Ch 37
Viewers 2k

Chapter 37



မိုက်ကီရယ်တစ်ယောက် ထိုလူကို ခပ်ကြမ်းကြမ်း ဆွဲဖယ်လိုက်ကာ ယောလ်ကို သူ့ဘက်သို့ ညင်သာစွာ ဆွဲခေါ်လိုက်သည်။ မိုက်ကီရယ့်ကျေးဇူးဖြင့် ယောလ်မှာ ထိုလူ၏ လက်မှ လွတ်မြောက်သွားရသည်။



မိုက်ကီရယ်အား ရန်ရှာသောသူမှာ စိတ်ရှုပ်သွားပုံပေါ်ကာ တစ်ခဏလောက်ပင် ကြက်သေ,သေသွားရ၏။ သူသည် ခန္ဓာကိုယ်သေးညှက်သူ မဟုတ်‌ပေ။ သို့သော် မိုက်ကီရယ်က ပို၍ အင်အားကြီးနေခြင်းဖြစ်သည်။ ထိုလူရမ်းကားခမျာ ခြောက်ကပ်နေသော လည်ချောင်းထဲသို့ တံတွေးမျိုချမိလိုက်ကာ မိုက်ကီရယ်အား ခေါင်းအစအစခြေအဆုံး ကြည့်မိလိုက်ပြီး သူကခြိမ်းခြောက်ခံရသူနေရာ ရောက်သွားသည်ဟု ခံစားလိုက်ရသည်။ ထို့နောက် သူ့ဘေးတွင်ရှိသော ဆပ်ကပ်အဖွဲ့ဝင်များကို တစ်ချက်ကြည့်ပြီးကာမှ အသိပြန်ဝင်လာကာ ယုံကြည်မှုအပြည့်ဖြင့် အသံပြန်ထွက်လာသည်။



“လာစမ်းပါကွာ”



ထို့နောက်မိုက်ကီရယ်၏ပခုံးကို တစ်ချက်ပုတ်လိုက်သည်။ ကြမ်းကြမ်းတမ်းတမ်း ရိုက်ချက်လည်းမဟုတ် နာကျင်စေမည့် ရိုက်ချက်လည်း မဟုတ်ပေ။ သို့သော် ယောလ်သည် အလွန်ပင် အံ့ဩသင့်သွားကာ သူ့ပါးစပ်ကို လက်နှစ်ဖက်ဖြင့် ပိတ်လိုက်သည်။



ခွေးကောင်! ဒီအတိုင်းသာဆိုရင် သေတော့မှာပဲ။



“မိုက်.. မိုက်ကီရယ် လာပါ သွားစို့၊ ဒီတိုင်းပဲထားလိုက်ပါနော်”



ထိုလူက အစပြုကာ ရန်ရှာသည့်အပြင် သူ့အပေါင်းအပါများကလည်း ပွဲကြည့်ပရိတ်သတ်များ၏ ပိုက်ဆံများကို ခိုးထားသည်ပင်။ သို့သော် ယောလ်အနေဖြင့် သူတို့ကို အသေဆိုးဖြင့် မသေစေချင်။



ထို့ကြောင့် ယောလ်ခမျာ မိုက်ကီရယ်၏ လက်ကိုဆွဲကာ ထိုအခြေအနေမှ ရုန်းထွက်ရန် ကြိုးစားနေသည်။



“ဘယ်ပြေးမှာလဲကွ ဟမ်၊ တခြားသူရဲ့စီးပွားရေးကို ဖျက်လိုဖျက်စီးလုပ်ပြီးမှ ဒီတိုင်းထွက်သွားလို့ရမလား”



“ဟေ့လူ ကျွန်တော်က ခင်ဗျား အသက်ကိုကယ်နေတာနော်၊ ဒီမှာတင်ပဲ ပြီးလိုက်ရအောင်ပါ”



“ဘာ ဟက်! မင်းက ငါ့အသက်ကို ကယ်နေတာ ဟုတ်လား၊ ငါ့ကို သတ်ပစ်မယ်ပြောနေတာလား ဟုတ်လား၊ ညီလေး အဲဒါ ဥပဒေနဲ့ မညီဘူးမလား၊ ကြည့်ပါဦး အခု ဘယ်သူက ဥပဒေကို ချိုးဖောက်နေတာလဲ ဟမ်၊ အပြစ်မရှိတဲ့သူတွေကို ဥပဒေနဲ့ ခြိမ်းခြောက်လိုက် သူများစီးပွားရေးကို နှောက်ယှက်လိုက်နဲ့ အဲဒါကို မကျေနပ်သေးဘဲ ငါ့အသက်ကိုပါ ရန်ရှာနေပြီပေါ့၊ ဥပဒေ ဘောင်ထဲက သွားမလား ဟမ် ဘယ်သူအမှု ရှူံးမလဲ ကြည့်ကြတာပေါ့”



ဘာလို့ ဒီကောင်တွေ သူတို့ အသက်ကို မနှမြောတတ်ကြတာလဲ။



ယောလ်တစ်ယောက် မစဉ်းစားတတ်တော့ပေ။ သူ့အသက်ကို ကယ်နေတာ ဟု ရှင်းပြသော်လည်း ထိုလူက သူ့အား ကျေးဇူးမတင်သည့်အပြင် ဆဲရေးတိုင်းထွာနေသေးသည်။ သူတို့ကိုကြည့်ရသည်မှာ အုတ်ဂူဆီ မြန်မြန်လစ်ချင်နေပြီထင်သည် ဟူ၍ပင် ယောလ်တွေးမိ၏။



ယောလ်သည် စိတ်လှုပ်ရှားစွာဖြင့် မိုက်ကီရယ့်အား ကြည့်မိလိုက်‌တော့သည်။ ထိုစဉ် မိုက်ကီရယ့် ဘေးနားရှိ အရာများအားလုံး အေးစက်နေသည်ဟု ခံစားလိုက်ရ၏။ 



“အရင်လို အသံကောင်းဟစ်ဦးလေကွာ”



ပြောပြောဆိုဆိုနှင့် ထိုလူရမ်းကားက မိုက်ကီရယ်အား အရှိန်ဖြင့် တွန်းလိုက်သည်။



မိုက်ကီရယ်က လွယ်လွယ်နှင့် တွန်းလှဲလို့ရသည့် လူမျိုးမဟုတ်သဖြင့် သူလဲကျကာ တစ်ခုခု ဖြစ်သွားမည်ကို ယောလ်မစိုးရိမ်ပေ။



သို့သော် သူ၏ ကုတ်အင်္ကျီနှင့်ခေါင်းစွပ်မှာ အပေါ်ယံသာ ခြုံထားသဖြင့် ထိုလူတွန်းလိုက်ချိန်တွင် ကျွတ်ကျသွားတော့သည်။



ထိုအခါ ဘေးနား ပတ်ဝန်းကျင်တစ်ခုလုံး တိတ်ဆိတ်သွား၏။



အစောပိုင်းက ပိုက်ဆံများ ပျောက်သွားသဖြင့် ဒေါသတကြီးဆူပူနေသော လူအုပ်ကြီးသာမက ဆပ်ကပ်အဖွဲ့ဝင်များအားလုံး တိတ်ဆိတ်သွားကြလေသည်။ သူတို့ အားလုံး၏ပုံစံက စကားဘယ်လိုပြောရမည် ကိုပင် မေ့သွားသည့်ပုံဖြင့် ပါးစပ်ပင်မဟရဲကြပေ။



ယောလ်တစ်ယောက်ကတော့ ဘာတွေဖြစ်နေသည်ကို နားမလည်ပေ။ အကုန်လုံး ရုတ်တရက် ဘာလို့တိတ်ဆိတ်သွားမှန်း သူမသိပေ။



သို့သော် သိပ်မကြာခင်မှာပင် သူအကြောင်းအရင်းကို သိလိုက်ရ၏။



“အဲ.. အဲလူက အက်ရှ်မြို့စားကြီး အိုလောဗ်မလား!!”



တစ်စုံတစ်ယောက်က တုန်တုန်ယင်ယင် အသံဖြင့် တီးတိုးလေးပြောလိုက်သည်။



မေးစရာမလိုသည့် မေးခွန်းပင်။ အဘယ့်ကြောင့်ဆိုသော် အဖြေမှာ သူသိပြီးသားပင်ဖြစ်၏။ သို့ကြောင့်လည်း သူ့အသံမှာ တုန်ရီနေတာဖြစ်ရမည်။ 



ထိုလူ၏ စကားတစ်ခွန်းသည် အလွန်သက်ရောက်မှုအားကောင်းလှသည်။ မိုက်ကီရယ်၏ ပခုံးကို တွန်းလိုက်မိသော လူရမ်းကားအတွက်တော့ ထိုစကားက သေရေးရှင်ရေးပင်။



“အက်..အက်ရှိမြို့စားကြီး!!”



ထိုလူသည် ကြမ်းပြင်တွင် ပြားပြားဝပ်ကာ ဒူးထောက်နေလေသည်။ 

တစ်ခဏလေးအတွင်းမှာပင် ထိုအခြေအနေသို့ရောက်သွားလေသည်။ သူ၏ အပေါင်းအပါများမှာလည်း တစ်ခဏတာမျှ စွံအသွားကာ ခဏအကြာတွင် ဒူးထောက်လိုက်ကြတော့သည်။



“ကျွန်..ကျွန်တော် မလေးမစားလုပ်ဖို့ မရည်ရွယ်ပါဘူး၊ကျွန်တော်မျိုး မြို့စားကြီးမှန်း မသိလို့ပါ!”



မိုက်ကီရယ်တစ်ယောက် သွေးပျက်မတတ်တောင်းပန်နေသော ထိုလူအား ဘာမှပြန်မပြောပေ။ ထိုကဲ့သို့ သူ၏ တိတ်ဆိတ်နေမှုက နှစ်ဦးကြား ပိုမို တင်းမာလာလေသည်။ ထိုလူရမ်းကားခင်ဗျာ သစ်ရွက်တစ်ရွက်ကို နင်းခြေခံထားရသကဲ့သို့ ပြားပြားဝတ်နေရရှာသည်။



“မင်းပဲ ခုနကပြောတော့ ဥပဒေဘောင်အတွင်းက လုပ်မယ်ဆို”



“အဲ...အဲဒါက….”



“မျိုးရိုးမြင့်တွေကို ပုတ်ခတ်ပြောတဲ့ လူတွေကို ဘုရင့်ဥပဒေအရ ဘယ်လို အရေးယူလဲသိလား”



“ချမ်းသာပေးပါ၊ ကျေး..ကျေးဇူးပြုပြီး ချမ်း...ချမ်းသာပေးပါ”


“မှူးမတ်နဲ့ ဒုမြို့စားရာထူးအဆင့်ရှိတဲ့သူတွေကို ပုတ်ခတ်ပြောဆိုမိတဲ့သူက ကြိမ်ဒဏ် အချက် ၅၀၊ မြို့စားရာထူးဆိုရင်တော့ ကြိမ်ဒဏ် ၇၀၊ နယ်စားဆိုရင်တော့.. အချက် ၁၀၀ပေါ့ကွာ”



“ကျွန်...ကျွန်တော်မျိုး အပြစ်လုပ်မိပါတယ်”



“အက်ရှ်မြို့စားကို စော်ကားမိတဲ့သူတွေကတော့ ကြိုးမိန့်ပေးတာဖြစ်ဖြစ်…”



“ဟ…ဟင်!”



“မြို့စားကြီး လက်ထဲ လွှဲခံလိုက်ရတာဖြစ်ဖြစ် ဖြစ်တတ်တယ်ကွ”



မျိုးရိုးမြင့်မား‌သူကို စော်ကားမိသောကြောင့် သေမိန့်ကျခြင်းသည် ဂုဏ်အဆင့်အတန်း အလွန်မြင့်သော သူများသာလုပ်နိုင်ကြ၏။ ယောလ်လည်း ဒီမိုကရေစီကျကျ အပြစ်ပေးသောစနစ်ကြောင့် အနည်းငယ် စိတ်သက်သာရာ ရသွားလေသည်။ သို့သော် ထိုလူအား ချက်ချင်းသတ်ပစ်မည်ကို စိုးသဖြင့် မိုက်ကီရယ်၏ လက်ကို တင်းတင်းကျပ်ကျပ် ဆုပ်ကိုင်ထားလေသည်။



“မိုက်ကီရယ်၊ သူ့ကို‌ သေမိန့်ပေးမယ်ဆိုတာကတော့ နည်းနည်း မလွန်ဘူးလား”



“အင်း လျှာနဲ့ နှာခေါင်းကို ဖြတ်ပစ်၊ မျက်လုံး‌နှစ်လုံးကို ဖောက်ထုတ်ပြီး လက်ကောက်ဝတ်ကို ဖြတ်ပစ်မယ်ဆိုရင်တော့ အဲဒါလောက်နဲ့ သူမသေနိုင်ပါဘူး”



“ကျွန်တော်တော့ သေမယ်လို့ထင်တယ် မဟုတ်ဘူး သေချာပေါက် သေကိုသေမှာ၊ ခင်ဗျား လူသားတစ်ယောက်က ဘယ်အတိုင်းအတာထိ ခံနိုင်ရည်ရှိမယ်ထင်နေလို့လဲဗျ”



မိုက်ကီရယ်မှာ အရူးတစ်ယောက်ပင်ဖြစ်၏။ သူသည် ပိုင်ဆိုင်လိုစိတ်ကြီးမားသော အရူးအစွဲအလမ်းကြီးတဲ့ အထက်ပုဂ္ဂိုလ်တစ်ယောက်ဖြစ်သည်ကို မမေ့နိုင်သလို မေ့လို့လည်း မဖြစ်ပေ။



ကြိုးမိန့်ပေးမည်ဆိုလျှင်တောင် ယောလ်အနေဖြင့်  “အီး..ထင်ထားသလို တကယ့်ကို ပိုင်ဆိုင်လိုစိတ်ကြီးမားတဲ့ အရူးပဲ” ဟုသာ ပြောမိလိမ့်ဦးမည်။


သို့သော် လျှာနှင့်နှာခေါင်းကို ဖြတ်ပစ်ကာ မျက်လုံး‌နှစ်လုံးကို ဖောက်ထုတ်မည့်အပြင် လက်ကောက်ဝတ်ကိုပါဖြတ်ပစ်မည် ဆိုသောစကားကို ကြားပြီးနောက် ကြိုးပေးသတ်ခံရတာကမှ ပိုပြီး လူဆန်ဆန်သေရလိမ့်ဦးမည်ဟု တွေးမိနေသည်။



ဤ “သွေးနီရောင်ထောင်” BL ဝတ္ထုသည် အကြမ်းစား ဝတ္ထုဖြစ်သော်လည်း ယောလ်အနေဖြင့် သတ်ဖြတ်သည့် ဇာတ်ညွှန်းအထိတော့ မသွားစေချင်လိုပေ။ သူ့ခမျာ အားနွဲ့ရုံသာမက အသဲလည်း ငယ်လေသည်။



“အဲလောက်ထိ လုပ်စရာမလိုပါဘူး နော်၊ သွားကြရအောင်ပါ”



ယောလ်တစ်ယောက် မိုက်ကီရယ်၏ လက်မောင်းကိုဆွဲကာ တောင်းတောင်းပန်ပန် ပြောနေလေသည်။ ထိုစကားများသည် မိုက်ကီရယ်အပေါ် မသက်ရောက်ဟု ထင်ရသော်လည်း သူလုပ်နိုင်တာ ဒါအကုန်ပင်။



“မျိုးမစစ်တဲ့ခွေးကောင်တွေ မင်းတို့ကံကောင်းသွားတယ်မှတ်၊ ပိုက်ဆံတွေပြန်ပေးလိုက်ပြီး ဒီနေရာက ထွက်သွား”



ယောလ်မှာ ဆပ်ကပ်အဖွဲ့ဝင်များအား ပြင်းပြင်းထန်ထန် ခြိမ်းခြောက်နေသော မိုက်ကီရယ်၏ မျက်လုံးများကို စိုက်ကြည့်နေမိသည်။



ချက်ချင်းပင် ချွေးပေါက်ပေါက်ကျကာ တုန်ရီနေသော ရုပ်သေးဆရာခမျာ ခိုးထားသည့် ပိုက်ဆံများကို ထုတ်ပေးရလေသည်။ ရုပ်သေးရုပ်မှတစ်ဆင့် ပိုက်ဆံများကို ခိုးထားသည်ထင်၏။ လူတိုင်းအား ဖျော်ဖြေပွဲသက်သက်သာဟု ထင်လောက်အောင်ပင် တီထွင်ဉာဏ်ကောင်းလွန်းကာ ပြောင်မြောက်လွန်းလှသည့် ခိုးမှု အကြီးစားပင်။



“ထွက်သွားကြတော့လေ”



ပိုက်ဆံပြန်ရသည်နှင့်တစ်ပြိုင်နက် ယောလ်တစ်ယောက် သူကြည့်ဖူးသော ပြဇာတ်ထဲကလို အသံဖြင့် ပြောလိုက်သည်။ ထို့နောက် ဆပ်ကပ်အဖွဲ့သားအားလုံးလည်း အမြန် ထွက်သွားဖို့ ပြင်ကြလေသည်။ သူတို့အားလုံး ဒီအရာသည် သူတို့အသက်ရှင်နိုင်မည့် တစ်ခုတည်းသော နည်းလမ်းမှန်းသိကြသည်။



“ငါမင်းတို့ကို ထွက်သွားခွင့်ပေးတယ် ပြောလို့လား”



သို့သော်လည်း မိုက်ကီရယ်မှာ ထင်ထားသည်ထက် ပို၍ ရက်စက်တတ်လေသည်။



ထိုစကားသံကို ကြားသည်နှင့် လစ်ဖို့ပြင်နေသော အဖွဲ့သားအားလုံးသည် ခြေလှမ်းတစ်လှမ်းပင် ဆက် မလှမ်းရဲတော့ပေ။ ထိုအရာကို မြင်လိုက်ရသောယောလ်လည်း ကြောက်လန့်မိသွားကာ တံတွေးမြိုချလိုက်မိသည်။



“ဒီလို လုပ်လို့လဲ ဘာမှ မထူးပါဘူး နော်”



ယောလ်လည်း မိုက်ကီရယ်၏ မျက်လုံးများကို ကြည့်ကာ သူပြောရမည့်အရာကို မတွန့်မဆုတ်ဘဲ ပြောချလိုက်သည်။



ကိုရီးယားမှာ ကျောင်းတက်ခဲ့သော တက္ကသိုလ်ကျောင်းသားတစ်ယောက် အနေဖြင့် သူ့မှာအန္တရာယ်ကို ရှောင်ရှားနိုင်မည့် ပင်ကိုအသိစိတ်မရှိပေ။ မကောင်းသည့် အရာမဟုတ်သော်လည်း တက္ကသိုလ်ကျောင်းသားတစ်ဦး အနေဖြင့် ရှင်သန်လိုသောကြောင့်သာ သူ့ခမျာ မဖြစ်ချင်ဘဲ သန်မာသည့် bottom လေးဖြစ်လာရသည်။



သူ့ခမျာ အရင်က ကိုရီးယားတွင် ဖြစ်ပျက်ခဲ့ဖူးသော စကားဝိုင်းတစ်ခုကိုပင် ပြန်တွေးမိသွား၏။


‘ဟေး မင်းက တကယ် စိတ်မာတာပဲကွ၊ စိတ်မာတဲ့ bottom လေးပဲ’


‘အဲဒါဘာပြောတာလဲ ဟင်’


‘မင်းလိုကောင်ကိုပြောတာလေ’


‘ခင်ဗျားဘာတွေ ပြောနေတာလဲဗျ’



ထိုအချိန်တုန်းက သေချာမသိခဲ့သော်လည်း ယခုအချိန်တွင်တော့ သူ၏ သန်မာသည့် bottom ကာရိုက်တာလေးကို ထုတ်သုံးရတော့မည်။



“သွားကြရအောင် မဟုတ်ရင် သူတို့ကို ထွက်သွားဖို့ပြောလိုက်တဲ့ ကျွန်တော် အရှက်ကွဲလိမ့်မယ်”



ယောလ်သည် မိုက်ကီရယ်၏ မျက်နှာနားကပ်ကာ တီးတိုးလေးပြောလိုက်၏။



အသံ‌တိုးတိုးလေးဖြင့် ဖြောင်းဖြနေသော်လည်း မိုက်ကီရယ့်အား ကပ်ချွဲသည့်ပုံ ပေါ်နေလေသည်။ သူ၏ ခံစားချက်ကြောင့်လားပင်မသိ သူ မိုက်ကီရယ့်အနားသို့ ကပ်သွားလေလေ မိုက်ကီရယ်၏ အေးစက်သည့်ခံစားချက်များမှာ ပိုမို ပျောက်ကွယ်သွားလေလေဟု သူခံစားနေရသည်။


ယောလ်စိတ်ထဲတွင် ဘာကြောင့်မှန်းမသိသော်လည်း ဤအရာသည် တစ်ခုတည်းသော ဖြေရှင်းနည်း ဟုခံစားနေရကာ မိုက်ကီရယ်၏ လက်မောင်းကို ဖက်တွယ်ထားမိတော့သည်။



“မိုက်ကီရယ် နော် လုပ်ပါ၊ ကျွန်တော်ဗိုက်လည်း ဆာနေပြီ ပင်လည်းပင်ပန်းနေပြီ၊ အရမ်းနားချင်နေပြီလို့…နော်”



ယောလ်မှာ သူ့မျက်ဝန်းလေးများကို ညှိုးငယ်သည့်ပုံစံ လုပ်ပြကာ သနားစရာကောင်းသော အသံကလေးဖြင့် မိုက်ကီရယ့်အား ချွဲနေသည်။ သူ့စိတ်ထဲတွင်တော့ အတော်ရှက်စရာကောင်းမည် ဟု တွေးမိသော်လည်း ယခုအချိန်သည် ထိုသို့ စဉ်းစားရမည့် အချိန်မဟုတ်သေးကြောင်း တွေးမိပြန်သည်။



“ပြီးရောကွာ”



“ဟေ့ မင်းတို့ ကြားတယ်နော်၊ မြို့စားကြီးက မင်းတို့ကို အသက်ချမ်းသာပေးမယ်တဲ့၊ အခုကစပြီး မှန်မှန်ကန်ကန် အသက်မွေးကြနော်”



ယောလ်တစ်ယောက် မိုက်ကီရယ် စိတ်ပြောင်းသွားမည်ကို စိုးရိမ်သဖြင့် ကြီးကြီးကျယ်ကျယ်ပြောကာ သတိပေးလိုက်လေသည်။ ယောလ်အသံကို ကြားသည်နှင့် ငရဲမီးထဲသို့ပစ်ချခံရတော့မည့်အလား မျှော်လင့်ချက်များ ပျောက်ဆုံးနေသော သူတို့၏ မျက်နှာတွင် မျှော်လင့်ချက်ရောင်ခြည်များ ပြန်သမ်းလာနေသည်။



“နေဦး”



အာ ချီး အဲဒါကြောင့်ပြောတာ ဘာဖြစ်ပြန်ပြီလဲ ကဲ။



အားလုံးပြီးဆုံးသွားပြီ ဟု ထင်လိုက်သော်လည်း မိုက်ကီရယ်၏ အေးစက်သောအသံက ပြန်လည်စိုးမိုးလာပြန်သည်။ သူ့စကားသံကြောင့် လေထုတစ်ခုလုံး အေးစက်သွားရ၏။ ယောလ်တစ်ယောက် မိုက်ကီရယ်၏မျက်နှာကို အရိပ်အချည်ကြည့်ကာ စိတ်လှုပ်ရှားစွာဖြင့် နှုတ်ခမ်းများကို ကိုက်နေရှာသည်။



“သေချာ ပြန်တောင်းပန်”



“အက်ရှ်မြို့စား ကျွန်တော်..”



“ငါ့ကိုမဟုတ်ဘူး”



“အာ..”



ဆပ်ကပ်အဖွဲ့ဝင်များလည်း မိုက်ကီရယ့်စကားကို သဘော‌ပေါက်သွားကာ ယောလ်ဘက်သို့ လှည့်သွားလေသည်။ ထို့နောက် ဦးခေါင်းကို ညွှတ်ကာ ခါးကို ကိုင်းနေအောင် ကုန်းလိုက်ကြသည်။



“ကျွန်တော်တို့ တောင်းပန်ပါတယ်၊ တကယ်ကို တောင်းပန်ပါတယ်”



“အင်း ထပ်မလုပ်ကြနဲ့တော့နော်”



“ဟုတ်ကဲ့ပါ”



သူတို့အကုန်လုံးအား သတိပေးပြီးနောက် ယောလ်သည် မိုက်ကီရယ်၏ လက်ကိုဆွဲကာ ထွက်သွားပြီး မိုက်ကီရယ်လည်း အနောက်မှ အသာလေး လိုက်သွားလေတော့သည်။