Chapter 38
ယနေ့တစ်ရက်ထဲနှင့် အဖြစ်အပျက်များစွာ ဖြစ်သွားခဲ့လေသည်။ ယောလ်၏ ခန္ဓာကိုယ်မှာ ပင်ပန်းနေသော်လည်း သူ၏စိတ်ကတော့ ပျော်ရွှင်နေ၏။ အပြင်သို့လျှောက်လည်ခဲ့ရကာ အရသာရှိသော အစားအသောက်များ ဝယ်ခဲ့ရသည့်အပြင် ဆပ်ကပ်ပြပွဲကလည်း အလွန်ပျော်စရာကောင်းလှသည်။
အခန့်မသင့်စွာနှင့် ပြဿနာအချို့ရှိခဲ့သော်လည်း ပြေပြေလည်လည် ပြီးဆုံးသွားသဖြင့် စိတ်သက်သာရာရခဲ့ရ၏။
ယောလ်ခမျာ အစောပိုင်းတွင် လူတစ်ယောက် သူ့ရှေ့၌ သေမိန့်ပေးခံရမည့် အခြေအနေဖြစ်နေသဖြင့် ထိုကိစ္စမှတစ်ပါး တစ်ခြားမစဉ်းစားနိုင်ခဲ့ပေ။ သို့သော် ယခုမူ သူ၏စိတ်မှာ တစ်ဖန် လွတ်လပ်ပေါ့ပါးလျက်ပင်။
မိုက်ကီရယ်မှာ သူ့ကြောင့်နှင့် သည်လောက်အထိ လွန်လွန်ကြူးကြူး ဒေါသထွက်သွားလိမ့်မည်ဟု သူမတွေးမိပေ။
မူရင်းဇာတ်လမ်းထဲတွင် မိုက်ကီရယ်သည် လယ်ဗီမှလွဲ၍ တစ်ခြားသူများအား စိတ်မဝင်စားပေ။ ယခုလို သူ့အတွက်နှင့် ဒေါသထွက်ပေးသည့်အပြင် သူ့အားဂရုစိုက်ပေးမည်ဟု လုံးဝမထင်ထားခဲ့ချေ။ သို့သော်လည်း ယောလ်တစ်ယောက် ထိုအခြေအနေကို သဘောကျသည်ဟု ခံစားနေရ၏။
“လပ်ကီး လပ်ကီး! မင်း ဒီနေ့ ဖေဖေဘာဖြစ်ခဲ့လဲဆိုတာသိလား”
အခြေအနေများ မည်မျှပင် ပြောင်းလဲသွားသော်လည်း ယောလ်အတွက် စကားပြောစရာလူမှာ များများစားစားမရှိရှာပေ။
ထို့ကြောင့် နှစ်နှစ်ချိုက်ချိုက် အိပ်ပျော်နေသော လပ်ကီးအား စကားသွားပြောနေတော့သည်။ လပ်ကီးလည်း အိပ်ပျော်နေရာမှ နိုးလာ၍ မျက်လုံးလေးဖွင့်ကာ ယောလ်အား ကြည့်လိုက်လေ၏။
“လပ်ကီးရေ”
ယောလ်တစ်ယောက် ညင်ညင်သာသာဖြင့် ခေါ်လိုက်သော်လည်း လပ်ကီးကတော့ သူ့ကို လှည့်၍ပင်မကြည့်ရာ ယောလ်၏ ရင်ဘက်ထဲ နင့်ကနဲ အောင့်သွားရလေသည်။
“ဖေဖေတို့ အဆင်ပြေတယ်မလား..ဟင် လပ်ကီး”
ယောလ်သည် အခြေအနေများ မည်မျှပင်ဆိုးဆိုး လပ်ကီး သူ့အားဂရုမစိုက်သည့်အချိန်လောက် ခံစားရမခက်ဟု တွေးနေမိ၏။
လူဖြစ်ရခြင်းမှာ လပ်ကီး သူ့ကိုဂရုမစိုက်သည့်အချိန်မှလွဲ၍ တစ်ခြားအချိန်များ အကုန်ကောင်းသည် ဟု ခံစားမိသည်။ သူအရုပ်ကလေးဖြစ်စဉ်ကမူ လပ်ကီးမှာ သူ့အား ဂရုစိုက်သည်ဟု ခံစားရ၏။
“ဖေဖေ အရုပ်ပြန်ဖြစ်မှရမှာလား ဟင် ဟုတ်လား၊ အဲဒါမှ မင်းက ဖေဖေ့ကို ပြန်ချစ်မှာလား”
ယောလ်တစ်ယောက် သူ့ကိုယ်သူ ဝမ်းနည်းစရာရုပ်ရှင်ထဲမှ အဓိကဇာတ်ကောင်ကဲ့သို့ ဒရာမာချိုးနေလေသည်။
မိုက်ကီရယ်သည် အိပ်ယာထဲတွင်လှဲနေလျက် ယောလ်အား စိတ်ပျက်လက်ပျက် လှမ်းကြည့်ကာ ခေါင်းတစ်ရမ်းရမ်းဖြစ်နေတော့၏။
“မနက်ကြရင်တော့ ဖေဖေ့ကို ချစ်ရမယ်နော် ဟုတ်ပြီလား၊ အိပ်တော့ ချစ်စရာကောင်းတဲ့ ကောင်စုတ်လေး”
သူ့စကားကို နားမထောင်မှန်းသိသော်လည်း လပ်ကီးအား နှုတ်ဆက်လိုက်ကာ အိပ်ယာပေါ်သို့ တက်လာလေ၏။ အိပ်ယာထဲတွင် ဟိုလှိမ့်သည်လှိမ့်လုပ်ရင်း သက်တောင့်သက်သာဖြစ်မည့် နေရာကိုရှာလျက် မိုက်ကီရယ့်အနားတွင် နေရသည်ကိုလည်း သဘောကျလာလေသည်။
“Goodnight ပါ မိုက်ကီရယ်”
ယောလ်တစ်ယောက် နှုတ်ခမ်းမှ တိတ်တိတ်ကလေး ပြောမိလိုက်လေကာ သူ၏စကားသံလေးသည် ကောင်းကင်မှ ကြယ်လေးများထံသို့ ပဲ့တင်သံထပ်သွားသည့်အလားပင်။
***
ယောလ်တစ်ယောက် အိပ်ချင်မူးတူးဖြင့် မျက်လုံးနှစ်လုံးကို လက်ဖြင့်ပွတ်ကာ ထလာလေသည်။ ထိုစဉ် နူးညံ့သည့် အထိအတွေ့တစ်ခုကို ခံစားလိုက်ရကာ သဘောကျနေသည့်အချိန်မှာပင်…
“အား!!!”
ဘာလို့ အရမ်း နူးညံ့နေရတာလဲ။
သဘောကျနေသော ခံစားချက်လေးမှာလည်း တစ်ခဏအတွင်း လေထဲသို့ လွင့်ပျံသွားလေကာ ယောလ် အော်ဟစ် မိလိုက်လေသည်။ သို့သော် သူ့အသံကလေးမှာ တိုးတိုးလေးသာ ထွက်လာလေ၏။ အဘယ့်ကြောင့်ဆိုသော် သူ၏ အသံအိုးကလည်း သေးသေးလေး ပြန်ဖြစ်သွားသောကြောင့်ပင်။
“ငါ..ငါ အရုပ်ပြန်ဖြစ်သွားပြီ အားး!”
ယောလ်တစ်ယောက် သူအော်နိုင်သလောက် အားကုန်ညှစ်ကာ အော်ချလိုက်တော့လေသည်။
ယခင် ခန္ဓာကိုယ်သေးသေးကလေး အဖြစ်သို့ ပြန်လည် ပြောင်းလဲသွားလေပြီ။
သူ့ခန္ဓာကိုယ်တစ်ခုလုံးမှာ အဝတ်စလေးများဖြင့် ဖုံးအုပ်နေကာ လိင်အင်္ဂါမရှိတော့သည့်အပြင် ခေါင်းမှာလည်း ကြီးနေလေသည်။ ခေါင်းနှင့်ကိုယ် နှစ်ပိုင်းသာရှိသော ချည်အရုပ်လေးပြန်ဖြစ်သွားပြန်၏။
“ဘာ..ဘာ..ဘာလို့လဲကွာ”
ယောလ်တစ်ယောက် သူ၏ခြေလက်တိုတိုကလေးများဖြင့် ဒေါသတကြီး ထုရိုက်နေတော့သည်။ သူ့ခန္ဓာကိုယ်သေးသေးလေးလေးက အိပ်ယာအကြီးကြီးတွင် နစ်မြုပ်ပျောက်ကွယ်နေသကဲ့သို့ပင်။
အိပ်ရာပေါ်တွင် သူ၏သေးငယ်သော ခန္ဓာကိုယ်လေးဖြင့် လူးလှိမ့်နေကာ ခဏအကြာတွင် ငြိမ်ကျသွားလေသည်။
ယခု ယောလ်သည် လူမဟုတ်တော့သည့် ချည်အရုပ်ကလေးသာပင်။
အချိန်ကလည်း နောက်ကျနေလေပြီ။ ခဏအကြာတွင် တစ်စုံတစ်ယောက်က တင်းကျပ်စွာပိတ်ထားသော တံခါးကို ဆွဲဖွင့်လိုက်လေသည်။
“ယူရီ မင်းအိပ်နေတုန်းလား ရေချိုးခန်းထဲမှာလား၊ ယူရီ!”
မိုက်ကီရယ့်အသံက တဖြည်းဖြည်းနှင့် ပိုကျယ်လာလေ၏။ သို့သော်လည်း ယောလ်ကတော့ စိတ်ပျက်လက်ပျက်နှင့် အားလျော့ကာ တိတ်တိတ်ကလေး အိပ်ပေါ်တွင်သာမှောက်လျက်လှဲနေတော့သည်။
“ယူရီ…ဒုက္ခပဲ၊ ဘယ်ရောက်နေတာလဲ”
မိုက်ကီရယ်တစ်ယောက် ပျာယာခတ်ကာ အိပ်ရာပေါ်ကြည့်လိုက်၊ ရေချိုးခန်းထဲ ဝင်ကြည့်လိုက်နှင့် အလုပ်ရှုပ်နေလေသည်။
ဘုရင့်မိသားစုရောက်လာသဖြင့် သူထွက်ကာ ခဏ ဧည့်တွေ့ခြင်းသာပင်။
ယူရီ အခန်းထဲတွင် တစ်ယောက်တည်းဖြစ်နေသည် ဟူသော အတွေးကြောင့် သူစိတ်မရှည်ဖြစ်ကာ ဧည့်သည်များပြောသည်ကို ဆက်နားမထောင်ဘဲ ကိစ္စအားလုံး ဆီလက်ဖ်အား လွှဲထားကာ အမြန်ထွက်လာခဲ့လိုက်၏။
‘ဒီလိုဖြစ်မယ်မှန်းသာသိခဲ့ရင် သူ ယောလ်ရဲ့ခြေလက်တွေကို ကြိုးနဲ့တုပ်နှောင်ခဲ့သင့်တာ’ ဟု တွေးနေမိသည်။
ယောလ်အရုပ်ကလေးဘဝကတည်းက သူ့မျက်စိရှေ့က အပျောက်မခံနိုင်ခဲ့ရာ ယခုလို အလွယ်တကူ သွားလာလှုပ်ရှားနိုင်သည့် လူတစ်ယောက်ဆိုလျှင် ပို၍ပင်ဆိုးပေဦးမည်။
ထို့နောက် မိုက်ကီရယ်သည် သူ့အခန်းသူပြန်ကာ ယောလ်ပျောက်သွားပြီ ဟူသော အထင်နှင့် အတတ်နိုင်ဆုံး စိတ်ကိုလျှော့နေလေသည်။
ယောလ် ညက အိပ်ထားသောနေရာတွင် အဝတ်အစားများကိုသာ တွေ့ရကာ လူအရိပ်အယောင်မတွေ့ရပေ။ သို့သော် သူစိတ်ထင်၍ပဲလားမသိ ကုတင်ပေါ်တွင် ယောလ်၏ ပန်းရောင်ဆံပင်စလေးကို တွေ့လိုက်သည်ဟု ခံစားမိ၏။
“ယူရီလား”
“...”
“ငါစိတ်မလွတ်သွားခင် မေးတာကို ပြန်ဖြေနော်”
“ဟုတ်ကဲ့ ကျွန်တော်ဒီမှာပါ”
ယောလ်၏ ပြန်ဖြေသံကိုကြားမှသာ မိုက်ကီရယ်တစ်ယောက် စိတ်လျှော့နိုင်တော့သည်။ အစတွင် ယောလ်ထွက်ပြေးသွားပြီ ဟု ထင်လိုက်သော်လည်း တကယ်မဟုတ်သည့်အတွက် သူအနည်းငယ်ပျော်သွားတော့၏။ သို့သော် တစ်ခြားပြဿနာတစ်ခု ရှိနေသေးသည့်ပုံပင်။
“မင်းက ဘာလို့ အရုပ်ပြန်ဖြစ်သွားရပြန်တာလဲ”
“ကျွန်တော်လည်း အဲဒါမေးမလို့ပဲ၊ အဝတ်တွေ မ, မလိုက်နဲ့နော် ကျွန်တော် ကိုယ်တုံးလုံးကြီး”
“တစ်ခါ နှစ်ခါမက မြင်ဖူးပြီးသားပဲကို”
“အိုး ဟုတ်ပါပြီ၊ မှန်နေတော့လည်း ဘာမှ မပြောတော့ပါဘူး”
ယောလ်၏ပုံစံက ရှက်ကိုးရှက်ကန်းဖြင့် အလွန်ရီချင်စရာကောင်းလှသည်။
ထို့နောက် အဖြူရှောင်ရှပ်အင်္ကျီလေးကို ဖယ်လိုက်လျှင် သူယခင်က မြင်နေကြ ပန်းရောင်ဆံပင်နှင့် ချည်အရုပ်လေးကို ပြန်မြင်လိုက်ရ၏။ သူ အိပ်ယာပေါ်တွင် မှောက်ရက်လှဲနေသော ယောလ်ထံမှ စိတ်ပျက်မှုများကိုလည်း ခံစားမိနေလေသည်။
သူလည်းပဲ ယောလ် အရုပ်အဖြစ်ပြန်ပြောင်းသွားရသည့် အကြောင်းအရင်းကို မသိသဖြင့် ခဏမျှ တိတ်ဆိတ်နေ၏။ သို့သော်လည်း ယခုလို ပြန်ပြောင်းသွားသဖြင့် ထွက်မပြေးနိုင်တော့ပေ ဟု တွေးကာ ပျော်နေသေးပြန်သည်။
“ကျွန်တော့်ကြမှ ဘာလို့ ဒီလိုတွေ လာဖြစ်ရတာလဲဗျာ၊ အခုလို သာသာယာယာဘဝလေးမှာနေရလို့ ပျော်နေတာကို”
ယော်ခမျာ ညီးတွားနေရှာသည်။ သို့သော်လည်း မိုက်ကီရယ်ကတော့ ယောလ် သူ့မျက်စိရှေ့သို့ ပြန်ရောက်လာသဖြင့် ပြုံးပျော်နေလေ၏။
ထို့နောက် ယောလ်အား လူပြန်ပြောင်းလျှင်တောင် သူ့မျက်စိရှေ့က ဘယ်တော့မှ အပျောက်မခံတော့ ဟု သူ့ကိုယ်သူ ကတိပေးလိုက်သည်။
“မိုက်ကီရယ် ကျွန်တော့် အဝတ်လေးတွေ ယူလာပေးလို့ရမလား၊ အရုပ်ခန္ဓာကိုယ်နဲ့လည်း ရှက်တော့ရှက်သေးတယ်လေဗျ”
“မင်းရှက်တာ စောမနေဘူးလား”
မိုက်ကီရယ်တစ်ယောက် သူ့ရှေ့တွင် ဖင်တုံးလေးနှစ်လုံးဖော်ကာ အချိန်အတော်အကြာ လှဲနေပြီးကာမှ ရှက်သည်ဟုပြောသော ယောလ်အား ရယ်မိလိုက်တော့သည်။
“မြန်မြန်ဗျ ကျွန်တော့်ဖင်အေးနေပြီ မဟုတ်ဘူး နှလုံးကွဲမတတ် အေးနေပြီ”
မိုက်ကီရယ်မှာ သူ၏ ချမ်းနေသောချည်အရုပ်လေး အတွက် အဝတ်များ သွားယူပေးလိုက်တော့၏။
ထို့နောက် အံ့ဆွဲထဲတွင် သပ်သပ်ရပ်ရပ် ခေါက်ထားသော အဝတ်လေးများကို ယူဖို့ ပြင်လိုက်လေသည်။ တခြားသူများအတွက်မူ အိုလော့ဗ်မြို့စားကြီးမှ အရုပ်အဝတ်များ ယူပေးနေသော မြင်ကွင်းသည် ရယ်ချင်စရာဖြစ်လောက်မည်။ သို့သော်လည်း မိုက်ကီရယ်ကတော့ ထိုသို့မတွေးပေ။
ခဏအကြာတွင် မိုက်ကီရယ်သည် မိုးပြာရောင်ဘောင်းဘီ၊ အဖြူရောင်အင်္ကျီနှင့် အပြာရောင်ဖဲပြားလေးတို့ကို လက်ထဲတွင်ကိုင်လာကာ ကျေနပ်နေသောအကြည့်များဖြင့် ယောလ်အား ဝတ်ပေးလိုက်လေသည်။ သူ့စိတ်ထဲတွင် ယောလ်၏ မျက်လုံးပြာလဲ့လဲ့ကလေးများဖြင့် လိုက်ဖက်လိမ့်မည်ဟုထင်သည့်အတွက် ကျေနပ်နေခြင်းပင်။
“မတော်တော့ဘူး အဝတ်တွေက၊ မင်းဝလာတာလား”
“ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ၊ နည်းနည်းဖောင်းလာတာနေမှာပါ”
“အရုပ်ခန္ဓာကိုယ်က ဖောင်းလာလို့လား”
“ဟာဗျာ..တော်ပြီ ထားလိုက်တော့”
မိုက်ကီရယ်တစ်ယောက် အဝတ်ဝတ်ပေးနေရင်း စိတ်အလိုမကျသည့်ပုံဖြင့် မျက်လုံးများမှေးစင်းလာလေသည်။
ယောလ်မှာ နှစ်ရက်လောက်သာ အရုပ်အဝတ်များကို မဝတ်လိုက်ရသော်လည်း ယခုပြန်ဝတ်သည့်အချိန်တွင် အဝတ်ဝတ်ပေးရန် ခက်ခဲနေတော့၏။
“အာ့..အာ့.. နာတယ်ဗျ အဲလိုလုပ်ရတာ မဟုတ်ဘူးလေ”
“ဗိုက်ကိုချပ်လိုက်”
“ဟုတ် ဟစ်!”
ထို့နောက် မိုက်ကီရယ် သူ့အား ပထမဆုံး အဝတ်စဝတ်ပေးသည့်နေ့ကကဲ့သို့ အသက်ဝဝရှူကာ သူ့ဗိုက်ကိုချပ်လိုက်၏။ ဗိုက်ပူနေ၍ မတော်သည့်အဝတ်ကို အတင်းဝတ်ထားရသော်လည်း မဝတ်ထားသည်ထက်စာလျှင်တော့ တော်သေးသည်။
နှစ်ယောက်သား ခက်ခက်ခဲခဲကြိုးစားကာ ယောလ်အား အဝတ်ဝတ်ပေးနိုင်လိုက်တော့၏။ ထို့နောက် မိုက်ကီရယ်သည် သူ၏ရှည်လျားသွယ်လျသော လက်များဖြင့် ဖဲပြားလေးကိုချည်ပေးကာ အဆုံးသတ်လိုက်တော့သည်။
“ဘယ်လိုဖြစ်တာလဲ”
“ကျွန်တော်လည်း မသိဘူး၊ နိုးလာတော့ ဒီလိုပုံဖြစ်နေတာပဲ”
“တစ်ခုခု ထူးခြားတာ ဖြစ်သေးလား၊ အသံကြားတာတို့ ဘာတို့လေ၊ သူငယ်ချင်းဆိုလား ဘာဆိုလား အဲကောင် အသံမကြားဘူးလား”
“ဟင့်အင်း ဘာမှမကြားလိုက်ရဘူး၊ မျက်လုံး နှစ်လုံးဖွင့်တာနဲ့ ဒီလိုဖြစ်နေတာပဲ”
“အင်း..ထူးဆန်းလိုက်တာ”
“အဲဒါပြောတာပေါ့ လူလိုသူလိုလေး နေရပြီထင်တာ၊ အခုတော့ ဒီခန္ဒာကိုယ်ပြန်ဖြစ်သွားပြန်ပြီ၊ ခေါင်းနဲ့ကိုယ်နှစ်ပိုင်းပဲပါတယ် ဂွေးစိလည်း ပျောက်သွားပြီ”
“ဘာလို့ မင်းအဲအသုံးမဝင်တဲ့ဟာကိုပဲ တမ်းတမ်းစွဲဖြစ်နေရတာလဲ”
“ခင်ဗျား ဘာပြောလိုက်တာလဲ၊ ကျွန်တော့်ဘဝမှာ တစ်ခါမှ မသုံးရဘူးလို့ ဘယ်လိုသိလဲ၊ ကျွန်တော်ကတတိယမြောက်မျိုးဆက်ရဲ့ တစ်ဦးတည်းသောသားနော် အဲလိုစကားတွေပြောတာအရမ်းရိုင်းတယ်”
မိုက်ကီရယ့်ပြောစကားကို ယောလ်တစ်ယောက် တစ်ခွန်းမကျန်ပြန်ခံပြောနေလေသည်။ မိုက်ကီရယ်ကတော့ ဘာမှမပြောဘဲ ရယ်သာရယ်နေတော့၏။
တစ်ခြားတစ်ယောက်ကို သုံးခွင့်ပြုရမှာလား မဟုတ်သေးပါဘူး ငါဘာတွေ တွေးနေမိတာလဲ၊ အဲဒါ သုံးခြင်း မသုံးခြင်းက ငါနဲ့မှမဆိုင်တာ ယူရီ့ကိစ္စပဲလေ။
သို့သော် သူ့စိတ်ထဲတွင်တော့ ထိုကိစ္စတွင် ပါဝင်ချင်နေလေသည်။
သူမျက်မှောင်ကြုတ်ကာ သူကိုယ်တိုင်ပင် နားမလည်နိုင်သည့် အတွေးများကြားတွင် မျောပါနေတော့၏။
မိုက်ကီရယ်၏ စိတ်ကိုနားမလည်သော ယောလ်ကတော့ မိုက်ကီရယ့်အား ဒေါသထွက်လျက် ဘုရှိုးရှိုးနေသည်။
စိတ်ထဲတွင် ကြိုက်သလောက် ဆဲဆိုပြီးသည့်တိုင်အောင် မိုက်ကီရယ်ကဘာလို့သူ့ကို ဒီလို စကားကြမ်းကြမ်းတမ်းတမ်းတွေ ပြောရက်ရတာလဲဟု တွေးနေမိ၏။