Ch 9
Viewers 7k

🍒 Chapter 9





ထိုလူရပ်နေသည့် နေရာမှာ အလွန်ကွက်တိကျလှသည်။ ထိုလူ့ကျောဘက်တွင် ရှိနေသော အန်းချင်၏ ခပ်ပွပွ တီရှပ်အဖြူရောင် အောက်နားစလေးမှာ တံခါးဝမှ ယပ်တောင်လေကြောင့် လွင့်ခါသွားပြီး ထိုလူ့လက်ကောက်ဝတ်အား သွားရောက်ထိတွေ့သွားခဲ့သည်။


ခြေလှမ်းတစ်လှမ်းစာမျှသာ ဝေးသော ထိုအချိန်လေးမှာ ထာဝရကဲ့သို့ပင် ကြာမြင့်နေတော့သည်။


"မင်းက ငါ့ကို အဲ့လောက်တောင် ကြောက်နေတာလား? မင်းက Fan တစ်ယောက် မဟုတ်ဘူးလား?"


ဖေးကျစ်ကျင်း သူ့လက်ကောက်ဝတ်ပေါ်တွင် အေးစက်သော အဝတ်စလေး လာထိသွားသည်ကို ခံစားလိုက်ရဆဲပင်။ သူ့ရှေ့တွင်ရှိသော လူလေးမှာ ငုံးလေးတစ်ကောင်ကဲ့သို့ ကျုံ့ကျုံ့လေး ဖြစ်နေပြီး အသက်ပင် ဝဝမရှူရဲရှာပေ။


ထိုအသံအား ကြားလိုက်ရချိန်တွင် အန်းချင် အမြန်မော့ ကြည့်လိုက်ရာ၊ သူ့ ဝိုင်းစက်သော မျက်ဝန်းအိမ်ကြီးများမှာ ညကောင်းကင်ယံမှ အတောက်ပဆုံး ကြယ်ပွင့်များကဲ့သို့ တဖိတ်ဖိတ် တောက်သွားတော့သည်။


နောက်တစ်ခဏတွင်မူ ဖေးကျစ်ကျင်း အစောပိုင်းက နွေးရုံသာရှိသော ထိုပါးပြင်လေးများမှာ အကြည့်တစ်ချက်အတွင်းမှာပင် ပတ္တမြားရောင်ကဲ့သို့ ရဲရဲနီသွားသည်ကို မြင်လိုက်ရသည်။


ဖေးကျစ်ကျင်း လက်ထဲမှ မကုန်သေးသော ဆေးလိပ်ကိုမြင်သောအခါ အန်းချင်  သူ့အား အိမ်သာထဲသို့ အမြန်ဆွဲခေါ်သွားတော့သည်။ သူသည် အပြင်ဘက်ကိုပါ ခြေလုံလက်လုံ ချောင်းကြည့်လိုက်ပြီး  သတင်းထောက်များ မရှိသည်ကို တွေ့မှသာ သက်ပြင်းချနိုင်တော့သည်။


အစောပိုင်းက မပေါ်လွင်ခဲ့သော အရက်ရှိန်မှာ ယခုမှပင် အရှိန်အဟုန်ဖြင့် ပျံ့နှံ့လာတော့သည်။ အန်းချင် ဖေးကျစ်ကျင်း လက်ထဲမှ ဆေးလိပ်အား တည်တည်တံ့တံ့ဖြင့် ကြည့်ကာ "ဘာလို့ လူမမြင်တဲ့နေရာမှာ မသောက်ရတာလဲ? သတင်းထောက်တွေက ဓာတ်ပုံရိုက်သွားရင် ဘယ်လိုလုပ်မလဲ?"


သူ့အလေးအနက်ထားသော လေသံမှာ ရှီကျစ်ထက်ပင် ပိုလို့ မန်နေဂျာနှင့် တူနေသေးသည်။


ဖေးကျစ်ကျင်း ပြုံးလိုက်ရင်း  "ငါက အပယ်ခံထားရတဲ့သူပဲဟာ၊ ဘယ်သူက ငါ့ကို အချိန်ကုန်ခံပြီး ဓာတ်ပုံရိုက်နေမှာလဲ?"


အန်းချင် သူ့အပြုံးကြောင့် ခေတ္တမျှ မိန်းမောသွားသော် လည်း၊ ဖေးကျစ်ကျင်း၏ မျက်လုံးအောက်မှ ကွင်းညိုညိုများကို မြင်လိုက်ရသောအခါ ရင်ထဲတွင် နာကျင်သွားရသည်။ သူ ဖေးကျစ်ကျင်းအား နှစ်သိမ့်ပေးချင်သော်လည်း သင့်တော်မည့် စကားလုံးကို ရှာမတွေ့ခဲ့ပေ။


"ခင်ဗျား ဒီနေ့ ဒီကို လာတာက... " 


သူ စကားများ ထစ်အသွားသည်။ တုံ့တုံ့ဆိုင်းဆိုင်း ဖြစ်နေသော သူ့အမူအရာလေးမှာ ဖေးကျစ်ကျင်း ရင်အားယား ကျိကျိ ဖြစ်သွားစေတော့သည်။


"ဟုတ်တယ်လေ... မင်း အရက်သောက်တာကို အဖော်ပြုပေးရင်းနဲ့ အခွင့်အရေးများကျန်သေးလားလို့ လာကြည့်တာပေါ့"


ထိုစကားအား ကြားရုံမျှဖြင့် အန်းချင် မျက်ဝန်းအိမ်များမှာ အတိုင်းအဆမဲ့သော ရင်နာမှု၊ နာကျင်မှုတို့ဖြင့် နီမြန်းလာတော့သည်။ သူ့စိတ်ကူးထဲတွင် ဖေးကျစ်ကျင်းဆိုသည်မှာ လောကီအညစ်အကြေးများ မစွန်းထင်းသူ၊ အလိုလိုက်ခံထားရသော မင်းသားငယ်လေးတစ်ပါးကဲ့သို့ ဖြစ်ရမည် ဖြစ်သော်လည်း၊ လက်တွေ့ဘဝမှာ ထိုသူအား မြေပြင်ပေါ်သို့ အတင်းအဓမ္မ ဆွဲချလိုက်လေပြီ။


သူ စောစောစီးစီး သိထားသင့်သည်မှာ... အနုပညာလောကဆိုသည်မှာ ဘယ်သောအခါမှ စင်ကြယ်သော နယ်မြေမဟုတ်ခဲ့ကြောင်းပင်။


အန်းချင် မျက်ဝန်းများ တဖြည်းဖြည်း နီရဲလာသည်ကို မြင်သောအခါ ဖေးကျစ်ကျင်း ဆက်၍မစနောက်တော့ဘဲ မေးလိုက်သည်။


"မင်းကော ? မင်းလို ကလေးတစ်ယောက်က ဘာဖြစ်လို့ ဒီလိုနေရာမျိုးကို ရောက်လာတာလဲ?"  


"ကလေး" ဆိုသည့် စကားလုံးကို ကြားလိုက်ရချိန်တွင် အန်းချင် လွန်ခဲ့သော တစ်နှစ်ခန့်က ဆီးနှင်းများကျနေသည့် ညတစ်ညတွင် သူ့အား ဘဝသစ်တစ်ခု ပေးသနားခဲ့သူအား ပြန်လည်မြင်ယောင်လိုက်မိသကဲ့သို့ ခံစားရသည်။


မဖြစ်နိုင်ဘူး... ထိုမျှ စိတ်ထားကောင်းသော ဖေးကျစ်ကျင်းမှာ သူ့အား ဤရွှံ့နွံထဲတွင် မည်သို့လျှင် ဒုက္ခခံခိုင်းပါမည်နည်း။


ဖေးကျစ်ကျင်း အစောပိုင်းက ကြယ်တာရာများ ပြည့်နှက်နေသော်လည်း ယခုအခါ ကြည်လင်သော ရေကန်ငယ်လေးနှင့် တူနေသည့် အန်းချင်မျက်ဝန်းများကို စိုက်ကြည့်ရင်း 


"မင်းမျက်လုံးတွေက ဘာလို့ ဒီလောက်တောင် နီနေရတာလဲ? ယုန်ကလေးတစ်ကောင်အတိုင်းပဲ"


အန်းချင် ခေါင်းငုံ့ကာ မျက်ရည်များ သုတ်လိုက်သည်။


"ရပါတယ်... ခင်ဗျားရဲ့ ဆေးလိပ်ငွေ့က အရမ်းပြင်းလို့ပါ၊ ကျွန်တော် ယုန်မဟုတ်ပါဘူး"


အရက်ရှိန်တက်နေသော အန်းချင်မှာ ဖေးကျစ်ကျင်းအား အလေးအနက်ထား၍ ရှင်းပြနေမိသည်။


လက်ထဲမှ ဆေးလိပ်မှာ ငြိမ်းသွားသည်မှာ ကြာပြီဖြစ်သော် လည်း ဖေးကျစ်ကျင်း သူ့အား အမှန်အတိုင်းမပြောဘဲ ကြည့်နေခဲ့သည်။


"အေးပါ... မင်းက ယုန်မဟုတ်ပါဘူး၊ သခင်လေးတစ်ယောက်ပါ" 


ဖေးကျစ်ကျင်း ခပ်တိုးတိုးရယ်မောလိုက်ပြီးမှ  "မင်း အရက်သောက်ထားတာလား"  


အန်းချင် ခေါင်းညိတ်ပြသည်။


"ဒါပေမဲ့ ကျွန်တော် မမူးသေးပါဘူး"


အန်းချင် မျက်ဝန်းများမှာ နီရဲနေဆဲပင်။ အရက်သောက်ထားသဖြင့် သူ့ဦးနှောက်မှာ သွက်လက်စွာ အလုပ်မလုပ်နိုင်တော့ဘဲ စိတ်ထဲရှိ အတွေးများမှာ မျက်နှာပေါ်တွင် အထင်သား ပေါ်လွင်နေတော့သည်။


ဖေးကျစ်ကျင်း အရင်ကကဲ့သို့ ပေါ့ပေါ့ပါးပါး မဟုတ်တော့ဘဲ သူ့အမူအရာကို ပြန်လည်ထိန်းသိမ်းလိုက်ကာ 


"ငါ့ကို မုန့်ဖိုးပေးပြီး မွေးထားဖို့ တကယ်ကြီး မစဉ်းစားဘူးလား"


ဤတစ်ကြိမ်တွင်မူ အန်းချင် ချက်ချင်းမငြင်းဆန်တော့ဘဲ ဖေးကျစ်ကျင်းအား အလွန်တည်ကြည်စွာ စိုက်ကြည့်လိုက်သည်။


သူ လက်သီးကို ကျစ်ကျစ်ပါအောင် ဆုပ်လိုက်ပြီး သူ့အိတ်ထဲမှ ဘောပင်တစ်ချောင်း ထုတ်လိုက်သည်။


"မနေ့ညက ခင်ဗျား ကျွန်တော့်ကို လက်မှတ်မထိုးပေးရသေးဘူးလေ၊ ဒီတစ်ခါတော့ ထိုးပေးပါ"


ဖေးကျစ်ကျင်း မျက်ခုံးပင့်ကာ သူ့လက်ထဲမှ ဘောပင်အား ယူလိုက်သည်။


"မင်းက အရက်သောက်ဖို့လာတာကို ဘာလို့ ဘောပင်ပါလာရတာလဲ ? ကျောင်းသားလေးလား?"


အန်းချင် ခေါင်းယမ်းလိုက်ရာ သူ့မျက်ဝန်းများထဲတွင် မျက်ရည်စများ ဝဲတက်လာသည်။


"မနေ့က ကျွန်တော် လက်မှတ်မရခဲ့ဘူးလေ၊ နောင်တစ်ချိန်မှာ ခင်ဗျားနဲ့ ထပ်တွေ့ဖြစ်ရင်လည်း လက်မှတ်မရမှာ စိုးလို့"


ဖေးကျစ်ကျင်း ဘောပင်အာ ကိုင်ထားရင်း၊ ဘောပင်ဖုံးပေါ်တွင် သူ့လက်မဖြင့် ဖိထားလိုက်သည်။ သူ တံတွေးကို ခက်ခက်ခဲခဲ မျိုချလိုက်ပြီးမှ 


"ဒါဆို... ဒီတစ်ခါကျတော့ ဘယ်မှာ လက်မှတ်ထိုးပေးရမလဲ?"


အန်းချင် ဘေးဘီအား ဝေ့ဝဲကြည့်လိုက်ရာ လက်ဆေးကန်ဘေးရှိ တစ်ရှူးဗူးမှာ အလွတ်ဖြစ်နေသည်ကို တွေ့လိုက်ရသဖြင့် သူ့လက်ဖဝါးလေးကိုသာ ဖေးကျစ်ကျင်းထံသို့ ထပ်မံကမ်းပေးလိုက်ရတော့သည်။


ဤတစ်ကြိမ်တွင်မူ ဖေးကျစ်ကျင်း အန်းချင်၏လက်ကလေးအား အနီးကပ် မြင်တွေ့လိုက်ရသည်။ သူ့လက်ကဲ့သို့ပင် သွယ်လျသေးငယ်သော်လည်း ကျက်သွားပြီဖြစ်သော ဒဏ် ရာအမာရွတ်များမှာ ရှုပ်ထွေးနေသည်။ သို့သော်လည်း လက်ချောင်းလေးများမှာ ရှည်လျားပြီး လှပလွန်းလှသည်။


ဖေးကျစ်ကျင်း မိမိလက်အား ကြာမြင့်စွာ စိုက်ကြည့်နေသည်ကို မြင်သောအခါ အန်းချင် လက်ကို ပြန်ရုပ်ရန် ကြိုးစားလိုက်သည်။ သို့သော် သူ လက်ဆွဲလိုက်သည့် ခဏမှာပင် ဖေးကျစ်ကျင်း ထိုလက်ကလေးအား ချက်ချင်း ဖမ်းဆုပ်လိုက်တော့သည်။


ဖေးကျစ်ကျင်း လက်များမှာ အေးစက်နေသဖြင့် အန်းချင် လက်ချောင်းထိပ်လေးများမှတစ်ဆင့် တစ်ကိုယ်လုံး တုန်ခါသွားရသည်။ ဘောပင်ဖျားမှာ သူ့လက်ဖဝါးပေါ်သို့ ငှက်မွှေးတစ်ချောင်း လာထိသကဲ့သို့ ကျရောက်လာရာ သူ့ လက် ချောင်းလေးများမှာ တွန့်ခါသွားသော်လည်း ဖေးကျစ်ကျင်း  ထိုလက်အား ခပ်တင်းတင်း ဆုပ်ကိုင်ထားခဲ့သည်။


"မလှုပ်နဲ့"


သူ့အသံမှာ နက်ရှိုင်းလှသည်။ ရုပ်ရှင်ထဲတွင် ချစ်သူအား တိုးတိုးလေး ကပ်ပြောနေသည့် လေသံမျိုးပင်။


အန်းချင် နားရွက်များမှာ နီရဲသွားကာ သူ ထပ်မလှုပ်ရဲတော့ပေ။


စကားလုံး သုံးလုံး ရေးရသည်မှာ ခဏလေးပင် ဖြစ်သော် လည်း အန်းချင်အတွက်မူ ထာဝရကဲ့သို့ပင် ကြာမြင့်နေတော့ သည်။ သူ့ကျောပြင်မှာ ချွေးများဖြင့် စိုရွှဲလာပြီး စိုထိုင်းနေသော အဝတ်အစားများမှာ ကျောတွင်ကပ်နေသဖြင့် ယားကျိကျိနှင့် ထုံကျင်ကျင် ခံစားချက်ကို ပေးစွမ်းနေသည်။


"မပြီးသေးဘူးလား?" 


သူ့အသံမှာ တစ်စုံတစ်ယောက်မှ လည်ပင်းအား ညှစ်ထားသကဲ့သို့ တင်းကျပ်နေသည်။


"ပြီးပြီ" 


ဖေးကျစ်ကျင်း သူ့လက်ကို လွှတ်ပေးလိုက်ပြီး အန်းချင်၏ လက်ဖမိုးအား သူ့လက်ချောင်းလေးဖြင့် အသာအယာ တောက်လိုက်သည်။


 "မင်း စိတ်ပြောင်းသွားရင် ငါ့ဆီ ဖုန်းဆက်ဖို့ မမေ့နဲ့ဦး"


ထိုသို့ ပြောပြီးနောက် ဖေးကျစ်ကျင်း လှည့်ထွက်သွားခဲ့ရာ အန်းချင်တစ်ယောက်တည်း ထိုနေရာတွင် ကြောင်အမ်းအမ်းဖြင့် ကျန်ရစ်ခဲ့တော့သည်။


သူသည် ထွက်ခွာသွားသော ဖေးကျစ်ကျင်း၏ ကျောပြင်အား ငေးကြည့်နေမိပြီးမှ သူ့လက်ဖဝါးပေါ်ရှိ လက်မှတ်ကို သတိရကာ ကြည့်လိုက်မိသည်။ လက်မှတ်သာမကဘဲ ဖုန်းနံပါတ်တစ်ခုပါ ပါရှိနေသည်ကို သူ တွေ့လိုက်ရသည်။


ပူထူနေသော သူ့ပါးပြင်အား လှမ်းကိုင်ချင်သော်လည်း လက် ဖဝါးပေါ်မှ စာလုံးများ ပျက်သွားမည်ကို စိုးရိမ်သဖြင့် မကိုင်ရဲပေ။ သူ သီးသန့်ခန်းထဲသို့ မပြန်မီ သူ့စိတ်အား တည်ငြိမ်သွားစေရန် အေးမြသောလေညင်းအောက်ဝယ် ခေတ္တမျှ ရပ်နေမိတော့သည်။