Ch 5
Viewers 7k

🍒 Chapter 5




နောင်တစ်ချိန်ချိန်မှာ ဖေးကျစ်ကျင်းနှင့် ပြန်လည်ဆုံတွေ့ရမယ့် ပုံရိပ်လွှာအား အန်းချင် အကြိမ်ကြိမ် စိတ်ကူးယဉ်ဖူးပါသည်။ ဖြစ်နိုင်သည်မှာ ပရိသတ်နှင့်တွေ့ဆုံပွဲတစ်ခုခုတွင် ဖေးကျစ်ကျင်း လက်မှတ်ထိုးပေးရမည့် ပိုစတာလေးကို ကမ်းပေးရင်း ဖြစ်နိုင်သလို၊ သို့မဟုတ် ရုပ်ရှင်ရုံတစ်ခုခု၏ ပရိုမိုးရှင်းပွဲတွင် ဖေးကျစ်ကျင်းအား အဝေးကနေ ငေးကြည့်ခွင့်ရတာမျိုးလည်း ဖြစ်နိုင်ပါသည်။ အကောင်းဆုံးကံကြမ္မာမှာ ဖေးကျစ်ကျင်း သူတို့ရှိရာ ရိုက်ကူးရေးစခန်းသို့ ရုပ်ရှင်လာရိုက်ပြီး သူက ဖေးကျစ်ကျင်း၏ လူစားထိုးသရုပ်ဆောင်အဖြစ် လုပ်ကိုင်ခွင့်ရရှိခြင်းပင် ဖြစ်ပေလိမ့်မည်။


မည်သို့သောအခြေအနေမျိုးဖြစ်ပါစေ၊ အန်းချင် ထိုနေ့ရက်အတွက် အလွန်အမင်း ကျေးဇူးတင်ရှိနေမည်ဖြစ်ပြီး ရေမိုးချိုး၊ အမွှေးနံ့သာများထွန်းညှိကာ အလေးအမြတ်ထား ကြိုဆိုမည်ဟု ယုံကြည်ထားခဲ့သည်။


သို့သော် အခုလိုမျိုးတော့ လုံးဝမဟုတ်ခဲ့ပါ။ မှိန်ပျပျအလင်းရောင်ရှိသော ပန်းခင်းလေးထဲတွင်၊ သူ့အနောက်၌ စူးရှသောအကြည့်ပေါင်းများစွာနှင့် လှောင်ပြောင်သံများ ရှိနေသည်။ လေးလံသော ဝတ်စုံကြီးမှာ သူ့ကျောပေါ်တွင် ဖိစီးထားပြီး နေ့စဉ်နှင့်အမျှ မျက်နှာဖုံးစွပ်ကာ ပြဇာတ်ကပြနေရသကဲ့သို့ ခံစားနေရသည်။


ဖေးကျစ်ကျင်း ဖုန်းထဲကနေ ပြောဆိုနေတဲ့ စကားသံတွေကို ကြားလိုက်ရတဲ့အခါမှပဲ... အစောပိုင်းက သတင်းတွေထဲမှာ ပျံ့နှံ့နေတဲ့ "ဖေးကျစ်ကျင်း တစ်ယောက် အပယ်ခံလိုက်ရပြီ" ဆိုတဲ့ သတင်းဟာ ကောလာဟလ သက်သက်မဟုတ်ကြောင်း အန်းချင် ကောင်းကောင်း နားလည်သွားရတော့ သည်။ သို့သော် သူ့စိတ်ထဲမှာတော့ မေးခွန်းတစ်ခု တဝဲလည် လည် ရှိနေဆဲ...ပင်။ 


ဒီလောက်တောင် စိတ်ထားမွန်မြတ်လှတဲ့သူတစ်ယောက်က ဘာကြောင့်များ ဒီလိုမျိုး အပယ်ခံရတဲ့အထိ ကံကြမ္မာ အလှည့်အပြောင်း ဖြစ်ခဲ့ရတာပါလိမ့်။


ပြီးတော့ နောက်ထပ် စဉ်းစားစရာတစ်ခုက... ဒီလိုမျိုး အခြေ အနေမှာ သူက ဘာဖြစ်လို့ အန်းမိသားစုရဲ့ ညစာစားပွဲကို ရောက်နေရတာလဲ? အရာအားလုံးက သူ့အတွက်တော့ ပဟေဠိတစ်ခုလို ခံစားနေရသည်။


နောက်ဆုံးတွင်တော့ အန်းချင် အပြင်ထွက်၍ ဖေးကျစ်ကျင်းအား မျက်နှာချင်းဆိုင်တွေ့ရန် သတ္တိမမွေးနိုင်ခဲ့ပေ။ သူ ထိုနေရာမှာပင် ကျောက်ရုပ်ကဲ့သို့ ရပ်နေမိပြီး ထိုသူထွက်ခွာသွားသည့် ခြေသံများကိုသာ နားထောင်နေမိသည်။ ထိုသူထွက်သွားမှသာ အပြင်သို့ထွက်ကြည့်ရာ အရပ်ရှည်ပြီး ချောမောသော ကျောပြင်ကြီးကိုသာ မြင်လိုက်ရတော့သည်။


သူ အနည်းငယ် စိတ်ပျက်သွားသလို၊ တစ်ဖက်ကလည်း စိတ်သက်သာရာရသွားမိသည်။ သူ အပြင်မှာနေခဲ့တာ ကြာပြီဖြစ်၍ အေးစက်သော ညလေညင်းမှာ သူ့ဂနာမငြိမ်ဖြစ်မှုများကို ငြိမ်သက်သွားစေခဲ့သည်။ သူ အသက်ဝဝရှူလိုက်ပြီး ဟိုတယ်ခန်းမထဲသို့ ပြန်ဝင်လာခဲ့သည်။


ညစာစားပွဲခန်းမထဲတွင် ဖန်ခွက်ချင်းထိသံများနှင့် ဆူညံအသက်ဝင်နေသော ပတ်ဝန်းကျင်မှာ ရှိနေဆဲပင်။ လူတိုင်းမှာ ကိုယ်စီအသိုင်းအဝိုင်းနှင့် ရှိနေကြပြီး အန်းချင်မှာတော့ ဤပျော်ပွဲရွှင်ပွဲနှင့် လားလားမျှမသက်ဆိုင်ဘဲ ထီးထီးကြီး ဖြစ်နေသည်။


လှပသော ခရင်မ်ကိတ်မုန့်လေးကို မြည်းစမ်းကြည့်ချင်သဖြင့် ညှပ်လေးအား လှမ်းကိုင်လိုက်စဉ်မှာပင် ဘေးဘက်မှ လူတစ်ယောက် ဝုန်းကနဲ ပြေးထွက်လာပြီး သူ့လက်ကို ဆွဲကာ ခေါ်သွားတော့သည်။


 "မင်းကို ရှာနေတာ ကြာပြီ! ဘယ်တွေ ရောက်နေတာလဲ?"


အန်းချင် ယိုင်တိယိုင်တိုင်ဖြင့် မိမိလက်ကောက်ဝတ်အား ပြန်ဆွဲကာ ကိုယ့်ကိုယ်ကိုယ် ထိန်းလိုက်ရသည်။ သူ့ရှေ့မှ လူကို ကြည့်လိုက်ရာ အရပ်မှာ သူနှင့် သိပ်မကွာလှဘဲ ဆံပင်အား သေသေသပ်သပ် ဖီးလိမ်းထားသော်လည်း ဝိုင်းစက်သောမျက်လုံးနှင့် ဝိုင်းစက်သောမျက်နှာကြောင့် ထိုဆံပင်ပုံစံမှာ ကြည့်ရသည်မှာ တစ်မျိုးကြီး ဖြစ်နေသည်။


သူ ဘယ်သူလဲဆိုတာ မသေချာသဖြင့် အန်းချင် တားလိုက်ပြီးမှ  "ခင်ဗျားက ဘယ်သူလဲ" ဟု မေးလိုက်သည်။


ချိုက်ဖျင်ရွှမ်း  အန်းချင်၏ဆံပင်အား ပွတ်သပ်ချင်သော် လည်း အသစ်ပြင်ထားသော ဆံပင်ပုံစံဖြစ်နေသဖြင့် လက်တွန့်သွားကာ သူ့ဘောင်းဘီကိုသာ ပွတ်နေမိသည်။


"ငါက မင်းရဲ့ဝမ်းကွဲအစ်ကိုလေ၊ ငါတို့ ငယ်ငယ်တုန်းက အတူတူ ဆော့ခဲ့ကြသေးတယ်"


အန်းချင် စိတ်ထဲတွင် ငယ်ဘဝအမှတ်တရ လုံးဝမရှိပေ။ ရွာကို စရောက်ခါစက အချို့အရာများ မှတ်မိခဲ့သော်လည်း နောက်ပိုင်းတွင်တော့ ထိုအရာများအား မတွေးရဲတော့သဖြင့် အကုန်လုံး မေ့ပျောက်သွားခဲ့သည်။


"မင်း မမှတ်မိတာ မဆန်းပါဘူး" 


ချိုက်ဖျင်ရွှမ်း သူ့အား လူသူကင်းဝေးရာ ထောင့်တစ်နေရာသို့ ဆွဲခေါ်သွားသည်။


"အဲ့တုန်းက မင်းပျောက်သွားပြီလို့ အန်တီက ပြောတော့ ငါ ရက်ပေါင်းများစွာ ငိုခဲ့ရတာ၊ အဲ့ဒီနောက် မင်းကို ပြန်တွေ့ပြီလို့ ပြောလို့ သွားကြည့်တော့လည်း အဲ့ဒါ မင်းမဟုတ်မှန်း ငါသိတယ် ဒါပေမဲ့ သူတို့က ငါ့စကားကို မယုံကြဘူး"


"သူတို့ ခေါ်လာတဲ့ အန်းယန်က ရိုင်းလည်းရိုင်းတယ်၊ ရုပ်ကလည်း မချောဘူး၊ သူ့ကို မင်းလို့ ဘယ်လိုလုပ်ပြီး မှားနိုင်မှာလဲ!" 


ချိုက်ဖျင်ရွှမ်း ဒေါသတကြီးပြောရင်း အန်းချင် ပါးလေးအား လှမ်းဆွဲလိုက်သည်။


"မင်းက ငယ်ငယ်တုန်းက အရုပ်ကလေးနဲ့တူတာ၊ ငါဆို မင်းကို အိမ်ကို ခိုးပြေးချင်စိတ်တောင် ပေါက်ခဲ့တာ"


အန်းချင် တစ်ခဏမျှ ကြောင်အသွားသည်။ မျိုးရိုးဗီဇသုတေ သနဌာနမှာ သူ့အကြောင်း ဘာအချက်အလက်မှမရှိရခြင်းအကြောင်းရင်းကို သူ နားလည်သွားပြီ၊ သူသည် အခြားတစ်ယောက်နှင့် အစားထိုးခံခဲ့ရခြင်းပင်။


ချိုက်ဖျင်ရွှမ်း အဆက်မပြတ် စကားဖောင်ဖွဲ့နေဆဲပင်။


"ဦးလေးကော အန်တီကော မျက်စိကန်းနေကြပြီလားလို့တောင် ငါ သံသယဝင်မိတယ်၊ အဲ့ဒီ စိတ်ပျက်စရာကောင်းတဲ့ အန်းယန်က ဘယ်လိုလုပ်ပြီး မင်း ဖြစ်နိုင်မှာလဲ!"


အန်းချင် ဤမျှအထိ ခင်မင်လွန်းနေသောသူနှင့် မည်သို့ဆက်ဆံရမှန်း မသိသဖြင့် သူ့အား ပြုံးပြလိုက်ရုံသာတတ် နိုင်သည်။


သူ့အပြုံးအား မြင်လိုက်ရသည့် ခဏမှာပင် ချိုက်ဖျင်ရွှမ်း ရင်ဘတ်ကို ဖိလိုက်မိသည်။


"အို... ငါ ဘယ်လိုလုပ်ရမလဲ? မင်းကို အိမ်ခိုးပြေးချင်တဲ့စိတ်က ပိုတိုးလာပြီ! ငါ့ကို အဲ့လိုမျိုး ထပ်မပြုံးပြပါနဲ့တော့!"


"ကျွန်တော် ငယ်ငယ်က အကြောင်းတွေ ဘာမှမမှတ်မိတော့ဘူး၊ ခင်ဗျားက ဘယ်လိုလုပ် မှတ်မိနေတာလဲ" 


အန်းချင် အပြုံးကိုရပ်လိုက်ပြီး ချိုက်ဖျင်ရွှမ်းအား သေသေ ချာချာ မေးလိုက်သည်။


"မင်းက ပြုံးနိုင်သေးတာပဲ" 


ချိုက်ဖျင်ရွှမ်း ခပ်တိုးတိုးလေး ရယ်လိုက်သည်။


"ငါလည်း မသိဘူး၊ ငါကတော့ မှတ်မိနေတာပဲ၊ ငါ ငယ်ငယ်က ပြောခဲ့တဲ့ စကားတွေကိုတောင် မှတ်မိသေးတယ်၊ အန်းယန် ငါတို့အိမ်ကို စရောက်တုန်းက တစ်ပတ်လုံးလုံး အိပ်ရာထဲမှာ ရှုးပေါက်ချခဲ့တယ်ဆိုတာကိုတော့ ငါ မင်းကို လုံးဝ ပြောပြမှာ မဟုတ်ဘူးနော်!"


အန်းချင် : .......


ချိုက်ဖျင်ရွှမ်း သူ့အား သတိပေးရှာသည်။


"နောင်ကျရင် အန်းယန်နဲ့ သိပ်မပတ်သက်နဲ့နော်၊ အဲ့ဒီလူတွေက လူကောင်းတွေမဟုတ်ဘူး၊ အကုန်လုံးက ကောက်ကျစ်ပြီး ယုတ်မာတတ်ကြတာ၊ အထူးသဖြင့် အဲ့ဒီ ယန်ကျားယွီပေါ့"


အန်းချင် နားလည်ကြောင်း ခေါင်းညိတ်ပြလိုက်သည်။


"မင်း တကယ်ကို ဒုက္ခတွေ အများကြီးခံခဲ့ရမှာပဲ" 


ချိုက်ဖျင်ရွှမ်း၏ ဝိုင်းစက်သော မျက်နှာထက်တွင် ဝမ်းနည်းရိပ်များ ဖြတ်သန်းသွားသည်။


"မင်း ငယ်ငယ်တုန်းက သိပ်ချစ်ဖို့ကောင်းတာ၊ စကားပြောရင်လည်း ရယ်ရယ်မောမောနဲ့ သိပ်အလိုက်သိတာ"


သူ့လေသံမှာ ဝမ်းကွဲအစ်ကိုထက် မိဘအရင်းတစ်ဦး၏ လေသံနှင့်ပင် ပိုတူနေသေးသည်။


အန်းချင် ရင်ထဲတွင် ခံစားချက်ပေါင်းစုံ ပြည့်လျှံသွားသော် လည်း ဘာပြန်ပြောရမည်မှန်း မသိတော့ပေ။ သူ ချိုက်ဖျင်ရွှမ်း၏ ပုခုံးအား ညင်သာစွာ ပုတ်ပေးလိုက်ရင်း 


"ကျွန်တော် အဆင်ပြေပါတယ်၊ ကျေးဇူးတင်ပါတယ်"  


ချိုက်ဖျင်ရွှမ်းမှာ အန်းမိသားစုထံ သူပြန်ရောက်လာပြီးနောက် သူ့အတိတ်ဘဝအကြောင်းအား ပထမဆုံးအကြိမ် စိုးရိမ်တကြီး မေးမြန်းပေးသူ ဖြစ်သည်။


"မှတ်ထားနော်၊ အန်းယန်နဲ့ ဘယ်တော့မှ အပြင်မထွက်နဲ့၊ အပြင်သွားချင်တာဖြစ်ဖြစ်၊ တစ်ခုခု လိုအပ်တာဖြစ်ဖြစ် ရှိရင် ငါ့ကိုပဲ ဆက်သွယ်လိုက်!" 


သူ အန်းချင်၏အဆက်အသွယ် ရရန် ဖုန်းအား ထုတ်လိုက်သည်။


အန်းချင် ဖုန်းကို တုံ့တုံ့ဆိုင်းဆိုင်းဖြင့် ကိုင်တွယ်အသုံးပြုနေသည်ကို ကြည့်ရင်း ချိုက်ဖျင်ရွှမ်း ရင်ထဲတွင် နောက်တစ်ကြိမ် စိတ်မကောင်းဖြစ်ရပြန်သည်။


"မင်းကို ငါ့သူငယ်ချင်းတွေနဲ့ မိတ်ဆက်ပေးမယ်!"


စကားပင် အဆုံးမသတ်ဘဲ သူသည် အန်းချင်အား သူ့သူငယ်ချင်းအသိုင်းအဝိုင်းထဲသို့ ဆွဲခေါ်သွားတော့သည်။


"ဟေး... ချိုက်ရှောင်ပန်း၊ မင်း နောက်လိုက်အသစ် တစ်ယောက် ရလာတာလား" 


ယန်ကျားယွီ အသံမှာ ချိုက်ဖျင်ရွှမ်း နောက်နားတွင် တစ္ဆေတစ်ကောင်နှယ် ကပ်ပါလာသည်။


 "လက်မှာ အညစ်အကြေးတွေ ပေကျံနေတဲ့သူကို မင်းက ရတနာတစ်ခုလို ဆက်ဆံနေတာလား?"


"မင်း လျှောက်ပြောမနေနဲ့!" 


ချိုက်ဖျင်ရွှမ်း ယန်ကျားယွီအား ဘယ်တုန်းကမှ မျက်နှာသာ ပေးလေ့မရှိပေ။ သူ အန်းချင်အား သူ့အနောက်သို့ ပို့ကာ ကာကွယ်လိုက်သည်။


"ငါ့ဝမ်းကွဲက အဲ့လိုလူမျိုး လုံးဝမဟုတ်ဘူး!"


"ချိုက်ရှောင်ပန်း၊ မင်း လူမှားနေပြီ၊ ဒါမှ မင်းရဲ့ ဝမ်းကွဲအစ်ကိုကွ" 


ယန်ကျားယွီ သူ့နောက်မှ ပါလာသော အန်းယန်အား ချိုက်ဖျင်ရွှမ်းရှေ့သို့ တွန်းထုတ်လိုက်သည်။


 "ဟိုကောင်က ဘာဝမ်းကွဲလဲ!"


"ဖွီး! သူက ငါ့ဝမ်းကွဲမဟုတ်ဘူးဆိုတာ ငါငယ်ငယ်ကတည်း က သိပြီးသား၊ လူကြီးတွေကသာ မျက်စိကန်းချင်ယောင် ဆောင်နေကြတာ" 


ချိုက်ဖျင်ရွှမ်း နှာခေါင်းကို ပိတ်ကာ နောက်သို့ ခြေတစ်လှမ်း ဆုတ်လိုက်သည်။


"သူကသာ ငါ့ရဲ့ တစ်ဦးတည်းသော ဝမ်းကွဲပဲ"


အန်းချင် ချိုက်ဖျင်ရွှမ်းလက်အား ညှစ်လိုက်ပြီး မျက်စိတစ်ချက် မှိတ်ပြလိုက်သည်။ ထို့နောက် မျက်တောင်များကို အသာချလိုက်ရာ ရှည်လျားသော မျက်တောင်ဖျားများမှာ သူ့ မျက်ဝန်းထဲမှ အတွေးများကို ဖုံးကွယ်သွားတော့သည်။ ထို့နောက် သူ ပြောလိုက်၏။


 "မင်းနဲ့ သခင်လေးယန်တို့က တကယ့်ကို ဆက်ဆံရေး ကောင်းကြတာပဲနော်၊ ငါလည်း အဲ့ဒီလို သူငယ်ချင်းမျိုးတွေ ရှိချင်မိတယ်"


အန်းချင်  "သူငယ်ချင်း" ဆိုသည့် စကားလုံးအား အဓိပ္ပာယ်များစွာပါဝင်နေသည့် လေသံဖြင့် အလေးပေးပြောလိုက်သည်။ အစောပိုင်းက သူပြောခဲ့သည့်စကားကို အန်းယန်၏ လူစုလေးသာ ကြားခဲ့ရသော်လည်း၊ ယခုတွင်မူ လူအများအပြား ကြားသွားကြရပြီဖြစ်သည်။