Ch 30
Viewers 2k

Chapter 30

[ငါ့ရဲ့ အိမ်ရှေ့စံ ကြင်ယာတော်အဖြစ် ဆက်ရှိနေပေး]


“ကောင်းတယ်ဟုတ်လား ဘယ်ဟာက ကောင်းလို့လဲ” 


စိတ်အခြေအနေ မတည်မငြိမ်ဖြစ်နေသည့် ကျွင်းချီယွိသည် လျှပ်တစ်ပြက် မြင်ခဲ့သည့် စုန့်လီချင်း၏ အလှတရားကို နားမလည်နိုင်ပေ။


“ ဒီလာခဲ့” ဟု ကျွင်းချီယွီ မှ အမိန့်ပေးလိုက်သည်။


စုန့်လီချင်းသည် ခဏတာ မှင်သက်သွားခဲ့ပြီး ကြောက်ရွံ့ထိတ်လန့်သည့်စိတ်ခံစားချက်မှာ တဟုန်ထိုး တက်လာခဲ့သည်။

 

ယခုတွင် ကျွင်းချီယွီသည် သူ့အား ခေါ်လိုက်သည့်အချိန်၌ သူ၏ ပထမဆုံးတုံ့ပြန်မှုမှာ အကြောက်တရားနှင့် ဖြစ်သည်။

 

ကျွင်းချီယွီ၏ ကြိုတင်ခန့်မှန်း၍ မရသော စိတ်အခြေအနေကြောင့် စုန့်လီချင်းသည် မည်သည့်အရာအား လုပ်ဆောင်ရမည်ကို ကြို၍ မသိနိုင်တော့ပေ။

 

ကျွင်းချီယွီသည် သူ၏ စိုးရိမ်ပူပန်နေမှုကို သတိထားမိသွားခဲ့ပြီး သူ့မျက်ခုံးကို ပင့်လိုက်လေသည်။

 

“ မင်း ဘာတွေကြောက်နေတာလဲ၊ ငါ မင်းကို ကိုက်စားမယ်လို့များထင်နေလား”

 

စုန့်လီချင်းသည် အမိန့်နာခံလိုက်ပြီး သူ၏ခြေထောက်များမှာ နာကျင်၍ အားနည်းနေခဲ့သည်။ သူသည် ကျွင်းချီယွီ၍ ဘေးနားသို့ လျှောက်သွားရန် အားခဲလိုက်ပြီး နဖူးပြင်မှ ချွေးစေးများ ကျလာခဲ့သည်။

 

ကျွင်းချီယွီသည် စုန့်လီချင်း၏ ငြိမ်သက်နေမှုကို စိတ်အလိုမကျဖြစ်နေပြီး  မျိုသိပ်၍ သည်းခံနေသော သူ့ ပုံစံသည် သူ့အား စိတ်ကျေနပ်မှုမရရှိစေပေ။


ယခင်အချိန်များ၌ သူသည် ငိုယို၍ ပြသာနာများလုပ်တက်ပြီး ယခုတွင်မူ သူသည် ဘူးသီးတစ်လုံးလိုပင် တိတ်ဆိတ်နေခဲ့သည်။


“အဲမှာ ဘာလို့ရပ်နေတာလဲ ထိုင်လေ”

 

“ထိုင်ရမှာ..လား”

 

စုန့်လီချင်းသည် မထင်မှတ်ထားသည့် မျက်နှာသာပေးမှုကြောင့် တွေဝေသွားခဲ့သည်။ သူတို့ လက်ထပ်ပြီးချိန်မှစ၍ သူသည် ကျွင်းချီယွီဘေးတွင်း နီးနီးကပ်ကပ်ထိုင်ရန် အခွင့်အရေးမှာ ရှားပါလွန်းလှသည့်အပြင် ဘေးချင်းယှဉ်၍တောင် လမ်းလျှောက်၍ မရခဲ့ပေ။ ကျွင်းချီယွိသည် အမြဲတမ်းပင် သူနှင့် ဝေးဝေးမှနေ၏။


ကျွင်းချီယွီသည် စုတ်တံအား စုန့်လီချင်း၏လက်ထဲသို့ အတင်းထည့်ပေးလိုက်သည်။


“ မင်း ရေးလိုက်”

 

ကျွင်းချီယွီသည် သူ၏ ရှည်လျားသည့်ခြေထောက်များကို ဆန့်ထုတ်လိုက်ပြီး စားပွဲပေါ်မှ စပျစ်ခိုင် တစ်ခိုင်ကို ဆွဲယူလိုက်ကာ အခွံမခွာဘဲ တစ်လုံးပြီးတစ်လုံး စားနေလေသည်။

 

စုန့်လီချင်းသည် စာလိပ်များကို စိုက်ကြည့်လိုက်သည့်အခါ၌ ထိုအရာများမှာ အမတ်ကြီးများမှ ဧကရာဇ်အား တင်ပြလာသည့် အစီရင်ခံစာများပင် ဖြစ်သည်။

 

စုန့်လီချင်း : “ချီယွီ ဒါက အစီရင်ခံစာတွေပဲ ငါမရေးနိုင်ဘူး”

 

“ခမည်းတော်က ငါ့ကို အစီရင်ခံစာတွေ ဘယ်လို စစ်ဆေးရလဲဆိုတာကို သင်စေချင်တာလေ၊ သူပြောတာကတော့ ငါ ဒီတိုင်းပြည်ကို အုပ်ချုပ်ဖို့ဆိုရင် အရင်ဆုံး ဒီတိုင်းပြည်ရဲ့ ကိစ္စတွေကို နားလည်ရမယ်တဲ့၊ မင်းက တော်ဝင်စာမေးပွဲမှာ မူဝဒရေးရာစာတမ်းနေပြီး အောင်လာတာမဟုတ်လား၊ ဒါက မင်းရဲ့အရည်အချင်းတွေကို အသုံးချဖို့ အခွင့်ကောင်းပဲ”

 

“ ဒါပေမဲ့ ဧကရာဇ် က အရှင့်သားကို သင်စေချင်တာလေ၊ အခြားတစ်ယောက်ကို လုပ်ခိုင်းတာက မသင့်လျော်ပါဘူး”

 

စုန့်လီချင်း စကားပြော၍ မပြီးသေးခင်မှာပင် ကျွင်းချီယွီသည် စိတ်အလိုမကျစွာဖြင့် စပျစ်သီးများကို အသီးပန်းကန်ထဲသို့ ပြန်၍ ပစ်ထည့်လိုက်လေသည်။

 

“ဒါပေမဲ့ဆိုတာက ဘာလဲ၊ အခုတလော ဒီတိုင်းပြည်ကြီးက အေးချမ်းသာယာပြီး ပြည်သူတွေလည်း ကျေနပ်နေကြတာပဲလေ ဘယ်လို ပြသာနာကြီးကြီးမားမားရှိနိုင်ဦးမှာလဲ ၊ အများဆုံးဖြစ်နိုင်တာတွေက ဟွမ်မြစ်ရေကြီးတာ ဒါမှမဟုတ် ကောက်ပဲသီးနှံတွေပိုးကျတာလောက် ရှိတာလေ၊ အဲအမတ်ကြီးတွေက ငွေတွေတောင်းရုံကလွဲပြီး ဘာလုပ်ကြလို့လဲ၊ သူတို့က နစ်နာတဲ့ပြည်သူတွေအတွက်လို့ပြောကြပေမဲ့လည်း နောက်ဆုံးကျ သူတို့အိတ်ထဲပဲ ထည့်ကြတာလေ၊ ရေးလိုက်ပါ နည်းနည်းစာချောရင်ရပြီ”

 

စုန့်လီချင်းသည် ကျွင်းချီယွီ၏ တောင်းဆိုမှုများအား တစ်ကြိမ်တစ်ခါမျှ ငြင်းပယ်ခဲ့ခြင်း မရှိပေ။

 

ကျွင်းချီယွီသည် သူ၏ အိမ်စာများကို စုန့်လီချင်းအား ဖိအားပေး၍ လုပ်ခိုင်းခဲ့သည့် နေ့ရက်များကဲ့သို့ပင်။

 

“ ချီယွီ ငါတို့လက်ရေးတွေက မတူဘူးလေ၊ ဧကရာဇ်က ကြည့်ရုံနဲ့ သိသွားလိမ့်မယ်”

 

“ အဲဒါလည်း ဟုတ်တယ်”

 

ကျွင်းချီယွီသည် သူ၏ ဦးနှောက်ကို လျင်မြန်စွာ အလုပ်လုပ်လိုက်ပြီးနောက် လှည့်ဖျားတက်သည့်အကြံဉာဏ်များထွက်လာခဲ့သည်။

 

“ ဒီလိုလုပ်ရင်ရော မင်း စာရွက်တစ်ရွက်အပေါ် အရင်ချရေးလိုက်၊ ပြီးရင် ငါ ကူးမယ်”

 

ထိုသို့ အစီအစဉ်ချပြီးနောက် ကျွင်းချီယွီသည် သူမွေးထားသည့် ကြွက်တစ်ပိုင်း ယုန်တစ်ပိုင်းအကောင်လေးနှင့် ဆော့ကာ ထွက်သွားလေသည်။

 

စုန့်လီချင်းသည် အကူအညီမဲ့စွာဖြင့် ပထမဆုံးစာလိပ်အား ဖွင့်ကြည့်လိုက်လေသည်။


သူသည် ခဏတာ စဉ်းစားမိလိုက်သည်။ ကျွင်းချီယွီ၏ တောင်းဆိုမှုများအား ငြင်းပယ်ခြင်းသည် သူ့အား ပို၍ ဒေါသထွက်စေခြင်းပင် ဖြစ်သည်။ သို့သော် သူသည် အသံကျယ်ကျယ်ဖြင့် ဖတ်လို့ရလေသည်။


အကယ်၍ ကျွင်းချီယွီနားထောင်နေပါက ထိုအစီရင်ခံစာများကို သူကိုယ်တိုင် စစ်ဆေးနေကဲ့သလိုပင် ဖြစ်နေမည်။

 

ထို့ကြောင့် စုန့်လီချင်းသည် တမင်တကာပင် အသံကျယ်ကျယ်ဖြင့် ဖတ်လိုက်လေသည်။


“ကျန်းစုနဲ့ ကျစ်ကျန်း ကမ်းရိုးတန်းဒေသတွေမှာရှိတဲ့ ငါးမျှားရတဲ့နေရာ ၁၁ခုကို ပင်လယ်ဓားပြတွေက ဝင်ပြီး လုယက်ကြလို့ ပြည်သူတွေ ဆင်းရဲငတ်ပြတ်နေကြတယ်တဲ့ ချီယွီ..”


ကျွင်းချီယွီသည် နောက်သို့ပင် လှည့်မကြည့်ဘဲ အော်ပြောလာခဲ့သည်။


“ အဲ ကမ်းရိုးတန်းတစ်လျှောက်မှာ တပ်စခန်းတွေ ရှိကြတယ်မဟုတ်လား၊ တကယ်လို့ သူတို့က ပြည်သူတွေကို မကာကွယ်ပေးနိုင်ခဲ့တာဆိုရင် ဒါက သူတို့ရဲ့ ပေါ့ဆမှုပဲလေ၊ ဆိပ်ကမ်းစောင့်တပ်ရဲ့စစ်သူကြီးနဲ့ တပ်သားတွေအကုန် အပြစ်ပေးခံရသင့်တယ် ၊ သူတို့ရဲ့ အရင်က အကျိူးဆောင်မှုတွေက်ို ထောက်ထားပြီး ဓားပြတွေကို သတ်ရင်းနဲ့ ပြန်ပေးဆပ်ခိုင်းရမယ်၊ ဓားပြတစ်ယောက်ကို သတ်နိုင်ရင် ဆုကြေးငွေအနေနဲ့ ငွေစ ၁၀ရမယ်၊ အမြင့်ဆုံးသတ်မှတ်ချက်တွေလည်းမရှိဘူး၊ ဒီလောက်ဆုကြေးငွေတွေနဲ့ဆိုရင် သူတို့ ဒီလောက် ပေါ့ပေါ့ဆဆနဲ့နေနိုင်တော့မှာမဟုတ်ဘူးလို့ ငါပြောရဲတယ်”

 

စုန့်လီချင်းသည် ပြုံးလိုက်ပြီးနောက် သူ၏အတွေးများကို ချရေးလိုက်သည်။

 

“ ပျက်စီးသွားတဲ့ ရွာတွေနဲ့ လယ်ယာမြေတွေကျရော ဘယ်လိုလုပ်မလဲ”

 

“ ဘာလုပ်လို့ ရဦးမှာလဲ၊ တရားရုံးက ထောက်ပံ့ကြေးတွေ ပေးလိမ့်မယ်လေ”

 

စုန့်လီချင်း : “ ဘယ်လောက် ပေးသင့်တယ်လို့ ထင်လဲ”

 

“ အမ်… ငွေစ ၁၀ဆ မဟုတ်သေးဘူး ၈ ဆ လောက်ပေါ့”

 

“ ငွေစ ၈ဆ တည်းလား၊ အဲဒါက အရမ်း မနည်းလွန်ဘူးလား၊ မင်းပြောတော့ အမတ်ကြီးတွေက ငွေအလွဲသုံးစားလုပ်ကြတယ်ဆို၊ အဲဒါဆိုရင် အိမ်ထောင်စုတိုင်းက သိပ်ပြီး ရမှာမဟုတ်တော့ဘူးလေ”

 

“မင်းနားမလည်ပါဘူး၊ ဒီလိုငွေတွေအများကြီး တစ်ခါတည်းရသွားရင် အမြဲကျေနပ်တင်းတိမ်နိုင်မှာမဟုတ်ဘူး၊ တကယ်လို့ သူတို့က သက်တောင့်သက်သာနဲ့ ပျင်းတဲ့စိတ်တွေတိုးလာပြီး တရားရုံးရဲ့ ထောက်ပံ့ကြေးတွေကိုပဲ မှီခိုနေကြရင်ရော ၊ တကယ်လို့ ထောက်ပံ့ကြေးတွေရပ်လိုက်ရင်လည်း သူတို့က ပုန်ကန်ကြတော့မှာ အဲဒါအပြင် ဒေသခံအမတ်ကြီးတွေက ငါတို့ပိုပေးသလောက် သူတို့ကို ပိုပေးမယ်လို့ မင်းထင်နေတာလား” ဟု ကျွင်းချီယွီမှ ထိုင်၍ ပြောလာခဲ့သည်။

 

စုန့်လီချင်းသည် ကျွင်းချီယွီ ပြောသည့် အရာများမှာ မှန်သည် မှားသည်ကို မပြောနိုင်သော်လည်း သူ၏ ထင်မြင်ချက်များမှာ အကျိူးအကြောင်း သင့်လေသည်။ သူသည် ကျွင်းချီယွီ၏ ထင်မြင်ချက်များကို ချရေးလိုက်သည်။

 

“ နောက်ထပ် အစီရင်ခံစာတစ်ခုထဲမှာ ပြောတာက…”

 

အပြင်ဘက်တွင်ရှိနေသော ရှောင်တိသည် အခန်းထဲသို့ ကြည့်လိုက်လေသည်။


အိမ်ရှေ့စံမင်းသားနှင့် သူ၏ကြင်ယာတော်သည် အတူတူထိုင်နေကာ တစ်ယောက်မှ အစီရင်ခံများကို ဖတ်ပြလျှင် နောက်တစ်ယောက်မှ ပြန်၍ ဖြေရှင်း တုံ့ပြန်နေပုံမှာ အလွန်ပင် လိုက်ဖက်ညီလှသည်။

 

တလက်လက်တောက်ပနေသော ဖယောင်းတိုင်အလင်းများသည် သူတို့၏ ပုံရိပ်များအား ပို၍ လိုက်ဖက်ညီစေလေသည်။

 

ရှောင်တိသည် စုန့်လီချင်းအတွက် အလွန်ပျော်ရွှင်နေပြီး သူတို့အတွက် ညစာအား တမင်တကာပင် နှောင့်နှေးစေရန် နောက်ကျမှ ယူဆောင်လာခဲ့ခြင်းဖြစ်သည်။

 

ရက်ပေါင်းများစွာတိုင်အောင်ပင် ကျွင်းချီယွီသည် စုန့်လီချင်းအတွက်  အစီရင်ခံစာများကို ယူလာပေးခဲ့သည်။

 

ကျွင်းချီယွီသည် စုန့်လီချင်းအား ဒေါသမျက်လုံးများဖြင့် မကြည့်တော့ဘဲ အပြုံးဖြင့်သာ ကြည့်လေတော့သည်။

 

“ နောက်ဆုံးတော့ ဒီနေ့ ခမည်းတော်က ငါ့ကို ချီးကျူးလိုက်ပြီ”

 

ကျွင်းချီယွီသည် စိတ်လှုပ်ရှားစွာဖြင့် ပြောလာခဲ့ပြီး ထိုင်ချလိုက်လေသည်။

 

သူ၏ ပျော်ရွှင်နေပုံကို မြင်လိုက်ရသည့်အခါ၌ စုန့်လီချင်းသည် မနေနိုင်တော့ဘဲ အနည်းငယ် ပြုံးမိသွားလေသည်။

 

မည်သို့ပင် ဆိုကာမူ ကျွင်းချီယွီမှာ ငယ်ရွယ်သည့် လူငယ်တစ်ဦးသာဖြစ်သည်။ သူသည် အမြဲ စိတ်အလိုမကျဖြစ်တက်သော်လည်း ချီးကျူးခံလိုက်ရသည့်အချိန်၌ သူ၏မျက်နှာမှာ တောက်ပ လာခဲ့သည်။

 

စုန့်လီချင်း: “ ဧကရာဇ်က ဘာအတွက် ချီးကျူးလိုက်တာလဲ”

 

“ ခမည်းတော်က ငါ့ကို တိုင်းပြည်ရဲ့ ပြသာနာကိစ္စတွေကိုင်တွယ်နိုင်လို့ ချီးကျူးလိုက်တာ ပြီးတော့ ပြန်လည်သုံးသပ်ထားတဲ့ အစီအရင်ခံစာတွေကိုလည်း သင့်လျော်တယ်လို့ ပြောလိုက်သေးတယ် ၊ ပြီးတော့ ဒီ အစီရင်ခံစာတွေကို အမတ်ကြီးတွေဆီ ပြန်ပို့တဲ့အချိန်ကျရင် လည်း ဘာမှထပ်ပြင်စရာ မလိုတော့ဘူးတဲ့၊ ငါ့ရဲ့လက်ရေးကတော့ တော်တော်ဆိုးတယ်လို့ပြောတယ် ဟားဟားဟား”


“ဒါဆိုရင်တော့ မင်းရဲ့လက်ရေးကို ပိုပြီးလေ့ကျင့်သင့်တယ်နော်” ဟု စုန့်လီချင်းမှ လက်ဖက်ရည်တစ်ခွက်ငှဲ့ပေးကာ ပြောလာခဲ့သည်။

 

“လေ့ကျင့်ရမယ်တဲ့လား၊ ငါ့ရဲ့လက်ရေးက လှလှ မလှလှဘာဖြစ်လဲ” 


ကျွင်းချီယွီသည် လက်ဖက်ရည်အား တစ်ချိုက်တည်း မော့သောက်လိုက်ပြီးနောက် စုန့်လီချင်းအား မျက်လုံးစွေ၍ ကြည့်လိုက်လေသည်။


“ငါ မင်းရဲ့ ရည်ရွယ်ချက်တွေကိုမသိဘူးထင်နေလား၊ မင်းက ငါ့ကို ဟိုဟာဒီဟာသင်ဖို့ အမြဲတိုက်တွန်းနေတာလေ”

 

ထိုသို့ ပြောပုံအရဆိုလျှင် သူသည် ထိုအရာအား တစ်လျှောက်လုံးသိနေခဲ့ခြင်းဖြစ်ပြီး မဖော်ထုတ်ခဲ့ခြင်းပင်။

 

စုန့်လီချင်းသည် ခေါင်းငြိမ့်လိုက်ပြီး သူ၏ စိတ်ထဲ၌ နွေးထွေးမှုများမှာ တစ်စတစ်စ တက်လာခဲ့သည်။ ထိုအရာမှာ ပျော်ရွှင်ခြင်းကြောင့် ခံစားလာရသည့် အရာမျိုးပင်။


“ ငါက မင်းကို..တစ်နေ့နေ့မှာ ကောင်းမွန်တဲ့ ဧကရာဇ်တစ်ပါး ဖြစ်စေချင်လို့ပါ”


အဲနေ့ရက်တွေကို ငါမမြင်နိုင်တော့ပေမဲ့လည်း အရာအာလုံး အဆင်ပြေပြေနဲ့ဖြစ်သွားဖို့ မျှော်လင့်ပါတယ် ။

 

“ ဟွန်းး ငါက သေချာပေါက် ဧကရာဇ်ကောင်းတစ်ပါး ဖြစ်လာမှာ”

 

ယုံကြည်မှုအပြည့်ရှိ၍ ဂုဏ်ယူဝင့်ကြွားတက်သော ကျွင်းချီယွီသည် သူ၏ အရည်အချင်းများကို တစ်ခါမှ သံသယမဝင်ခဲ့ဘူးပေ။

 

ပုံမှန်အတိုင်းပင် စုန့်လီချင်းသည် အစီရင်ခံစာများကို ဖတ်နေခဲ့သည်။ သူ၏ အမြင်အာရုံသည် သိပ်မကောင်းတော့သောကြောင့် သူသည် ဖယောင်းတိုင်မီးရောင်နားသို့ ကပ်၍သာ ဖတ်လို့ရလေတော့သည်။

 

အဝါရောင် မီးရောင်ဖြင့် ထင်ဟပ်နေ၍ ကြည်လင်ရိုးရှင်းလှသော စုန့်လီချင်း၏ ဘေးတိုက်ပုံစံအား ကျွင်းချီယွီမှ ထိုင်ကြည့်နေလေသည်။


သူ၏ နှုတ်ခမ်းများသည် ညင်သာစွာ လှုပ်ရှာသွားပြီး သူ၏ အသံများလည်း ကြည်လင်၍ နူးညံ့နေလေသည်။ ကျွင်းချီယွီ၏ စိတ်ထဲတွင် ကလိကလိဖြစ်နေပြီး အာရုံစူးစ်ိုက်မှုများလည်း ပျောက်သွားကာ စုန့်လီချင်းဖတ်ပြနေသည့်အရာများကိုလည်း မကြားရတော့ပေ။


“ ချီယွီ…. ဒါကို ဘယ်လိုထင်လဲ” 


ကျွင်းချီယွီ၏ အကြောင်းပြန်သံကို မကြားရတော့သောကြောင့် စုန့်လီချင်းမှာ လှည့်ကြည့်လိုက်လေသည်။


“ ချီယွီ”


“ ဟမ်”

 

ကျွင်းချီယွီသည် သူ၏ တွေဝေနေသောအကြည့်များကို ပြန်၍ ရုတ်သိမ်းလိုက်လေသည်။


“ ဟမ် ကောင်းပြီလေ မင်းအကောင်းဆုံးထင်တဲ့ဟာကိုလုပ်လိုက်”

 

ကျွင်းချီယွီသည် အနည်းငယ် ရှက်နေသည့်ပုံစံ ဖြစ်နေလေသည်။ သူသည် အနောက်တိုင်းပြည်တွင်ရှိသော အလှလေးများကိုတောင်ပင် သူ၏ မျက်လုံးထဲသို့ မဝင်ခဲ့သည့်အပြင် လူတစ်ယောက်ကိုလည်း ထိုသို့ စိုက်မကြည့်ခဲ့ဖူးပေ။

 

“စုန့်လီချင်း မင်းက ခမည်းတော်ရဲ့ သဘောကျထောက်ခံမှုနဲ့ ထိုက်တန်တယ်၊ ဘာလို့ ဒါကိုမလုပ်ချင်…”

 

ကျွင်းချီယွီသည် ထိုကိစ္စအား အချိန်အတော်ကြာ စဉ်းစားတွေးတောခဲ့သော်လည်း မျက်နှာမပူချင်သောကြောင့် မပြောခဲ့ပေ။


စုန့်လီချင်းသည် ကျွင်းချီယွီ၏ စကားပြောရန် ရုန်းကန်နေသည့်ပုံစံအား မြင်လိုက်လေသည်။

 

“ဟမ်” 


စုန့်လီချင်းသည် ဆက်ပြောမည့်စကားကို စောင့်နေလေသည်။

 

“ ငါပြောချင်တာက မင်း ငါ့ရဲ့ အိမ်ရှေ့စံကြင်ယာတော်အဖြစ် ဆက်ရှိနေလိုက်လေ၊ ငါတို့ လမ်းခွဲဖို့ မလိုတော့ဘူး”

 

ကျွင်းချီယွီသည် စကားလုံးများကို တိုးတိုးလေးပြောဆိုနေခဲ့ပြီး သူ၏ အမူအရာသည် ကမန်းကတန်းနှင့် တုံ့ဆိုင်းနေခဲ့သည်။


_________________________________________________________________________