*အခန်း(16) ယွီဟန်ဆိုတဲ့ငါက လောက (၉) ခုတစ်လျှောက်ကို တစ်ဦးတည်း လွှမ်းမိုးပစ်မယ်
ညစာထမင်းစာကို တစ်ယောက်တည်း သုံးဆောင်ပြီးနောက်တွင် ယွီဟန်က သူဝယ်လာခဲ့သော tiramisu ကိတ်ကို တစ်ယောက်တည်းစားလိုက်ကာ စနစ်မှ သူ၏ အချစ်အား နားလည်မှုမရှိဟူသော စောဒကတက်မှုများကိုပင် လုံးလုံးလျစ်လျရှူနေလိုက်သည်။
အစာစားပြီးသောအခါတွင် ယွီဟန် အပြင်သို့သွားရန် စီစဥ်လိုက်သည်။ သို့သော် ထွက်ခွာခါနီးတွင် အောက်ထပ်သို့ဆင်းလာသော ရှဲ့စစ်ရှင်းနှင့် ကြုံကြိုက်မိလေသည်။
ယွီဟန်တစ်ယောက် ဤအချိန်ကြီးတွင် ဝတ်ကောင်းစားလှများဝတ်ဆင်၍ အပြင်သို့သွားရန်ပြင်နေသည်ကို မြင်လိုက်သောအခါ ရှဲ့စစ်ရှင်းမှာ ဇဝေဇဝါဖြစ်သွားလေသည်။
သို့ရာတွင် သူ မည်သည့်စကားကိုမှ မဆိုမီ စူးစမ်းချင်သော ဦးလေးဝမ်က သူ့အား တိုက်ရိုက်ပင် မေးမြန်းလိုက်၏။
ယွီဟန်: “ဒီနေ့ WeChat ရဲ့မှတ်တမ်းအရ ခြေလှမ်းအရေအတွက် မပြည့်သေးဘူးလေ၊ ဒါကြောင့် လမ်းထွက်လျှောက်မလို့”
လူငယ်များ၏ ဝါသနာများကို သိပ်ပြီး နားမလည်သော ဦးလေးဝမ်က ပြန်မေးလာလေ၏။
“အိုး အဲ့ဒါက အရမ်းအရေးကြီးလို့လား?”
ယွီဟန်င ခေါင်းခါရမ်းလိုက်ကာ အလေးအနက်ထားသောပုံစံဖြင့် လက်တစ်ချောင်းထောင်ကာ ပြောလိုက်၏။
“ကျွန်တော်လုပ်သမျှ အရာတိုင်းမှာ ကျွန်တော် နံပါတ်တစ်ဖြစ်နေရမယ်လေ၊ WeChat ခြေလှမ်းအရေအတွက်မှာတောင်မှပေါ့”
ဦးလေးဝမ်: “…….”
ရှဲ့စစ်ရှင်း: “…….”
*
နောက်ထပ် လာမည့်ရက်မှာ ယွီဟန် ရာထူးစတင်သည့် နေ့ရက်ဖြစ်လိမ့်မည်။
ကျန်းစစ်နျဥ်မှာ ယခင်ညကတည်းက ကုမ္ပဏီ၏ လိပ်စာနှင့် အကြောင်းအရာများအား ပြင်ဆင်ပြီး ယွီဟန်ထံသို့ အီးမေးလ်မှတစ်ဆင့် ပို့ထားလိုက်သည်။
သို့သော် ယွီဟန် ၎င်းကို တွေ့သည့်အချိန်သည်က နောက်တစ်ရက်ပင် ဖြစ်နေလေပြီ။
သူက အီးမေးလ်အား ပေါ့ပါးစွာပင် အကြမ်းဖျင်းဖတ်ရှုလိုက်ပြီးနောက် သူ၏ဖုန်းအား ဘေးတွင် ချထားလိုက်သည်။
---- သူ၏မနက်ခင်းလေ့ကျင့်ခန်းအတွက် အပြင်သို့ထွက်ရပေဦးမည်။
မိမိကိုယ်မိမိ မြင့်မားသော စံနှုန်းများသို့ရောက်သည်အထိ မြှင့်တင်ရန် သဘောထားသော လုံအောင့်ထျန်းတစ်ယောက်အနေဖြင့် သူ၏ကိုယ်ခန္ဓာအခြေအနေကိုလည်း နောက်ကောက်ကျကျန်ခဲ့စေခြင်းအား အဖြစ်မခံနိုင်ချေ။
ထို့ကြောင့် ယွီဟန် မနက်စောစော အိပ်ရာမှထကာ ရှဲ့မိသားစုအိမ်ရာ၏ ကြီးမားသော နယ်မြေတစ်ပတ်ကို ပြေးလွှားခဲ့ပြီး သူ အိမ်သို့ ပြန်ရောက်လာသည့်အချိန်တွင် အချိန်တစ်နာရီပင် ကုန်ဆုံးခဲ့လေပြီ။
ယွီဟန် လမ်းလျှောက်ဝင်သွားသည့်အခိုက်တွင် ရှဲ့စစ်ရှင်းနှင့် တည့်တည့်ပင် ဝင်တိုးခဲ့သည်။
ရှဲ့စစ်ရှင်းသည်လည်း သူ၏ ကာယလေ့ကျင့်ခန်းအား ပြီးဆုံးပြီးသည့်အတွက် ထွက်လာချိန်ဖြစ်လေသည်။
သူ၏ အနက်ရောင် အားကစားဝတ်စုံက သူ၏သန်မာကြံ့ခိုင်သော ကိုယ်လုံးကိုယ်ပေါက်အပေါ်တွင် ကပ်နေကာ အထင်ကြီးဖွယ်ရာ ကိုယ်ခန္ဓာအား ဖော်ပြနေလေသည်။
သူ၏ အနက်ရောင်ဆံပင်များသည်လည်း အနည်းငယ် စိုထိုင်းနေကာ သူ၏မျက်ခုံးအပေါ်တွင် နားခိုနေလေ၏။
သူ၏နက်မှောင်နေသော မျက်ဝန်းများကတော့ သာမန်နှင့်မတူဘဲ တက်ကြွထက်သန်နေသော မီးပွားတစ်ခုဖြင့် တောက်ပလျက်ရှိနေသည်။
သူ၏မျက်ဝန်းများက ယွီဟန်၏ ကြောင်အမ်းနေသော မျက်လုံးများနှင့် ဆုံတွေ့သွားခဲ့လေသည်။
ယွီဟန်၏မျက်လုံးများက ဝိုင်းကျယ်သွားရ၏။
“မင်းလည်း လေ့ကျင့်ခန်းလုပ်ဖို့ ထွက်သွားတာလား? ငါ မင်းကို ဘာလို့ မတွေ့ခဲ့ရတာလဲ?”
သူ့အနေဖြင့် အိမ်ရာတစ်ခုလုံး၏ ပတ်လည်အား ပြေးပြီးဖြစ်ရာ သန့်ရှင်းရေးလုပ်နေသော ဝန်ထမ်းများနှင့် အပင်များရေလောင်းနေသော ဝန်ထမ်းအနည်းငယ်မှအပ တခြားသူများ၊ အထူးသဖြင့် ရှဲ့စစ်ရှင်းအား မတွေ့ခဲ့ရပေ။
ဤရှဲ့စစ်ရှင်းဆိုသည့်သူက လေ့ကျင့်မှုနှင့် ဖုံးကွယ်ထားခြင်းတို့တွင်လည်း ကျွမ်းကျင်သည့် ရှိန်လောက်စရာ ပြိုင်ဘက်တစ်ဦး ဖြစ်နေသည်များလား?
သူ ပို၍ သတိမူရန် လိုအပ်နေပြီဟုထင်ရသည်။
ရှဲ့စစ်ရှင်း၏ နှုတ်ခမ်းထောင့်စွန်းလေးများက အနည်းငယ် ပင့်တက်သွားကာ အလျင်အမြန်ပင် ပုံမှန်အနေအထားသို့ ပြန်လည်ရောက်ရှိသွား၏။
သူ ပေါ့ပါးစွာပင် ပြောလိုက်၏။
“ဦးလေးဝမ် မင်းကို မပြောရသေးဘူးလား? အိမ်ထဲမှာ အားကစားရုံရှိတယ်လေ”
ယွီဟန်: “…..?”
ယွီဟန်: “ချီးပဲ!”
“ဆောရီး၊ မင်းကို အစောကြီးတည်းက အသိပေးလိုက်ရမှာ”
ရှဲ့စစ်ရှင်း၏မျက်နှာသည်က တောင်းပန်ခြင်း၏ အရိပ်အမြွက်များကို အနည်းငယ်မျှပင် မဖော်ပြသော်လည်း သူ၏စကားလုံးများမှာမူ ရိုးသားမှန်ကန်မှုနှင့် ပြည့်နှက်နေ၏။
ယွီဟန်သည် အံကိုတင်းတင်းကြိတ်ကာ ပြောလိုက်သည်။
“ဟား! ငါက အပြင်ဘက်မှာ လေကောင်းလေသန့်ရှုရတာကို ပိုသဘောကျတယ်”
ရှဲ့စစ်ရှင်းမှ ခေါင်းငြိမ့်လိုက်သည်။
“သိပြီ၊ ဒါဆို မင်း အားကစားခန်းအတွက် သော့ မလိုအပ်တော့ဘူးပေါ့”
ရှဲ့စစ်ရှင်းက ထိုသို့ပြောပြီးနောက် ယွီဟန်၏ အံ့သြမှုနှင့်ဒေါသတို့ ရောနှောနေသောအကြည့်အား သတိမမူမိသကဲ့သို့ တခြားမည်သည့်အရာမှ မဖြစ်ခဲ့သည့်ဟန်ဖြင့် သူ့ဘေးမှ ဖြတ်သွားလိုက်၏။
ရေချိုးရန်နှင့် အဝတ်အစားလဲလှယ်ရန် အပေါ်ထပ်သို့ သွားရောက်ပြီးနောက် ရှဲ့စစ်ရှင်း အောက်ထပ်သို့ ပြန်ဆင်းလာသောအခါတွင် ယွီဟန်တစ်ယောက် ထွက်ခွာသွားပြီဖြစ်ကြောင်းကို သိလိုက်ရသည်။ရှဲ့စစ်ရှင်း ထမင်းစား စားပွဲတွင် ဝင်ထိုင်လိုက်သည်ကို မြင်လိုက်ချိန်တွင် ဦးလေးဝမ်က အချိန်အတော်ကြာအောင် ချီတုံချတုံဖြစ်နေခဲ့ပြီး နောက်ဆုံးတွင်တော့ ထူးဆန်းနေသော မျက်နှာအသွင်အပြင်ဖြင့် ပြောလိုက်လေသည်။
“သခင်လေး၊ မဒမ်က မသွားခင်မှာ သခင်လေးအတွက် မှာကြားချက်တစ်ခု ပြောပြပေးဖို့ ညွှန်ကြားခဲ့ပါတယ်....”
ရှဲ့စစ်ရှင်းက သူ၏ အင်္ကျီလက်အနားများအား သပ်ရပ်စေရန်ပြုပြင်နေရင်းဖြင့် သူ့၏စကားကို ကြားရလျှင် မျက်လွှာချထားရင်းမှ ခံစားမှုမပါသောဟန်ဖြင့်ပင် ပြောလာလေ၏။
“ဆက်ပြောပါ”
“သခင်လေး အဲဒီစကားကို မကြားတာပဲ ပိုကောင်းမယ်ထင်တယ်....”
ဦးလေးဝမ်က ဆက်လက်၍ တုံ့ဆိုင်းနေလေသည်။
ရှဲ့စစ်ရှင်းက သူ၏မျက်လွှာအား ပင့်မ,လိုက်လျှင် သူ၏တင်းမာသော အကြည့်အောက်၌ ဦးလေးဝမ်တစ်ယောက် ဆုံးဖြတ်လိုက်ရပြီး မျက်လုံးများကိုအသာပိတ်လိုက်မိလေ၏။
သူက သူ၏ဖုန်းကိုသာ ထုတ်ယူလိုက်ပြီး အသံဖမ်းထားသည့် မှာကြားချက်ကိုသာလျှင် ဖွင့်ပေးလိုက်နိုင်ခဲ့သည်။
အရှိန်ပြင်းထန်လှသော မီးတောက်များကဲ့သို့ ပြင်းပြနေကာ ပုန်ကန်လိုသော ငယ်ရွယ်သည့် အသံတစ်သံက လျှပ်စစ်အားဖြင့် ထည့်သွင်းထားသော အသံသွင်းမှု၏ ကောင်းမွန်လှသော အရည်အသွေးဖြင့် ဖုန်းထဲမှ ရှင်းလင်းစွာ ထွက်ပေါ်လာလေသည်။
“ရှဲ့စစ်ရှင်း၊ ယွီဟန်ဆိုတဲ့ငါက လောက ကိုးခုတစ်လျှောက်ကို တစ်ယောက်တည်း လွှမ်းမိုးပစ်မယ်၊ မင်း စောင့်ကြည့်နေလိုက်!”
ရှဲ့စစ်ရှင်း: “……”
ဦးလေးဝမ်: “အဲဒါပါပဲ..”
မဒမ်အနေဖြင့် ထိုရုတ်တရက်ဆန်လှသည့် စကားလုံးများအား အဘယ်ကြောင့် သခင်လေးအား ပြောပြချင်သည်ကို သူ နားမလည်ပါချေ။
သို့သော်လည်း ကောင်းမွန်သော အရာတစ်ခုဟုလည်း မထင်ရပေ.....
ထိုစကားအား ကြားလိုက်ရလျှင် ရှဲ့စစ်ရှင်း၏ ခံစားမှုမပါသော မျက်နှာထားက အနည်းငယ်လောက်သော ပြောင်းလဲမှုများကို ပြသလာလေသည်။
ရှဲ့စစ်ရှင်း၏ မျက်နှာပေါ်တွင်ရှိနေသော ပုံမှန်မဟုတ်သည့် မျက်နှာထားကြောင့် ဦးလေးဝမ်တစ်ယောက် သတိကြီးစွာဖြင့် ခေါ်လိုက်မိသည်။
“သခင်လေး?”
ရှဲ့စစ်ရှင်း အနည်းငယ် ပြုံးလိုက်လေသည်။
“....ကောင်းပြီလေ”
စောင့်ကြည့်ရသေးတာပေါ့။
*
ယွီဟန်က အီးမေးလ်အတွင်းတွင် ဖော်ပြထားသော လိပ်စာနေရာသို့ ယာဥ်မောင်းအားပြောကာ ထွက်ခွာလာခဲ့လေသည်။
ရှဲ့စစ်ရှင်းထံမှ ညွှန်ကြားချက်များကို ရရှိပြီးဖြစ်သော ဖူရှန်က သူ့ကို ကုမ္ပဏီ၏ ဝင်ပေါက်တွင် စောင့်မျှော်နေခဲ့လေ၏။
ဖူရှန်သည်ကား ယွီဟန်အတွက် ကုမ္ပဏီနှင့်ရင်းနှီးလာစေရန် ကူညီပေးဖို့ လူတစ်ယောက်အား တာဝန်ချပေးမည်ဟု ရှဲ့စစ်ရှင်းပြောခဲ့သူဖြစ်လေသည်။
သူက ရှဲ့စစ်ရှင်း တက္ကသိုလ်တက်နေစဥ်အချိန်၌ အတန်းဖော်တစ်ဦးဖြစ်ခဲ့သည်ပင်။
ဖူရှန်အနေဖြင်သ ကျေးလက်ဒေသတွင် ကြီးပြင်းခဲ့သော လင်းမိသားစု၏ ဤသခင်လေးအကြောင်းကို အနည်းငယ်ကြားဖူးလေသည်။
ပြောကြသည်မှာ ဤသခင်လေးက သူ၏ပထမဆယ်နှစ်အား ကျေးလက်ဒေသတွင်နေထိုင်ခဲ့ရသည့်အတွက် ကောင်းမွန်စွာ လေ့လာခဲ့ရခြင်းမရှိခဲ့ဘဲ သာမန်ရိုးကျစွမ်းရည်များသာ ပိုင်ဆိုင်ထားသည်ဟုပင်။
ကနဦးအစတွင် သူ့အနေဖြင့် ပြည်မတရုတ်ဘာသာစကားကိုပင် ကောင်းကောင်းမွန်မွန် မပြောဆိုနိုင်ခဲ့သောကြောင့်ပင် လင်းမိသားစုမှ အရာပေးခြင်းမခံခဲ့ရပေ။
တစ်ချိန်တွင် ရှဲ့စစ်ရှင်း၏ အခန်းအတွင်း၌ ဝတ်လတ်စလစ်ဖြင့် မူးမူးရူးရူးရှိနေခဲ့သောကြောင့် လူပုံအလယ်တွင်ရော၊ လျှို့ဝှက်စွာဖြင့်လည်းကောင်း ဆဲရေးတိုင်းထွာခြင်းများ၊ ပြင်းထန်သောစကားလုံးများဖြင့် ဆဲရေးခြင်းများခံခဲ့ရလေသည်။
ပြင်ပလူများသည်က ဤသခင်လေးမှာ မြင်သမျှချောမောခန့်ညားသော အမျိုးသားများအပေါ်သို့ ခုန်အုပ်တတ်သော တောသားလူနုံတစ်ဦးဖြစ်သည်ဟု ကောလဟာလများ လွှင့်ခဲ့သည်။
ရှဲ့စစ်ရှင်းမှ သူ့အား အရေးကြီးသောကိစ္စတစ်ခု အပ်နှင်းရန်ရှိသည်ဟု ကြားသောအခါတွင် ဖူရှန်တစ်ယောက် တစ်ညလုံး လျှို့ဝှက်စွာ စိတ်လှုပ်ရှားနေခဲ့ရလေသည်။
သို့သော်လည်း အဆုံးတွင်တော့ ယွီဟန်၏အတွင်းရေးမှုးဖြစ်ရမည်ဟူသော ပြောလာသည့်စကားကိုသာ ကြားလိုက်ရတော့သည်။
လင်းဟန်၏ လက်အောက်ခံဖြစ်လာရမည်အား တွေးကြည့်လျှင် ဖူရှန်တစ်ယောက် မတတ်နိုင်ပါဘဲနှင့် သူ၏အနာဂတ်အတွက် ပူပန်နေမိ၏။
အချိန်ခေတ္တမျှ ကြာပြီးချိန်တွင် ဇိမ်ခံကားတစ်စီးက ကုမ္ပဏီရှေ့၌ ရပ်နားသွားခဲ့သည်။
ဖူရှန် မည်မျှပင် တုံ့ဆိုင်းနေပါစေ သူ၏ခန္ဓာကိုယ်အား ဖြောင့်တန်းလိုက်ပြီး လေးနက်သောမျက်နှာထားအား ဆင်မြန်းလိုက်ကာ နှုတ်ဆက်ရန်အတွက် အသင့်ပြင်လိုက်လေ၏။
ကားတံခါးပွင့်သွားသည့်အချိန်တွင်တော့ သာမန်ရိုးကျဝတ်စုံအား ဝတ်ဆင်ထားသော်လည်း တမူထူးခြားနေသော အရောင်အဝါအပြည့်ဖြင့် အမျိုးသားငယ်တစ်ဦးက မြေပြင်ပေါ်သို့ ခြေလှမ်းတစ်လှမ်းချလိုက်ကာ ထွက်လာလေသည်။
ထိုအမျိုးသားလေးသည်ကား သူ၏ အင်္ကျီလက်ဖျားများအား သေသပ်စွာခေါက်ထားလျက် အပေါ်ဆုံးကြယ်သီးအား စေ့ထားပြီး အရိုးရှင်းဆုံးဖြစ်နေသော အဖြူရောင်ရှပ်အင်္ကျီအား ဝတ်ဆင်ထားလေသည်။ သူ၏ ဖြောင့်မတ်နေသော ကိုယ်နေဟန်ထားမှာ မရှင်းပြနိုင်လောက်အောင်ပင် သြဇာပြည့်လျှမ်းသောရပ်တည်မှုတစ်ခုအား ပေးစွမ်းနေလေသည်။
သူ၏ပယင်းရောင်မျက်ဝန်းများဖြင့် အကြည့်ခံလိုက်ရသည့်အခိုက်အတန့်တွင် လူတစ်ဦးစီတိုင်းကို ရှင်းပြ၍မရအောင်ပင် ကျောချမ်းသွားစေနိုင်၏။ဖူရှန် သူ၏အရှေ့၌ ရှိနေသူသည် ရှဲ့စစ်ရှင်းနှင့် တူညီသည့်လူတစ်ယောက်လားဟုပင် အထင်မှားသွားလေသည်။
“မင်းက ဖူရှန်လား?”
ထိုအမျိုးသားလေးက သူ့ထံသို့ ခြေလှမ်းအနည်းငယ်ဖြင့် လမ်းလျှောက်လာကာ သူ၏ခံစားချက်ကင်းမဲ့လျက်ရှိသော အကြည့်တို့က ဖူရှန်အား အသေးစိတ်တကျ စစ်ဆေးကြည့်နေသယောင်ပင်။
သူ၏ရှေ့မှောက်တွင် ဖူရှန်၏ ရောင်ဝါလက္ခဏာမှာ ရုတ်ချည်းပင် ပျောက်ကွက်သွားရ၏။
“ဟုတ်ပါတယ်၊ ဥက္ကဌလင်း”
“ငါရဲ့ မျိုးရိုးနာမည်က ယွီ”
ဖူရှန် အနည်းငယ် အံ့အားသင့်သွားသော်လည်း အလျင်အမြန်ပင် တည်ငြိမ်မှုအပြည့်နှင့် ပြင်ဆင်လိုက်၏။
“ဥက္ကဌ ယွီ”
ယွီဟန် ခေါင်းငြိမ့်လိုက်သည်။
“ငါ့ကို ကုမ္ပဏီတစ်လျှောက် ပြပေးပါဦး”
ယွီဟန်တစ်ယောက် သူ၏နယ်မြေအသစ်အား စစ်ဆေးနိုင်ရန် မစောင့်နိုင်တော့ချေ။
ဖူရှန်သည်လည်း မဆိုင်းမတွပင် လိုက်နာခဲ့သည်။
မကြာမီအချိန်တွင်ပင် ဖူရှန်က ယွီဟန်အား ကုမ္ပဏီတစ်ခုလုံး အနှံ့ လိုက်ပြနေခဲ့လေသည်။
*
စာရေးသူမှာ ပြောစရာရှိပါတယ်:
ယွီဟန်ရဲ့ ‘လုံအောင့်ထျန်း၏ သိုင်းပညာပေါင်းချုပ်’ :
အမြဲတမ်း ပထမ ဖြစ်နေပါစေ။
*