Chapter 31
[မင်းကိုငါချစ်မိတာ မဟုတ်သေးဘူး]
ကလောက်!
စုန့်လီချင်း၏လက်ထဲမှ စုတ်တံက စားပွဲပေါ် ပြုတ်ကျသွားရာ အစီရင်ခံစာလွှာက မင်တွေစွန်းထင်းလုနီးနီး ဖြစ်သွားလေသည်။ သူ ဆန်စက္ကူအသန့်တစ်ရွက်ကို ကမန်းကတမ်းယူပြီး စာရွက်ခြောက်သွားအောင် ခပ်ဖွဖွတို့လိုက်သည်။
သူ့နှလုံးသားမှာ ကျွင်းချီယွိ၏ စကားများကြောင့် ပျော်ရွှင်မှုများဖြင့် ခုန်ပေါက်နေလေသည်။
ကျွင်းချီယွိ ဤစကားပြောလာမည့်အချိန်ကို စုန့်လီချင်းတစ်ယောက် အမြဲတမ်း စောင့်မျှော်နေခဲ့ရခြင်းဖြစ်သည်။ သို့သော် ယခုချိန်မှာတော့ သူတုံ့ပြန်ရန်ပင် မဝံ့မရဲ ဖြစ်နေသည်။
“မင်း…သေချာရဲ့လား”
ကျွင်းချီယွိက ဒီတိုင်း စိတ်ကူးပေါက်ရာပြောခြင်း ဖြစ်နေမည်ကို သူစိုးရိမ်မိသည်။
စုန့်လီချင်း၏ အလေးအနက် အမူအရာကို မြင်လိုက်ရချိန်တွင် သူကတိပြုလိုက်မိသကဲ့သို့ ကျွင်းချီယွိ ခံစားလိုက်ရသည်။
“အတွေးလွန်မနေနဲ့၊ မင်းကို ငါချစ်မိတာ မဟုတ်သေးဘူး”
ကျွင်းချီယွိက အလျင်အမြန် ရှင်းပြလာသည်။
“ဘာမှမထူးဘူးလို့ ငါတွေးမိရုံပါ၊ ဘယ်သူပဲဖြစ်ဖြစ် အိမ်ရှေ့စံမိဖုရား ဖြစ်နိုင်တာပဲ၊ မင်းနဲ့မဟုတ်ရင်လည်း ခမည်းတော်က တခြားတစ်ယောက်ယောက်နဲ့ စီစဉ်ပေးမှာပဲ၊ ငါကတော့ ကြုံရာလူတစ်ယောက်ထက် မင်းကိုပဲ လိုချင်တယ်”
“ဪ၊ ငါနားလည်ပြီ”
သူ စိတ်ပျက်မိသွားတာလား။
စုန့်လီချင်း သူ့ကိုယ်သူ မေးကြည့်လိုက်ရာ သူစိတ်ပျက်မိသွားခဲ့ကြောင်း သိလိုက်ရသည်။ သို့သော် သူသည် စိတ်ပျက်မှုများကို အကြိမ်ကြိမ် ရင်ဆိုင်ခဲ့ရသောကြောင့် သာမန်ကိစ္စလိုပင် ဖြစ်နေလေပြီ။
အဆင်ပြေသည့်သူဟု သဘောထားခြင်း ခံရသည်မှာလည်း ကျွင်းချီယွိ၏ လက်ခံခြင်းပုံစံတစ်မျိုး ဖြစ်နေဆဲပင်။
“ချီယွိ”
စုန့်လီချင်းက မေးလိုက်သည်။
“တကယ်လို့…ငါသာ မင်းရဲ့ အိမ်ရှေ့စံမိဖုရားအနေနဲ့ ဆက်မနေနိုင်တော့ဘူးလို့ပြောရင် မင်းဘယ်သူ့ကို ရွေးမလဲ၊ စီစဉ်ပေးခံရသူ မဟုတ်ဘဲ မင်းကိုယ်တိုင် ချစ်မြတ်နိုးပေးမယ့်သူက ဘယ်သူလဲ ဟူနွီအာလား”
ထိုမေးခွန်းကြောင့် ကျွင်းချီယွိ အံ့အားသင့်သွားလေသည်။
စုန့်လီချင်းကို မောင်းထုတ်မည့်အကြောင်းသာ သူတွေးခဲ့ဖူးပြီး သူတကယ်တမ်း လိုချင်မိသူက မည်သူဖြစ်ကြောင်းကိုတော့ တစ်ခါမျှ မတွေးခဲ့ဖူးပေ။
သူ စိတ်ရင်းအမှန်နဲ့ လိုချင်တဲ့သူကို ရွေးရမယ်ဆိုရင်…
ကျွင်းချီယွိ မည်သူ့ကိုမျှ မတွေးမိပေ။
စုန့်လီချင်းက ညင်သာစွာ မေးပြန်သည်။
“ဒါမှမဟုတ် မင်းတစ်စုံတစ်ယောက်ကို နက်နက်ရှိုင်းရှိုင်း ချစ်ခဲ့ဖူးလား”
ကျွင်းချီယွိ စိတ်တိုလာပြီး မာဆတ်ဆတ် ပြန်ပြောလိုက်သည်။
“ငါ့ရဲ့ကိုယ်ရေးကိုယ်တာကိစ္စတွေက မင်းနဲ့ဘာမှမဆိုင်ဘူး!”
စုန့်လီချင်းမှာ စကားပြောခြင်းအား ရပ်လိုက်သည်။
“တောင်းပန်ပါတယ်…ဟို၊ ငါ လီလီရေနွေးကြမ်း လုပ်ထားတယ်၊ ဆောင်းဦးရာသီ ရောက်တော့မှာဆိုတော့ မင်းတစ်ခွက်လောက် သောက်ဦးမလား”
“ကိုယ့်ကိစ္စကိုပဲလုပ်၊ ဒီအစီရင်ခံစာတွေကို ဒီနေ့ပြီးအောင်လုပ်ထား၊ ငါနောက်မှ ပြန်ကူးရေးလိုက်မယ်”
ကျွင်းချီယွိ ထရပ်လိုက်သည်။ သူ ထိုနေရာတွင် ဆက်မနေချင်တော့ပေ။
ကျွင်းချီယွိ သာယာခြင်းနန်းဆောင်သို့ သွားလိမ့်မည်ကို စုန့်လီချင်းသိသည်။
ထိုနေရာက သူ့အတွက် အပန်းဖြေဖို့နှင့် ဖျော်ဖြေရေးအတွက်ပင်။
စုန့်လီချင်း၏ နှုတ်ခမ်းများ လှုပ်ရှားသွားသော်လည်း ဤတစ်ကြိမ်တွင်မူ သူ့ကိုတားမြစ်သည့် စကားလုံးတစ်လုံးမျှ မပြောဖြစ်ခဲ့။
သူပြောခဲ့လျှင်တောင် ကျွင်းချီယွိက နားထောင်မည်မဟုတ်ပေ။
စုန့်လီချင်းက စာရေးခြင်း၌သာ သူ့ကိုယ်သူ မြှုပ်နှံထားလိုက်သည်။
ပေါက်ကနဲမြည်သံနှင့်အတူ သွေးတစ်စက်က အစီရင်ခံစာပေါ်သို့ ကျဆင်းသွားလေသည်။
သွေးနီနီရဲရဲက စက္ကူကို အလျင်အမြန် စိုစွတ်သွားစေခဲ့ရာ သူဘယ်လောက်ပဲ ကြိုးစားပါစေ သန့်ရှင်းအောင် သုတ်ပစ်လို့မရတော့ပေ။ နောက်ဆုံးတော့ သူလက်လျှော့လိုက်သည်။
နှာခေါင်းသွေးယိုခြင်းကို တားဆီးရန် သူ့နှာခေါင်းထဲ စက္ကူအချို့ ထိုးထည့်လိုက်သည်။
ညှိုးခြောက်ခြောက် သဖန်းပိုးရွက်လေးတစ်ရွက်က လေနှင့်အတူ အခန်းထဲသို့ လွင့်မျောလာလေသည်။ အအေးဒဏ်ကြောင့် စုန့်လီချင်း တုန်ယင်သွားပြီး သူ့ကိုယ်သူ ပိုတင်းတင်းကြပ်အောင် ထုပ်ထားလိုက်သည်။ အပြင်ဘက်မှ သစ်ပင်ကိုကြည့်ကာ နေ့ရက်များကို ရေတွက်နေသည်။
“ဆောင်းဦးတောင် ရောက်လာခဲ့ပြီပဲ”
စုန့်လီချင်းက ၀မ်းနည်းစွာ ပြောလိုက်သည်။
…
ညီလာခံတွင် ကျွင်းချီယွိမှာ လေးလံထိုင်းမှိုင်းနေပြီး မသမ်းဝေဘဲ မနေနိုင်ဖြစ်နေသည်။ ပုံမှန်မဟုတ်သော အခြေအနေကို သူသတိပြုမိသည်။ ပုံမှန်ဆိုလျှင် ဧကရာဇ်က သူ၏ ပေါ့တီးပေါ့ဆ အပြုအမူတွေအတွက် အပြစ်တင်လေ့ရှိသည်။ သို့သော် ယနေ့တွင်မူ ဘာတစ်စုံတစ်ရာမျှ မပြောသေးပေ။
သေချာပေါက်ပင် ညီလာခံပြီးချိန်၌ ဧကရာဇ်က သူ့ကို ထိုက်ဟယ်ခန်းမသို့ ဆင့်ခေါ်ခဲ့သည်။
“ချီယွိ၊ မင်း ဒီရက်ပိုင်း ဘယ်တွေသွားပြီး ဘာတွေလုပ်နေလဲ”
ကျွင်းချီယွိက ပြန်ဖြေလေသည်။
“ညီလာခံပြီးရင် ချီလင်အိမ်တော်ကိုပြန်ပြီး အစီရင်ခံစာတွေကို နေ့တိုင်းပြန်ကြည့်ပါတယ်”
“ငါမင်းကို အစီရင်ခံစာတွေ အရမ်းများများ ပေးလိုက်မိလို့လား၊ မင်းကြည့်ရတာ ပင်ပန်းနေတဲ့ပုံပဲ၊ အဲဒါတွေကို စစ်ဆေးဖို့ ညဉ့်နက်တဲ့အထိ မအိပ်ဘဲ နေခဲ့ရတာလား”
ဧကရာဇ်၏ စကားများထဲတွင် ထိုထက်ပိုသော အဓိပ္ပာယ်များ ပါနေကြောင်း ကျွင်းချီယွိခံစားမိသည်။
“အရမ်းမများပါဘူး၊ ကျွန်တော်…ကျွန်တော် မပင်ပန်းပါဘူး”
“ဪ၊ ခဏနေကျရင် တော်၀င်သမားတော်ဌာနကို သွားပြီး အပူငြိမ်းဆေးသွားယူလိုက်ဦး ကိုယ့်ကိုယ်ကိုဂရုစိုက်၊ နောက်တစ်ခါကျရင် အစီရင်ခံစာပေါ် နှာခေါင်းသွေးအစွန်းမခံနဲ့”
ဧကရာဇ်က ညင်သာစွာ ပြောလိုက်သည်။
ဧကရာဇ်၏ အတွေးများကို ကျွင်းချီယွိတစ်ယောက် ပိုလို့တောင် နားမလည်နိုင် ဖြစ်သွားရသည်။
“ဘယ်သွေးလဲ… အဲ၊ ခမည်းတော်ရဲ့ ဝန်ထုပ်ဝန်ပိုးတွေကို ခွဲဝေယူတာက ကျွန်တော့်ရဲ့တာဝန်ပါ”
“စိတ်ပျက်စရာအရူးကောင်!”
ဧကရာဇ်က ဒေါသတကြီး အော်ဟစ်လိုက်သည်။
“ငါမင်းကို ချီးမွမ်းနေတယ်လို့ မင်း တကယ်ထင်နေတာလား၊ မင်းငါ့ကို လိမ်ခဲ့တယ်၊ လှည့်ကွက်တွေ သုံးခဲ့တယ်၊ တခြားတစ်ယောက်ကို အဲစာလွှာတွေ ပြန်စစ်ဆေးစေခဲ့တယ်! နောက်ဆုံးတော့ မင်းရဲ့တာဝန်တွေကို စိတ်ထဲထည့်ခဲ့ပြီပဲလို့ ငါယုံကြည်ခဲ့တာ! အဲအစား မင်းက ညတိုင်း မင်းအချစ်ဆုံးကျွန်နဲ့ ပျော်ပါးရင်း ကုန်ဆုံးနေတယ်၊ အပျော်အပါးမှာပဲ မွေ့လျော်နေတယ်! မင်း နယ်စပ်မှာ သွေးခဲ့တဲ့ ထက်မြက်မှုတွေက တစ်နေ့ထက်တစ်နေ့ ပိုပြီး တုံးတုံးလာပြီ၊ အခု မင်းကိုယ်မင်း ကြည့်စမ်းပါဦး! မင်းမှာ ကျင်းပြည်ထောင်ရဲ့ အိမ်ရှေ့စံမင်းသား ဟန်အမူအရာရော ရှိသေးရဲ့လား! မင်းကို လူတွေက လေးစားမှု မရှိတော့ဘူး၊ မင်းအပေါ် သူတို့ရဲ့ ယုံကြည်မှုတွေက ပျက်ပြားနေပြီဆိုတဲ့ ကောလဟာလတွေတောင် အပြင်မှာထွက်နေပြီ!”
ကျွင်းချီယွိ ဒေါသထွက်နေသော်လည်း ဒူးထောက်ပြီး သူ့အမှားကို ဝန်ခံရုံမှတစ်ပါး အခြားရွေးချယ်စရာ မရှိပေ။
“အရှင်မင်းကြီး-…”
“ငါ့ကို နောက်ထပ်စကားလုံးတွေနဲ့ လှည့်ဖြားဖို့ မကြိုးစားနဲ့တော့”
ဧကရာဇ်က လက်မြှောက်ပြီး စကားဖြတ်ပြောလိုက်သည်။
“ငါမင်းကို အရမ်းအလွယ်လေး သက်ညှာပေးခဲ့မိတယ်၊ လူမျိုးခြားကျွန်တစ်ယောက်ကို နန်းတော်ထဲ ဝင်ခွင့်ပေးခဲ့မိတယ်! အဲလိုလူမျိုးကို မင်းဘေးမှာထားတာက မင်းကို လမ်းမှားပဲ ရောက်စေလိမ့်မယ်၊ ငါ ဆုံးဖြတ်ပြီးသွားပြီ၊ ဟူနွီအာ…သေဒဏ် ပေးခံရလိမ့်မယ်!”
“ခမည်းတော်!”
ကျွင်းချီယွိ ရုတ်တရက် ထရပ်လိုက်ပြီး ဧကရာဇ်ကို စိုက်ကြည့်သည်။
“ဘာအတွက်မဆို ကျွန်တော့်ကို ဆူလို့ရတယ်၊ ဒါပေမဲ့ ဒီကိစ္စက ဟူနွီအာနဲ့ ဘာဆိုင်လို့လဲ၊ သူ့ကိုသတ်ဖို့ ဘယ်လိုများ အမိန့်ချမှတ်နိုင်ရတာလဲ”
ဧကရာဇ်က အေးတိအေးစက် ပြန်ဖြေသည်။
“သူက ငါတို့မျိုးနွယ်မဟုတ်ဘူး၊ သူ့မှာ ဖုံးကွယ်ထားတဲ့ ရည်ရွယ်ချက်တွေ ရှိရမယ်”
ကျွင်းချီယွိတစ်ယောက် မဆန့်ကျင်နိုင်တော့ဘဲ သူ့စိတ်ကိုမာအောင် တင်းလိုက်သည်။
“ဟူနွီအာက လူမျိုးခြားကျွန်… ဒါပေမဲ့ ပါပါးလည်း အဲတုန်းက ခမည်းတော်ရဲ့ ကိုယ်လုပ်တော်တွေထဲက တစ်ယောက်ပဲ မဟုတ်လား၊ ခမည်းတော်တောင် လုပ်နိုင်သေးရင် ကျွန်တော်ကဘာလို့ မလုပ်နိုင်ရမှာလဲ”
ဧကရာဇ်၏ ဒေါသက အထွတ်အထိပ်သို့ ရောက်ရှိသွားပြီး နဖူးပေါ်တွင် သွေးကြောများ ထောင်ထလာသည်။ သူ စားပွဲကို ဒုန်းခနဲ ပြင်းပြင်းထန်ထန် ရိုက်ချလိုက်ရာ တော်၀င်တံဆိပ်တုံးပင် တုန်ခါသွားရသည်။
“တိတ်စမ်း! သူ့ကို ကျွန်တစ်ယောက်နဲ့ ဘယ်လိုများ နှိုင်းယှဉ်နိုင်ရတာလဲ!”
ကြံမိကြံရာလုပ်နေသော ကျွင်းချီယွိက ပြန်ပက်လိုက်သည်။
“ဘာလို့ မနှိုင်းယှဉ်နိုင်ရမှာလဲ၊ ခမည်းတော်သာ ဟူနွီအာကို သေဒဏ်ပေးမယ်ဆိုရင် ကျွန်တော် စုန့်လီချင်းကိုပါ သေအောင်လုပ်မယ်၊ ကျွန်တော် ဘယ်သူ့ကိုမှ မလိုချင်ဘူး!”
ထိုက်ဟယ်ခန်းမထဲမှ အဖေနှင့်သား၏ ရန်ပွဲကို ဧကရာဇ်ကို ခစားနေသည့် မိန်းမစိုးများမှလွဲ၍ အပြင်လူများ မသိကြပေ။ မိန်းမစိုးများမှာမူ ကြားလိုက်ရသည်များကြောင့် ချွေးအေးများပင် စို့လာခဲ့သည်။
ကျွင်းချီယွိမှာ ချီလင်စံအိမ်ကို ဒေါသတကြီး ပြန်သွားသည်။
“ချီယွိ…”
စုန့်လီချင်းက သူ့ကို နှုတ်ဆက်ဖို့ လုပ်လိုက်သော်လည်း ရုတ်တရက် တွန်းထုတ်ခံလိုက်ရသည်။ ကျွင်းချီယွိမှာ သူ့ဒေါသကို မထိန်းချုပ်ထားတာကြောင့် စုန့်လီချင်း၏လက်က ရောင်ရမ်းကာ နီရဲသွားရသည်။
မကြာမီတွင် တော်၀င်ရဲမက်များက ဟူနွီအာကို ပင်မခြံ၀င်းဆီ ဆွဲခေါ်လာကြသည်။
အသက်ကြီးကြီး မိန်းမစိုးတစ်ဦးက ကြေညာလိုက်သည်။
“ဧကရာဇ်ရဲ့အမိန့်အရ ဟူနွီအာကို ကြိမ်ဒဏ်အချက်ငါးဆယ်ရိုက်စေ၊ အိမ်ရှေ့စံနဲ့ အိမ်ရှေ့စံမိဖုရားတို့က အပြစ်ဒဏ်ပေးခံရတာကို မျက်မြင်ကိုယ်တွေ့ ကြည့်ရှုရမည်”
စုန့်လီချင်း စိတ်ရှုပ်သွားရသည်။
“ဘာလို့လဲ”
သူ ကျွင်းချီယွိကို ကြည့်လိုက်သည်။
“ဧကရာဇ်က ဘာလို့…”
“မင်းလုပ်တာတွေပဲ မဟုတ်ဘူးလား”
ကျွင်းချီယွိက မျက်နှာသေဖြင့် ပြောလိုက်သည်။
မိန်းမစိုးက စုန့်လီချင်းကို ဦးညွှတ်ကာ လျှောက်တင်လိုက်သည်။
“အိမ်ရှေ့စံမိဖုရား ထိုင်တော်မူပါ၊ ဟူနွီအာကို လေးစားမှုနဲ့ စည်းမျဉ်းစည်းကမ်းတွေကို သင်ကြားပေးဖို့အတွက် အိမ်ရှေ့စံမိဖုရားရဲ့ရှေ့မှာ ဒူးထောက်ပြီး အပြစ်ဒဏ် ခံယူရမယ်လို့ ဧကရာဇ်က အမိန့်ပေးထားပါတယ်”
အစေခံများက ကုလားထိုင်တစ်လုံး ယူလာပေးသော်လည်း စုန့်လီချင်းကတော့ ကသိကအောက် ဖြစ်နေမိသည်။
မိန်းမစိုးက ဟူနွီအာကို အော်လိုက်သည်။
“ဒူးထောက်ပြီး အပြစ်ဒဏ်ကို လက်ခံစမ်း!”
ဟူနွီအာက ငိုယိုပြီး နာခံဖို့ငြင်းဆန်နေသည်။ မိန်းမစိုးနှစ်ယောက်က ဖိထားသော်လည်း မြေကြီးပေါ်တွင် ရုန်းကန်နေသည်။
“သခင်…အရှင်မင်းသား၊ ဟူနွီအာ ဘာအမှားလုပ်မိလို့ အခုလို အပြစ်ဒဏ်ခံရတာလဲ၊ ကျွန်တော်အလုပ်အကျွေးပြုတာကို မကျေနပ်လို့လားဟင် သခင်၊ သနားပါဦး ကျွန်တော့်မှာ အားကိုးစရာ ဘယ်သူမှ မရှိပါဘူး၊ ကျွန်တော့်ကိုကယ်ပါဦး…”
မိန်းမစိုးက အချက်ပြလိုက်ရာ ရဲမက်နှစ်ဦးက ဟူနွီအာကို ဖိချုပ်လိုက်ပြီး ခန္ဓာကိုယ်ကို အတင်းအကြပ် တည့်မတ်လိုက်သည်။
အပြစ်ဒဏ်ပေးရန် အမိန့်ပေးခြင်းခံရသော မိန်းမစိုးလေးမှာ သက်ညှာမှုကို မပြသရဲပေ။
“ဖြန်း!”
တိုပြတ်ပြတ်အသံနှင့်အတူ ဟူနွီအာ၏ဦးခေါင်းက တစ်ဖက်သို့ လည်ထွက်သွားပြီး သူ့ဆံပင်ပေါ်မှ အဆင်တန်ဆာများက မြေကြီးပေါ်ပြုတ်ကျကာ အသံစုံထွက်လာသည်။
စုန့်လီချင်းမှာ လက်သီးဆုပ်ထားရသောကြောင့် လက်ဖဝါးများတွင် ချွေးစို့နေသည်။
အကြောင်းမှာ တစ်ချိန်တည်း၌ ကျွင်းချီယွိမှ ဆိုးဆိုးရွားရွား ပြောလိုက်သောကြောင့်ပင် ဖြစ်၏။
“သေချာ အနီးကပ်ကြည့်ထား၊ ဒီနေ့ ဟူနွီအာ ခံစားရတဲ့ အရှက်ရမှုအတွက် ငါမင်းကို ဆယ်ဆပြန်ပေးဆပ်ခိုင်းမယ်!”
_____________________________________________________________________________