Ch 7
Viewers 7k

🍒 Chapter  7




"မွေးထားတယ်" ဆိုသည့် စကားလုံးကို ကြားလိုက်ရချိန်တွင် အန်းချင် ထိုအရာမှာ ဖေးကျစ်ကျင်းအပေါ်  စော်ကားခြင်းဖြစ်သည်ဟု ချက်ချင်းခံစားလိုက်ရသည်။


သူ လက်အား အလျင်အမြန်ပင် ဝှေ့ယမ်းကာ အသည်းအာသန် ငြင်းဆိုလိုက်တော့သည်။


 "မဟုတ်ပါဘူး... ကျွန်တော် ဆိုလိုတာက အဲ့ဒီသဘောမဟုတ်ပါဘူး၊ ကျွန်တော်က... ခင်ဗျားကို ကူညီပေးချင်ရုံတင်ပါ"


ဖေးကျစ်ကျင်း တိုးတိုးလေး ရယ်မောလိုက်ပြီး သူ၏ ဘေ့စ်ဘောဦးထုပ်ကို မျက်လုံးများအထိ ဖိဆွဲချလိုက်ကာ  "အဲ့လိုလား... ဒါဆိုရင်လည်း ထားလိုက်ပါတော့"


ဖေးကျစ်ကျင်း၏ ခပ်စေ့စေ့ ပိတ်ထားသည့် ပါးလွှာသော နှုတ်ခမ်းအစုံကို အန်းချင် ငေးကြည့်နေမိသည်။ သူ့နှလုံး သားမှာ ပုရွက်ဆိတ်အကောင်ပေါင်း ထောင်သောင်းချီ အကိုက်ခံနေရသကဲ့သို့ တစစ်စစ်နှင့် ယားကျိကျိ ဖြစ်နေသလို၊ ထိုခံစားချက်ထဲတွင် စူးရှသော နာကျင်မှုတစ်ခုလည်း ရောယှက်နေသည်။


"ကျွန်တော်..."


သူ စကားမဆုံးသေးခင်မှာပင် အခြားလူတစ်ယောက် သူတို့ဘေးမှ ထွက်လာသည်။ အန်းချင် ဖေးကျစ်ကျင်းအား ထပ်မံတားဆီးရန် သတ္တိမရှိတော့ဘဲ ထိုသူ၏ ကျောပြင်ကြီး ညမှောင်မှောင်ထဲတွင် တဖြည်းဖြည်း ပျောက်ကွယ်သွားသည်ကိုသာ ငေးကြည့်နေမိတော့သည်။


ဖေးကျစ်ကျင်း မျက်စိရှေ့မှ ပျောက်ကွယ်သွားမှသာ အန်းချင်၏နှုတ်ခမ်းထောင့်တွင် အပြုံးနုနုလေးတစ်ခု ဖြစ်ပေါ်လာသည်။ သူသည် ဖေးကျစ်ကျင်းနှင့် တကယ်ပင် စကားပြောခဲ့ရပြီ မဟုတ်လား? ထိုသို့ဆိုလျှင် ယနေ့ည၏ ခရီးစဉ်မှာ လုံးဝ အကျိုးမရှိခဲ့သည်တော့ မဟုတ်ပေ။


"ဘာတွေကို အဲ့လောက်တောင် ပြုံးနေတာလဲ" 


ချိုက်ဖျင်ရွှမ်း အန်းချင် ကြည့်နေသည့်ဘက်အား လိုက်ကြည့်သော်လည်း ကား၏ နောက်မီးနီနီလေးများကိုသာ မြင်လိုက်ရသည်။


အန်းချင် ခေါင်းယမ်းလိုက်ပြီး အပြုံးကို သိမ်းလိုက်သည်။


 "အထဲမှာ ပွဲပြီးပြီလား?"


ချိုက်ဖျင်ရွှမ်း  နှာခေါင်းရှုံ့ကာ  "ဦးလေးနဲ့ အန်တီကတော့ ယန်ကျားယွီကိုပဲ ဝိုင်းချော့နေကြတာ၊ တကယ်တော့ ဒါက မင်းအတွက် ကျင်းပတဲ့ပွဲလေ၊ ဒါပေမဲ့ သူတို့က အန်းယန်အတွက် လုပ်ပေးနေသလို ဖြစ်နေတာ"


အန်းချင် ဘာမှမဖြစ်သလိုပင် ခေါင်းယမ်းပြလိုက်သည်။


"မင်းက ဘာလို့ ဒီလောက်တောင် စိတ်ထားနုနယ်နေရတာလဲ" 


ချိုက်ဖျင်ရွှမ်း မကျေမနပ် ရေရွတ်လိုက်သည်။


"ထားပါတော့... သူတို့က ငါတို့ကို ဂရုမစိုက်မှတော့ ငါ မင်းကို အပြင်ခေါ်သွားပြီး ပျော်အောင် ထားပေးမယ်"


အန်းချင် ထိုကမ်းလှမ်းချက်အား ငြင်းပယ်လိုက်သည်။ အန်းမိသားစုမှ သူ့အား လျစ်လျူရှုနိုင်သော်လည်း သူကိုယ်တိုင်ကတော့ အလိုက်မသိသလို မပြုမူချင်ပေ။


"နောက်တစ်ခါမှပေါ့... နောက်တစ်ခါကျရင် ကျွန်တော် ဖိတ်ပါ့မယ်"


ညစာစားပွဲခန်းမထဲသို့ ပြန်ရောက်သောအခါ အန်းယန် သူ့မိဘနှစ်ပါးဘေးတွင် လိမ္မာပါးနပ်စွာ ကပ်ပါနေသည်။ သူတို့ သုံးဦးကြားရှိ လေထုမှာ အလွန်ပင် သဟဇာတဖြစ်ပြီး အေးချမ်းလွန်းလှသဖြင့် စတုတ္ထမြောက်လူတစ်ယောက် ဝင်ဆံ့ရန် နေရာမရှိသကဲ့သို့ပင်။


ယန်ကျားယွီနှင့် လူကြီးအချို့မှာ သူတို့ရှေ့တွင် ရပ်နေကြသည်။ အန်းချင် သူတို့အား မသိသဖြင့် ဘေးတစ်ဖက်တွင်သာ တိတ်ဆိတ်စွာ ရပ်နေမိပြီး ဆူညံအသက်ဝင်နေသော ပတ်ဝန်းကျင်နှင့် လုံးဝ ဆီလျော်မှု မရှိပေ။


"ချင်ချင်... အဲ့ဒီမှာ ဘာရပ်လုပ်နေတာလဲ၊ ဒီကိုလာဦး" 


ချိုက်ရှီယွင် အန်းချင်အား လှမ်းမြင်သွားပြီး ခေါ်လိုက်သည်။


အန်းချင် သူမ၏အသံအား ကြားသောအခါ တိတ်တဆိတ် လျှောက်သွားပြီး သူမ ဘေးတွင် ရပ်လိုက်ကာ ဘေးပတ် ဝန်းကျင်ရှိ လူကြီးမင်းများကို ဦးညွှတ်နှုတ်ဆက်လိုက်သည်။


"ကြည့်ရတာ သူက အန်းချင်လို့ မခေါ်သင့်ဘူး၊ အန်းကျင့် (အေးဆေးငြိမ်သက်သူ) လို့ ခေါ်ရမယ်ထင်တယ်" 


အန်းကျင်းကျစ်၏ဘေးတွင် ရပ်နေသော လူကြီးတစ်ဦးမှ မျက်တောင်လေးများ ချထားသော အန်းချင်အား ကြည့်ကာ မျက်လုံးများ အရည်လဲ့လျက် ဆိုလိုက်သည်။


"ဟုတ်တယ်... ဒီကလေးက စကားပြောရတာ သိပ်ဝါသနာမပါဘူး" 


အန်းကျင်းကျစ် အန်းချင်ပုခုံးအား ပုတ်လိုက်သည်။


"ဒါက အန်ကယ်ရန်လေ၊ အဖေ့ရဲ့ သူငယ်ချင်းဟောင်းပေါ့"


အန်းချင် ရန်ဝမ်အား လိမ္မာစွာ နှုတ်ဆက်လိုက်ပြီး ချိုက်ရှီယွင် ရှေ့တွင် ငြိမ်သက်စွာ ရပ်နေမိသည်။


"ခုနက ဖျင်ရွှမ်းနဲ့ တွေ့ခဲ့သေးလား" 


ချိုက်ရှီယွင် အန်းချင်အား တိုးတိုးလေး မေးသည်။


အန်းချင် ခေါင်းညိတ်ပြရင်း အားနာသည့် လေသံဖြင့်   "သူ ကျွန်တော့်ကို မှတ်မိနေပေမဲ့ ကျွန်တော်ကတော့ သူ့ကို မမှတ်မိတော့ဘူး"


ချိုက်ရှီယွင် ပြောမည့်စကားများမှာ လည်ချောင်းဝတွင် တစ်ဆို့သွားသော်လည်း နောက်ဆုံးတွင်တော့ ဘာမှမပြောတော့ဘဲ အန်းချင်လက်ကိုသာ ခပ်တင်းတင်း ညှစ်ထားလိုက်တော့သည်။


အိမ်အပြန်လမ်းတွင် အန်းချင်နှင့် အန်းယန်တို့ ကားနောက်ခန်းတွင် တိတ်ဆိတ်စွာ ထိုင်လိုက်ပါလာကြသော်လည်း သူတို့နှစ်ဦးကြားတွင် ဂလက်ဆီတစ်ခုခြားနေသကဲ့သို့ ခံစားရသည်။


အန်းယန် ကားအလယ်မှန်အကာကို ဆွဲတင်လိုက်ပြီး အန်းချင်အား ဒေါသတကြီး စိုက်ကြည့်လိုက်သည်။


"ငါ ပြောလိုက်မယ်... မင်းရဲ့ လှည့်ကွက်လေးတွေနဲ့ ငါ့ကို ထိခိုက်အောင် လုပ်နိုင်မယ်လို့ မထင်နဲ့၊ ငါ့ပိုင်ဆိုင်မှုက ငါ့ဟာပဲ ဖြစ်နေမှာပဲ"


အန်းချင် ပြုံးလိုက်သည်။ လမ်းမပေါ်ရှိ နီယွန်မီးရောင်များမှာ သူ့မျက်နှာပေါ်သို့ ဖြတ်ပြေးသွားသဖြင့် သူ့အမူအရာမှာ တစ်ခါတရံ တောက်ပလိုက်၊ တစ်ခါတရံ ဝေဝါးလိုက် ဖြစ်နေသည်။


"မင်းဆီက တစ်ခုခုကို ငါ လုယူမယ်လို့ မင်း ဘာလို့ အဲ့လောက်တောင် ထင်နေရတာလဲ?"


"ဟက်... အဲ့လိုပဲ ဖြစ်ပါစေ" 


အန်းယန် နှာခေါင်းရှုံ့ကာ အန်းချင်အား လှည့်မကြည့်တော့ပေ။


နောက်တစ်နေ့ နံနက်တွင် အိမ်ထိန်းကြီးမှာ ပုံမှန်မဟုတ်ဘဲ အန်းမိသားစု၏ မနက်စာစားချိန်တွင် အန်းချင်အား လာရောက်နှိုးသည်။ အန်းချင် အိပ်မက်ဆိုးတစ်ခုမှ လန့်နိုးလာကာစ ဖြစ်သဖြင့် နဖူးတွင် ချွေးစများဖြင့် ရွှဲနစ်နေသည်။


သူ ရေချိုးပြီး အောက်ထပ်သို့ ဆင်းလာသောအခါ အန်းမိသားစုဝင် သုံးဦးမှာ စားပွဲတွင် ထိုင်စောင့်နေကြသည်ကို တွေ့လိုက်ရသည်။


အန်းကျင်းကျစ်မှာ မနေ့က အန်းချင်၏ အပြုအမူအား အလွန်ကျေနပ်သွားပုံရသဖြင့် ယနေ့တွင် အန်းချင်ကို ကြင်နာသောအကြည့်ဖြင့် ကြည့်ကာ "ထိုင်ပြီး စားတော့"  


အန်းမိသားစု၏ မနက်စာမှာ အနောက်တိုင်းစတိုင် နွားနို့နှင့် ပေါင်မုန့် ဖြစ်လိမ့်မည်ဟု အန်းချင် ထင်ထားခဲ့သော်လည်း၊ မမျှော်လင့်ဘဲ စားပွဲပေါ်တွင် တရုတ်စတိုင် ဆန်ပြုတ်နှင့် စားပွဲအလယ်တွင် ဝက်သားနီချက် တစ်ပန်းကန် ရှိနေသည်ကို တွေ့လိုက်ရလေသည်။


"ချင်ချင်... ဒါက သားငယ်ငယ်တုန်းက အကြိုက်ဆုံးဟင်းလေ၊ သူ့အစ်ကိုအတွက်ဆိုပြီး ညီလေးက ဒေါ်ကြီးကို အထူးတလည် ချက်ခိုင်းထားတာ" 


ချိုက်ရှီယွင် အများသုံးတုတ်ဖြင့် ဝက်သားနီချက်တစ်တုံးကို အန်းချင် ပန်းကန်ထဲသို့ ထည့်ပေးလိုက်သည်။ ဆီဦးထော ပတ်များဖြင့် ဝင်းပြောင်နေသော ဆော့စ်ရည်နောက်နောက်များမှာ အန်းချင်ကို အနည်းငယ် ရင်ကသိကအောက် ဖြစ်သွားစေသည်။


သူ့ဘဝမှာ ဆင်းရဲပင်ပန်းစွာ နေထိုင်ခဲ့ရဖူးသော်လည်း မနက်စာကိုတော့ ဤမျှအထိ ဆီဦးရွှဲနေသော ဝက်သားနီချက်မျိုးနှင့် စားလေ့မရှိပေ။ သူ အသားတုံးကို ဘေးသို့ အသာဖယ်လိုက်ပြီးနောက် မျက်လွှာချကာ မဒမ်အန်းအား တိုးညှင်းသောလေသံဖြင့် မေးလိုက်သည်။


"မေမေက ကျွန်တော့်ပန်းကန်ထဲပဲ ထည့်ပေးပြီး ညီလေးကျတော့ မထည့်ပေးဘူးလားဟင်? ကျွန်တော် ပြန်ရောက်လာတာက ညီလေးရဲ့ အခြေအနေကို ထိခိုက်စေတယ်ဆိုတာ ကျွန်တော် သိပါတယ်၊ မေမေ အခုလိုလုပ်တာက သူ့အပေါ် မတရားသလို ဖြစ်ပြီး သူ့စိတ်ကို နာကျင်စေပါလိမ့်မယ်"


ချိုက်ရှီယွင်မှာ ကြောင်အမ်းသွားပြီး အန်းချင်အား ကြည့်လိုက်မိသည်။ အန်းချင်မှာ သူမနှင့် တကယ်ပင် တူလှသည်။ သူမလောက် အသားမဖြူသော်လည်း မျက်ဝန်းအိမ်ကြီးများမှာ တောက်ပလွန်းလှသည်။ အားငယ်နေသည့်အချိန်တွင်မူ ကြည့်ရသူကို သနားစဖွယ် ဖြစ်စေသည်။ သူမ ရင်ထဲတွင် တင်းကျပ်သွားကာ မတတ်သာသည့်အဆုံး အန်းယန် ပန်းကန်ထဲသို့လည်း အသားတစ်တုံး ထည့်ပေးလိုက်ရတော့သည်။


"မေမေက ဘယ်လိုလုပ်ပြီး ခွဲခြားဆက်ဆံမှာလဲ? သားကော ယန်ယန်ကောက မေမေ့ရဲ့ လိမ္မာတဲ့ သားလေးတွေပဲဟာ"


အန်းယန် နှုတ်ခမ်းများမှာ တွန့်ချိုးသွားသည်။ သူ ဘာကြောင့် ဒေါ်ကြီးအား ဝက်သားနီချက် ချက်ခိုင်းမိပါလိမ့်ဟု နောင်တရကာ ပြန်လည်စဉ်းစားနေမိသည်။


"ကျေးဇူးပါ မေမေ"


သူ့ကျေးဇူးတင်စကားထဲတွင် မကျေနပ်မှု အရိပ်အယောင်များပါနေသည်ကို အန်းချင် အာရုံခံမိလိုက်သည်။ သူ မျက်။ခုံးတစ်ချက် ပင့်လိုက်ပြီး လူမမြင်ကွယ်ရာတွင် ဝက်သားနီချက်အား အမှိုက်ပုံးထဲသို့ စွန့်ပစ်လိုက်တော့သည်။


အန်းချင် တိတ်ဆိတ်စွာ စားသောက်နေသည်ကို ကြည့်ရင်း ချိုက်ရှီယွင်မှာ နောက်ဆုံးတွင် ပြုံးနိုင်သွားသည်။ သူမ မေးလိုက်၏။


 "ချင်ချင်... ဒီနေ့ အဖေနဲ့အတူ ကုမ္ပဏီကို လိုက်မသွားဘူးလား? သား ပြန်ရောက်လာတာ ဒီလောက်ကြာပြီ၊ မေမေနဲ့ ဈေးဝယ်ထွက်တာကလွဲရင် အပြင်တောင် မထွက်ရသေးဘူး မဟုတ်လား"


"ဟင့်အင်း... ကျွန်တော် မလိုက်တော့ပါဘူး၊ ကျွန်တော်က ပညာလည်း သိပ်မတတ်တော့ အဖေနဲ့ ညီလေးကို အရှက်ရစေမှာ ကြောက်လို့ပါ" 


အန်းချင် ပါးစပ်ကို သုတ်လိုက်ပြီး မျက်လုံးအား အသာအ ယာ ပွတ်လိုက်သည်။ သူ ငိုလုနီးပါးဖြစ်သွားခဲ့သဖြင့် မျက်ဝန်းများမှာ အနည်းငယ် နာကျင်နေသည်။


အန်းကျင်းကျစ် ခန့်ညားထည်ဝါသော အရှိန်အဝါရှိသူ ဖြစ်သည်။ သူ မျက်လွှာချကာ ကြောက်ရွံ့နေဟန်ရှိသော အန်းချင်အား တစ်ချက်ကြည့်လိုက်ပြီး နားထင်ကို ဖိကာ "မလိုက်ချင်လည်း မလိုက်နဲ့တော့၊ အိမ်မှာပဲ အေးအေးဆေး ဆေး နားနေတာက မင်းအတွက် ကောင်းပါတယ်"  


အန်းယန် မျက်ခုံးပင့်ကာ ပြုံးလိုက်ရင်း "အစ်ကိုက အိမ်မှာ ဒေါ်ကြီးကို ပန်းစိုက်နည်းနဲ့ လယ်ထွန်နည်းတွေ သင်ပေးလို့ ရတာပဲလေ"


အန်းချင်အား မည်သည့်နေရာသို့ ရောင်းစားခံခဲ့ရပြီး မွေးစားမိဘများနှင့် မည်သို့သော ဘဝမျိုးကို ဖြတ်သန်းခဲ့ရသည်ကို သူ သိနှင့်ပြီးသား ဖြစ်သည်။ ထိုအချက်သည်ပင် အန်းချင် ရှေ့တွင် သူ၏ အထက်စီးဆန်သော စိတ်ဓာတ်အားထိန်း သိမ်းထားနိုင်သည့် သော့ချက်ပင်။


အန်းချင် သူ့စကားထဲမှ လှောင်ပြောင်မှုကို လျစ်လျူရှုကာ နူးညံ့စွာပြုံးပြလိုက်သည်။


 "ကျွန်တော်က ဒေါ်ကြီးကို ဘယ်လိုလုပ် သင်ပေးနိုင်မှာလဲ? အရင်တုန်းကတော့ အသက်ရှင်ရပ်တည်ဖို့အတွက် ကြုံရာ ကျပန်း လုပ်ခဲ့ရတာပါ"


ထိုစကားအား ကြားသောအခါ ချိုက်ရှီယွင် ရင်ဘတ်ကို ဖိလိုက်မိပြီး မျက်ရည်များ ပိုးပိုးပေါက်ပေါက် ကျလာတော့ သည်။


"ချင်ချင်... ဒါတွေအားလုံးက မေမေ့အမှားတွေပါ၊ မေမေ့ကြောင့်ပါ သားရယ်"


သူ့ဇနီး ထပ်မံငိုယိုနေသည်ကို မြင်သောအခါ အန်းကျင်းကျစ် လေသံနှိမ့်ကာ ငေါက်လိုက်သည်။


"ရှောင်ယန်... စကားပြောတာ ဆင်ခြင်စမ်း"



အန်းချင် ချိုက်ရှီယွင်၏ဘေးတွင် ဝင်ထိုင်လိုက်ပြီး တစ်ရှူးဖြင့် သူမ မျက်ရည်များကို သုတ်ပေးကာ နှစ်သိမ့်လိုက်သည်။


"မေမေ... ရပါတယ်၊ အခု ကျွန်တော် အရမ်း အဆင်ပြေနေတာပဲ၊ ချစ်ပေးမယ့် မိသားစုလည်း ရှိတယ်၊ နေထိုင်မှုအခြေ အနေတွေကလည်း အရမ်းကောင်းတယ်လေ"


အန်းကျင်းကျစ် ချောင်းနှစ်ချက် ဟန့်လိုက်ပြီး အိတ်ထဲမှ ကတ်တစ်ခု ထုတ်ကာ အန်းချင်အား ကမ်းပေးလိုက်သည်။


 "ဒါက သားအတွက် မုန့်ဖိုး၊ လိုချင်တာ ဝယ်၊ ဂိုဒေါင်ထဲက ကားတွေထဲကလည်း သားကြိုက်တဲ့ကားကို မောင်းလို့ရတယ်" 


ထို့နောက် သူ အန်းယန်ဘက်သို့ လှည့်ကာ "ရှောင်ယန်... ကားသော့တွေ အကုန်လုံးကို ဧည့်ခန်းက စင်ပေါ်မှာ တင်ထားလိုက်၊ မင်းအစ်ကို သွားလာရ လွယ်ကူအောင်လို့"


ဘေးတွင် ရပ်နေသော အန်းယန်မှာ ဒေါသကြောင့် အံကြိတ်ထားမိပြီး လက်ထဲမှဖန်ခွက်မှာလည်း ကြေမွလုနီးပါး ဖြစ်နေသည်။


ဂိုဒေါင်ထဲရှိ ကားအချို့မှာ သူ အန်းကျင်းကျစ်အား အသည်း အသန်ပူဆာ၍ ဝယ်ခိုင်းထားသော ကန့်သတ်ထုတ်ကုန်များ ဖြစ်ပြီး သူကိုယ်တိုင်ပင် သိပ်မမောင်းရသေးပေ။ အန်းချင် က ဘာကောင်မို့လို့ သူနဲ့ အတူတူ သုံးစွဲပိုင်ခွင့် ရရမှာလဲ?


အန်းယန် စားပွဲအောက်တွင် လက်သီးကို ကျစ်ကျစ်ပါအောင် ဆုပ်ထားရာ သေသေသပ်သပ် ပြင်ဆင်ထားသော သူ့လက် သည်းများမှာ လက်ဖဝါးထဲသို့ စိုက်ဝင်ကာ သွေးထွက်လုနီး ပါးဖြစ်နေသည်။ သူ တည်ငြိမ်ဟန်ဆောင်ရင်း  


"ဒါပေမဲ့ အစ်ကိုက ကားမမောင်းတတ်ဘူး မဟုတ်လား? ကားသော့တွေက သူ့အတွက် ဘာအသုံးကျမှာလဲ"


အန်းချင် ခေါင်းညိတ်လိုက်သည်။


"ကျွန်တော် မမောင်းတတ်ပါဘူး၊ အပြင်သွားရင် ဒရိုင်ဘာပဲ ခေါ်လိုက်ပါ့မယ်"


အန်းကျင်းကျစ် မျက်မှောင်ကြုတ်ကာ  "မမောင်းတတ်ရင် သင်ပေါ့၊ နောက်ဆုံးတော့ မင်း ကားမောင်းတတ်ဖို့ လိုတာပဲ၊ လိုင်စင်ယူရတာ မခက်ပါဘူး"


အန်းချင်  လိမ္မာစွာခေါင်းညိတ်ပြသည်။


"ကျေးဇူးတင်ပါတယ် အဖေ၊ ကျွန်တော် ကြိုးစားပြီး သင်ပါ့မယ်"


အန်းယန်မှာ အန်းကျင်းကျစ်နှင့်အတူ ကုမ္ပဏီသို့ လိုက်သွားသဖြင့် အိမ်တွင် ချိုက်ရှီယွင်နှင့် အန်းချင် နှစ်ဦးတည်းသာ ကျန်ရစ်ခဲ့သည်။


"မေမေ... ကျွန်တော် အပြင်ထွက်ပြီး ဖျင်ရွှမ်းနဲ့ သွားဆော့လို့ ရမလားဟင်" 


အန်းချင် မေးလိုက်သည်။


"ရတာပေါ့ သားရယ်၊ ဖျင်ရွှမ်းက ကလေးကောင်းလေးပါ၊ သူ့သူငယ်ချင်းတွေကလည်း အကုန်လုံး စာတော်တဲ့သူတွေချည်းပဲ၊ သူတို့နဲ့ ပေါင်းသင်းတာက သားအတွက် အကျိုးရှိမှာပါ" 


ချိုက်ရှီယွင် အန်းချင် ဆံပင်လေးများအား ပွတ်သပ်ပေးရင်း "သားအနေနဲ့ လက်ရှိ ပတ်ဝန်းကျင်သစ်ထဲမှာ အသားကျအောင် ကြိုးစားရမယ်လေ"  


အန်းချင် ခေါင်းညိတ်ပြလိုက်ပြီး ချိုက်ရှီယွင်ထံမှ မိသားစုဒရိုင်ဘာ၏ ဖုန်းနံပါတ်အား တောင်းယူကာ အခန်းထဲသို့ ပြန်ဝင်ခဲ့သည်။


သူ ဖုန်းထဲရှိ ဖေးကျစ်ကျင်း တစ်ယောက် အနုပညာလောကမှ ဘေးဖယ်ထုတ်ခံရပြီး အပယ်ခံဖြစ်နေသည့် သတင်းများကို ကြည့်ကာ မျက်မှောင်ကြုတ်မိသည်။ မနေ့ညက ဖေးကျစ်ကျင်း၏ ဦးထုပ်အောက်တွင် မြင်တွေ့ခဲ့ရသော တင်းတင်းစေ့ထားသည့် နှုတ်ခမ်းအစုံအား ပြန်လည်အမှတ်ရမိသောအခါ သူ့ရင်ထဲတွင် မွန်းကျပ်သွားရသည်။


သူ့ကို ဘယ်လိုများ ကူညီပေးနိုင်မလဲ?


အန်းချင် သူ့လက်ထဲရှိ ဘဏ်ကတ်နှစ်ကတ်အား ကြည့်လိုက်မိသော်လည်း ထိုကတ်ထဲတွင် ငွေမည်မျှရှိသည်ကိုမူ သူ မသိပေ။


ထိုစဉ်မှာပင် ချိုက်ဖျင်ရွှမ်းထံမှ ဖုန်းဝင်လာပြီး ထိုညနေ၌ ဘားတစ်ခုသို့ လာရန် ဖိတ်ခေါ်လေသည်။ ချိုက်ဖျင်ရွှမ်း၏ သူငယ်ချင်းများ အားလုံးကလည်း အန်းချင် ပြန်ရောက်လာသည့်အတွက် ကြိုဆိုပွဲအဖြစ် လာရောက်ဆင်နွှဲကြမည် ဖြစ်သည်။


အန်းချင် ဘားသို့ တစ်ခါမှ မရောက်ဖူးသဖြင့် မူလက ငြင်းပယ်ရန် စိတ်ကူးခဲ့သော်လည်း၊ ဘီရိုထဲတွင် ချိတ်ထားသော အနွေးအင်္ကျီအား လှမ်းမြင်လိုက်ရသည့်အခါတွင်မူ သွားရန် သဘောတူလိုက်တော့သည်။


ဘာပဲဖြစ်ဖြစ်... ချိုက်ဖျင်ရွှမ်းအား မေးမြန်းစရာ ရှိသည်များကိုလည်း တစ်ခါတည်း မေးကြည့်လျှင် ကောင်းမည်ဟု သူ တွေးလိုက်မိသည်။