက ဘာသိလို့လဲ!”


ကျွင်းချီယွီက ဒေါသတကြီး အော်လိုက်သည့်အခါ အားလုံးက ခေါင်းငုံ့ကာ နောက်ထပ်စကားမပြောဝံ့ကြတော့ပေ။


သူက ချီမြောင်ကို လက်ညှိုးထိုးကာ 


“ချီမြောင်၊ မင်း စုန့်လီချင်းအပေါ်မှာ မရိုးသားတဲ့စိတ်တွေ ရှိနေသေးမှန်း ငါသိတယ်၊ မင်း စဉ်းစားပြီးပြီလား၊ မင်းတို့ ချီမျိုးရိုးက မျိုးဆက်ပေါင်းများစွာ ရာထူးကြီးတွေနဲ့ အမှုထမ်းလာခဲ့တာ၊ သူ့အတွက် ထပ်ပြီး တောင်းပန်ပေးဦးမယ်ဆိုရင် မင်းကို ပုန်ကန်မှုရဲ့ ကြံရာပါအဖြစ် သတ်မှတ်ခံရလိမ့်မယ်!”


ချီမြောင် စကားမပြောနိုင်မီ စုန့်လီချင်းက ကြားဖြတ်ပြောလိုက်သည်။


“တော်ဝင်သမားတော်ချီ၊ ကျေးဇူးတင်ပါတယ်” 


စုန့်လီချင်းက သူ့ကို ခေါင်းခါပြလိုက်သည်။ 


“ဧကရာဇ်မင်းကြီးကို ကယ်တင်ဖို့သာ အရင်အာရုံစိုက်ပါ”


ချီမြောင်သည် နောက်ဆုံးတွင်တော့ အရေးမပါသူတစ်ယောက်ဖြစ်ပြီး သူ စုန့်လီချင်းကို ကာကွယ်လေလေ ကျွင်းချီယွီကို ပို၍ ဒေါသထွက်စေလေလေ ဖြစ်လိမ့်မည်။


စုန့်လီချင်းက ကျွင်းချီယွီရှေ့သို့ လျှောက်သွားလိုက်သည်။


“ချီယွီ၊ အရှင့်သားတကယ်ပဲ ကျွန်တော့်ကို မြေအောက်အကျဥ်းထောင်ထဲ ပို့တော့မှာလား”


ကျွင်းချီယွီ၏စိတ်ကို မုန်းတီးမှုများက ဖုံးလွှမ်းနေပြီး နောက်ပြန်လှည့်ရန် နေရာမရှိတော့ပေ။ အကယ်၍ သံယောဇဉ်အနည်းငယ် ကျန်ရှိနေသေးလျှင်ပင် ဧကရာဇ်မင်းကြီး လုပ်ကြံခံရခြင်း၏ အရေးကြီးမှုနှင့် နှိုင်းယှဉ်၍မရနိုင်ချေ။


“စုန့်လီချင်း၊ ငါမင်းကို ဘယ်တော့မှ ထပ်မယုံတော့ဘူး”


ကျွင်းချီယွီ၏ မျက်လုံးများထဲတွင် မည်သည့်ခံစားချက်မှမရှိဘဲ နက်ရှိုင်းသောအေးစက်မှုသာ ရှိနေသည်။


စုန့်လီချင်း ခေါင်းညိတ်လိုက်သည်။ သူသည် သူ၏ကံကြမ္မာကို လက်ခံလိုက်ပြီဖြစ်သည်။


ကျွင်းချီယွီက သူ့ကို ဘယ်တုန်းက ယုံကြည်ခဲ့ဖူးလို့လဲ။ 


“ကျွန့်တော်ကို အစောင့်အကြပ်မပါဘဲ သွားခွင့်ပေးနိုင်မလား၊ ကျွန်တော့်ဘာသာ သွားပါ့မယ်”


သူလုပ်နိုင်သမျှမှာ သူ၏ဂုဏ်သိက္ခာအနည်းငယ်ကို ထိန်းသိမ်းရန် ကြိုးစားခြင်းသာ ဖြစ်သည်။


စုန့်လီချင်း ထွက်သွားသည်ကို ချီမြောင်က အကူအညီမဲ့စွာဖြင့် ကြည့်နေခဲ့၏။ သူသည် မြေကြီးပေါ်တွင် အချိန်အတော်ကြာ ဒူးထောက်နေခဲ့သည်။ ဘယ်သူမှ အာရုံမစိုက်သည့်အချိန်မှ ထကာ အတွင်းခန်းမဆောင်မှ တိတ်တဆိတ် ထွက်ခွာသွားသည်။


ထိုညတွင် ချီမြောင်သည် နန်းတော်အပြင်ဘက်ရှိ စာပို့တပ်စခန်းသို့ မြင်းစီးသွားခဲ့သည်။ သူ ပေရှင်းရှုကို သွားရှာမည်ဖြစ်သည်။


စုန့်လီချင်း အကျဉ်းချခံရသည့်သတင်းကို ပေရှင်းရှု ကြားသောအခါ သူ စားပွဲကို ထုချလိုက်သည်။


“ဘာလို့လဲ ကျွင်းချီယွီ၊ အဲလူယုတ်မာ သူက ဘယ်သူ့ကိုမဆို သံသယဝင်နိုင်ပေမဲ့ စုန့်လီချင်းကိုတော့ သံသယမဝင်သင့်ဘူးလေ!”


ချီမြောင် သက်ပြင်းချလိုက်သည်။ 


“ကျွန်တော်လည်း နားမလည်နိုင်ပါဘူး၊ ဖြစ်နိုင်တာက… ဖြစ်နိုင်တာက ဧကရာဇ်မင်းကြီး အဆိပ်ခတ်ခံရတဲ့ အကြောင်းအရင်း တစ်ခုတည်းကြောင့်တော့ မဟုတ်လောက်ဘူး”


ပေရှင်းရှု ဤအတိုင်း ထိုင်မနေနိုင်တော့ပေ။ 


“ငါ ကျွင်းချီယွီကို သွားရှာမယ်”


“ခဏနေပါဦး!” ချီမြောင်က 


“ခင်ဗျား ဒီအတိုင်းသွားလို့ ဘာအသုံးဝင်မှာလဲ၊ ကျွန်တော် တောင်းဆိုကြည့်ပြီးပြီ၊ ခင်ဗျားသွားရင် သူက လီချင်းအပေါ်ကို ဒေါသတွေ ပိုပုံချလိမ့်မယ်”


ပေရှင်းရှု စိတ်ပျက်သွားသော်လည်း ခေတ္တစဉ်းစားပြီးနောက် အကြံဉာဏ်ကို နားထောင်လိုက်သည်။


“ငါက အခု လွတ်လွတ်လပ်လပ် သွားလာလို့မရဘူး၊ သက်ရှည်ပွဲတော်ကို တက်ရောက်ခဲ့တဲ့လူတိုင်းက စံအိမ်တွေမှာ အကျယ်ချုပ်ချထားခံရပြီး မြို့တော်ကနေ ထွက်ခွာခွင့်မရှိဘူး၊ မင်း ခုနက မြင်တယ်မလား၊ စာပို့တပ်စခန်းတွေအပြင်ဘက်မှာ အစောင့်တွေ ချထားတယ်” 


ပေရှင်းရှု ရုတ်တရက် သဘောပေါက်သွားသည်။ 


“ကျွင်းချီယွီ အမိန့်မပေးခင် သူ ဘယ်ကိုသွားခဲ့လဲ၊ ဘယ်သူနဲ့ တွေ့ခဲ့လဲ”


“သူ တခြားဘယ်သူနဲ့မှ မတွေ့ခဲ့ပါဘူး” 


ချီမြောင်က ခေတ္တစဉ်းစားပြီး ပြောလိုက်သည်။ 


“ဒါပေမဲ့ သူ ချီလင်အိမ်တော်ကိုတော့ ပြန်သွားခဲ့တယ်”


“ချီလင်အိမ်တော်…”


သူတို့ မည်သည့်အရေးယူဆောင်ရွက်မှုမှ မပြုလုပ်နိုင်မီ နောက်ထပ်သတင်းဆိုးတစ်ခုကို ကြားလိုက်ရသည်။


ထိုညတွင် အိမ်ရှေ့စံ၏အမိန့်အရ တားမြစ်ထားသောတပ်ဖွဲ့ဝင်အများအပြားသည် စစ်သူကြီးချုပ်အိမ်တော်သို့ ဝင်ရောက်စီးနင်းကာ စုန့်ချင်းနှင့် အခြားပါဝင်ပတ်သက်သူများကို ဖမ်းဆီးခဲ့သည်။ စွဲချက်များကို လူသိရှင်ကြား မထုတ်ပြန်ခဲ့သော်လည်း စစ်သူကြီးချုပ်အိမ်တော်မှ လူရာပေါင်းများစွာကို အကျဉ်းထောင်ထဲသို့ ပို့လိုက်သည်။


ခဏအတွင်းမှာပင် မြို့တော်တစ်ခုလုံး ဆူပူလှုပ်ခတ်သွားသည်။


မနေ့တစ်နေ့ကပင် ဧကရာဇ်မင်းကြီး၏ ယုံကြည်မှုကို အပြည့်အဝရရှိထားသည့် လူသောင်းပေါင်းများစွာအထက်တွင်ရှိသော စစ်သူကြီးချုပ်သည် တစ်ညအတွင်း အကျဉ်းထောင်ထဲသို့ ရောက်သွားခဲ့သည်။


အိမ်ရှေ့စံမိဖုရား အကျဉ်းချခံရသည့်သတင်းမှာ လျင်မြန်စွာ ပျံ့နှံ့သွား၏။ ဤအဖြစ်အပျက်များက တော်ဝင်မိသားစု၏ အမျက်ဒေါသကို ခံရလောက်အောင် ဤမိသားစုသည် မည်မျှကြီးလေးသော ပြစ်မှုကို ကျူးလွန်ခဲ့သနည်းဟု လူများကို တွေးတောမိစေသည်။



မှောင်မိုက်ပြီး စိုစွတ်နေသည့် မြေအောက်ထောင်ထဲတွင် အပြင်းထန်ဆုံးပြစ်မှုကျူးလွန်သူများကိုသာ ထိန်းသိမ်းထားသည်။


စုန့်လီချင်းကို အကျဉ်းချထားသည့် အချုပ်ခန်းသည် မှောင်မှောင်မှိုင်းမှိုင်းနှင့် မှိုနံ့များ ထနေပြီး နံရံရှိ လေဝင်လေထွက်ပေါက်ငယ်လေးတစ်ခုမှသာ အလင်းရောင်အနည်းငယ် ဝင်ရောက်နေသည်။ အချုပ်ခန်းတစ်ခုလုံးသည် ပုပ်သိုးသိုးနံ့များဖြင့် ပြည့်နှက်နေပြီး ပျို့အန်ချင်စိတ်ကို ဖြစ်ပေါ်စေသည်။


ကြွက်တစ်ကောင်က စုန့်လီချင်း၏ ခြေထောက်ပေါ်သို့ တက်လာသည့်အခါ သူသည် လန့်၍ နောက်ဆုတ်လိုက်သည်။


သံကြိုးများ ရိုက်ခတ်သံနှင့်အတူ တစ်စုံတစ်ယောက်က အချုပ်ခန်းတံခါးကို ဖွင့်လိုက်သည်။


“အိမ်ရှေ့စံမိဖုရား၊ အပြင်ကို ထွက်လာပေးပါ”


စုန့်လီချင်း မြေပြင်မှ ထလိုက်သည်။ သူ့လက်နှင့်ခြေထောက်များတွင် လေးလံသော သံခြေကျင်းများခတ်ထားသောကြောင့် လမ်းလျှောက်လိုက်တိုင်း သွေးများထွက်နေသည်။


သူ မြေအောက်အကျဥ်းထောင်ထဲရှိ အမျိုးမျိုးသော နှိပ်စက်ညှဉ်းပန်းသည့် ကိရိယာများကို လှမ်းမြင်လိုက်ရသည်။ အချို့မှာ ထူးဆန်းပြီး ဘာအတွက်သုံးသည်ကိုပင် သူ မသိပေ။


“ကြောက်နေလား”


ထောင်မှူး၏အသံသည် သံချေးတက်နေသော ကတ်ကြေးတစ်လက်နှင့်တူသည်။


“အင်း”


စုန့်လီချင်း တံတွေးမျိုချလိုက်သည်။


“ကောင်းတယ်” 


ထောင်မှူးက မကောင်းဆိုးဝါးဆန်ဆန် ရယ်လိုက်သည်။ 


“ကြောက်တယ်ဆိုရင် စောစောဝန်ခံလိုက်၊ ငါတို့လည်း အလုပ်လုပ်ရတာသက်သာမယ်၊ မင်းလည်း ညှဉ်းပန်းနှိပ်စက်ခံရတဲ့ နာကျင်မှုကနေ ရှောင်နိုင်တာပေါ့”


“ကျွန်တော် ဧကရာဇ်မင်းကြီးကို အဆိပ်မခတ်ခဲ့ပါဘူး"


စုန့်လီချင်း၏ အသံသည် မှောင်မိုက်သည့် မြေအောက်ထောင်ထဲတွင် အလွန်ရှင်းလင်းစွာ ထွက်ပေါ်လာပြီး ပတ်ဝန်းကျင်နှင့် လိုက်ဖက်မှုမရှိနေချေ။


“အရေးမကြီးပါဘူး”


ထောင်မှူးက သူ့ပခုံးကို ပုတ်လိုက်သည်။


“နှိပ်စက်မခံရခင်မှာ လူတိုင်း ဒီလိုပဲ ပြောကြတာပဲ”


သူ့ရှေ့တွင် သံခြေကျင်းများတပ်ဆင်ထားသော သစ်သားခုံတစ်လုံးရှိသည်။ ထိုခုံတွင် ချည်နှောင်ခံလိုက်ရသည်နှင့် လှုပ်ရှားရန် နည်းလမ်းမရှိ၊ ပုန်းရှောင်ရန် နေရာမရှိတော့ပေ။


“ငါ့ကို အပြစ်မတင်နဲ့၊ ဒီမြေအောက်ထောင်ထဲက ငါတို့လို ကြွက်တွေက အမိန့်အတိုင်းပဲ လိုက်နာရတာ၊ ဒီနေရာကို ရောက်လာတဲ့သူတိုင်းက မြင့်မြတ်တဲ့အဆင့်အတန်းတွေချည်းပဲ၊ တချို့က အရာရှိကြီးတွေ၊ တချို့က မြို့စားတွေ… မင်းကတော့ အိမ်ရှေ့စံမိဖုရားဆိုတော့ ဒီနေရာမှာ အဆင့်အမြင့်ဆုံးပဲ၊ ဒါပေမဲ့ မင်းကို ဒီထဲပို့ဖို့ အိမ်ရှေ့စံကိုယ်တိုင်ကပဲ အမိန့်ပေးခဲ့တာကိုး” 


ထောင်မှူးက ပေါ့ပေါ့ပါးပါးပင် စကားပြောနေသည်။


“ကျေးဇူးပြုပြီး ထိုင်ပါ၊ အိမ်ရှေ့စံမိဖုရား”


“ပြည်သူ့အတွက် သစ္စာရှိရှိ အမှုထမ်းတာက ကျွန်တော့်တာဝန်ပါ၊ ခင်ဗျားကို အပြစ်မတင်ပါဘူး” 


စုန့်လီချင်းက အသက်ကိုပြင်းပြင်းရှူကာ သစ်သားခုံပေါ်တွင် ထိုင်လိုက်သည်။ ထို့နောက် သူ့ခြေလက်များကို သံကြိုးများဖြင့် ချည်နှောင်ခံလိုက်ရသည်။


ထောင်မှူးသည် သူ၏ ယဉ်ကျေးသိမ်မွေ့မှုကြောင့် အံ့ဩသွားပုံရသည်။ 


“မင်းက ငါတို့ကို ဒီလို ယဉ်ယဉ်ကျေးကျေး ဆက်ဆံတဲ့ တစ်ဦးတည်းသောသူပဲ... ကျစ်ကျစ်၊ ဒီလောက်ချောမောတဲ့ သခင်လေးတစ်ယောက်လည်းဖြစ်၊ အိမ်ရှေ့စံမိဖုရားလည်းဖြစ်နေတာ၊ ဒီဝန်ခံချက်ကို လက်မှတ်ထိုးလိုက်တာနဲ့ မင်းကို ငါ လက်ဖျားနဲ့တောင် မထိဘူး၊ ဘယ်လိုလဲ”


စုန့်လီချင်းက စာရွက်ပေါ်တွင် ရေးထားသော စွဲချက်ကို လှမ်းကြည့်လိုက်သည်။


“ကျွန်တော် မလုပ်ခဲ့တဲ့ကိစ္စကို ခင်ဗျားတို့ ဘယ်လိုပဲ နှိပ်စက်ညှဉ်းပန်းပါစေ ဝန်ခံမှာမဟုတ်ဘူး”


“ကောင်းပြီ” ထောင်မှူးက အမိန့်ပေးလိုက်သည်။ 


“ညီအစ်ကိုတို့ တတ်နိုင်သမျှ မြန်မြန်လုပ်၊ သူ့ကို သိပ်မခံစားရစေနဲ့၊ ကြိမ်ဒဏ်နဲ့စမယ်၊ ဆားနည်းနည်းထည့်၊ ဒါပေမဲ့ ငရုတ်ရည်တော့ မထည့်နဲ့၊ အိမ်ရှေ့စံကးမိဖုရားက အသားအရေနုတော့ မြင်ရတာ စိတ်မကောင်းစရာပဲ”


စုန့်လီချင်း ကြိမ်လုံးကို ရှင်းရှင်းလင်းလင်း မြင်လိုက်ရသည်။ ထိုကြိမ်လုံးတွင် သံဆူးများနှင့် ချိတ်များပါရှိပြီး ဆားရည်ထဲတွင် စိမ်ထားသည်။


စုန့်လီချင်း မကြောက်ဘဲ မနေနိုင်ပါချေ။ သူသည် ကလေးဘဝကတည်းက ကြောက်ရွံ့တတ်ပြီး နာကျင်မှု၊ တစ္ဆေ၊ အမှောင်၊ အထီးကျန်မှုနှင့် စွန့်ပစ်ခံရခြင်းတို့ကို ကြောက်ရွံ့ခဲ့သည်။ သို့သော် သူ မလုပ်ခဲ့သည့်အရာကို ဝန်မခံနိုင်ပေ။


ကျွင်းချီယွီက သူ့ကို နှိပ်စက်ညှဉ်းပန်းမှု ခံစေချင်သည်ဆိုလျှင် သူ ဤပြစ်ဒဏ်အားလုံးကို ခံနိုင်ရည်ရှိရမည်! ဤသို့ပြုလုပ်ခြင်းဖြင့် သူ၏အပြစ်ကင်းစင်မှုကို သက်သေပြနိုင်မည် မဟုတ်လော။


ဖြောင်း!!


တစ်ချက်တည်း ရိုက်လိုက်ရုံနှင့် စုန့်လီချင်း ချွေးများ ရွှဲနစ်သွားသည်။ ကြိမ်လုံးပေါ်ရှိ သံဆူးများသည် သူ့အရေပြားထဲသို့ စိုက်ဝင်သွားပြီး ချိတ်များက သူ့အသားထဲသို့ တိုက်ရိုက်ထိုးဖောက်ဝင်ရောက်ကာ သွေးစက်များချန်ထားခဲ့သည်။ ဆားရည်များ စိမ့်ဝင်လာသည့်အခါ ပိုးကောင်များ ကိုက်ခဲခြင်းထက် ပို၍ နာကျင်သည်။


“အိမ်ရှေ့စံမိဖုရား၊ ဝန်ခံလိုက်ရုံနဲ့ ကြိမ်ဒဏ်တစ်ချက် လျော့သွားမှာပါ”


စုန့်လီချင်းက အံကြိတ်ကာ တိတ်ဆိတ်နေခဲ့သည်။


ဖြောင်း! ဖြောင်း!


ကြိမ်လုံးက သူ့အသားကို ရိုက်ခတ်သံသည် မှောင်မိုက်သော မြေအောက်ထောင်ထဲတွင် ပဲ့တင်ထပ်နေသည်။ ဒုတိယတစ်ချက်၊ တတိယတစ်ချက်… ပြစ်ဒဏ်ပေးသူ၏ လက်မောင်းပင် ပင်ပန်းလာသည်အထိ စုန့်လီချင်းက တစ်ခွန်းမှ မဟခဲ့ပေ။


“သူ သေသွားပြီလား”


ထောင်မှူးက သူ၏နုနယ်သောခန္ဓာကိုယ်က မခံနိုင်မည်ကို စိုးရိမ်သောကြောင့် စုန့်လီချင်း၏ မေးစေ့ကို ဆွဲကိုင်ကြည့်လိုက်သည်။


“အသက်ရှူနေသေးတယ်၊ နာကျင်လွန်းလို့ သတိလစ်သွားတာ၊ သူ့ကို နှိုးလိုက်”


စုန့်လီချင်းသည် ရေအေးတစ်ပုံးဖြင့် လောင်းခံလိုက်ရသည့်အတွက် လန့်နိုးသွားသည်။ မြေအောက်ထောင်သည် အလွန်အေးစက်နေပြီး သူ့ခန္ဓာကိုယ်သည် ထိန်းမနိုင်သိမ်းမရ တုန်ယင်နေသည်။


“အိမ်ရှေ့စံမိဖုရားက သတ္တိရှိသားပဲ” 


ထောင်မှူးက ရယ်လိုက်သည်။ 


“နောက်တစ်မျိုး ပြောင်းကြမလား”


အစောင့်တစ်ယောက်က သစ်သားပြားတစ်ချပ် ယူလာပြီး စုန့်လီချင်း၏ လက်ချောင်းများကြားတွင် ထားလိုက်သည်။


“ဆရာ!”


စုန့်လီချင်းက ရုတ်တရက် ထပြောလိုက်သည်။


“ဒါကို ပြောင်းလို့ရမလား၊ ကျွန်တော်… စာရေးဖို့ လိုသေးလို့ပါ”


သူ့မျက်လုံးထဲတွင် မျက်ရည်များ ဝဲတက်လာသည်။ သူ နာကျင်မှုကို ခံနိုင်ရည်ရှိသော်လည်း သူ့လက်များသည် စာဖတ်ရန်နှင့် စာရေးရန်အတွက်ဖြစ်ပြီး သူ့ဂုဏ်သိက္ခာကို ကိုယ်စားပြုသည်။


“အိုး… မိုးထဲက မိုးမခပင်လို ငိုနေတဲ့ မင်းကိုကြည့်ပါဦး၊ ငါ့နှလုံးသားကို ကြေကွဲစေတာပဲ၊ မင်းက ထိပ်တန်းပညာရှင်တစ်ယောက်ဖြစ်ပြီး လက်ရေးအလွန်လှတယ်လို့ ငါကြားဖူးတယ် မင်းလက်တွေ ကျိုးသွားရင် နှမြောစရာပဲ” 


ထောင်မှူး၏ လေသံက ပြောင်းသွားသည်။


“ဒါပေမဲ့ မင်း ညှိနှိုင်းဖို့ အခွင့်အရေး လိုချင်တယ်ဆိုရင် အရင်ဆုံး လက်မှတ်ထိုးရမယ်”


စုန့်လီချင်း မျက်လုံးမှိတ်လိုက်သည်။


“ဒါဆိုရင်… ဒီလက်တွေကို ကျွန်တော် မလိုချင်တော့ဘူး” 


စုန့်လီချင်းက သူ့နှုတ်ခမ်းကို ကိုက်လိုက်ပြီး အော်ပြော်လိုက်သည်။ 


“ကျွန်တော် မလိုချင်တော့ဘူး!”


စုန့်လီချင်းသည် အကြိမ်ကြိမ် သတိလစ်ခဲ့ပြီး ရေအေးဖြင့် ပြန်လည်နှိုးခံရသည်ကြောင့် ပြစ်ဒဏ်မည်မျှခံခဲ့ရသည်ကို မသိတော့ပေ။ နောက်ပိုင်းတွင် သူသည် နိုးနေသည်ထက် သတိလစ်နေသည့်အချိန်က ပိုများနေသည်။


သူ၏သံခြေကျင်းများကို ဖြုတ်လိုက်ပြီး သစ်သားခုံပေါ်မှ ချပေးလိုက်သောအခါ သူသည် အရိုးမရှိတော့သကဲ့သို့ ခံစားရပြီး သယ်ဆောင်ခံနေရသည့် အဝတ်တစ်ထည်ကဲ့သို့ အားနည်းနေခဲ့သည်။


ထောင်မှူးက အားအင်ချိနဲ့နေသော စုန့်လီချင်းကို အချုပ်ခန်းထဲသို့ ပြန်ပစ်ချလိုက်သည်ကို ကြည့်ကာ သက်ပြင်းချလိုက်သည်။ 


“သူ ရက်တစ်ဝက်အတွင်း ဝန်ခံလိမ့်မယ်လို့ ငါထင်ခဲ့တာ၊ စုန့်မိသားစုရဲ့ သခင်လေးက အားနည်းပုံပေါ်ပေမဲ့ တော်တော်မာနကြီးတာပဲ…”


အကြမ်းတမ်းဆုံးလူများတောင် နှိပ်စက်ညှဉ်းပန်းမှုအနည်းငယ်နှင့် ကြုံတွေ့ရသည့်အခါ အော်ဟစ်ဝန်ခံကြပြီး မြေအောက်ထောင်၏ ဝေဒနာကို ခံစားရမည့်အစား ခေါင်းဖြတ်အသတ်ခံရမည်ကို ပို၍နှစ်သက်ကြသည်။


“အိမ်ရှေ့စံ ရောက်လာပါပြီ…”


တစ်စုံတစ်ယောက်က သတင်းပို့လိုက်သည့်အခါ ထောင်မှူးက သူ့ထိုင်ခုံမှ အမြန်ထကာ ကြိုဆိုလိုက်သည်။


“အိမ်ရှေ့စံ သက်တော်ရာကျော်ရှည်ပါစေ!”


ကျွင်းချီယွီသည် ဝင်လာသည်နှင့် နှာခေါင်းရှုံ့လိုက်သည်။ အတွင်းပိုင်းမှ အနံ့သည် အမှန်တကယ် ပျို့အန်ချင်စရာကောင်းလှသည်။


“သူ ဝန်ခံပြီလား”


“အဲ တောင်းပန်ပါတယ် အရှင်မင်းသား… ပြစ်ဒဏ်ရှစ်မျိုး ခံခဲ့ရပေမဲ့ အိမ်ရှေ့စံမိဖုရားက ဝန်ခံဖို့နဲ့ လက်မှတ်ထိုးဖို့ ငြင်းဆန်နေပါတယ်၊ အရှင့်သား မြင်တဲ့အတိုင်းပဲ အိမ်ရှေ့စံကြင်ယာတော်က အရမ်းပိန်လှီသွားပါပြီ၊ ကျွန်တော် အဓိကစိုးရိမ်တာက နောက်ထပ်ပြစ်ဒဏ်အနည်းငယ် ထပ်ပေးလိုက်ရင် သူ အသက်ရှင်နိုင်မှာ မဟုတ်တော့မှာကိုပါပဲ”


ကျွင်းချီယွီက အချုပ်ခန်းထဲရှိ စုန့်လီချင်းကို လှမ်းကြည့်လိုက်သည်။ သူ၏အဖြူရောင်ဝတ်စုံသည် ယခုအခါ အနီရောင်များဖြင့် စွန်းထင်းနေပြီး တောင်ပံကျိုးနေသော လိပ်ပြာတစ်ကောင်ကဲ့သို့ စုတ်ပြဲနွမ်းနယ်နေသည်။


___________________________________________________________________________