အခန်း(17) အကျွန်ုပ်ကို လိုက်နာသူများက ကြီးပွားချမ်းသာမည်၊ အကျွန်ုပ်အား ဖီဆန်သူများမှာ သေကျေပျက်စီးကြလိမ့်မည်!
ရှဲ့စစ်ရှင်း ပြောပြခဲ့သည့်အတိုင်းပင် ယွီဟန်အား ပေးအပ်ထားသော ကုမ္ပဏီမှာ ကြီးကြီးမားမားအရာတစ်ခုမဟုတ်ချေ။
၎င်းသည်က ရှဲ့မိသားစု၏ပိုင်ဆိုင်သည့်ပစ္စည်းများ၏ အပိုင်းအစအသေးလေးတစ်ခုသာဖြစ်ကာ အရက်သေစာနှင့်ပတ်သတ်သော ထုတ်ကုန်အမျိုးမျိုးအား အဓိက ကိုင်တွယ်လေသည်။
ဖူရှန်း၏ တင်ပြချက်အရ လက်အောက်၌ ဝိုင်ထုတ်လုပ်ရာနေရာ လေး၊ ငါးခုလည်း ပါဝင်သည်။
ပို၍ အရေးကြီးသည်မှာ ဤကုမ္ပဏီ၏ ယခင်ပိုင်ရှင်သည်က ရှဲ့စစ်ရှင်း၏ ဦလေးဖြစ်သူ ကျိဝမ်ဖေးဖြစ်လေသည်။
ယွီဟန် ဤကုမ္ပဏီနှင့် ပတ်သတ်သော အကြောင်းအရာများအား ကားထဲ၌ လက်ခံရရှိပြီးဖြစ်ရာ ၎င်းတို့အား လေ့လာပြီးသွားလေပြီ။
ရှန်ကျင်းဟု အမည်ရသော ကုမ္ပဏီမှာ ရှဲစစ်ရှင်းမှ မဝယ်ယူရသေးသောအချိန် လွန်ခဲ့သောငါးနှစ်၌ နှစ်စဥ်ဝင်ငွေ အဆက်မပြတ် ကျဆင်းမှုများ ကြုံတွေ့ခဲ့ရသည်။
သန်းနှင့်ချီသည့် သဘောတူညီဟူ၍ မှုတစ်ခုမှပင် ရရှိခဲ့ခြင်းမရှိချေ။
အချိန်အတိုင်းအတာတစ်ခုအတွင်း၌ ဝန်ထမ်းများ၏လစာများပေးရန်ကို ရုန်းကန်ခဲ့ရသည်ဟူသော သတင်း များစွာရှိနေလေသည်။
ဤကိစ္စရပ်များ၏ အခြေအနေမှာ နောက်ဆုံး၌ ရှဲ့စစ်ရှင်း၏လက်ထဲတွင် ပြီးဆုံးသွားခဲ့သည်။
ရှဲ့စစ်ရှင်းဘက်မှ ဝယ်ယူလိုက်ပြီးသည့်နောက်တွင် ကုမ္ပဏီ၏ စွမ်းဆောင်မှုသည်က တခြား ရှဲ့ကုမ္ပဏီအဖွဲ့အစည်းများနှင့် ယှဥ်လျှင် အလွန် နောက်ကျကျန်နေသေးသော်လည်း ယခင်အခြေအနေနှင့်စာလျှင် အဆမတန် တိုးတက်သွားလေသည်။
ဤတိုးတက်မှုကြီးတွင် ရှဲ့စစ်ရှင်း၏ကြိုးပမ်းဆောင်ရွက်ခဲ့မှုများကြောင့်ဖြစ်သည်ဟူသောအချက်အား ငြင်းဆန်၍မရနိုင်ပေ။
သဲလွန်စများက အလွန်မထင်ရှားသော်လည်း ယွီဟန်အနေဖြင့် ရှဲ့စစ်ရှင်း၏ စွမ်းဆောင်နိုင်စွမ်းများအား သတိပြုမိသည်။
သို့သော် အကြောင်းတစ်မျိုးမျိုးကြောင့် ထိုအချိန်မှစတင်၍ ရှဲ့စစ်ရှင်းမှာ ရှန်ကျင်းအား စီမံခန့်ခွဲခြင်းမရှိတော့ပေ။ သူက ကုမ္ပဏီအား ကိုယ်ပိုင်တိုးတက်နိုင်ဖို့အတွက်သာ ချန်ထားလိုက်တော့သည်။
ကုမ္ပဏီကို ယွီဟန်မှ လွှဲယူလိုက်သည်ဟူသော သတင်းက သူ၏ယခင်က အပြုအမူများအကြောင်း ကောလဟာလများနှင့်အတူ ဝန်ထမ်းများကြားထဲ၌ အချိန်အတော်ကြာအောင် ပျံ့နှံ့သွားခဲ့လေသည်။ သေချာသည်ပင်။ ထိုသတင်းက တည်ငြိမ်နေသောရေများရှိနေသည့် ကြာကန်ထဲသို့ ကျောက်ခဲကြီးတစ်ခဲ ပစ်ချသကဲ့သို့ ဖြစ်သွားလေသည်။
သူ ဘေးနားမှ ဖြတ်သွားသည့်အချိန်တိုင်း ဝန်ထမ်းများက သူတို့အချင်းချင်း တီးတိုးပြောနေခဲ့ကြ၏။
“ဒါဆို သူက လင်းမိသားစုရဲ့ သခင်ငယ်လေးပေါ့? ကောလဟာလတွေပြောသလိုမျိုး တောသားရုပ်နဲ့လည်း မတူပါဘူး”
“ဟန်ဆောင်နေတာ နေမှာပေါ့”
“အခုလေးတင် အတွင်းရေးမှူးဖူက သူ့ကို ဥက္ကဌယွီလို့ခေါ်လိုက်တယ်လေ၊ သူရဲ့မျိုးရိုးနာမည်က လင်းမဟုတ်ဘူးလား?”
“ကြားတာတော့ သူက လင်းမိသားစုနဲ့ ဆက်ဆံရေးမကောင်းဘူးဆို....”
“သူရဲ့ တည်ကြည်နေတဲ့ မျက်နှာကြောင့် အလှည့်ဖျားမခံနဲ့နော်၊ နောက်ကွယ်မှာ လက်လွတ်စပယ်နေတတ်တာဖြစ်နိုင်တယ်၊ ငါ ကြားဖူးတာတော့ သူက ရုပ်ချောတဲ့အမျိုးသားတွေကိုပဲ ပစ်မှတ်ထားတာတဲ့....”
အတင်းအဖြင်းစကားများပြောနေသော ဝန်ထမ်းမှာ ရုတ်တရတ် သူ့အပေါ်သို့ ကျရောက်လာသည့် အေးစက်နေသော အကြည့်တစ်ခုအား ခံစားလိုက်ရသည်။
သူ တုန်လှုပ်စွာဖြင့်ပင် အနောက်သို့ လှည့်ကြည့်လိုက်လျှင် အဝေးတစ်နေရာသို့ လျှောက်သွားပြီးဖြစ်သော ယွီဟန်က ခေါင်းကို လှည့်ကာ သူ့ဖက်သို့ ကြည့်နေသည်ကို တွေ့လိုက်ရသည်။
မဖြစ်နိုင်တာ။ ဒီသခင်လေးက စူပါအကြားအာရုံများရှိနေတာလား?
အဲဒီအကွာအဝေးကနေတောင် ကြားနိုင်တယ်ပေါ့?
ထိုဝန်ထမ်းသည်လည်း သူ၏နှုတ်ထွက်စာတွင် ထည့်သွင်းရန် အကြောင်းပြချက် အမျိုးမျိုးကို စတင်တွေးလေတော့သည်။
သို့သော်လည်း ယွီဟန်က သူ့အား ခပ်ပေါ့ပေါ့တစ်ချက်မျှသာ လှည့်ကြည့်လိုက်ပြီး ပြန်လှည့်သွားလေ၏။
ထိုထိတ်လန့်ဖွယ်ကောင်းသော အကြည့်တို့ အဝေးသို့ပြောင်းရွှေ့သွားသောအခါမှသာ ထိုဝန်ထမ်းမှာ ဇောချွေးများပြန်သွားသကဲ့သို့ ခံစားခဲ့ရသည်။
“ဥက္ကဌယွီ၊ ဘာကိုကြည့်နေတာလဲ?”
ဖူရှန်းသည်လည်း ယွီဟန်ရပ်တန့်သွားသည်အား မြင်လိုက်သောကြောင့် မေးလိုက်လေ၏။
“ဘာမှ မဟုတ်ပါဘူး”
ယွီဟန်က ခေါင်းကိုလှည့်ကာ အရှေ့ကိုသာ လျှောက်သွားလိုက်၏။
စဆက်ကတော့သည်လည်း စူးစမ်းချင်ဟန်ဖြင့် မေးလာသည်။
{Host ဒေါသမထွက်ဘူးလား?}
စနစ်သည်ကား ယွီဟန်နှင့် အတူရှိနေသည်မှာ အချိန်အတော်မျှရှိနေပြီဖြစ်ရာ သူ၏လုံအောင့်ထျန်း host၏ ဒေါသကိုသိထားပြီးဖြစ်ကာ သူ၏အကြောင်းကို ထိုကဲ့သို့ပြောဆိုခြင်းကို သည်းခံမည်မဟုတ်ဟု တွေးမိခဲ့သည်။
ယွီဟန် ပြန်ပြောလိုက်သည်။
“ဘာလို့ ဒေါသထွက်ရမှာလဲ? ငါ့ရဲ့အစစ်အမှန်ကို သူတို့က မသိသေးဘူးလေ၊ ငါ့ရဲ့စွမ်းဆောင်နိုင်ရည်တွေကို ပြလိုက်တဲ့အချိန်ကျရင် သူတို့တွေ အလိုလိုနေရင်း ငါ့ကို နာခံလာကြလိမ့်မယ်”
ယွီဟန်က ပေါ့ပါးစွာပင် ဆက်ပြောလိုက်လေသည်။
“ငါ့ကို မယုံတဲ့သူတွေအားလုံးကိုသာ ဒေါသထွက်ရမယ်ဆိုရင် ဟိုးအချိန်အကြာပြီးကတည်းက ငါပင်ပန်းနေရလိမ့်မယ်”
စနစ်သည်ကား ရုတ်တရက် အဘယ်ကြောင့် ယွီဟန်တစ်ယောက် စာအုပ်ထဲသို့ဝင်ရောက်ကူးပြောင်းခြင်းအဖွဲ့အစည်း၌ ထိပ်တန်းဝန်ထမ်းတစ်ဦးဖြစ်နေသည်ကို နားလည်သွားခဲ့လေ၏။ယွီဟန်မှာ တစ်ချိန်လုံး ငြိမ်သက်စွာ ကြည့်ရှုနေခဲ့ပြီး စကားတစ်ခွန်းမျှ ပြောဆိုခြင်းမရှိသောကြောင့် ဖူရှန်းသည်လည်း သူ မည်သည့်အရာများကို တွေးနေမည်အား အဖြေရှာစဥ်းစား၍မရခဲ့ပေ။
ဖူရှန်းကတော့ ရှဲ့စစ်ရှင်း ပေးအပ်ခဲ့သော တာဝန်အရ သူ ပို၍တက်ကြွနေသင့်သည်ဟု တွေးမိလေသည်။
ယွီဟန်က သိပ်ပြီးမကြီးမားသော ကုမ္ပဏီအား လေ့လာပြီးနောက်တွင် သူ၏ရုံးခန်းထဲသို့ ပြန်လာခဲ့ကြသည်။
ရုံးခန်း၏ အဆုံးတွင်တော့ မျက်နှာကျက်မှ ကြမ်းပြင်ထိတိုင်အောင် ရှည်လျားကြီးမားလှသော ပြတင်းပေါက်တစ်ခုရှိနေပြီး ထိုအနီးတွင် မတ်တပ်ရပ်လိုက်သည်နှင့် အပြင်ဘက်ရှိ မြင့်မားလွန်းလှသော အဆောက်အဦးများနှင့် ရှုပ်ထွေးနေသော ယာဥ်သွားလာမှုများကို မြင်တွေ့နိုင်ပေသည်။
ယွီဟန်သည် ဤတည်နေရာအား အလွန်ပင် စိတ်တိုင်းကျသွားရ၏။
ထိုနေရာတွင် ခေတ္တမျှ မတ်တပ်ရပ်ကာ ငေးကြည့်နေပြီးနောက် သူ၏ စားပွဲဆီသို့ ပြန်လျှောက်လာခဲ့သည်။
သို့သော် နေရာတွင် ချက်ချင်း ဝင်ထိုင်လိုက်ခြင်းမရှိသေပေ။ ထိုအစား သူ၏ စားပွဲနောက်ရှိ အလွတ်ဖြစ်နေသော နံရံအား အတွေးနယ်ချဲ့နေသည့်ဟန်ဖြင့် ကြည့်လိုက်ပြန်သည်။
ဖူရှန်းတစ်ယောက် သူ၏အကြည့်နောက်မှ လိုက်ကြည့်ကာ အလျှင်အမြန်ပင် နားလည်သဘောပေါက်သွား၏။
“ဥက္ကဌယွီ၊ နံရံပေါ်မှာ တစ်ခုခုချိတ်ချင်လို့လား?”
ယွီဟန်သည် ခေါင်းငြိမ့်လိုက်သည်။
“ငါ့ကို မင်၊ စာရွက်အလွတ်နှင့်၊ စုတ်တံတွေ သွားယူပေးပါ”
ဖူရှန်းတစ်ယောက် အနည်းငယ်အံ့အားသင့်သွားလေသည်။ ကြည့်ရသည်မှာ တစ်ဖက်လူက တစ်ခုခုကို ကိုယ်တိုင် ရေးရန်တွေးထားခြင်းဖြစ်နိုင်သည်။
“ကောင်းပါပြီ”
အတည်ပြုပြီးသည့်နောက်၌ ဖူရှန်းက ချက်ချင်းပင် ပြင်ဆင်မှုများလုပ်ဆောင်ရန် ထွက်လာခဲ့၏။
ဖူရှန်း အပြင်ဘက်သို့ထွက်သွားပြီးနောက်တွင် ယွီဟန်က ရုံးခန်းအတွင်းတွင် တစ်ဦးတည်း ကျန်ရစ်ခဲ့သည်။
သူက စားပွဲခုံပေါ်ရှိ ဖူရှန်းပြင်ဆင်ပေးခဲ့သော ကုမ္ပဏီနှင့် ပတ်သတ်သော စာရွက်စာတမ်းများနှင့် တင်ပြချက်များအား လှန်ကြည့်လိုက်လေသည်။
၎င်းတို့အား အကြမ်းဖျင်းဖတ်ရှုပြီးချိန်တွင် ဖူရှန်း ပြန်လည် ရောက်ရှိလာခဲ့သည်။
ရှဲ့စစ်ရှင်း တာဝန်ပေးခဲ့သော လူတစ်ယောက်ပီသစွာဖြင့် သူ ပြင်ဆင်ပေးထားသည့် ပစ္စည်းကိရိယာများသည်က အမှန်ပင် ပြည့်စုံပေသည်။
အထူးသဖြင့် နှစ်မီတာအရှည်ရှိ ရွှမ်စာရွက်ပင်။
ယွီဟန် အလွန်ပင် စိတ်ကျေနပ်သွားကာ ဖူရှန်းအား မေးမြန်းလိုက်၏။
“မင်း မင်ကို ဘယ်လိုသွေးရမလဲဆိုတာ သိလား?”
ဖူရှန်းက အမြန်ပင် ပြန်ပြောလာသည်။
“နည်းနည်းတော့ သိပါတယ်”
သူက တစ်ဖက်လူထံမှ ညွှန်ကြားချက်များအား မစောင့်စားနေတော့ဘဲ မင်ကို စတင်သွေးလိုက်တော့သည်။
ယွီဟန်လည်း စုတ်တံကို ကောက်ကိုင်လိုက်ကာ ထိပ်ဖျားလေးအား မင်ထဲတွင် နှစ်ပြီး စာရွက်ပေါ်သို့ စာလုံးနှစ်လုံးကို အလွန် ပေါ့ပါးစွာ ရေးသားလိုက်၏။
ဖူရှန်း ၎င်းဘက်သို့ အမှတ်မဲ့ ကြည့်လိုက်မိချိန်တွင် သူ၏မျက်ဝန်းများမှာ အံ့သြမှုကြောင့် ကျယ်ဝန်းသွားရလေသည်။
ယွီဟန်က သူ၏နာမည်အား ရေးသားလိုက်ခြင်းပင်တည်း။
“ယွီဟန်”ဟူသော စာလုံးများအား တက်ကြွသွက်လက်နေကာ အားမာန်ပြည့်ဝလှသော ရေးချက်များဖြင့် ရေးသားထားကာ လေးထောင့်ပုံစံနှင့် အဝန်းပုံစံ တည်ဆောက်မှုများကို ကြော့မော့စွာဖြင့် ပေါင်းစပ်ထားလေသည်။
ရေးသားချက်များသည်က လိုအပ်သည့်နေရာတွင် လျင်မြန်ထက်မြက်နေကာ သင့်တင့်သောနေရာများတွင်မူ ထိန်းချုပ်မှုရှိနေပြ တိကျပြတ်သားမှုနှင့် သိမ်မွေ့နက်နဲမှုများအား ထုတ်ဖော်ပြနေ၏။
ရေးသားဟန်မှာ ပေါ်လွင်ထင်ရှားနေခဲ့ပြီး လွတ်လပ်သောဟန်ပန် ရှိနေကာ ခြောက်သွေ့ခြင်းမရှိသကဲ့သို့ အလွန်စိုစွတ်နေခြင်းလည်း မရှိချေ။
ဖူရှန်း၏အဘိုးသည်ကား လက်ရေးအလှရေးခြင်းအား အလွန်ချစ်မြတ်နိုးကာ တစ်ချိန်တုန်းက နာမည်ကြီး လက်ရေးလှရေးသူတစ်ဦး ဖြစ်ခဲ့သည်။
သူ၏မိသားစု၌ အဖိုး၏ လက်ရေးလှလက်ရာများရှိနေသေးပြီး လူအများက စျေးများစွာဖြင့် ပေးချေဝယ်ယူနိုင်ရန် တောင်းခံနေကြလျက်ရှိလေသည်။
ငယ်စဥ်အချိန်မှပင် လက်ရေးအလှအနုပညာနှင့် ရင်းနှီးခဲ့သူဖြစ်သော ဖူရှန်းအဖို့ ဤအရာနှင့်ပတ်သတ်လျှင် ကိုယ်ပိုင်အမြင်များ ရှိတတ်သည်။
သူ့၏သိမြင်နိုင်စွမ်းအရ ယွီဟန်၏လက်ရေးလက်သားသည်က လေလံတင် ရောင်းချနိုင်လောက်သည်အထိ အမှန်ပင် ထူးချွန်ပြောင်မြောက်နေခဲ့၏။
သို့ရာတွင် ကောလဟာလများအရ လင်းမိသားစု၏ သခင်လေးသည်က ကျေးလက်ဒေသတွင်ကြီးပြင်းခဲ့သောကြောင့် ပညာရေးလည်း အနည်းအကျဥ်းသာရှိသည်ဟု ပြောကြသည် မဟုတ်ပါလား?
အဘယ်ကြောင့် ယခုကဲ့သို့ အလွန်ကောင်းမွန်စွာ ရေးသားနိုင်နေပါသနည်း?
ဤကဲ့သို့ အလှလက်ရေးအနုပညာစွမ်းရည်သည်က ဆယ်စုနှစ်များစွာကြာအောင် လေ့ကျင့်ပြီးမှသာ ဤမျှအဆင့်အထိ တိုးတက်လာနိုင်သည် မဟုတ်ပါလော?
ဖူရှန်းတစ်ယောက် ဆက်လက်၍မတွေးတောနိုင်မီတွင် ယွီဟန်က သူ၏ လေ့ကျင့်ရေးသားချက်များအား အပြီးသတ်လိုက်ပြီး ရွှမ်စာရွက်အား ဖြန့်ချလိုက်ရင်း အလေးအနက်ထားလျက် စတင်ရေးသားရန် ပြင်ဆင်လိုက်တော့သည်။
ဖူရှန်းတစ်ယောက် အလျင်အမြန်ပင် ပြန်လည်အာရုံစိုက်လိုက်ကာ ယွီဟန် မည်သည့်စကားလုံးကို ရေးသားမည်ဆိုသည်ကို ကြည့်ရန်အတွက် အလွန်ပင် စိတ်အားထက်သန်နေခဲ့၏။
ထိုမျှလောက် ကောင်းမွန်သော အလှလက်ရေးပညာနှင့်ဆိုလျှင် ဤသူသည်က ဂန္ထဝင်ကဗျာတစ်ပုဒ်အား ရေးသားလိမ့်မည်ဟု ဖူရှန်းတွေးမိလိုက်လေသည်။သူ စဥ်းစားနေချိန်၌ပင် ယွီဟန်၏မျက်နှာက အလွန်လေးနက်သောအမူအရာအဖြစ် ပြောင်းသွားသည်ကိုတွေ့လိုက်ရ၏။
ကြီးကျယ်ခမ်းနားကာ ကျယ်ပြန့်လှသော အမူအရာဖြင့် ယွီဟန်တစ်ယောက် ရွှမ်စာရွက်ပေါ်၌ အားမာန်ပြည့်ဝလျက်ရှိသောစာလုံးများအား စာကြောင်းတစ်ခုအတွင်း ရေးသားလိုက်သည်။
-----“အကျွန်ုပ်ကို လိုက်နာသူများက ကြီးပွားချမ်းသာမည်၊
အကျွန်ုပ်အား ဖီဆန်သူများမှာ သေကျေပျက်စီးကြလိမ့်မည်!”
ယွီဟန် စုတ်တံအား အောက်သို့ချလိုက်သည်။
“ဘောင်ခတ်ပြီး နံရံပေါ်မှာ ချိတ်ထားလိုက်”
ဖူရှန်း: “………….”
စာရေးသူမှာ ပြောစရာရှိပါတယ်:
ဖူရှန်း: ဂန္ထဝင်ကဗျာစာပေ ✘
ယွီဟန်: “အကျွန်ုပ်ကို လိုက်နာသူများက ကြီးပွားချမ်းသာမည်၊ အကျွန်ုပ်အား ဖီဆန်သူများမှာ သေကျေပျက်စီးကြလိမ့်မည်!” ✔
*