Chapter 24
ကျွင်းချီယွိတစ်ယောက် သွေးနီနီရဲရဲတွေကို မြင်လိုက်ရတာကြောင့် ထိတ်လန့်တကြား ထထိုင်လိုက်သည်။
စုန့်လီချင်းက သွေးအိုင်ထဲတွင် ငြိမ်သက်စွာ လဲလျောင်းနေသည်။ သူ့မျက်နှာလေးက ကြောက်စရာကောင်းလောက်အောင် အေးချမ်းငြိမ်သက်နေပြီး အသားအရည်က သွေးမရှိသလို ဖြူဖျော့နေသည်။ နေရောင်ခြည်က သူ့အရေပြားကို ဖောက်ထွင်းဝင်ရောက်နိုင်လောက်အောင် ပုံမှန်မဟုတ်ပဲ ဖြူရော်နေသည်မှာ…သူ သေသွားသကဲ့သို့ပင်။
ကျွင်းချီယွိ ခဏလောက် မှင်သက်သွားသည်။ မနေ့ညက သူ နည်းနည်း ကြမ်းသွားတာတော့ ဟုတ်ပေမယ့် သွေးသားစပ်ယှက်နေတုန်း နှိပ်စက်တာခံရရုံနဲ့ ဘယ်လိုလုပ် သေနိုင်မှာလဲ။
“စုန့်လီချင်း…”
ကျွင်းချီယွိက ခေါ်လိုက်ပေမယ့် ဘယ်သူကမှ ပြန်ထူးမလာခဲ့ပေ။
“စုန့်လီချင်း! ထစမ်း!”
နောက်ဆုံးတော့ ကျွင်းချီယွိ ထိတ်လန့်လာခဲ့သည်။
သူ စုန့်လီချင်းအသက်ရှူသံကို စစ်ဆေးကြည့်လိုက်တော့ အသက်ရှူသံက အပ်ချည်မျှင်လို ယဲ့ယဲ့လေးသာ ရှိသည်ကို တွေ့လိုက်ရသည်။ သို့ပေမယ့် အနည်းဆုံးတော့ ကျွင်းချီယွိ စိတ်သက်သာရာရသွားခဲ့သည်။
“လာကြစမ်း!”
ကျွင်းချီယွိ သူ့ဝတ်ရုံကို ကောက်ဝတ်လိုက်ပြီး အသံကျယ်ကျယ်ဖြင့် အော်လိုက်သည်။
“ဒီကိုလာကြစမ်း! နန်းတော်ကိုသွားပြီး တော်၀င်သမားတော်ကို ပင့်ခဲ့ကြ!”
အစေခံမိန်းကလေးမှာ အရှင့်သားတစ်ယောက် အိပ်ရာကထတာ ဖိနပ်စီးရန် မေ့ခဲ့သည်အထိ စိုးရိမ်ပူပန်နေခြင်းမျိုးအား တစ်ခါမှ မမြင်ဖူးသေးပေ။
ချီလင်စံအိမ်တစ်ခုလုံးလည်း ဗရမ်းဗတာဖြစ်နေလေသည်။
တော်၀င်သမားတော်က အလျင်အမြန်ပဲ ရောက်လာခဲ့သည်။ ချီမြောင်အပါအဝင် တာဝန်ကျသမားတော် အများအပြားလည်း စုပြုံရောက်ရှိလာသည်။
ချီမြောင်က ရှေ့ဆုံးကနေ အပြေးအလွှားရောက်လာခဲ့သည်။ သူ စိုးရိမ်တကြီးမျက်နှာနှင့် ကုတင်ဘေးပြေးသွားပြီး စုန့်လီချင်းလက်အား ဆုပ်ကိုင်လိုက်သည်။ ရှုပ်ပွနေသော အိပ်ရာကိုကြည့်ပြီး သူတစ်စုံတစ်ရာကို ဝိုးတိုးဝါတား မှန်းဆမိလိုက်သည်။
သူ ရောဂါရှာစရာတောင် မလို၊ ချက်ချင်း ဆေးထုတ်ပြီး စုန့်လီချင်းအား အနီရောင်ဆေးလုံးလေးတစ်လုံး တိုက်လိုက်သည်။
သို့ပေမယ့် စုန့်လီချင်းက သတိမေ့မြောနေတာကြောင့် သူ့ဘာသာ ဆေးသောက်နိုင်သည့် အခြေအနေတွင် မရှိပေ။ သူ့ပါးစပ်ထဲ ဆေးလုံးထည့်ပေးပေမယ့် မြိုမချနိုင်။ ထိုအစား ရေတွေနင်ပြီး ချောင်းဆိုးရာမှ ဆေးတွေပါပြန်အန်ထွက်လာသည်။
ကျွင်းချီယွိက ဘေးနားကနေ မျက်မှောင်ကြုတ်ပြီး ကြည့်နေသည်။
“ဘာလို့ သူကပြန်အန်ထုတ်တာလဲ၊ မင်းက ဆေးတောင်မတိုက်တတ်ဘူးလား”
ချီမြောင်လည်း ဒေါသထွက်နေသည်။ စုန့်လီချင်း ဒီလိုဖြစ်တာ ကျွင်းချီယွိလက်ချက်ဆိုတာ ပြောစရာတောင် မလိုပေ။ သို့ပေမယ့် ကျွင်းချီယွိကတော့ ယုံကြည်မှုအပြည့်ဖြင့် မေးခွန်းလာထုတ်နေသည်။
“အိမ်ရှေ့စံမိဖုရားက အခု သတိလစ်နေတာကြောင့် ဆေးသောက်လို့ မရသေးပါဘူး”
ချီမြောင်က ခေါင်းမလှည့်ကြည့်ပဲ တုံးတိတိသာ ပြန်ဖြေလိုက်သည်။
ကျွင်းချီယွိ ဒီစကားကြားပြီး သူ့မျက်နှာက ရုတ်တရက် အရုပ်ဆိုးလာခဲ့သည်။
“ဘာသတိမေ့တာလဲ၊ ငါတစ်ယောက်တည်းရှိနေတာကို သူကဘာလို့ မနိုးလာရတာလဲ”
ချီမြောင်ကလည်း ပြန်မေးလိုက်သည်။
“ဒါက အရှင့်သားရဲ့ လက်ဆောင် မဟုတ်ဘူးလား”
“ငါ့ကြောင့် ဟုတ်လား၊ ငါ သူ့ကို နည်းနည်းလေးပဲ လှုပ်လှုပ်ရှားရှားလုပ်လိုက်တာ သူ နည်းနည်းပဲ မသက်မသာ ဖြစ်သွားတာပါ၊ သူလွန်ခဲ့တဲ့ ရက်အနည်းငယ်ကတည်းက သမားတော်ဆီ သွားပြခဲ့တာပဲမဟုတ်လား ချီမြောင်၊ မင်းရဲ့အတွေးတွေကို ငါမသိဘူးလို့ မထင်နဲ့၊ မင်းက သမားတော်ပျန်ရဲ့ တပည့်သာမဟုတ်ရင် အခုသူ့ရှေ့မှာရပ်ဖို့ အရည်အချင်းရှိတယ်လို့ ထင်နေတာလား”
ချီမြောင်က သူ့မှာ စုန့်လီချင်းအတွက် တိုက်ပွဲဝင်ပေးရန် ရာထူးအဆင့်အတန်း မရှိဘူးဆိုတာကို သိသည်။ သို့ပေမယ့်လည်း သူ အလွန်အမင်း စိတ်သောကရောက်နေသည်။
စုန့်လီချင်း ချီလင်စံအိမ်တော်ကို ရောက်တာ ဘယ်လောက်ကြာသွားပြီလဲ။ သူ့ခန္ဓာကိုယ်က ဒီလောက် အားနည်းနေတာတောင် ကျွင်းချီယွိက သူ့ကို လူတစ်ယောက်လို သဘောထားရဲ့လား။
“သူကဖြင့် သေတော့မှာကို အရှင့်သားက ဒီလိုသဝန်တိုတဲ့စကားတွေ ပြောနေလို့ရော ဘာထူးမှာလဲ”
“ထွက်သွား!”
ကျွင်းချီယွိ သူ့ကို တွန်းထုတ်လိုက်သည်။
“ထွက်သွားစမ်း!”
သူ ချီမြောင်လက်ထဲက ဆေးလုံးကို ဆတ်ခနဲ လှမ်းယူလိုက်ပြီး စုန့်လီချင်းပါးစပ်ကို ရုတ်တရက် ဖွင့်ကာ ဆေးကို အတင်းထည့်လိုက်ပြီး ရေတစ်ပန်းကန်ကိုပါ လောင်းထည့်လိုက်သည်။
“မြိုချလိုက်! စုန့်လီချင်း!”
ကျွင်းချီယွိက ကြမ်းတမ်းစွာ အမိန့်ပေးလိုက်သည်။ စုန့်လီချင်းက ပုံမှန်လိုပဲ နာခံလိမ့်မည်ဟု သူထင်နေခဲ့သည်။ သူ အမိန့်ပေးလိုက်သည်နှင့် စုန့်လီချင်းက ချက်ချင်း နာနာခံခံနှင့် နိုးထလာလိမ့်မည်ဟု ထင်ထားခဲ့သည်။
သို့ပေမယ့် ဒီတစ်ခါကတော့ မတူပေ။
“သောက်လိုက်! ဖျားပြီး သေချင်လို့လား”
ကျွင်းချီယွိမှာ စိတ်မချမ်းသာလေလေ၊ စိတ်မရှည်လေလေဖြစ်သည့် လူစားမျိုးဖြစ်သည်။ သူ ဆေးလုံးအများအပြားကို စုန့်လီချင်းပါးစပ်ထဲ ကြမ်းကြမ်းတမ်းတမ်း ထိုးထည့်လိုက်သည်။
“အရှင့်သား!”
ချီမြောင် သူ့ကို တားလိုက်သည်။
“အရှင့်သားက အသက်ကယ်နေတာ မဟုတ်ဘူး! လူသတ်နေတာ!”
ကျွင်းချီယွိ အေးခဲသွားသည်။ သူဘာလုပ်ရမှန်း မသိပေ။ သူ့ဘဝမှာ လူများထံမှ မြှောက်ပင့်ခံရပြီး ဂရုစိုက်ပေးတာပဲ ခံခဲ့ရတာဖြစ်သည်။ အခြားလူကို သူတစ်ခါမှ ဂရုမစိုက်ပေးဖူးပေ။
စုန့်လီချင်းက ချောင်းဆိုးပြီး ဆေးများကို အန်ထုတ်လိုက်ရုံသာမက သတိမေ့မြောနေရင်းကနေ အသံတိုးတိုးလေးတွေပါ ထွက်လာသည်။
“ဝူး…”
“မင်းဘာပြောလိုက်တာလဲ”
ကျွင်းချီယွိ ကိုယ်ကို နှိမ့်ပြီး စုန့်လီချင်းနှုတ်ခမ်းနားကို နားကပ်ကာ နားထောင်လိုက်သည်။
စုန့်လီချင်းက ပြည့်စုံရှင်းလင်းသည့် စကားလုံးတွေကို မပြောနိုင်သေးပေ။ သို့ပေမယ့် ကျွင်းချီယွိ သေချာနားထောင်လိုက်သည့်အခါမှာတော့ ရှိုက်သံတိုးတိုးလေးတွေကို ကြားလိုက်ရသည်။
သူက…သတိလစ်နေရင်းနဲ့တောင် ငိုနေတာပဲ။
စုန့်လီချင်း၏ မျက်လုံးအောက်၌ မျက်ရည်စီးကြောင်းတွေ ပေါ်လာခဲ့သည်။
“ချီ… ယွိ… ကျေးဇူးပြု… ပြီး… ကျေးဇူးပြုပြီး… ငါ့ကို လွှတ်ပေးပါ…”
ကျွင်းချီယွိ သူ့လက်ကို ဆုပ်ကိုင်လိုက်သည့်အချိန်မှာ အေးစက်နေတာကို ခံစားလိုက်ရသည်။
အဲအခါမှပဲ စုန့်လီချင်း၏လက်က အလွန်သေးနေသည်ကို ကျွင်းချီယွိသတိထားမိလိုက်သည်။ စုန့်လီချင်းလက်ချောင်းများက သူ့လက်ချောင်းများထက် လက်တစ်ဆစ်စာ ပိုတိုနေပြီး ပိန်ပါးသွယ်လျလှသည်။ သူ့လက်ထဲထည်ထားသည့် စုန့်လီချင်းလက်က အားနည်းနေပြီး အရိုးမရှိသလိုဖြစ်နေသည်။
ဒါက ကျွင်းချီယွိ ပထမဆုံးအကြိမ် စုန့်လီချင်းလက်ကို လှုပ်ခါကြည့်တာပင်။
“စုန့်လီချင်း… ငါ မင်းကို သတိပေးလိုက်မယ်၊ မင်းကို ဘာမှလုပ်ဖို့ ခွင့်မပြုထားဘူး၊ ငါ… ငါ သဘောမတူရသေးဘူး!”
ကျွင်းချီယွိ စုန့်လီချင်းအား ပွေ့လိုက်ပြီး သူ့ရင်ခွင်ပေါ် မှီစေလိုက်သည်။
“စုန့်လီချင်း၊ မင်း သေခွင့်မရှိဘူး မြန်မြန်နိုးလာစမ်းပါ ကြားလား၊ စုန့်လီချင်း…ငါနောက်ဆိုရင် မင်းကို ဒီထက်ပိုပြီး ညင်ညင်သာသာ ဆက်ဆံပါ့မယ်”
ကျွင်းချီယွိ၏ အမြင်မှာတော့ ဒါကသူ့ရဲ့ အကြီးမားဆုံးသော လိုက်လျောမှုပင်။
သူ ဒီလောက်တောင် လိုက်လျောပြီးပြီပဲဟာကို၊ စုန့်လီချင်းက စိတ်ဆိုးပြီး ဆေးမသောက်ဖို့ ငြင်းဆန်ဦးမှာတော့ မဟုတ်ဘူးမလား။
“မင်းတို့…”
ကျွင်းချီယွိ ကူကယ်ရာမဲ့နေသော သမားတော်အုပ်စုအား ကြည့်လိုက်သည်။
“သူ့ကို ကုသပေးနိုင်တဲ့ ဘယ်သူ့ကိုမဆို ဆုချမယ်၊ မကုပေးနိုင်ရင်တော့ တော်၀င်သမားတော်ဌာနကနေ ထွက်သွားကြ!”
တော်၀င်သမားတော်တွေက တစ်ယောက်ပြီး တစ်ယောက် ဒူးထောက်လိုက်ကြပြီး သူတို့ အစွမ်းကုန် လုပ်ဆောင်ခဲ့ကြောင်း ပြောကြသည်။
လူအုပ်ကြီးတစ်စုလုံး တီးတိုးပြောဆိုနေကြသော်လည်း မည်သူမှ အဆုံးသတ်အဖြေကို ပြောဆိုနိုင်ခြင်းမရှိပေ။ စုန့်လီချင်းက ဘယ်လိုရောဂါ ခံစားနေရတယ်ဆိုတာကိုတောင် သူတို့ မပြောနိုင်ကြ။ သူ ပင်ပန်းနွမ်းနယ်ပြီး အားနည်းနေတာ ဒါမှမဟုတ် စိုးရိမ်ပူပန်မှုတွေပြည့်နှက်နေတာဟုပဲ ပြောကြသည်။
တစ်နေကုန်လုံး စုန့်လီချင်း နိုးမလာခဲ့ပေ။
ချီလင်စံအိမ်တော်ကို ရောက်လာသည့် သမားတော်တွေ တစ်သုတ်ပြီးတစ်သုတ် ပြောင်းသွားပြီး သူတို့အကုန်လုံး ကြိမ်းမောင်းခံခဲ့ရသည်။
ကျွင်းချီယွိ တံခါးဘေး၌ ထိုင်နေသည်။ ရုတ်တရက် သူ့ရင်ထဲ လစ်ဟာသလို ခံစားလိုက်ရသည်။ တန်ဖိုးကြီးသည့် အရာတစ်ခုခုကို ဆုံးရှုံးလိုက်ရသလိုပင်။ ဘာကိုမှ ထိန်းချုပ်မရသည့် ဒီလိုအားနည်းသော ခံစားချက်က သူ့ကို ကူကယ်ရာမဲ့စေသည်။
“အရှင့်သား လုံလန်မင်းသားက အပြင်ဘက်မှာ တွေ့ခွင့်တောင်းနေပါတယ်”
အစေခံက သတင်းပို့လာသည်။
ကျွင်းချီယွိ အခုလောလောဆယ် ဒီနာမည်ကို လုံးဝ မကြားချင်ပေ။ နာမည်ကြားလိုက်သည်နှင့် သူ့ရင်ထဲဒေါသတွေ လိမ့်တက်လာခဲ့သည်။
“သူက ချီလင်စံအိမ်ကို လာရဲသေးတယ်လား၊ သူ့ကို သွားခိုင်းလိုက်”
“သူက အိမ်ရှေ့စံမိဖုရား သတိလစ်နေတာကိုကြားလို့ ကုသနိုင်တဲ့ နည်းလမ်းရှိနိုင်တယ်လို့ ပြောပါတယ်”
ကျွင်းချီယွိ ပြန်လှည့်ပြီး မေးလိုက်သည်။
“သူ တကယ် ဒီလိုပြောတာလား”
“မှန်လှပါ”
ကျွင်းချီယွိ လက်ဝှေ့ယမ်းလိုက်သည်။
“သူ့ကိုသွားခေါ်လိုက်”
ပေရှင်းရှုက အလျင်အမြန်ပဲ ရောက်လာခဲ့သည်။ သူ့နဖူးပေါ်မှာ ချွေးတွေစို့နေတုန်းပင်။ သူ ကျွင်းချီယွိအား ဂရုမစိုက်ဘဲ ခုတင်ဆီ တန်းသွားပြီး စုန့်လီချင်းနဖူးပေါ် လက်တင်လိုက်သည်။
“လီချင်း… ဒါ ငါ့အမှားပါ”
ပေရှင်းရှုက အဝတ်မပါဘဲ လဲလျောင်းနေသည့် စုန့်လီချင်းကိုကြည့်ပြီး မျက်လုံးထဲ မျက်ရည်တွေ ပြည့်လာခဲ့သည်။
သူမနေ့က စုန့်လီချင်းကို တွေ့တုန်းက ကောင်းကောင်းမွန်မွန်ပါပဲ။ တစ်ညတည်းနဲ့ သူက သေခြင်းနဲ့ရှင်ခြင်းကြားမှာ လူးလှိမ့်နေရသည်။
သူ နည်းနည်းလေး…နည်းနည်းလေးပဲ နောက်ကျသွားခဲ့ရင် စုန့်လီချင်းကို ထာဝရ ခွဲရတော့မလို့။
နှလုံးသားကနာကျင်မှုအပြင် အမုန်းတရားကိုပါ ပေရှင်းရှု ခံစားလိုက်ရသည်။
“မင်း သူ့ကိုနိုးလာအောင် ကယ်တင်နိုင်တဲ့ နည်းလမ်းတကယ်ရှိလို့လား”
ကျွင်းချီယွိက သူ့နောက်မှာရပ်ပြီး မေးသည်။
“အင်း”
ပေရှင်းရှု တိုးတိုးလေး ပြန်ဖြေလိုက်သည်။ ထို့နောက် ထရပ်ပြီး မမျှော်လင့်ထားဘဲ ရုတ်တရက်လှည့်ကာ ကျွင်းချီယွိမျက်နှာကို လက်သီးဖြင့်ထိုးလိုက်သည်။
“လူယုတ်မာကောင်၊ မင်း သူ့ကို ဘယ်လိုတောင် နှိပ်စက်ထားတာလဲ”
ပေရှင်းရှုက ကျွင်းချီယွိ၏ ကျင်းကော်မင်းသားဆိုသည့် အဆင့်အတန်းအား ဂရုမစိုက်ပေ။
ကျွင်းချီယွိက ပြင်ဆင်ထားခြင်း မရှိသည့်အတွက် ဒီလက်သီးချက်ကို အပြည့်အ၀ ခံလိုက်ရသည်။ ပေရှင်းရှုက ကိုယ်ခံပညာကောင်းသူဖြစ်တာကြောင့် ဒီပြင်းထန်လှသော လက်သီးချက်အပြီးမှာ ကျွင်းချီယွိတစ်ယောက် မြေပြင်ပေါ်လဲကျမသွားစေရန် မနည်းထိန်းလိုက်ရသည်။ သူ သတိပြန်ဝင်လာပြီး သွေးတစ်လုပ်ထွေးထုတ်လိုက်သည်။
ပေရှင်းရှုကြည့်ရတာ စိတ်လွတ်နေပုံရပြီး နောက်တစ်ခါ ထပ်ပြေးဝင်လာချင်နေသည်။
ဒီတစ်ခါမှာတော့ ကျွင်းချီယွိ သူ့လက်သီးကို ဖမ်းလိုက်သည်။
“မင်းသူ့ကို ကယ်ပေးရင် ငါမင်းကို လက်သီးတစ်ချက် ထိုးခွင့်ပေးမယ်၊ တကယ်လို့ မင်းထပ်လုပ်ရင်တော့ ငါ သေချာပေါက် ပြန်တိုက်ခိုက်ပစ်မယ်!”
“ကျွင်းချီယွိ၊ မင်း အယုတ်တမာကောင်! လာစမ်း မင်း ဆိုးသွမ်းနေတာ ဟိုးနှစ်တွေကတည်းကပဲ၊ မင်းရဲ့မကောင်းသတင်းတွေကို ငါ မသိဘူးများ ထင်နေတာလား၊ မင်း အနောက်ပိုင်းဒေသမှာ လူဘယ်နှစ်ယောက် သတ်ပြီးသွားပြီလဲ၊ ယီလီတော်၀င်မျိုးနွယ်ကို ကျွန်လိုဆက်ဆံရုံတင် မကသေးဘူး ကိုယ့်ချစ်သူကိုတောင် ဒီလိုရက်စက်တဲ့ လုပ်ရပ်မျိုး လုပ်နိုင်သေးတယ်ပေါ့၊ မင်းက လူရောဟုတ်သေးရဲ့လား”
ပေရှင်းရှုက ရှေ့ကို မတွန့်မဆုတ်ပြေးဝင်သွားပြီး ကျွင်းချီယွိနှင့် နပန်းလုံးတော့သည်။
_________________________________________________________________________