Ch 36
Viewers 2k

Chapter 36



“...”


“...”


အကုန်လုံးခဏလောက် တိတ်ဆိတ်ငြိမ်သက်သွားကြလေသည်။ ယောလ်တစ်ယောက် သူ၏ မျက်လုံးပြာလဲ့လဲ့လေးများဖြင့် ဟိုကြည့်သည်ကြည့်လုပ်ကာ နောက်ဆုံး မိုက်ကီရယ်နှင့် မျက်လုံးခြင်းဆုံသွားတော့၏။



မိုက်ကီရယ် အမြန်စဉ်းစားမိလျှင်တောင် ယောလ် တမင်သက်သက် ဆဲနေသည်မှန်းမရိပ်မိလောက်ပေ။



ထို့နောက် ယောလ်သည် မိုက်ကီရယ့်အား ခေါင်းစွပ်အတွင်းမှ မသိမသာ ခိုးကြည့်လိုက်လျှင် နီရဲ အေးစက်နေသော မျက်လုံးကြီးများက သူ့အား ပြန်စိုက်ကြည့်နေမှန်း သိလိုက်ရသည်။ 



သေပြီ..ငါတော့သေပြီ!



“အာ ဟားဟားဟား ဟုတ်လား ကျွန်တော်က အဲလို အဓိပ္ပာယ်ရှိတာ မသိဘူးဗျ၊ သတိထားပြောလိုက်သင့်တာကိုနော်”



ယောလ်တစ်ယောက် ဘာမှ မသိဟန်ဆောင်ကာ ကျယ်လောင်စွာ ရယ်မောနေလိုက်သည်။ အဘယ်ကြောင့်ဆိုသော် ဤအရာသည် သူအတတ်နိုင်ဆုံး မိုက်ကီရယ့်လက်မှ အသက်ရှင်အောင် လုပ်နိုင်သည့် အရာပင်။ 



“ယူရီ”



“ဗျာ”



“မင်းလျှာက တော်တော်ရှည်တာပဲနော်၊ ထိန်းဖို့ ခက်မယ်ထင်တယ်”



“အယ် ဟုတ်လား၊ ကျွန်တော်ထင်တာတော့ ပုံမှန်အရှည်ပဲလားလို့လေ၊ နည်းနည်းတိုသွားရင်တောင် ပြဿနာတက်မှာကို”



“အဲဒါဆို ဘာလို့ လျှောက်ပြီး ပါးစပ်သရမ်းနေတာလဲ”



“အော် ပျော်နေလို့ပါ ပျော်နေလို့ ဟီး”



မိုက်ကီရယ်တစ်ယောက် ယောလ်၏ လိမ်စဉ်မှာ သိသိသာသာ ဖြစ်လွန်းလှသဖြင့် ကျယ်လောင်စွာပင် ရယ်မောမိလိုက်သည်။



မိုက်ကီရယ်၏ ရယ်သံကို ကြားပြီးကာမှ ယောလ်တစ်ယောက် စိတ်လျှော့နိုင်ကာ ဆိုင်ရှင်အား တော်ဖီ တစ်ဘူးပေးရန် ပြောလိုက်သည်။



“မိုက်ကီရယ် ရှင်းပေးပါဦး” 



ယောလ်သည် မိုက်ကီရယ်အား သူဝယ်သမျှ အကုန်ရှင်းပေးနေကြ သူကဲ့သို့ ပိုက်ဆံရှင်းခိုင်းလိုက်သည်။



မိုက်ကီရယ်ခမျာ ယောလ်၏ တင်စီးသည့် အပြုအမူကြောင့် ဘာပြောရမှန်းပင်မသိပေ။ သို့သော်လည်း ယောလ်ခိုင်းသလို ပိုက်ဆံရှင်းပေးလိုက်ရုံမှတပါး အခြားမလုပ်တတ်တော့ပေ။



“အကြွေကိုတော့…”



မိုက်ကီရယ်တစ်ယောက် အကြွေပြန်အမ်းရန်မလို‌ကြောင်း ပြောမည့်အချိန်တွင် ယောလ်၏ မျက်လုံးများထဲတွင် အားတက်သရော ပြန်အမ်းငွေလိုချင်သည့် အရိပ်အကဲကို တွေ့လိုက်ရ၍ ပါးစပ်ကို အမြန်ပြန်ပိတ်လိုက်ရလေသည်။



ယောလ်၏ မျက်လုံးများသည် ဝိုက်ဒီဖီးယား အင်ပါယာတွင် သုံးသော ငွေကြေးယူနစ်ဖြစ်သည့်  Bergများအဖြစ်် တစ်ခဏလောက် ပြောင်းလဲသွားသည်ဟု မိုက်ကီရယ် ခံစားလိုက်ရသည်။



(T/N: Anime တွေထဲကလို မျက်လုံးက ပိုက်ဆံအရောင်တွေ ထွက်လာတာကို ပြောချင်တာပါ)



ယောလ်တစ်ယောက် ဘေလ်ယူဖို့ စောင့်နေကာ ဆိုင်ရှင်က အကြွေအမ်းသည်နှင့် ယူပြီး သူ့အိတ်ထဲသို့ ထည့်လိုက်လေသည်။



“မိုက်ကီရယ် ကျွန်တော် ဒါယူထားလို့ရလား”



“မင်းကြိုက်တာလုပ် ဒါပေမဲ့ မယူခင်မေးတာ ပိုမကောင်းဘူးလား၊ အခုက ပြောင်းပြန်ကြီး ဖြစ်နေသလိုပဲ”



“အိုကေ အဲဒါဆို နောက်ကျ ကျွန်တော်မေးပြီး ယူလိုက်မယ်နော်”



“...”



မိုက်ကီရယ်တစ်ယောက် ယောလ်သည် သူ၏ ခွင့်ပြုချက် ပါပါ မပါပါ ယူမည့်ပုံရှိသဖြင့် ဘာမှမပြောတော့ဘဲ ခေါင်းသာခါနေလေ၏။ ယောလ်မှာ  “အာ ငါပိုက်ဆံရှာနိုင်ပြီကွ၊ မပင်ပန်းဘဲ ရတဲ့ဝင်ငွေ‌လေး” ဟုပြောနေသကဲ့သို့ပင်။



မုန့်အချိုဝယ်ပြီးနောက် နှစ်ယောက်သား လမ်းမပေါ်အတော်အကြာ လမ်းလျောက်ကာ တခြားအစားအသောက်များလည်း ဝယ်နေကြသည်။ တစ်ခုခုဝယ်လိုက်တိုင်း အ‌ကြွေပြန်ရသဖြင့်ယောလ်၏ အိပ်ကပ်သည်လည်း ဖောင်းနေလေပြီ။



မိုက်ကီရယ် သူ့ကို အကြွေပိုက်ဆံပေးတိုင်း ယောလ်၏မျက်နှာမှာ ပျော်ရွှင်မှု အပြည့်နှင့် ဖြစ်နေပေသည်။



“မိုက်ကီရယ် ဆပ်ကပ်သွားကြည့်ဖို့ အချိန်ကြပြီမလား”



“အခုသွားရင်တော့ ကွက်တိပဲ”



မိုက်ကီရယ်တစ်ယောက် သူ၏ အိတ်ဆောင်နာရီကိုကြည့်ပြီးနောက် ယောလ်ကို ပြောကာ ဆပ်ကပ်ရှိသည့် ဗီတယ်ရာလမ်းဆုံသို့သွားရန်ကြာချိန်ကို တွက်ချက်လိုက်သည်။



မိုက်ကီရယ် ဗီတယ်ရာလမ်းဆုံသို့သွားရန် ပြင်လိုက်ချိန်တွင်



“အာ့..”



သူ့အနောက်တွင် နိမိတ်မကောင်းသည့် အသံတစ်သံကို ကြားလိုက်ရကာ ဘေးနားရှိ အခြားလူများမှာလည်း ထိုနေရာတစ်ခုထဲသို့ အာရုံစိုက်ကာ လှည့်ကြည့်နေကြ၏။ မိုက်ကီရယ်လည်း အမြန်လှည့်ကြည့်လိုက်ရာ ပိုကာဗွန်းလမ်းအလည်တွင် လဲကျနေသော ယောလ်ကို တွေ့လိုက်ရသည်။



“အားရိုး ငါ့ဒူး”



စောင့်ကြောင့်လေးထိုင်ကာ ကိုယ့်ဒူးခေါင်းကိုယ် ကိုင်နေသော ယောလ်ကိုတွေ့လိုက်ပြီး မိုက်ကီရယ်တစ်ယောက် သက်ပြင်းချလိုက်လေသည်။



ဘာဖြစ်မှန်းမမြင်လိုက်ရသဖြင့် သေချာမသိသော်လည်း သူ့ကုတ်အင်္ကျီစသူ တက်နင်းမိကာ လဲကျသွားသည်ပင်ဖြစ်ရမည်။ ကုတ်အင်္ကျီစအား နင်းမိလိုက်သဖြင့် တစ်ဆက်တည်း ဝတ်ထားသည့် ခေါင်းစွပ်ကိုပါ ချွတ်လိုက်သလိုဖြစ်သွားတော့၏။



ဝိုက်ဒီဖီးယားအင်ပါယာတွင် ရှားပါးလှသည့် ပန်းရောင်ဆံပင်ကြောင့် အနီးနားရှိလူများမှာ ယောလ်အား စပ်စပ်စုစုပင် ကြည့်နေကြသည်။



“အင်္ကျီက အရမ်းရှည်လွန်းတယ်ဗျ”



ယောလ်သည် သူ့အင်္ကျီအား ဖုန်ခါပြီး ထိုင်ရာမှ ထလိုက်ကာ ဆူပုတ်နေသော မျက်နှာဖြင့် မကျေမနပ် ပြောနေလေသည်။



“ထိခိုက်မိသွားသေးလား”



“ဒူးတော့ နည်းနည်းပွန်းသွားတယ် ဒါပေမဲ့ အဆင်ပြေပါတယ်”


ထိုအခါမှ မိုက်ကီရယ်တစ်ယောက် စိတ်သက်သာရာရသွားကာ ယောလ်၏ခေါင်းစွပ်ကို ပြန်ခြုံပေးလိုက်သည်။ ဘေးနားရှိ လူများအကုန် မြင်ပြီးလောက်ပြီ ဆိုသော်လည်း လူရှုပ်သော ဆပ်ကပ်သို့သွားနေသဖြင့် သူ့ဆံပင်ပန်းရောင်လေးကို တခြားသူများအား မမြင်စေချင်ပေ။



“တကယ် အဆင်ပြေရဲ့လား”



“ရှက်တော့ ရှက်သွားတာပေါ့ ဒါပေမဲ့ ခန္ဓာကိုယ်က ဘာမှ မဖြစ်ပါဘူး”



မိုက်ကီရယ်တစ်ယောက် ယောလ်အား ထော့နဲ့ထော့နဲ့နှင့် လမ်းလျှောက်နေရသည်ကိုမြင်သော် စိတ်ပူသဖြင့်မေးလိုက်သော်လည်း ယောလ်ကတော့ တင်းမာသော မျက်နှာဖြင့် ပြန်ဖြေလေသည်။



သူလည်း အရှေ့မှ ရှက်ရှက်နှင့် အရင်ထွက်သွားသော ယောလ်နောက်သို့သာ ပြေးလိုက်သွားတော့၏။



***



သူတို့နှစ်ယောက် ပြပွဲသို့ရောက်သွားချိန်တွင် ခုံအလွတ်များ မရှိသလောက် နည်းနေပြီဖြစ်သည်။



ခုံနေရာမရသဖြင့် ညှိုးငယ်သွားသော ယောလ်အားမြင်လိုက်ရပြီးနောက် မိုက်ကီရယ်တစ်ယောက် နေရာကောင်းကောင်းရရန် တစ်လက်လက် တောက်ပနေသော ရွှေအိတ်တစ်အိတ်ကို နေရာဦးထားပြီးသား လူတစ်ချို့အား ခုံနေရာရရန် အလဲအလှယ်အနေဖြင့် ပေးလိုက်သည်။



ဝိုက်ဒီဖီးယားအင်ပါယာ၏ ငွေကြေးတန်ဖိုးကို မသိသော ယောလ်တစ်ယောက်ကတော့ မိုက်ကီရယ် ထိုလူများကို ငွေပမာဏ ဘယ်လောက်များများ ပေးလိုက်မှန်း မသိလိုက်ပေ။



မိုက်ကီရယ်ပေးလိုက်သည့် ငွေပမာဏသည် သူတို့အတွက် ၃လ ၄လ စာလောက် လုံလောက်သည့် ငွေပမာဏပင်။ ထိုအကြောင်းအရာကို သတိမထားမိသည့် ယောလ်တစ်ယောက်ကတော့ အေးအေးဆေးဆေးပင် ထိုင်နေလေသည်။



ပိုက်ဆံ ဘယ်လောက်ပေးပေး ဒါ လူကောင်းတွေမို့ ခုံနေရာ လဲပေးတာပါလေ။



“မိဘ ပြည်သူများခင်ဗျာ ဝန်းဒါးဆပ်ကပ်ကို လာရောက်‌ကြည့်ရှုပေးလို့ အထူးကျေးဇူးတင်ရှိပါတယ်၊ အခုအချိန်ကစပြီး လူကြီးမင်းတို့ရှေ့ကို တစ်ခြား ကမ္ဘာတစ်ခုကို ချပြတော့မှာပဲဖြစ်ပါတယ်”



အစီအစဉ်တင်ဆက်သူတစ်ဦး ထွက်လာကာ နှုတ်ခွန်းဆက်သပြီးနောက် ခန်းမကြီး တစ်ခုလုံး ဟိန်းသွားအောင် ကျယ်လောင်စွာ အော်ပြောလိုက်လေသည်။ ယောလ်တစ်ယောက်လည်း အတူတူပင် အော်ဟစ်ပျော်ရွှင်နေလေသည်။



ထို့နောက် ဆပ်ကပ်ပြပွဲ စတင်လေပြီ။



အစောပိုင်း လမ်းပေါ်တွင် မီးတောက် အကြီးကြီး လုပ်ပြဖျော်‌ဖြေခဲ့ဖူးသော ထူးခြားသည့်ပုံပန်းသွင်ပြင်နှင့် လူတစ်ဦးထွက်လာကာ ပိုမိုကြီးမားသော မီးတောက်ကြီးကို ဖန်တီးပြလေသည်။ အရက်ဟုထင်ရသော အရည်တစ်မျိုးကို မီးစထွန်းညှိထားသည့် တုတ်တစ်ချောင်းပေါ်သို့ မှုတ်ထုတ်လိုက်သောအခါ ထိုကဲ့သို့ ကြီးမားသည့် မီးတောက်ကြီး တစ်ခု ထွက်ပေါ်လာတော့၏။



ထိုမီးတောက်ကြီးသည် ကြိုတင်ထွန်းညှိထားသော မီးကွင်းကြီး တစ်ခုကိုဖြတ်သွားပြီးနောက် ထိုလူက သူ့လက်ကို မီးကွင်းထဲသို့ သွင်းလိုက် ထုတ်လိုက် လုပ်ပြလေသည်။



ထိုကဲ့သို့ ပြကွက်များသည် ပို၍ စိတ်လှုပ်ရှားဖို့ ကောင်းလေသည်။ ထို့နောက် ဆပ်ကပ်ခန်းမ၏ မျက်နှာပြင်တွင် ကြိုးတစ်ချောင်းတည်းဖြင့်သာ ချီထားသည့် လူများ ခုန်ပေါက် ပျံလွှားနေကြပြီး တစ်ခြားတစ်ဖက်တွင်လည်း လူတစ်ချို့က ဘောလုံးများကို ၃လုံး၄လုံးလောက် တစ်ကြိမ်တည်းမှာပင် မြှောက်လိုက်ဖမ်းလိုက် လုပ်ပြနေသည်။



အသေးစိတ်ပြောရလျှင် ဤဆပ်ကပ်ရှိုးပွဲသည် ယောလ်အတွက် ဝိဉာဉ်လွင့်သွားရလောက်အောင် ကောင်းလှသည်။



ယောလ်အတွက်တော့ စက္ကန့်ပိုင်းအတွင်း အဝတ်လဲပြခြင်း၊ ဘာမှ မရှိသော ဦးထုပ်ထဲမှ ပန်းစည်းများ ထုတ်ပြခြင်းစသည့် အခြေခံပြကွက်လေးများကပင် အံ့ဩစရာဖြစ်နေလေသည်။



“ဝမ်းနည်းစွာနဲ့ပဲ ဒါကတော့ နောက်ဆုံးပြကွက်ပါ၊ ကျွန်တော်် ဆပ်ကပ်က လူသစ်က‌လေးရဲ့ ရုပ်သေးပြကွက်ပဲဖြစ်ပါတယ်”



“သာမာန် ရုပ်သေးပြကွက် တစ်ခုကို ဘာလို့နောက်ဆုံးမှာထားရတာလဲ” ဟု ယောလ်တွေးနေလေသည်။



သို့သော် ပြပွဲစသည်နှင့် သူ၏ ထင်မြင်ချက်များ မှားသွား ကြောင်းသိလိုက်ရ၏။



ရုပ်သေးဆရာ ထိန်းချုပ်ထားသော ရုပ်သေးရုပ်လေးများသည် လူသဖွယ် လှုပ်ရှားသွားလာနိုင်ကြသည်။ ထို့အပြင် တစ်ရုပ်တည်း မဟုတ်ဘဲ ၅ရုပ်၊ ၆ရုပ်လောက်ကို တစ်ပြိုင်နက်တည်း ထိန်းချုပ်ပြနေသည်။



ထို့နောက် ရုပ်သေးဆရာ နောက်တစ်ယောက် ထွက်ပေါ်လာကာ ရုပ်သေးပြပွဲကြီးပင် ဖြစ်သွားလေတော့သည်။ ထို့နောက်ရုပ်သေး ၁၂ ခုလောက်သည် တစ်စိတ်တစ်ဝှမ်းတည်း လှုပ်ရှားပြနေလေသည်။



“ဟလို ငါက ဝင်ဒီပါ၊ နာမည်ဘယ်လိုခေါ်လဲ ဟင်”



“အိုး ဟယ်လိုဝင်ဒီ၊ ငါက ဆာရှာပါ”



ရုတ်တရက်ဆိုသလိုပင် ဆံပင် အဝါရောင်နှင့် ရုပ်သေးရုပ်လေးသည် ပွဲကြည့်ပရိတ်သတ်များထဲမှ ကလေးမလေးတစ်ဦးကို စကားပြောလိုက်သည်။ ငယ်သေးသော ကလေးတစ်ယောက်ဖြစ်သဖြင့် စိတ်လှုပ်ရှားကာ ရှက်နေသော အသံလေးဖြင့် ပြန်လည် နှုတ်ဆက်လေသည်။

 


ထိုအချိန်မှစ၍ ရုပ်သေးရုပ်ကလေးသည် လူအုပ်ထဲသို့ဆင်းကာ ပွဲကြည့်ပရိတ်သတ်‌တစ်ယောက်ပြီး တစ်ယောက်ကိုလိုက်နှုတ်ဆက်နေလေသည်။



ယောလ်တစ်‌ယောက် ရုပ်သေးပြပွဲအား စိတ်ဝင်စားနေသော်လည်း မိုက်ကီရယ်၏ စူးရှသော အကြည့်များမှာမူ တခြားတစ်နေရာသို့ ကြည့်နေလေသည်။



“အိုး မဟုတ်သေးပါဘူး၊ အဲမှာထိုင်နေတဲ့ သူတွေက ဘယ်သူတွေပါလိမ့်”



ဝင်ဒီ ရုပ်သေးရုပ်လေးသည် တစ်နေရာရာသို့ ခေါင်း‌လေး‌စောင်းကာ စိုက်ကြည့်နေသဖြင့် ဘေးနားရှိ လူများမှာလည်း ထိုနေရာသို့ လှည့်ကြည့်လိုက်ကြသည်။



သူတို့၏ အကြည့်များသည် မိုက်ကီရယ်နှင့်ယောလ်ထိုင်နေသည့် နေရာသို့ ရောက်သွားလေ၏။


“ဘယ်သူက ဆပ်ကပ်ကြည့်နေတုန်း အဲလိုအင်္ကျီအရှည်ကြီးတွေ ဝတ်ထားလို့လဲ၊ မင်းတို့က ဘယ်သူတွေလဲကွ”



ပရိတ်သတ်များမှာလည်း ရုပ်သေးရုပ်လေး၏ဟာသကို အားရပါးရ ရယ်မောနေကြသည်။ ယောလ်တစ်ယောက် အစပိုင်းတွင်စိတ်ရှုပ်သွားသော်လည်း ခဏအကြာ ပရိတ်သတ်ကြီးနှင့်အတူ ရယ်မောနေလေသည်။



“မင်းနာမည်ဘယ်လိုခေါ်လဲကွ”



“ငါက..”



“တော်သင့်ပြီ!”



ယောလ်ဖြေတော့မည့် အချိန်တွင် မိုက်ကီရယ်က ဝင်တားလိုက်သည်။ မိုက်ကီရယ်၏ အသံက အရမ်း မကျယ်သော်လည်း လူအများက သူတို့အား အာရုံစိုက်နေကြသဖြင့် သူ့အသံကြားလိုက်ရချိန်တွင် ခန်းမတစ်ခုလုံး အေးစက်သွားသည်ဟု ခံစားလိုက်ရ၏။



“ဟဟ ဘာဖြစ်လို့လဲကွ၊ နာမည်မေးတာ ဒီလောက်ဆိုးလို့လား”



ဝင်ဒီရုပ်သေးရုပ်လေးက ပရိတ်သတ်များအကြား တင်းမာမှုများပြေပျောက်စေရန် ကျီစယ်သည့်အသံဖြင့် ပြောလိုက်သော်လည်း မိုက်ကီရယ်၏ အပြုအမူမှာ ပို၍ပင် အေးစက်လာလေသည်။



“ဒီပြဇာတ်ကြီးတစ်ခုလုံးရဲ့ ရည်ရွယ်ချက်က လူတွေကို ခါးပိုက်နှိုက်ဖို့မဟုတ်ဘူးလား”



“မင်း..မင်း ဘာတွေ ပြောနေတာလဲ”



“ငါ‌ ပြောတာ မင်းကြားပါတယ်၊ ဒီနေရာ တစ်ခုလုံးက သူခိုးတွေ နဲ့ ပြည့်နေတာလေ”



မိုက်ကီရယ်၏စကားကြောင့် ဝင်ဒီရုပ်သေးရုပ်လေးက စိတ်ရှုပ်သွားပုံပေါ်သည်။ မိုက်ကီရယ်၏ ပြတ်သားလှသော ဖြေဆိုပုံများကြောင့် အစပိုင်းတွင် သတိထားမိသည့်လူများပင် တတွတ်တွတ်ပြောကာ ဆူညံလာကြလေသည်။ ထို့နောက် သူတို့၏ ပိုက်ဆံအိတ်များအား ပြန်စစ်ကြလေတော့သည်။



“ဟေ့ ငါ့ပိုက်ဆံတွေ ငါ့ပိုက်ဆံတွေ ပျောက်သွားပြီ!”



“ဘာ! ဟေ့ ငါ့ဟာရောပဲ”



“ဘယ်ခွေးကောင်က..”



နေရာတိုင်းတွင် ဒေါသထွက်နေသော စကားသံများ ထွက်ပေါ်လာလေသည်။ ထိုအခါမှ ယောလ်လည်း သူ့အိတ်ကပ်ကို စစ်ကြည့်မိလေသည်။ မိုက်ကီရယ်ဆီမှ တောင်းထားသော မုန့်ဖိုးလေးများ ပါသွားလေပြီ။



“ဟေး..ဟေး ငါ့ပိုက်ဆံလေးတွေ”



ယောလ်တစ်ယောက် ဒေါသတကြီးနှင့် အော်ဟစ်လိုက်သည်။ သူနှင့်အတူ မိုက်ကီရယ်လည်း ရုပ်သေးဆရာအား စူးရှတောက်ပနေသော မျက်လုံးနီများဖြင့် စိုက်ကြည့်နေလေသည်။



“ဘုရင့်ဥပဒေအရ ခိုးတဲ့လူတွေ ဘယ်လိုအပြစ်ပေးခံရသလဲ သိလား”



“...”



“ကြိမ်ဒဏ်ပေးခံရတယ်ကွ၊ အေးပေါ့လေ အများကြီးခိုးထားတဲ့ ကောင်တွေဆိုရင်တော့ လက်ကောက်ဝတ်ကို ဖြတ်ပစ်ခံရလိမ့်မယ်”



“ကျွန်-ကျွန်တော်ခိုးတာမှ မဟုတ်တာ ခင်ဗျားဘာလို့ဒါတွေ ပြောပြနေတာလဲဗျ!”



ရုပ်သေးဆရာသည် ဝင်ဒီရုပ်သေးရုပ်လေးကို ဘေးသို့ လွှင့်ပစ်ကာ အော်ပြောလိုက်သည်။ မကြာ‌သေးမီအချိန်ကမှ ချစ်စရာကောင်းသောအသံဖြင့် ပြောနေသောလူတစ်ယောက်သည် ယခုမူ သွေးပျက်သည့် အသံဖြင့် ဖြစ်နေလေ၏။



“ငါစစ်ရင် ဟုတ်မဟုတ် သိမှာပဲလေ”



“ကျွန်တော် မဟုတ်ဘူးဆို ခင်ဗျား ဘယ်လိုလုပ်မလဲ၊ ခင်ဗျားကို အသရေဖျက်မှုနဲ့ တရားစွဲမှာနော်”



“မျိုးမစစ်ကောင်၊ သူများစီးပွားရေးကို ဖျက်လို့ဖျက်စီးလုပ်ရင် လျော်ရမယ်နော်”



ခေါင်းဆောင်သာမက ဆပ်ကပ်တစ်ဖွဲ့လုံးမှ လူများ ထွက်လာကာ လမ်းမတစ်ခုလုံး အုတ်အုတ်သောင်းသောင်းဖြစ်သွားလေသည်။ မီးကွင်းပြပွဲမှ လူများလည်း ထွက်လာကာ ပိုက်ကြီးတစ်ခုအား ဟိုရမ်းသည်ရမ်းဖြင့် ခြိမ်းခြောက်နေသည့်အတွက် ယောလ်တစ်ယောက် ကြောက်လန့်နေသည်။



“အသာတစ်ကြည် ပိုက်ဆံတွေကို ပြန်ပေးရင် ငါမင်းလက်ကို မဖြတ်ဘဲထားပေးမယ်”



“ဘာ ဒီ..ဒီအရူးကောင် ဘာတွေ ပြောနေတာလဲ၊ ငါတို့ ဘယ်တုန်းကမှ မခိုးခဲ့ဘူး’



ရုပ်သေးဆရာ တစ်ယောက် မျက်နှာတစ်ခုလုံးနီရဲကာ ဆဲဆို ကြိမ်းမောင်းနေလျက် မိုက်ကီရယ်အား အန္တာရယ်ပြုမည့်ပုံပေါ်နေသည်။



မိုက်ကီရယ်က တုပ်တုပ်မျှ မလှုပ်သော်လည်း ယောလ်တစ်ယောက်ကတော့ စိတ်ဆိုးသွားလေပြီ။



“မင်းသူ့ကို အရူးလို့ ခေါ်လိုက်တာလား၊ စောက်ရူးကောင်”



“ဘာ ဒီကလေးက ဘာတွေလာ ဆဲပြနေတာလဲ၊ အခုထွက်သွားစမ်း”



ဆပ်ကပ်အဖွဲ့ဝင်တစ်ယောက်သည် ယောလ်နားရောက်လာကာ အတင်းဆွဲချသွား၏။ ယောလ်ခမျာ ရဲရင့်သော်လည်း ခွန်အားတော့ မရှိရှာပေ။



“အား မိုက်ကီရယ် မိုက်ကီရယ်” 



ယောလ်၏ ပခုံးနုနုကလေးများသည် ကြမ်းတမ်းသော လက်များဖြင့် အတင်းအဓမ္မ ဆွဲချခံလိုက်ရသဖြင့် ကျိုးကျေသွားပြီဟုပင် ခံစားနေရသည်။ ထို့နောက် မိုက်ကီရယ်အား အမြန်အော်ခေါ်လိုက်လေသည်။



“ငါခုနက မင်းလက်ကို ဖြတ်မပစ်ဘူးဆိုတဲ့ စကားကို ပြန်ရုပ်သိမ်းတယ်”



“ဘာ မင်းက ဒီစကားပြောရလောက်အောင် ဘာကောင်မလို့….”



ထိုလူသည် စကားပင် ဆုံးအောင်မပြောလိုက်ရပေ။