Ch 6
Viewers 7k

🍒 Chapter 6





ယန်ကျားယွီ ထိုကိစ္စအပေါ် သူ ဘာကြောင့် စိတ်စွဲလန်းနေမိမှန်း မသိတော့ပေ။ အန်းယန် သူ့အား အကြာကြီး ရှင်းပြခဲ့သဖြင့် သူ အန်းယန်အပေါ် အထင်မှားခဲ့သည်ဟု ထင်ခဲ့သော်လည်း၊ ယခု အန်းချင် ထပ်မံ ပြောကြားလာပြန်သည်။ သူ့ရင်ထဲတွင် အေးစက်သော ခံစားချက်တစ်ခု ဖြတ်ပြေးသွားကာ အန်းယန် အနားမှ ခြေလှမ်းအနည်းငယ် ဆုတ်ခွာလိုက်မိတော့သည်။


"ကျွန်တော် တောင်းပန်ပြီးပါပြီ ညီလေးရယ်" 


အန်းချင် မျက်လုံးထောင့်မှ မရှိသော မျက်ရည်စများကို သုတ်ဟန် ဆောင်လိုက်ရင်း၊ သူ့ သေးငယ်သော ကိုယ်လုံးလေးအား ချိုက်ဖျင်ရွှမ်း  အနားသို့ ပိုမို တိုးကပ်လိုက်သည်။


"ကျွန်တော်က ဒီမိသားစုထဲမှာ ဝင်ဆံ့အောင် ကြိုးစားချင်ရုံတင်ပါ၊ မင်းဆီက ဘာကိုမှ လုယူဖို့ စိတ်မကူးပါဘူး"


"တော်စမ်း အန်းယန်! မင်းက အန်းချင်ရဲ့ ဘဝကို ခိုးယူခဲ့တာ၊ အန်းမိသားစုရဲ့ ကောင်းမွန်တဲ့ အခွင့်အရေးတွေကို နှစ်ပေါင်းများစွာ ခံစားခဲ့ပြီးပြီပဲ၊ ဘာလို့ အခုထိ နစ်နာသူလိုဟန် ဆောင်နေရတာလဲ"


ချိုက်ဖျင်ရွှမ်း၏ စကားများမှာ ဘေးပတ်ဝန်းကျင်မှ ကြည့်နေသူ အများအပြားကို နိုးကြားသွားစေသည်။


အန်းယန် သူငယ်ချင်းအုပ်စုပင်လျှင် သူ့အပေါ် ထားရှိသည့် အကြည့်များ ပြောင်းလဲသွားကြသည်။


"အန်းယန်ကို တောင်းပန်လိုက်၊ ဒါဆိုရင် ဒီကိစ္စပြီးပြီ၊ မင်းပြောခဲ့တဲ့ စကားတွေကို မင်းမှတ်ထားတာ ကောင်းလိမ့်မယ်၊ မင်းသာ အန်းယန်ဆီက ဘာကိုမဆိုလုယူဖို့ ကြိုးစားတာ ငါတွေ့ရင်တော့ မင်းကို ငါ သတ်ပစ်မယ်" 


ယန်ကျားယွီ ထိုလူများနှင့် ဆက်လက် မပတ်သက်ချင်တော့သော်လည်း၊ သူ ယနေ့ လာခဲ့ခြင်းမှာ သူ့ညီအစ်ကိုအတွက် လက်စားချေပေးရန် ဖြစ်သည်ကို သတိရလိုက်သည်။


အန်းချင် မတ်တပ်ရပ်လိုက်ပြီး ယန်ကျားယွီ၏စကားကို ကြားသောအခါ အန်းယန်အား ကိုးဆယ်ဒီဂရီ ဦးညွှတ်ကာ အလေးပြုလိုက်သည်။


သူ့အသံမှာ အလွန်အမင်း ကြောက်ရွံ့တုန်လှုပ်နေသကဲ့သို့ တုန်ရီနေသည်။


"တောင်းပန်ပါတယ်... တောင်းပန်ပါတယ်"


ချိုက်ဖျင်ရွှမ်းမှာ ဆက်လက် မကြည့်ရက်တော့သဖြင့် အန်းချင်အား ဆွဲခေါ်သွားတော့သည်။ မထွက်ခွာမီ ယန်ကျားယွီကို လက်ခလယ် ထောင်ပြသွားခဲ့သေးသည်။


အန်းချင် ဦးညွှတ်တောင်းပန်နေသည်ကို ကြည့်ရင်း အန်းယန် အခြေအနေများမှာ သူ့ထိန်းချုပ်မှုအောက်မှ လုံးဝလွတ်ထွက်သွားပြီ ဖြစ်ကြောင်း သိလိုက်ရသည်။ ဘေးပတ်ဝန်းကျင်မှ လှောင်ပြောင်သော အကြည့်များမှာ သူ့နှလုံးသားအား ဓားဖြင့် မွှန်းနေသကဲ့သို့ ခံစားရသည်။ သူသည် အခြေအနေများအား ဤသို့ ဖြစ်လာစေရန် မရည်ရွယ်ခဲ့ပေ။ ယန်ကျားယွီ အန်းချင်အား သတိပေးရုံသာ သူ မျှော်လင့်ခဲ့သော်လည်း၊ အန်းချင်မှာလူပုံအလယ်တွင် မိမိသိက္ခာကို အောက်ချ၍ ဤမျှအထိ နှိမ့်ချတောင်းပန်လိမ့်မည်ဟု သူ မထင်မှတ်ထားခဲ့ပေ။


ယခုမူကား၊ သူ့အမှား မဟုတ်လျှင်ပင် လူတိုင်း၏အမြင်တွင် သူ့အမှား ဖြစ်သွားခဲ့ရပြီ။


"ပြဇာတ်ကောင်း တစ်ပုဒ်ပဲ" 


လူသူကင်းဝေးသော ထောင့်တစ်နေရာတွင် ဖေးကျစ်ကျင်း တိုးတိုးလေး ရေရွတ်လိုက်သည်။ သူ ရှန်ပိန်တစ်ငုံ သောက်လိုက်ပြီးနောက် စက်ဆုပ်ရွံရှာသော အမူအရာဖြင့် မျက်မှောင်ကြုတ်လိုက်လေသည်။


သူ့မျက်နှာတစ်ခြမ်းမှာ အလင်းရောင်အောက်တွင် ရှိနေပြီး ကျန်တစ်ခြမ်းမှာမူ အမှောင်ရိပ်ကျနေသည်။ အလင်းနှင့် အမှောင်၏ အပြန်အလှန် ပေါင်းစပ်မှုမှာ သူ့ထင်ရှားပြတ်သားသော ရုပ်ရည်သွင်ပြင်ကို ပိုမိုပေါ်လွင်စေကာ၊ ခေါင်းအနည်း ငယ် မော့လိုက်သည့်အခါ ထွက်ပေါ်လာသော ထောင့်ချိုးကျကျ မေးရိုးအလှမှာ ဆွဲဆောင်မှုအပြည့်ပင်။


သူ့ဘေးနားရှိ လူများမှာမူ စိုးရိမ်တကြီးဖြင့် ပျာယာခတ်နေကြသည်။


"ကျစ်ကျင်း... မင်းက ဘာလို့ ဒီနေ့ ဒီပွဲကို အတင်းလာချင်ရတာလဲ"


ဖေးကျစ်ကျင်း ပြုံးလိုက်သော်လည်း ထိုအပြုံးမှာ မျက်ဝန်းများဆီသို့ ကူးစက်ခြင်းမရှိပေ။


"အန်းမိသားစုက ငါ့အတွက် ဘယ်လိုလူမျိုးကို ပြင်ဆင်ထားသလဲဆိုတာ လာကြည့်ရုံသက်သက်ပါ"


"တွေ့ပြီမလား? အဲ့ဒါဆို သွားရအောင်" 


ရှီကျစ် သူ့အင်္ကျီလက်အား ဆွဲလိုက်သည်။


"မမေ့နဲ့ဦး၊ အခု မင်းက မုန်တိုင်းဗဟိုချက်ထဲ ရောက်နေတာ၊ သတင်းထောက်တွေ အများကြီးက မင်းကို အင်တာဗျူးဖို့နဲ့ သတင်းရေးဖို့ စောင့်နေကြတာ၊ မင်းကတော့ ဒီလိုအဓိပ္ပာယ်မရှိတဲ့ ပွဲမျိုးကို လာနေတယ်"


ရှီကျစ် ဤအရှင်သခင်လေးကြောင့် သူ့ကျန်ရှိသော ဆံပင်အနည်းငယ်မှာလည်း ကျွတ်ထွက်ကုန်တော့မည်ဟု ခံစားနေရကာ ထိုနေရာမှာပင် စိုးရိမ်တကြီး ခေါက်တုံ့ခေါက်ပြန် လျှောက်နေမိတော့သည်။


"ကောင်းပြီလေ... သွားကြတာပေါ့"


ပြဇာတ်ကောင်းကို ကြည့်ပြီးနောက် ဖေးကျစ်ကျင်း စိတ်ဝင် စားမှု ကုန်ခမ်းသွားကာ ဦးထုပ်ဆောင်းပြီး ထွက်ခွာရန်ပြင်လိုက်သည်။


သို့သော် တံခါးဝအရောက်တွင် သူ တားဆီးခြင်း ခံလိုက်ရသည်။


အန်းချင် ချိုက်ဖျင်ရွှမ်း လက်ထဲမှ နောက်ဆုံးတွင် ရုန်းထွက်နိုင်ခဲ့သည်။ အန်းမိသားစုမှ မည်သူမျှလည်း သူ့အား လာမရှာကြပေ။ သူ တံခါးဝသို့ ရောက်သည့်အခါ ဦးထုပ်ဆောင်းပြီး ထွက်ခွာရန် ပြင်နေသော ဖေးကျစ်ကျင်းအား တွေ့လိုက်ရသည်။


အန်းချင် မိမိကိုယ်ကိုယ် ဘာဖြစ်သွားမှန်း မသိတော့ပေ။ ဖြစ်နိုင်သည်မှာ ဦးနှောက်မှ ရုတ်တရက် အလုပ်မလုပ်တော့ခြင်း ဖြစ်နိုင်သော်လည်း၊ သူသည် ဖေးကျစ်ကျင်း ရှေ့တွင် ထိုအတိုင်း ရပ်တန့်ကာ ပိတ်ဆို့ထားမိသည်။


သူ မြေကြီးအား ကျင်းတူး၍ မိမိကိုယ်ကိုယ် မြှုပ်ပစ်ချင်စိတ် ပေါက်သွားသော်လည်း၊ ဖေးကျစ်ကျင်း ထိုနေရာမှာပင် ရပ်လျက် သူ့အား စိုက်ကြည့်နေသည်။


အန်းချင် စကားများ ထစ်အသွားကာ...


"ကျွန်တော်... ကျွန်တော်က ခင်ဗျားရဲ့  Idol ပါ၊ ကျွန်တော့်နာမည်ကို လက်မှတ်ထိုးပေးနိုင်မလား"


သူ့စကားကြောင့် ဖေးကျစ်ကျင်း တိုးတိုးလေး ရယ်လိုက်ရာ၊ အန်းချင်  စကားမှားသွားမှန်း ချက်ချင်း သိလိုက်ရသည်။


"မဟုတ်ဘူး... ခင်ဗျားက ကျွန်တော့်ရဲ့ ဖန် ပါ"


ထိုသို့ပြောပြီးနောက် သူ့ကိုယ်ပေါ်တွင် လက်မှတ်ထိုးရန် သင့်တော်မည့်အရာကို ရှာသော်လည်း ဘာမှမတွေ့သဖြင့် ဖေးကျစ်ကျင်းထံသို့ သူ့ လက်ဖဝါးလေးအား ကမ်းပေးလိုက်သည်။


"ခင်ဗျား ကျွန်တော့်လက်ပေါ်မှာပဲ လက်မှတ်ထိုးပေးပါလား!"


အန်းချင်သည် ဖေးကျစ်ကျင်း ရှေ့တွင် သူ့လက်အား မြှောက်ထားမိသည်။ သူတို့ဆီတွင် ဘောပင်တစ်ချောင်းမှ မရှိသည်ကိုမူ သူ လုံးဝ သတိမထားမိပေ။


ဖေးကျစ်ကျင်းမှာမူ သူ အမှားမှားအယွင်းယွင်း ဖြစ်နေသည်ကို ရပ်ကြည့်နေတော့သည်။


နောက်ဆုံးတွင် ရှီကျစ်မှာ ဆက်လက်မကြည့်ရက်တော့ဘဲ ဖေးကျစ်ကျင်းအား ရှေ့သို့ ဆွဲခေါ်သွားသည်။


 "နောက်တစ်ခါမှပေါ့၊ နောက်တစ်ခါကျရင် ငါ မင်းအတွက် လက်မှတ်ထိုးခိုင်းပေးမယ်"


အန်းချင် စိတ်ပျက်လက်ပျက်ဖြင့် လက်ကို ပြန်ရုပ်လိုက်သည်။


ဖေးကျစ်ကျင်း ရှီကျစ်လက်အား ဖယ်ထုတ်လိုက်ပြီး 


"ငါက အပယ်ခံထားရတာလေ၊ လက်မှတ်ထိုးပေးဖို့ အခွင့် အရေးတွေ သိပ်ရှိတော့မှာ မဟုတ်ဘူး"


"ကျွန်တော်... ကျွန်တော့်မှာ ပိုက်ဆံရှိတယ်၊ ကျွန်တော် ခင်ဗျားကို ကူညီနိုင်ပါတယ်!" 


အန်းချင် သူ့လက်အား ပြန်ရုတ်လိုက်ပြီးနောက် ဖေးကျစ်ကျင်း၏မျက်လုံးများကို နောက်ဆုံးတွင် ရဲရဲဝံ့ဝံ့ စိုက်ကြည့်လိုက်မိသည်။ တစ်ချက်မျှ ကြည့်လိုက်ရုံနှင့်ပင် သူ့နဖူးနှင့် လည်ပင်းတို့မှာ သွေးရောင်လွှမ်းသကဲ့သို့ နီမြန်းသွားတော့သည်။


 "ကျွန်တော့်မှာ တကယ် ပိုက်ဆံရှိတာပါ"


ဖေးကျစ်ကျင်း အနားသို့ တိုးကပ်လာပြီး နောက်ပြောင်သလိုလို၊ အတည်လိုလိုလေသံဖြင့် မေးလိုက်သည်။


"မင်းက ငါ့ကို မုန့်ဖိုးပေးပြီး မွေးထားမလို့လား?"