*အခန်း(15)
ရှဲ့စစ်ရှင်း၏ စကားကြောင့် ယွီဟန် အနည်းငယ် ကြောင်အ,သွားရကာ သူ့ဘက်သို့ ခေါင်းလှည့် ကြည့်လိုက်သည်။
အဆုံးတွင်တော့ သူ့အနေဖြင့် ဤအမျိုးသားထံမှ ကုမ္ပဏီတစ်ခုကို ရရှိပြီးဖြစ်၍ သူ့ကိုငြင်းပယ်လိုက်ပါက ကျေးဇူးကန်းသကဲ့သို့ဖြစ်သွားမည်ကို သတိရသွားသောကြောင့် သာမန်ကာလျှံကာ ပြောလိုက်၏။
“ သဘောပဲ”
ရှဲ့စစ်ရှင်းမှ သူ၏လက်အားလွှတ်ပေးလာသောကြောင့် ယွီဟန်လည်း ထိုလူ၏ အရှေမှဖြတ်ကာ လမ်းလျှောက်သွားခဲ့ပြီး ရှဲ့စစ်ရှင်းက အနောက်မှလိုက်လာခဲ့လေ၏။
လင်းမိသားစုသည်ကား ရှဲ့စစ်ရှင်းရောက်ရှိလာပြီးနောက် သူတို့နှင့် စကားတစ်ခွန်းပင် ပြောဆိုခြင်းမရှိဘဲ ထွက်ခွာသွားသည်ကိုသာ ကြည့်နေခဲ့ကြရသည်။
ထိုအခိုက်အတန့်တွင် မိသားစုတစ်စုလုံး၏ မျက်နှာထားများမှာ အလွန်ပင်ရုပ်ဆိုးနေလေ၏။
လင်းယွီချန် သူ၏လက်နှစ်ဖက်အား လက်သီးဆုပ်လိုက်ကာ ယွီဟန်ထွက်ခွာသွားသည်ကို အမုန်းတရားများပြည့်လျှံနေသော မျက်လုံးများဖြင့် ကြည့်နေလေ၏။
သူ၏နှလုံးသားထဲရှိ မုန်းတီးစက်ဆုပ်မှုက ထိန်းချုပ်၍ မရနိုင်လောက်အောင်ပင် ကြီးမားလာခဲ့သည်။
ယွီဟန်က ပျော်ရွှင်ဖွယ်ဖြစ်နေရမည့်သူ၏ မွေးနေ့ပွဲအား လုံးလုံးလျားလျားပင် ဖျက်ဆီးသွားကာ ဆက်လက်၍မကျင်းပနိုင်စေရန် ပြုလုပ်သွားခဲ့သည်။
လင်းမိသားစုမှာ ထမင်းစားစားပွဲတွင် တိတ်ဆိတ်စွာ ထိုင်နေခဲ့ကြသည်။
တစ်ချိန်လုံး စကားမပြောခဲ့သော အငယ်ဆုံးသမီးဖြစ်သူ လင်းချင်းရှီတစ်ယောက်တည်းသာ တည်ငြိမ်နေလေသည်။
သူမက ပခုံးတွန့်ကာ ပြောလိုက်၏။
“အာ့ကောကိုလည်း ဖိတ်သင့်ပါတယ်လို့ သမီးပြောသားပဲ၊ ဒါဆို ဒီလိုမျိုးတွေဖြစ်လာမှာ မဟုတ်ဘူး”
အမေလင်းက သူမ၏စကားလုံးများအား သဘောမတူသည့်ဟန်ဖြင့် မျက်မှောင်ကြုတ်လိုက်သည်။
“သူက ရှောင်ချန့်ကို ထိုးခဲ့တာလေ၊ ငါတို့က ဘယ်လိုလုပ်ပြီး ရှောင်ချန်ရဲ့မွေးနေ့မှာ သူ့ကို ဖိတ်နိုင်မှာလဲ ?”
လင်း၏ နှလုံးသားထဲတွင် သူမ ဆယ်နှစ်ကျော်ကြာအောင် မွေးမြူစောင့်ရှောက်ခဲ့သော လင်းယွီချန်ကသာလျှင် ပို၍အရေးကြီးနေခဲ့သည်။
သို့ရာတွင် လင်းချင်းရှီမှ ဆက်ပြောလာခဲ့သည်။
“မား၊ ဒီနေ့ အာ့ကောရဲ့မွေးနေ့လည်း ဟုတ်တယ်ဆိုတာကို မေ့နေတာလား?”
လင်းမားမား အံ့သြသွားပုံရပြီး သူမ၏ မျက်ဝန်းများကလည်း အနည်းငယ် ဝိုင်းစက်သွားလေသည်။
သူတို့ သတိမေ့သွားခဲ့ပုံရပသည်။ တစ်ဦးတစ်ယောက်မှပင် ထိုအကြောင်းကို သတိမရခဲ့ကြချေ။
လင်းဟန်သည်က အမြဲလိုလို မထင်မရှားနေတတ်သဖြင့် မည်သူကများ သူ၏အရေးကိစ္စများကို စိတ်ထဲတွင် ထည့်ထားမည်နည်း?
*
ယွီဟန်အနေဖြင့် ရှဲ့စစ်ရှင်းမှ သူ့အားစောင့်ရန်ပြောကြားခဲ့သည်က ကားတစ်စီးထဲ အတူစီးရမည်ဟု ရည်ရွယ်ပြောဆိုခဲ့ခြင်း ဖြစ်လိမ့်မည်ဟု ထင်မထားခဲ့မီချေ။
ရှဲ့စစ်ရှင်းနှင့် ကားတစ်စီးတည်း မျှစီးလောက်သည်အထိလည်း အချင်းချင်း ရင်းနှီးနေသည်ဟု မခံစားရသောကြောင့် ယွီဟန်တစ်ယောက် တုံ့ဆိုင်းစွာဖြင့် ကားတံခါးဘေးနံဖက်တွင်သာ မတ်တပ်ရပ်နေခဲ့၏။
ယွီဟန် ကားထဲသို့ မဝင်ရောက်သေးသည်ကို မြင်လျှင် ရှဲ့စစ်ရှင်းက ခေါင်းကိုလှည့်ကာ သူ့အား စူးစမ်းလို ဟန်ဖြင့် ကြည့်လာလေသည်။
ထိုနက်ဆွေးနေသော မျက်လုံးများအောက်တွင် ယွီဟန်တစ်ယောက် အံကိုတင်းတင်းကြိတ်၍သာ ကားအတွင်းသို့ ဝင်လိုက်ရတော့သည်။
သူ နောက်ဆုတ်လိမ့်မည် မဟုတ်ချေ။
ယွီဟန် ကားထဲသို့ ဝင်ထိုင်လိုက်သည်နှင့် ကား၏အရှေ့ခုံ၌ ကျန်းစစ်နျဥ် ထိုင်နေသည်ကို သတိထားမိသွားခဲ့သည်။ ယွီဟန်လည်း ချက်ချင်းဆိုသလို စိတ်ဝင်စားသွားခဲ့ပြီး တစ်ဖက်လူဆီသို့ လှမ်းမေးလိုက်သည်။
“အတွင်းရေးမှူးကျန်းလည်း ရောက်နေတာလား?”
ကျန်းစစ်နျဥ်မှာ ရုတ်ချည်းပင် ချွေးစေးများထွက်လာကာ နှုတ်ဆက်လာလေ၏။
“မ.. င်္ဂလာပါ၊ မဒမ်”
ယွီဟန် အနည်းငယ် ပြုံးလိုက်သည်။
“မင်းရဲ့ ရွေးချယ်မှုတွေကို နောင်တရနေပြီမလား? အခု ငါ့ဘက်ကို ဝင်ဖို့ စီစဥ်နေပြီလား?”
ကျန်းစစ်နျဥ်ကတော့ မည်ကဲ့သို့ ပြန်လည်ပြောဆိုရမည်အား မသိတော့ပါချေ။ ကားအတွင်းသို့ ဝင်ထိုင်နှင့်ပြီးသော ရှဲ့စစ်ရှင်းစကား ထိုမှတ်ချက်အား ကြားလိုက်ရသောကြောင့် ဝင်ရောက်ပြောဆိုလိုက်လေသည်။
“အတွင်းရေးမှူးကျန်း၊ မင်းမှာ မင်းလုပ်ရမဲ့ အလုပ်တွေရှိသေးတယ်မလား၊ အခုသွားလို့ရပြီ”
ကျန်းစစ်နျဥ်သည်လည်း သေမိန့်အား ယာယီဆိုင်းငံ့ရန် အမိန့်ပေးခံလိုက်ရသည့်လူတစ်ယောက်ကဲ့သို့ ခံစားသွားရပြီး ကျေးဇူးတင်စွာဖြင့် ကားတံခါးအားဖွင့်၍ ထွက်ပြေးလေတော့သည်။
ကျန်းစစ်နျဥ်၏ အလောတကြီးထွက်ခွာမှုအား ကြည့်နေရင်း ယွီဟန် အနည်းငယ် ငြီးငွေ့သွားရကာ နှာကို ရှုံ့လိုက်လေ၏။
“မင်းက ငါ့ရဲ့အတွင်းရေးမှူးအပေါ် စိတ်ဝင်စားနေသလိုပဲ”
ရှဲ့စစ်ရှင်းက ယွီဟန်အား တစ်ချက်လှည့်ကြည့်လျက် ရုတ်တရက် ထမေးလိုက်၏။
ယွီဟန်ကတော့ ဂရုမစိုက်စွာပင် ရေရွတ်လာလေသည်။
“ငါက ထက်မြက်ပြီး တော်တဲ့လူတိုင်းအပေါ် စိတ်ဝင်စားပါတယ်”
ရှဲ့စစ်ရှင်းတစ်ယောက် ချက်ချင်း ပြန်လည်မတုံ့ပြန်ခဲ့ပေ။ သူ့အနေဖြင့် တစ်ဖက်လူအား ယုံကြည်သည်လား၊ မယုံကြည်သည်လားကို ဝေခွဲဖို့ရာ မရေရာဖြစ်နေသောကြောင့် နောက်ထပ်မေးခွန်းတစ်ခုသာ ဆက်လက်မေးမြန်းလိုက်၏။
“မင်း ဘာလို့ လင်းမိသားစုနဲ့ အဆက်ဖြတ်ဖို့ ဆုံးဖြတ်လိုက်တာလဲ?”
ယွီဟန်အနေဖြင့် လင်းမိသားစုနှင့် ဤကဲ့သို့ပြဿနာတစ်ခု ဖန်တီးရသည့်အကြောင်းရင်းအား သူနားမလည်ခဲ့ချေ။သူနှင့်ရင်းနှီးလာရန် လင်းမိသားစုအား အသုံးချခြင်းသည်က ဤ” စာအုပ်ကူးပြောင်းသူများ”၏ ဓလေ့ထုံးစံဖြစ်နေသော မဟာဗျူဟာမဟုတ်ပါလား?
ကား၏အတွင်းပိုင်းမှာ ခေတ္တမျှ ငြိမ်သက်သွားလေသည်။
ဤသည်မှာ သူတို့နှစ်ယောက် ငြိမ်းချမ်းစွာဖြင့် ပထမဦးဆုံး အတူ ထိုင်ဖူးကြခြင်းဖြစ်သော်လည်း နှစ်ယောက်ကြားရှိလေထုမှာ ထင်ထားသလောက် သာယာနာပျော်ဖွယ် ကောင်းမနေပါချေ။
ယွီဟန် မဖြေလောက်တော့ဟု ရှဲ့စစ်ရှင်း တွေးလိုက်သည့်အချိန်မှသာ ယွီဟန်က ပျင်းရိစွာဖြင့် ထိုင်ခုံနောက်မှီသို့ မှီလိုက်ကာ သူ၏မျက်လုံးများအား မှေးကျဥ်းလိုက်လေသည်။
“သေချာတာက သူတို့က မထိုက်တန်လို့ပဲ”
ရှဲ့စစ်ရှင်း သူ၏မျက်ခုံးကို ပင့်မ,လိုက်မိကာ ဤအကြောင်းပြချက်က သင့်တင့်သည်ဟု တွေးလိုက်မိလေသည်။
ထိုအဖြေက ဤစာအုပ်ကူးပြောင်းသူ၏ ဗီဇနှင့် လိုက်ဖက်နေသည်ပင်။
ခေတ္တမျှကြာပြီးနောက် သူ ဆက်ပြောလိုက်သည်။
“မနက်ဖြန် မင်း အဲဒီကုမ္ပဏီမှာ အလုပ်စလို့ရပြီ၊ လိပ်စာကိုတော့ ကျန်းစစ်နျဥ်ကို ပို့ခိုင်းလိုက်မယ်။”
ထိုစကားကိုကြားလျှင် ယွီဟန်တစ်ယောက် ချက်ချင်း လန်းဆန်းတက်ကြွသွားလေသည်။
“အိုး၊ ဒါဆို ကျန်းစစ်နျဉ်ကို ဆက်သွယ်လို့ရမဲ့ အချက်အလက်တွေကို ယူထားလို့ရလား?”
“?”
ယွီဟန်၏ အတွေးလည်ပတ်ပုံကြောင့် ရှဲ့စစ်ရှင်း အနည်းငယ် အံ့အားသင့်သွားရ၏။
ကျန်းစစ်နျဥ်အပေါ် ထိုသူ၏ စူးစိုက်နေမှုက သူ့အပေါ်တွင်ထက်ပင် ပိုသာလွန်နေသည်လား?
ရှဲ့စစ်ရှင်း ဤထူးဆန်းလှသော အတွေးတို့ကို တွန်းထုတ်လိုက်ပြီး လင်းမိသားစုသို့ သူ ရောက်ရှိသွားချိန်တွင် လင်းယွီချန်၏မွေးနေ့အား ဂုဏ်ပြုရန် စုဝေးနေကြကြောင်းကို ရုတ်တရက် ပြန်၍တွေးမိသွားရလေသည်။
ယနေ့သည်က လင်းဟန်၏ မွေးနေ့လည်း ဖြစ်မည်ထင်ရသည်။
သို့သော် ယွီဟန်၏ အပြုအမူများကိုကြည့်ရလျှင် သူ့အနေဖြင့် ဂရုစိုက်သည့်ဟန်မပေါ်ချေ။
ဟုတ်သားပဲ။ သူက စာအုပ်ကူးပြောင်းသူတစ်ယောက်ပဲဖြစ်ပြီး လင်းဟန်အစစ် မဟုတ်ဘူးလေ။
ရှဲ့စစ်ရှင်းတစ်ယောက် အတွေးများထဲတွင် နစ်မျောနေချိန်၌ ယွီဟန်တစ်ယောက် ဖျတ်ခနဲဖြတ်သွားသော ကိတ်မုန့်အရောင်းဆိုင်ကို ပြတင်းပေါက်မှ စိုက်ကြည့်နေသည်အား သတိမမူမိလိုက်ချေ။
“ကားကို ရပ်လိုက်”
ယွီဟန် ရုတ်တရတ်ပြောလိုက်၏။
ကား၏အရှေ့ခုံမှ ကားမောင်းသူသည်လည်း ရှဲ့စစ်ရှင်းဘက်သို့ အလိုအလျောက် ပြန်လှည့်ကြည့်မိလိုက်လေသည်။
“သူခိုင်းတဲ့အတိုင်း လုပ်လိုက်”
ရှဲ့စစ်ရှင်း တည်ငြိမ်စွာ ပြောလိုက်၏။
ကားက လမ်းဘေး၌ ရပ်နားပေးလိုက်သည့်နောက်တွင် ယွီဟန်က ကားထဲမှ ထွက်လာခဲ့သည်။
သူ ပြန်ရောက်လာသော အချိန်တွင်တော့ လက်ထဲတွင် tiramisu ကိတ်မုန့်ဘူးလေးအား ကိုင်ထားလေသည်။
ရှဲ့စစ်ရှင်းက ၎င်းအား ဂရုမမူဟန်ဖြင့် တစ်ချက်သာကြည့်ရင်း မေးခွန်းတစ်ခုမျှ မေးခြင်းမရှိဘဲ ကားမောင်းသူကိုသာ ဆက်လက်မောင်းနှင်ရန် ညွှန်ကြားလိုက်၏။
ထိုကိစ္စပြီးသည့်နောက်တွင်တော့ည မည်သူမျှ စကားမပြောတော့ချေ။ ကားအတွင်းပိုင်းတွင်လည်း အချိန်အတော်ကြာ တိတ်ဆိတ်မှုတစ်ခုဖြင့်သာ ဖုံးအုပ်သွားလေသည်။
ရှဲ့စစ်ရှင်းအနေဖြင့် ရုံးဌာနမှ စောစောထွက်ခွာလာသောကြောင့် လုပ်စရာတာဝန်များရှိနေသေးသည့်အတွက် လက်ဆွဲကွန်ပျူတာကို ဖွင့်လိုက်ကာ ကားထဲ၌ပင် အလုပ်ဆက်လုပ်နေခဲ့သည်။
ထိုအချိန်တွင် ယွီဟန်သည်လည်း စနစ်နှင့် စကားပြောနေခဲ့လေ၏။
စနစ်: {Host၊ ဒီနေ့က လင်းဟန်ရဲ့မွေးနေ့ဆိုတော့ ရှဲ့စစ်ရှင်းနဲ့ ကိတ်မုန့်အတူ စားဖို့ ဝယ်ပါလို့ အကြံပေးခဲ့တာလေ၊ ဘာလို့ အပိုင်းသေးသေးလေးပဲ ဝယ်လာတာလဲ?}
ယွီဟန်ကတွေဝေသွားဟန်ဖြင့် ပြန်ပြောလိုက်သည်။
“ငါက ဘာလို့ ရှဲ့စစ်ရှင်းနဲ့ မျှစားရမှာလဲ? ဒါ ငါ့အတွက် ဝယ်လာတာ”
စနစ်: {သေချာပေါက် hostဘက်က ရှဲ့စစ်ရှင်းကို လိုလားတယ်ဆိုတဲ့ ခံစားချက်ရအောင်ပေါ့! ကိုယ့်ရဲ့ ချစ်ရတဲ့သူနဲ့ ကိတ်အတူတူစားတာ ကြည်နူးစရာ အပြုအမူမဟုတ်ဘူးလား?}
“မင်းအတွေးလွန်နေပြီ၊ ဒီလောင်ကျစ်က အဲဒီလိုအရာမျိုးတွေကို မလုပ်ဘူး”
ယွီဟန် စနစ်၏စကားများကို စိတ်ထဲမှ ဖယ်ထုတ်လိုက်ဟန်ဖြင့် ပြန်ပြောလိုက်၏။
စနစ်မှာ စိတ်မကျေနပ်နိုင်ဖြစ်နေခဲ့ကာ ခွန်းတုံ့ပြန်လိုက်သည်။
{အဲဒါဆိုလည်း ဒါကိုအစတည်းက မဝယ်လိုက်သင့်ဘူး!}
ယွီဟန် ၎င်းအား လျစ်လျူရှုလိုက်လေသည်။ ဤကိတ်မုန့်အားဝယ်လာခြင်းသည် စနစ်၏စကားကိုနားထောင်သောကြောင့် မဟုတ်ပါချေ။
မကြာခင်တွင် ကားက ရှဲ့မိသားစုအိမ်ရာသို့ ရောက်ရှိသွားလေသည်။
အိမ်တော်ထိန်းဖြစ်သူ ဦးလေးဝမ်သည်ကား ယွီဟန်နှင့် ရှဲ့စစ်ရှင်းတို့ အတူပြန်လာသည်ကို မြင်သောအခါ၌ ပီတိရွှင်နေသော အပြုံးတစ်ပွင့်ဖြင့် ကြိုဆိုလိုက်၏ ။
“အချိန်မှီပြန်ရောက်လာကြတာပဲ၊ညနေစာ အဆင်သင့်ဖြစ်နေပါပြီ”
ရှဲ့စစ်ရှင်း ငြင်းဆိုလိုက်လေသည်။
“မလိုပါဘူး၊ ကျွန်တော် အလုပ်တွေလုပ်ဖို့ရှိသေးတယ်”
ထို့နောက် သူက သုံးလွှာရှိ စာကြည့်ခန်းသို့သာ ဖြောင့်တန်းစွာ သွားလိုက်လေတော့သည်။ သေချာသည်မှာ ယွီဟန်နှင့် ညနေစာအတူစားရန် ရည်ရွယ်ချက်မရှိပေ။
ဦးလေးဝမ်သည်လည်း သက်ပြင်းချလိုက်ကာ သူတို့၏ဆက်ဆံရေးအား တည်ဆောက်မှုသည် အမှန်ပင် အချိန်ယူမည်ဟု တွေးလိုက်မိလေသည်။
ဦးလေးဝမ်၏ စိတ်ပူပန်များနှင့် မတူ ယွီဟန်မှာမူ ရှဲ့စစ်ရှင်း၏ ပျက်ကွက်မှုအား ဂရုပင်မပြုဘဲ စားကောင်းသောက်ဖွယ်များနှင့် ပြည့်နှက်နေသော စားပွဲခုံအနားသို့ စိတ်အားထက်သန်စွာ ချဥ်းကပ်လာခဲ့သည်။