Ch 8
Viewers 7k


🍒 Chapter 8





နားကွဲမတတ် ဆူညံလှသော တေးဂီတသံများကြားတွင် အန်းချင် တီးလုံးသံများနှင့်အတူ သူ့နားစည်များပါ တုန်ခါနေသကဲ့သို့ ခံစားရပြီး နှလုံးမှာလည်း ထိတ်လန့်တုန်လှုပ်မှုကြောင့် တင်းကျပ်နေမိသည်။


"ပထမဆုံးအကြိမ်မို့လို့ပါ၊ နောက်ကျရင် ကျင့်သားရသွားမှာပါ" 


ချိုက်ဖျင်ရွှမ်းမှာ အန်းချင်တစ်ယောက် ရင်ဘတ်ကိုဖိကာ သက်သောင့်သက်သာမရှိ ဖြစ်နေသည်ကို မြင်သောအခါ နှစ်သိမ့်လိုက်သည်။ 


"ခဏခဏလာရင် အဆင်ပြေသွားလိမ့်မယ်"


အန်းချင် မျက်မှောင်ကြုတ်လိုက်မိသည်။ ချိုက်ဖျင်ရွှမ်း၏ စကားအား ကြားနိုင်ရန် အစွမ်းကုန် အာရုံစိုက်လိုက်ရပြီး 


"နောက်တစ်ခါ ကျွန်တော် မလာတော့ဘူး"


ချိုက်ဖျင်ရွှမ်း ခပ်တိုးတိုးရယ်ကာ အန်းချင် ပုခုံးအား ဖက်လိုက်ပြီး သီးသန့်ခန်းထဲသို့ခေါ်ဆောင်သွားသည်။


"အေးပါ၊ အေးပါ... အခန်းထဲရောက်ရင်တော့ ဒီလောက် မဆူတော့ပါဘူး"


ချိုက်ဖျင်ရွှမ်း စကားကို ယုံမိသည့် မိမိကိုယ်ကိုယ် အန်းချင် ရူးသွားပြီဟုပင် ထင်မိတော့သည်။ အခန်းထဲတွင် တကယ် တမ်း တိတ်ဆိတ်သွားသော်လည်း ပတ်ဝန်းကျင်ရှိ လူတိုင်းမှာ ဆေးလိပ်သောက်နေကြပြီး၊ အချို့မှာ မှိန်ပျပျအလင်း ရောင်အောက်တွင် တစ်ဦးကိုတစ်ဦး နမ်းရှုံ့ပွတ်သပ်နေကြလေသည်။


အန်းချင် အကြည့်ကို ချက်ချင်းလွှဲလိုက်ရာ ချိုက်ဖျင်ရွှမ်း ရယ်မောကာ "ဟေ့... အားလုံး သတိထားကြဦးနော်၊ ငါ့ဝမ်းကွဲက ဒီလို ပွဲကြီးလမ်းကြီးမျိုး တစ်ခါမှ မမြင်ဖူးရှာဘူး"


သူ့စကားလုံးများမှာ ရင်းနှီးချစ်ခင်မှု အပြည့်ရှိသဖြင့် အခန်းထဲရှိ လူအားလုံးကလည်း လိုက်လံရယ်မောကြသည်။


"ဒါတော့ မရဘူးလေ၊ ဝမ်းကွဲလေးက ကျင့်သားရအောင် လုပ်ရမှာပေါ့"


အန်းချင် သူ့ အပြစ်ကင်းစင်သော အပြုံးလေးအား ပြန်လည်ဆင်မြန်းလိုက်ရာ၊ သူ့ဝိုင်းစက်သော မျက်ဝန်းအိမ်ကြီးများတွင် အခန်းတွင်းမှ အရောင်စုံမီးရောင်များ လာရောက်ဟပ်နေတော့သည်။ 


"အားလုံးပဲ နိဟောင်... ကျွန်တော် အန်းချင်ပါ"


တစ်စုံတစ်ယောက်မှာ သူ့အပြုံးကြောင့် ကြောင်အမ်းသွားကာ အနားသို့ လျှောက်လာပြီး ချိုက်ဖျင်ရွှမ်း၏လက်အား ဖယ်ထုတ်လိုက်သည်။


 "မင်္ဂလာပါ... ငါက ဖျင်ရွှမ်းရဲ့ အရင်းနှီးဆုံး သူငယ်ချင်းပါ၊ နာမည်က ယဲ့တင်းယွီ" 


ထို့နောက် သူ အန်းချင်အား စေ့စေ့ကြည့်လိုက်သည်။


"ကြည့်စမ်း... ငါတို့ နာမည်တွေထဲမှာတောင် 'နေရောင်ခြည်' နဲ့ 'မိုးစက်' တွေ ပါနေတယ်"


သူ့မျက်ဝန်းများတွင် စိတ်ဝင်စားမှု အရိပ်အယောင်များ ရှိနေသော်လည်း ပွင့်လင်းရိုးသားလှသည်။ သူ့အတွေးအားလုံးကို သူ့ ညို့အားပြင်းသော မျက်ဝန်းအိမ်များတွင် အထင်အသား မြင်နေရသည်။


အန်းချင် နားလည်လိုက်ပြီ ဖြစ်သည်။ သူ အရက်တစ်စက်မှ မသောက်ရသေးသော်လည်း အစာအိမ်ထဲတွင် ရုတ်တရက် ရစ်နာလာသကဲ့သို့ ခံစားလိုက်ရသည်။ သူသည် မနှစ်မြို့ဖွယ် အမှတ်တရများကို ခေါင်းယမ်းကာ မောင်းထုတ်လိုက်ပြီး ချိုက်ဖျင်ရွှမ်းနောက်သို့ ခြေတစ်လှမ်း ဆုတ်လိုက်မိသည်။


"ယဲ့တင်းယွီ... ငါ့ညီနဲ့ ဝေးဝေးနေစမ်း" 


ချိုက်ဖျင်ရွှမ်း အန်းချင်အား ကာကွယ်ရင်း သတိပေးလိုက်သည်။


"အန်းချင်... သူ့ကို သိပ်အဖတ်မလုပ်နဲ့ သူက ယောကျ်ားလေးချင်း စိတ်ဝင်စားတဲ့သူ"  


ယဲ့တင်းယွီကမူ သူ့ လိင်စိတ်တိမ်းညွတ်မှုကို ပွင့်လင်းစွာ လက်ခံထားသူဖြစ်သဖြင့် ချိုက်ဖျင်ရွှမ်းအား မျက်ခုံးတစ်ချက်ပင့်ပြကာ ကျေနပ်သလိုပြုံးပြလိုက်လေသည်။


"ကဲ... အဲ့ဒီမှာ ရပ်မနေကြနဲ့၊ လာထိုင်ကြ" 


ချိုက်ဖျင်ရွှမ်း ယဲ့တင်းယွီအား မျက်စောင်းတစ်ချက် ပြန်ထိုးလိုက်ပြီးနောက် အန်းချင်ကို အနည်းငယ် ကျယ်ဝန်းသော နေရာတစ်ခုတွင် ထိုင်ရန် ခေါ်သွားသည်။


"အရက်သောက်တတ်လား?" 


ချိုက်ဖျင်ရွှမ်း ဘေးလူဆီမှ ဖန်ခွက်ကိုယူကာ အန်းချင်အတွက် တစ်ခွက် ငှဲ့ပေးလိုက်သည်။


အန်းချင် ခေါင်းယမ်းပြလိုက်သည်။


"တစ်ခါမှ မသောက်ဖူးဘူး"


သူတို့ လူစားထိုးသရုပ်ဆောင်လုပ်စဉ်တုန်းက၊ အခြားလူများမှာ ရိုက်ကူးရေးပြီးလျှင် အပြင်ထွက်ကာ အသောက်အစားများဖြင့် ပျော်ပါးလေ့ရှိသော်လည်း အန်းချင်ကိုမူ ဘယ်တုန်း ကမှ မခေါ်ခဲ့ကြပေ။ နယ်မှာဖြစ်စေ၊ မြို့မှာဖြစ်စေ သူသည် အမြဲတမ်း အထီးကျန်စွာ အပယ်ခံထားရသူသာ။


"ဒီဝိုင်က သိပ်မပြင်းပါဘူး၊ မူးမှာမဟုတ်ဘူး" 


ချိုက်ဖျင်ရွှမ်း ဖန်ခွက်ကို အန်းချင်ထံ ကမ်းပေးလိုက်ရင်း 


"ဒါပေမဲ့ ဒီဖန်ခွက်ကိုတော့ မျက်စိအောက်က အပျောက်မခံနဲ့နော်"


အန်းချင် ခေါင်းညိတ်ပြလိုက်သည်။


ထို့နောက် လူအများအပြားမှာ ချိုက်ဖျင်ရွှမ်းကို အားနာသောအားဖြင့် အန်းချင်အား လာရောက် နှုတ်ဆက်ကြသည်။ ချိုက်မိသားစုမှာ အန်းမိသားစုလောက် မချမ်းသာသလို၊ ဖေးမိသားစုလောက်လည်း အရှိန်အဝါ မကြီးမားသော်လည်း A City တွင်တော့ လျစ်လျူရှု၍မရသော အင်အားစုတစ်ခု ဖြစ်ပေသည်။


အရက် သုံးခွက်ခန့် သောက်ပြီးသည့်တိုင် အန်းချင်၏ မျက် နှာမှာ မပြောင်းလဲဘဲ မူးသည့် အရိပ်အယောင်ပင် မတွေ့ရပေ။


သူ ချိုက်ဖျင်ရွှမ်း အင်္ကျီလက်အား အသာဆွဲလိုက်သည်။ ထိုအချိန်တွင် ချိုက်ဖျင်ရွှမ်းမှာ အင်္ကျီလက်အား လိပ်တင်ကာ ယဲ့တင်းယွီနှင့် အရက်သောက်တမ်း ကစားနေသည်။ သူတို့မှာ လူကြီးများ၏ အမြင်တွင်တော့ အသုံးမကျသော လေလွင့်သူများဟု အသတ်မှတ်ခံထားရသော်လည်း၊ အန်းယန်နှင့် ယန်ကျားယွီတို့ကဲ့သို့ ဟန်ဆောင်ကောင်းသူများ မဟုတ်ကြပေ။ သူတို့မှာ တကယ့် လူပျိုလေလွင့်များသာ ဖြစ်သည်။


၎င်းမှာ A City တစ်ခုလုံး သိထားသော အချက်ပင်။


ယဲ့မိသားစု၏အငယ်ဆုံးသား ယဲ့တင်းယွီနှင့် ချိုက်မိသားစုမှ ချိုက်ဖျင်ရွှမ်းတို့မှာ လူငယ်လေလွင့်များ၏ပြယုဂ်ဖြစ်ပြီး၊ အန်းယန်နှင့် ယန်ကျားယွီတို့မှာမူ လူတိုင်းအမြင်တွင် အနာဂတ်ရှိသော လူငယ်လူရွယ်များဖြစ်ကြသည်။


ချိုက်ဖျင်ရွှမ်းနှင့် ယဲ့တင်းယွီတို့ အရက်သောက်တမ်းကစားခြင်းအား ခေတ္တရပ်လိုက်ကြသည်။ ယဲ့တင်းယွီမှာ အခွင့် ကောင်းယူကာ ဘေးမှ ကောင်လေးတစ်ယောက်အား မုန့်ခွံပေးသည့် ကစားနည်းကိုကစားနေလေသည်။


"ဘာဖြစ်လို့လဲ?" 


ချိုက်ဖျင်ရွှမ်းမှာ အရက်သောက်လျှင် မျက်နှာနီတတ်သူဖြစ်ရာ ယခုအခါတွင်မူ သူ့မျက်နှာမှာ လတ်လတ်ဆတ်ဆတ် ဆွတ်ထားသော မက်မွန်သီးတစ်လုံးကဲ့သို့ ရဲရဲနီနေပြီ ဖြစ်သည်။


အန်းချင်မျက်နှာတွင် အရက်ရှိန် မပြသော်လည်း သူ့ခေါင်းမှာမူ အနည်းငယ် မူးနောက်နောက် ဖြစ်လာသည်။


"ကျွန်တော် ခင်ဗျားကိုမေးချင်လို့... အနုပညာလောကထဲမှာ ခင်ဗျား သိတဲ့လူတွေ ရှိလား"


ချိုက်ဖျင်ရွှမ်းမှာ မျက်နှာနီနေသော်လည်း လုံးဝ မမူးသေးပေ။


 "ဘာလဲ... မင်းမှာ ကြိုက်နေတဲ့ အနုပညာရှင်လေးတစ် ယောက်ယောက် ရှိလို့လား"


အန်းချင် ခေါင်းကို အလျင်အမြန် ခါယမ်းလိုက်ပြီး  


"ကျွန်တော်က သိချင်လို့ မေးကြည့်တာပါ"


"ဪ... မေးလေ၊ မေး" 


ချိုက်ဖျင်ရွှမ်း ဘီယာနောက်တစ်ခွက် မော့ချလိုက်သည်။ သူတို့ဘေးနားတွင် အအေးလာချပေးသော ဝန်ထမ်းမှာလည်း မျက်နှာသာပေးလိုသဖြင့် မျက်လုံးများ ပိတ်သွားသည်အထိ ပြုံးပြနေလေသည်။


"ဟေး... ဖေးကျစ်ကျင်း အပယ်ခံလိုက်ရတယ်လို့ ကြားတယ်၊ ဘာဖြစ်တာလဲ" 


အန်းချင် သူ့နားထင်အား ဖိလိုက်ရင်း ချိုက်ဖျင်ရွှမ်း လက်ထဲမှ ဘီယာပုလင်းကို လှမ်းယူလိုက်သည်။


 "ခင်ဗျား အရက်လျှော့သောက်သင့်တယ်"


အန်းချင် ပုလင်းအား ပြန်မပေးသဖြင့် ချိုက်ဖျင်ရွှမ်း နောက်တစ်ပုလင်း ထပ်ဖောက်လိုက်ပြန်သည်။


"ဪ... သူ့အကြောင်းလား? ငါ သိတာပေါ့၊ သူက ယဲ့တင်းယွီ့ အစ်ကိုရဲ့ကုမ္ပဏီက အနုပညာရှင်လေ၊ မင်းက သူ့ကို စိတ်ဝင်စားနေတာလား?"


အန်းချင် သီးသွားကာ တည်တည်တံ့တံ့ဖြင့် ပြန်လည်ပြင်ပေးလိုက်သည်။


"မဟုတ်ပါဘူး၊ ကျွန်တော် စိတ်မဝင်စားပါဘူး"


ချိုက်ဖျင်ရွှမ်း သူ့နှုတ်ခမ်းပေါ်မှ ဝိုင်စများကို သုတ်လိုက်ပြီး ခဏမျှ စဉ်းစားကာ နောက်တစ်ရက်မှသာ သွားရန်ဆုံးဖြတ်လိုက်သည်၊ အဘယ်ကြောင့်ဆိုသော် သူ ယနေ့ အရမ်းမူးနေသဖြင့် မနက်ဖြန်ထနိုင်မည် မဟုတ်သောကြောင့်ပင်။ 


"သန်ဘက်ခါကျရင်... သန်ဘက်ခါကျရင် ငါ မင်းကို 'ယဲ့ဖုန်း' ရဲ့ ကုမ္ပဏီကို ခေါ်သွားပေးမယ်၊ အဲ့ကျရင် မင်း သူ့ကို တွေ့ရလိမ့်မယ်"


"ကျွန်တော် စိတ်မဝင်စားပါဘူးလို့ ပြောနေတာကို၊ စူးစမ်းကြည့်ရုံသက်သက်ပါ"


ချိုက်ဖျင်ရွှမ်း အန်းချင် ပုခုံးအားပုတ်လိုက်သည်။


"ငါ နားလည်ပါတယ်၊ အနုပညာရှင်လေး တစ်ယောက်လောက်ကို မွေးထားတာက သာမန်ကိစ္စပါပဲ!"


အန်းချင် မည်သို့ပင် ရှင်းပြစေကာမူ ချိုက်ဖျင်ရွှမ်း နားထောင်မည်မဟုတ်သည်ကို သိလိုက်သဖြင့် စကားအား မျိုသိပ်လိုက်ကာ သူ့မျက်စိအောက်မှ အပျောက်မခံဘဲ ထားခဲ့သော ဝိုင်ခွက်ကိုသာ တိတ်ဆိတ်စွာ တစ်ငုံသောက်လိုက်တော့သည်။


"ကျွန်တော် အိမ်သာသွားလိုက်ဦးမယ်"


ချိုက်ဖျင်ရွှမ်းမှာ ယဲ့တင်းယွီနှင့် ပြန်လည် ငြင်းခုံနေပြန်သဖြင့် အန်းချင်အား လက်ကာပြရုံသာ တတ်နိုင်တော့သည်။


အန်းချင်မျက်နှာထားမှာ မပြောင်းလဲသော်လည်း အမှန်တကယ်တွင်မူ သူ အတော်လေး မူးနေပြီဖြစ်သည်။ သူ နံရံကို မှီကာ လျှောက်လာခဲ့ရာ စင်္ကြံလမ်းတစ်လျှောက်တွင် အပြင်ဘက်မှ သီချင်းသံများ၊ ဆူညံသံများနှင့် မှိတ်တုတ်မှိတ်တုတ် ဖြစ်နေသော မီးရောင်များကို ကြားနေ၊ မြင်နေရသည်။


အန်းချင်၏ နှလုံးသားမှာ ဒိန်းဒိန်းတုန်အောင် ခုန်နေသည်၊ သူ့ရင်ဘတ်ထဲတွင် ယုန်တစ်ကောင် ပိတ်မိနေပြီး အချိန်မရွေးအပြင်သို့ ခုန်ထွက်လာတော့မည့်အတိုင်းပင်။


သူ နံရံကိုမှီကာ အသက်ပြင်းပြင်းရှူလိုက်ပြီးနောက် ဆက် လက်လျှောက်လှမ်းခဲ့သည်။


အန်းချင် မျက်နှာကို အေးစက်သောရေဖြင့် ဆေးကြောလိုက်မှသာ ပူထူနေသော ပါးပြင်နှစ်ဖက်မှာ အနည်းငယ်ပြန်လည်အေးမြသွားသလို ခံစားရသည်။ သူ့မျက်နှာမှာ နီရဲမနေသော်လည်း အပူရှိန်ကတော့ ရှိနေဆဲပင်။


သူ ပြန်အထွက်တွင်မူ အိမ်သာတံခါးကို မှီကာ ဆေးလိပ်သောက်နေသော လူတစ်ယောက်အား တွေ့လိုက်ရသည်။ မှုတ်ထုတ်လိုက်သော ဆေးလိပ်ငွေ့များမှာ တဖြည်းဖြည်း လွင့်ပျယ်သွားသော်လည်း အချို့မှာ အန်းချင်ရှိရာဘက်သို့ ဝေ့ဝဲလာသည်။ အန်းချင် နှာခေါင်းရှုံ့လိုက်မိသည်။ သူ ဆေးလိပ်နံ့အား မကြိုက်သော်လည်း ကံကောင်းသည်မှာ ထိုအနံ့မှာ သိပ်မပြင်းလှပေ။ သီးသန့်ခန်းထဲမှ ဆေးလိပ်ငွေ့အလွှာလွှာနှင့် ယှဉ်လိုက်လျှင် ဤမျှအနံ့မျိုးမှာ သူသည်းခံနိုင်သည့် အဆင့်တွင် ရှိသည်။


အန်းချင် မျက်နှာအား ငုံ့ထားလိုက်သည်။ အိမ်သာတံခါးဝမှာ သိပ်မကျယ်လှသဖြင့် ထိုလူ ပိတ်ရပ်နေသောကြောင့် သူ ဘေးစောင်း၍သာ တိုးထွက်ရတော့မည် ဖြစ်သည်။


အန်းချင် ထိုလူ့ဘေးမှဖြတ်ကျော်ချိန်တွင် အသက်ကိုအောင့်ထားလိုက်သည်၊ ဤကဲ့သို့သော နေရာမျိုးမှာ လူစုံလှသဖြင့် သူ ပြဿနာမတက်ချင်ပေ။