အခန်း(18)
ဖူရှန်းတစ်ယောက် အနည်းငယ် စိတ်ညစ်နေရလေသည်။
သူသည်ကား ရှဲ့စစ်ရှင်း၏ အတန်းဖော်ဟောင်းတစ်ဦးအနေဖြင့် ယွီဟန်ကို ထောက်လှမ်းရန်အတွက် ရှဲ့စစ်ရှင်းထံမှ စေလွှတ်ခြင်းခံခဲ့ရသူဖြစ်သည်။
ဖူရှန်း ဤလုပ်ငန်းတာဝန်အကြောင်းကို ပထမဆုံး ကြားလိုက်ရချိန်တွင် အချိန်အတော်ကြာအောင် မှင်သက်သွားကာ ပြန်လည်မေးလိုက်မိသေးသည်။
“ဥက္ကဌ ၊ လင်းဟန်ကို အဲဒီလောက်တောင် ဂရုစိုက်တာလား?”
ဖူရှန်း၏အမြင်တွင် သူ့အတန်းဖော်ဟောင်း၏ နှလုံးသားထဲ၌ ထူးထူးခြားခြား အရေးကြီးသူဟူ၍ တစ်ဦးမျှမရှိဖူးပေ။
ယခုအချိန်တွင်တော့ သူ လူတစ်ဦး၏ရွှေ့ကွက်ဟူသမျှအား ပြန်လည်တင်ပြရန် တောင်းဆိုခဲ့နေလေပြီ။
ဤသည်က တစ်ဖက်လူကို စိတ်ပူပန်သောကြောင့်မဟုတ်လျှင် မည်သည့်အရာများ ဖြစ်နိုင်မည်နည်း?
သို့ရာတွင် ဤသည်ကို ပြောလိုက်ပြီးချိန်၌ ရှဲ့စစ်ရှင်းမှ သူ့အား သတိပေးသော အကြည့်တစ်ခုဖြင့် ကြည့်လာသောကြောင့် ဖူရှန်းတစ်ယောက် သူ၏မှန်းချက်မှာ မှားယွင်းသွားကြောင်းကို သိလိုက်ရသည်။
အမှန်ပဲ။
ရှဲ့စစ်ရှင်းလို့ နှလုံးသားအေးစက်နေတဲ့ လူတစ်ယောက်က ဘယ်သူ့ကိုမှ ဂရုမစိုက်လောက်ပါဘူး။
အတွင်းဖြစ်စဥ်အား တခြားသူများမသိလောက်သော်လည်း ဖူရှန်းသည်ကတော့ ရှဲ့စစ်ရှင်းအနေဖြင့် ကြိုးကိုင်ချယ်လှယ်ခံရခြင်းအား မည်မျှမုန်းတီးသည်ကို သိရှိထားလေသည်။
ထို့ကြောင့် ရှဲ့စစ်ရှင်းဘက်မှ ကြောင်ကလေးများနှင့် ခွေးကလေးများအပေါ် ဂရုစိုက်ခြင်းသည်ပင် ယွီဟန်အား ဂရုစိုက်ခြင်းထက် ပိုသာနေပေလိမ့်မည်။
ထို့ကြောင့် အစဦးပိုင်း၌ ဖူရှန်းအနေဖြင့် ရှဲ့စစ်ရှင်းမှ အဘယ်ကြောင့် သူ့အား ဤအလုပ်ကို လုပ်ခိုင်းစေချင်ခဲ့သည်အား နားမလည်ခဲ့ပါချေ။
ဖြစ်နိုင်ချေအများအပြားကို တွေးတောရင်း သူ၏စိတ်ထဲမှ တွေးတောနေမိကာ တချို့သော အချက်အလက်များကို ပယ်ချနေခဲ့မိသည်။
သို့ရာတွင် ယွီဟန်၏ လက်ရှိအပြုအမူအား မြင်တွေ့လိုက်ရချိန်တွင်တော့ ဖူရှန်းတစ်ယောက် ချက်ချင်းပင် နားလည်သဘောပေါက်သွားခဲ့ရ၏။
ဖြစ်နိုင်သည်မှာ ရှဲ့စစ်ရှင်းက ယွီဟန်တစ်ယောက် ဤကုမ္ပဏီအား ဇောက်ထိုးမိုးမျှော်ဖြစ်အောင် လုပ်လိုက်မည်အား စိုးရိမ်နေခဲ့ခြင်းပင်တည်း။
အဆုံးသတ်တွင်တော့ ဤသခင်လေး၏ အပြုအမူနှင့် လုပ်ကိုင်ဟန်များမှာ.... သာမန်ရိုးကျမဟုတ်ဟုခေါ်လျှင်ပင် အလွန်အမင်း လျှော့ပြောရာရောက်နေပေမည်။
လုံးဝဆင်ခြင်မှုမရှိဟုပင် ပြောရပေလိမ့်မည်။
ဖူရှန်းတစ်ယောက် ထိုအထက်စီးဆန်၍ အလွန်အမင်း လွန်ကဲလှသော အလှလက်ရေးအား ရုံးခန်း၏နံရံပေါ်တွင် ချိတ်ဆွဲထားခြင်းက ယွီဟန်၏မာနကြီးမှု အတိုင်းအတာ၏ အဆုံးစွန်ဖြစ်လောက်မည်ဟု တွေးတောခဲ့သည်။
သို့ရာတွင် ပို၍ပင် အံ့သြဖွယ်ရာကောင်းသော လုပ်ရပ်များက အနောက်မှ လိုက်ပါလာခဲ့လေတော့သည်။
ယွီဟန်က အလှလက်ရေးပေါင်း ဆယ့်နှစ်ခုခန့်ကို ကိုယ်တိုင်ကိုယ်ကျရေးသားခဲ့ကာ ၎င်းတို့၏ ရည်ရွယ်ချက်ကိုပင် ယခုအချိန်တွင် ပြောပြနိုင်ခြင်းမရှိတော့ပါချေ။
ထိုနောက်တွင် ထိုအလှလက်ရေးများအား ဖူရှန်းကို ဘောင်ခတ်ကာ ချိတ်ဆွဲခိုင်းထားခဲ့၏။
ထိုသို့ပြီးနောက်တွင် သူက ရုံးခန်းအား အလွန်ပြောင်ရှင်းနေသည်ဟု ထင်မြင်မိသောကြောင့် အခန်းထောင့်၌ လက်နက်တင်သော သစ်သား စင်တစ်ခုကို ထားခိုင်းလာခဲ့ပြန်သည်။
ဖူရှန်းတစ်ယောက် ယွီဟန်ပြောပြသည့် လက်နက်တင်သောစင်ကို ရှေးဟောင်းပစ္စည်းရောင်းသော စျေးမှာ သွားရောက် ဝယ်ယူခဲ့ရသည်။
စျေးဆိုင်ပိုင်ရှင်က အလွန်ဝမ်မြောက်ပျော်ရွှင်နေပုံရပြီး သူအား ဖော်ရွေစွာနှင့်ပင် လှံရှည်များနှင့် အံမောင်များ အပါအဝင် လက်နက်အနည်းငယ်ကိုပါ လက်ဆောင်အဖြစ်ထည့်သွင်းပေးလိုက်သေးလေသည်။
ယွီဟန်က ၎င်းတို့အား မြင်လိုက်ရသောအချိန်တွင် အထူးပင် စိတ်ကျေနပ်သွားခါ့၏။
ထိုတာဝန်များကို အပြီးသတ်ဆောင်ရွက်ပြီးသွားသောအချိန်၌ ဖူရှန်းသည် ယွီဟန်၏နောက်ထပ်အမိန့်အား ရရှိခဲ့ပြန်သည်။
ယွီဟန်က ကုမ္ပဏီ၏ ထိပ်ပိုင်း အမှုဆောင်အားလုံးကို သူ၏ ရုံးခန်းသို့ ဆင့်ခေါ်ကာ ထိုသူတို့ တစ်ယောက်ပြီး တစ်ယောက် ပြောပြလာမည့် အလုပ်တင်ပြချက်များကို နားထောင်ချင်ခဲ့လေသည်။
ရှန်ကျင်းကို မဝင်ရောက်ခင်အချိန်ကတည်းက ဖူရှန်သည်လည်း ကောင်းကောင်းလေ့လာခဲ့သောကြောင့် ဤကုမ္ပဏီကို ရှဲ့စစ်ရှင်း၏ဦးလေးဖြစ်သူ ကျိဝမ့်ဖန်းပိုင်ဆိုင်ခဲ့ဖူးသည်ကို သိရှိခဲ့သည်။
အဆုံးတွင် ရှဲ့စစ်ရှင်းမှ ဝယ်ယူလိုက်သော်လည်း ထိပ်ပိုင်း အမှုဆောင်များအပါအဝင် ဝန်ထမ်းအများစုက ပြောင်းလဲခြင်းကို မခံခဲ့ရပေ။
ဤထိပ်ပိုင်း အမှုဆောင်များသည်က ရှဲ့စစ်ရှင်း၏ဦးလေးဖြစ်သူ ကျိဝမ့်ဖန်းလက်အောက်တွင် အလုပ်လုပ်ခဲ့သည်မှာ ဆယ်စုနှစ်တစ်ခုကျော်ပြီဖြစ်ပြီး အမြဲတစဥ်ပင် သူ့အပေါ်၌ သစ္စာရှိကြ၏။
ကျိဝမ့်ဖန်းက တခြားအလုပ်အကိုင်တစ်ခုအတွက် ထွက်ခွာသွားပြီးသည့်နောက်တွင်ပင် ထိပ်ပိုင်း အမှုဆောင်များက လွယ်ကူစွာ ယုံကြည်လက်ခံခြင်းမရှိဘဲ တစ်နေ့ပြီးတစ်နေ့ ကုမ္ပဏီအတွက်ဝန်ထုပ်ဝန်ပိုးတစ်ခုသာ ဖြစ်နေခဲ့လေသည်။
ရှဲ့စစ်ရှင်းသည်လည်း အလွန်အလုပ်များသည်ဖြစ်ရာ ဤကျရှုံးနေသော ကုမ္ပဏီငယ်လေးအား စီမံခန့်ခွဲရန် အချိန်မရှိသည့်အတွက် ကိုယ်တိုင်ရပ်တည်ရန် လွှတ်ထားခဲ့ခြင်းဖြစ်သည်။
အဆုံးတွင်တော့ ကျိဝမ့်ဖန်း၏ နှစ်ရှည်လများ အားထုတ်ကြိုးပမ်းခဲ့မှုများက အချည်းနှီးဖြစ်သွားခြင်းကို မြင်ရခြင်းသည်လည်း ရှဲ့စစ်ရှင်းအဖို့ ဝမ်းမြောက်စရာတစ်ခုဖြစ်နေသည် မဟုတ်ပါလား။ရှဲ့စစ်ရှင်းက ဤကုမ္ပဏီ၏ရှင်သန်ထမြောက်ရေးအား လုံးလုံးပင် ဂရုမပြုခဲ့ဟုပင် ပြောနိုင်သည်။
သူ၏ လက်အောက်ခံကုမ္ပဏီတစ်ခု ဒေဝါလီခံသွားလျှင်ပင် ရှဲ့စစ်ရှင်းအား အသေးအမွှားပမာဏလောက်ပင် ထိခိုက်သွားမည်မဟုတ်ပေ။
သို့သော် ဖူရှန်း နားမလည်သည်မှာ အဘယ်ကြောင့် ရှဲ့စစ်ရှင်းက ရုတ်တရတ် စိတ်ပြောင်းသွားကာ ယွီဟန်အား ဤနေရာသို့ ပို့လိုက်ခြင်းကိုပင်။
တစ်ဖက်တွင်မူ ယွီဟန်က အကြောက်တရားကင်းမဲ့နေဟန်ပေါ်ပြီး ရှန်ကျင်းအား ပြန်လည်အသက်သွင်းချင်နေသည်ဟု ထင်ရလေသည်။
သို့ရာတွင် ဤကပ်ပါးကောင်သဖွယ် အမှုဆောင်များက အဘယ်သို့အကြောင်းကြောင့် အပြင်လူတစ်ဦးဖြစ်သော သူ၏စကားများကို နားထောင်မည်နည်း?
ဤကဲ့သို့ အတွေးများဖြင့်ပင် ဖူရှန်းက ယွီဟန်၏အမိန့်ကို ထိုသူများထံသို့ ပေးပို့လိုက်ရ၏။
ဆယ်မိနစ်ခန့်ကြာသောအခါ ရှန်ကျင်း၏ ထိပ်ပိုင်းအမှုဆောင်များအားလုံးက တစ်ဖက်လူ ဆင့်ခေါ်ခြင်းမည့်အချိန်ကို စောင့်စားနေလျက် ယွီဟန်၏ ရုံးခန်းပြင်ပ၌ စုစည်းနေကြ၏။
သူတို့က တင်းတင်းပိတ်ထားသော ရုံးခန်းတံခါးသို့ တစ်ချက်မျှ လှည့်ကြည့်လိုက်ကာ အချင်းချင်း တီးတိုးပြောနေကြလေသည်။
“ဒီသခင်လေးက ငါတို့ကို ဆင့်ခေါ်ပြီး ဘာလုပ်ဖို့ စီစဥ်နေတာလဲမသိဘူး”
“သူ့အစီအစဥ်က ဘာတွေပဲဖြစ်နေပါစေ၊ ငါတို့တွေ အပေါ်ပိုင်းမှာ လိုက်လျောပေးလိုက်သလိုပဲ ဟန်ဆောင်လိုက်ကြတာပေါ့”
“ဟုတ်တယ်၊ ရှဲ့စစ်ရှင်းကတောင်မှ ဘာကိုမှ ဂရုမစိုက်တာ၊ သူက ဘယ်လိုလုပ်ပြီး ဒီနေရာမှာ အာဏာရှိသလို လုပ်နေလို့ရမှာလဲ?”
“စောင့်သာကြည့်နေလိုက်၊ သူ ဒီမှာ အကြာကြီးနေနိုင်မှာ မဟုတ်ဘူး”
“ရှူး၊ စကားပြောတာ ရပ်လိုက်တော့၊ အတွင်းရေးမှူးဖူရောက်နေပြီ”
ဖူရှန်းက သူတို့ဆီကို လျှောက်ငွားလိုက်ကာ အပြုံးတစ်ခုနှင့် ပြောလိုက်လေသည်။
“အမှုဆောင်ကျောက်၊ ဥက္ကဌယွီနဲ့ အခုသွားတွေ့လို့ရပါပြီ”
အမှုဆောင်ကျောက်ဆိုသည်မှာ ကြမ်းတမ်း ခက်ထန်သော ရုပ်ရည်သွင်ပြင်ဖြင့် လူလတ်ပိုင်းအရွယ် အမျိုးသားတစ်ဦးဖြစ်ပြီး သူ၏ တောင့်တင်းခိုင်မာသော ခန္ဓာကိုယ်က ဆက်ဆံရန် လွယ်ကူလှမည်မဟုတ်ကြောင်းကို ထင်ထင်ရှားရှား ပြသနေခဲ့လေသည်။
ဖူရှန်း၏စကားကို ကြားလိုက်ရလျှင် အမှုဆောင်ကျောက်က သူ၏အလုပ်လုပ်ဖော်ကိုင်ဖက်များအား ဘဝင်ခိုက်နေသော အကြည့်ဖြင့် ကြည့်လိုက်ပြီးနောက် တံခါးကို တွန်းဖွင့်၍ ဝင်ရောက်သွား၏။
ဤအပြုအမူအသေးငယ်လေးများက ဖူရှန်း၏ သတိပြုမှုအောက်မှ မလွတ်မြောက်ခဲ့ပေ။ သူက ယွီဟန်အတွက် ပို၍ပင် စိတ်ပူပန်လာခဲ့လေသည်။
ဆိုရလျှင် ဖူရှန်းတစ်ယောက် ရှဲ့စစ်ရှင်းမှ ယွီဟန်အား ဤနေရာသို့ ပို့လိုက်ခြင်းသည် တစ်ဖက်လူကို နှိပ်စက်ရန်အတွက်ကြောင့် ဖြစ်နိုင်သည်ဟုပင် တွေးတောမိလာရ၏။
သူ ထိုအကြောင်းကို များများတွေးတောမိလေလေ၊ ဖြစ်နိုင်ချေများသည်ဟု ပို၍ထင်ရလေလေပင်။
သို့သော် ဆက်လက်တွေးတောနေရန် အချိန်မရှိတော့ပါချေ။ အမှုဆောင်ကျောက် ဝင်ရောက်သွားသည်ကို တွေ့မြင်လိုက်ရလျှင် သူသည်လည်း အနီးကပ်မှ လိုက်ပါသွားခဲ့သည်။
တံခါးဝအနီး၌ လူစု၍ တစ်ယောက်နှင့် တစ်ယောက် အကြည့်များဖလှယ်နေကြကာ ဇာတ်လမ်းကောင်းတစ်ကွက်အား စောင့်မျှော်နေကြသောလူများကို နောက်ဘက်တွင်ပင် ချန်ထားခဲ့လိုက်တော့သည်။
လူအိုကြီးကျောက်က သူတို့ထဲတွင် ဒေါသထွက်ရန် အလွယ်ဆုံးဖြစ်ပေသည်။ ထို့ကြောင့် နေရာတွင် ရှိနေသော ထိုလူစုမှာ လင်းဟန်ကဲ့သို့ သခင်လေးတစ်ယောက်မှ တစ်ဖက်လူအား မည်ကဲ့သို့ ကိုင်တွယ်မည်ကို ကြည့်ရှုနိုင်ရန် စိတ်အားထက်သန်နေခဲ့ကြသည်။
မျှော်လင့်ထားခဲ့သည့်အတိုင်းပင် အမှုဆောင်ကျောက်သည်ကား ယွီဟန်အား မာန်စွယ်ချိုးရန် အမှန်တကယ် ရည်ရွယ်ထားခဲ့သည်။ ကုမ္ပဏီအတွင်း ဆက်စုနှစ်တစ်ခုကြာ လုပ်ဆောင်ခဲ့သောသူတို့က အဘယ်ကြောင့် ဤအရွယ်ရောက်ကာစ လူစိမ်း၏စကားအား နားထောင်ရမည်နည်း?
သူ၏မိတ်ဆွေဟောင်း ကျိဝမ့်ဖန်း၏ အကြောင်းများကို စဥ်းစားရင်းဖြင့် အမှုဆောင်ကျောက်က ဤအတွေ့အကြုံမရှိသော သခင်လေးအား လူ့အဖွဲ့အစည်း၏ ကြမ်းတမ်းရက်စက်သော လက်တွေ့ဘဝအား နားလည်အောင်လုပ်ပေးရန် ဆုံးဖြတ်လိုက်သည်။
သို့ရာ၌ အမှုဆောင်ကျောက် ရုံးခန်းတံခါးကို တွန်းဖွင့် ဝင်ရောက်လိုက်သောအခိုက်တွင် ဦးစွာပထမအနေဖြင့် မြင်တွေ့လိုက်ရသောအရာမှာ လူတစ်ဦးမဟုတ်ဘဲ ကြီးမားလှသော အက္ခရာစာကြောင်းကြီးတစ်ခုဖြစ်လေသည်။
---- “အကျွန်ုပ်ကို လိုက်နာသူများက ကြီးပွားချမ်းသာလိမ့်မည်၊ အကျွန်ုပ်အား ဖီဆန်သူများကတော့ သေကျေပျက်စီးကြရလိမ့်မည်!”
အက္ခရာစာလုံးများက စာရွက်အဖြူနှင့် အနက်ရောင်မင်ဖြင့် ရေးသားထားခြင်းဖြစ်ပြီး သတ်ဖြတ်တော့မည့်အရိပ်အယောင်များဖြင့် ပြည့်နှက်နေခဲ့သည်။
အမှုဆောင်ကျောက်သည်လည်း ခေတ္တမျှ ကြက်သေသွားကာ ရှင်းမပြနိုင်လောက်စွာဖြင့် ၎င်းအလှလက်ရေးထံမှ ဧရာမဖိအားတစ်ခုကို ခံစားလိုက်ရသည်။
ထိုပြင်းထန်စွာ စီးဆင်းနေသော အက္ခရာစာလုံးများအောက်တွင်တော့ နူးညံ့သိမ်မွေ့သည့်အင်္ဂါရပ်များပိုင်ဆိုင်ထားသည့် အမျိုးသားငယ်တစ်ဦးကတည်ငြိမ်မှုအပြည့်ဖြင့် ထိုင်နေလေသည်။
ယွီဟန်က သူ၏ထိုင်ခုံနောက်မှီပေါ်သို့ မှီလိုက်ကာ အေးဆေးတည်ငြိမ်လျက်ရှိသော အပြုအမူအား ဖော်ပြထားလျှက်ရှိသည်။သူ၏မျက်နှာပြင်ထက်တွင် စိတ်ခံစားချက်တစ်စုံတစ်ရာ ပြသနေခြင်းမရှိသော်လည်း သူ၏ဘေးပတ်လည်ရှိ လေထုသည်က ထိုမာန်ပါလှသော အလှလက်ရေးစာရွက်နှင့် ပဲ့တင်ပြန်နေသောကြောင့် တင်းကျပ်ပြင်းထန်နေသော ရောင်ဝါလက္ခဏာတစ်ခုက သူ့အား ထွေးပွေးထားလျက်ရှိနေပေသည်။
သူ၏ သွယ်လျနေသော လက်ချောင်းများကြား၌ မင်တံတစ်ချောင်းအားကိုင်ဆောင်ထားကာ ၎င်းအား ပေါ့ပါးစွာပင် လှည့်နေလခဲ့သည်။
တစ်စုံတစ်ယောက်ဝင်ရောက်လာသည်အား သတိပြုမိလိုက်သောအချိန်တွင်တော့ သူ၏မျက်လွှာအား ဖြေးညှင်းစွာ ပင့်မ,ကြည့်လိုက်ပြီး ဝင်လာသည့်သူစိမ်းအား သုံးသပ်နေပုံရသည်။
ဤမြင်ကွင်းအား စောင့်ကြည့်နေသာ ဖူရှန်းသည်ပင်လျှင် ဇောချွေးများပြန်လုနီးပါးဖြစ်သွားရလေသည်။
ဤကျောက်ကျုံးချင်မှာ ကိုင်တွယ်ရန်ခက်ခဲလွန်းပြသည်။ သို့ရာတွင် ယွီဟန်၏ပုံစံက အလွန်အမင်း တည်ငြိမ်နေခဲ့ကာ ကြောက်ရွံ့နေခြင်းမျိုးမရှိပေ။
ဖူရှန်းတစ်ယောက် မထိန်းနိုင်စွာဖြင့် ယွီဟန်ထံသို့ နောက်တစ်ချက်မျှကြည့်လိုက်ကာ တစ်ဖက်လူမှ ကျောက်ကျုံးချင်အား မည်သို့ကိုင်တွယ်ရန် စီစဥ်ထားသည်ကို သိချင်လာခဲ့ရသည်။
ဖူရှန်းတစ်ယောက်တည်းမဟုတ်ပါချေ။
စနစ်သည်လည်း အလွန်ပင် စိတ်ဝင်စားနေ၏။