Ch 4
Viewers 7k

🍒 Chapter 4




စကားပြောသူမှာ အန်းယန်၏သူငယ်ချင်းကောင်း ယန်ကျားယွီ ဖြစ်ပြီး A City ရှိ အချမ်းသာဆုံး ဒုတိယမျိုးဆက် သူဌေးသား တစ်ဦးဖြစ်သည်။ မိသားစု၏အလိုလိုက်ခြင်းခံရသူဖြစ်သဖြင့် သူသည် ဘာကိုမှ မကြောက်တတ်သူဖြစ်သည်။ သူ အန်းယန် ပုခုံးအား ဖက်လိုက်ရင်း  


"ငါတို့ ညီအစ်ကိုတွေ ဒီည မင်းအတွက် ကလဲ့စားချေပေးပါ့မယ်"


ပုခုံးအား အကိုင်ခံလိုက်ရသောအခါ အန်းယန်နားရွက်တစ်ဖက်မှာ မသိမသာ နီမြန်းသွားသည်။ သူ အသံကို နှိမ့်ကာ 


"ကျေးဇူးပါ ကျားယွီ၊ သူလည်း သနားဖို့ကောင်းပါတယ်၊ သိပ်တော့ အစွန်းမရောက်စေနဲ့နော်"


"ဒါပေါ့... ဘယ်သူမှ သေသွားမှာမဟုတ်ပါဘူး၊ အလွန်ဆုံးတော့ သူ့မှာ မပိုင်ဆိုင်သင့်တာကို မမက်မောအောင် သင်ခန်းစာလေး ပေးရုံပါပဲ"


မူလက ယန်ကျားယွီမှာ ပွဲအားလာရန် အစီအစဉ်မရှိခဲ့ပေ။ သူ လာရောက်ခြင်းကပင် အန်းချင်အတွက် မျက်နှာပန်းလှစေမည်ဟု သူ ယူဆထားသောကြောင့် ဖြစ်သည်။ သို့သော် သူ့သူငယ်ချင်းထံမှ အမွေလုမည့်သူမှာ မည်ကဲ့သို့သော လူမျိုးလဲဆိုသည်ကို သိချင်လာခဲ့သည်။ အကယ်၍ ထိုလူအား သတိပေးပြီး လက်လျှော့သွားအောင် လုပ်နိုင်လျှင် ပို၍ပင် ကောင်းပေလိမ့်မည်။


ညစာစားပွဲကျင်းပရာ ခန်းမကြီးမှာ ကျယ်ပြောလှပြီး အဓိက ဧည့်သည်တော် မပေါ်လာမီကပင် လူများဖြင့် စည်ကားနေပြီ ဖြစ်သည်။ လူတိုင်း၏ မျက်နှာပေါ်တွင် အပြုံးကိုယ်စီ ရှိနေကြသော်လည်း ထိုအပြုံးများမှာ မည်မျှအထိ စစ်မှန်သည်ကိုမူ မည်သူမှမသိနိုင်ပေ။


လူအများစု ရောက်ရှိလာသည်ကို မြင်သောအခါ အန်းကျင်းကျစ် လူတိုင်း၏ အာရုံကို ရယူရန် ချောင်းတစ်ချက် ဟန့်လိုက်သည်။


"အားလုံး သိကြတဲ့အတိုင်းပါပဲ၊ ကျွန်တော့်ရဲ့ သားကြီးဟာ လွန်ခဲ့တဲ့ ဆယ်နှစ်ကျော်က ပျောက်ဆုံးသွားခဲ့ပါတယ်၊ ကျွန်တော်နဲ့ ဇနီးဖြစ်သူဟာ သူ့ကို ရှာဖို့ ဘယ်တော့မှ လက်မလျှော့ခဲ့ပါဘူး၊ ကံကောင်းထောက်မစွာနဲ့ပဲ ကျွန်တော်တို့ရဲ့ ကြိုးစားမှုတွေ အရာထင်ခဲ့ပြီး သူ့ကို ပြန်တွေ့ခဲ့ပါပြီ" 


သူ မျက်ရည်သုတ်ဟန် ဆောင်လိုက်ပြီး ဘေးနားတွင် အပြစ်ကင်းစင်ဟန် ဆောင်ကာရပ်နေသော အန်းချင်အား သူ့အနားသို့ ဆွဲခေါ်လိုက်သည်။


"ဒါကတော့ ကျွန်တော့်ရဲ့သားကြီး အန်းချင်ပါ၊ နောင်အနာဂတ်မှာလည်း သူ့ကို အစစအရာရာ ကူညီစောင့်ရှောက်ပေးကြပါဦး"


အန်းချင်မှာ အန်းကျင်းကျစ်ဘေးတွင် ရပ်နေသည်။ သူနှင့် အံမဝင်လှသော ဝတ်စုံကြီးသည်ပင် သူ့ခန္ဓာကိုယ်တည် ဆောက်ပုံ အလှအား မဖုံးကွယ်နိုင်ပေ။ ယခုအခါ အနက်ရောင် ပြန်ဆိုးထားသော သူ့ဆံပင်များမှာ အနည်းငယ် လှိုင်းတွန့်နေသည်။ တောက်ပသော သူ့ မျက်ဝန်းအိမ်ကြီးများမှာ အာရုံစူးစိုက်မှု ကင်းမဲ့နေဟန်ဖြင့် ခန်းမကျယ်ကြီးအတွင်း ဝေ့ဝဲကြည့်နေပြီးမှ၊ မီတာအနည်းငယ်အကွာရှိ ကြမ်းပြင်ပေါ်မှ အကွက်များထံတွင်သာ အကြည့်ကို တန့်ထားလိုက်တော့သည်။


"အားလုံးကို ကျေးဇူးတင်ပါတယ်" 


'စကားများရင် အမှားပါတတ်တယ်' ဟူသော အမေဖြစ်သူ၏ သင်ကြားမှုကို နာခံသောအားဖြင့်၊ သူ ထိုစကားတစ်ခွန်းမှအပ ဘာမှထပ်မပြောဘဲ အန်းကျင်းကျစ် ဘေးတွင်သာ ငြိမ်သက်စွာ နေလိုက်သည်။ တစ်စုံတစ်ယောက်မှ သူ့အား ကြည့်လိုက်တိုင်း သူသည် ပြန်လည်ပြုံးပြသည်။ ထိုအပြုံးမှာ မည်သည့်ထောင့်ကကြည့်ကြည့် အပြစ်ဆိုဖွယ်မရှိအောင်ပင် ပြည့်စုံလွန်းလှသည်။


"ယန်ယန်... မင်းအစ်ကို့ကို ခေါ်သွားပြီး မင်းသူငယ်ချင်းတွေနဲ့ မိတ်ဆက်ပေးလိုက်ဦးလေ" 


ချိုက်ရှီယွင် အန်းကျင်းကျစ်လက်မောင်းကို ချိတ်ထားရင်း၊ သားနှစ်ယောက်၏ညီအစ်ကိုသံယောဇဉ်အား ကြည့်ကာ သူမ နှစ်ရှည်လများ တောင့်တခဲ့သော ဆန္ဒပြည့်ဝသွားပြီဟု ခံစားနေရသည်။ ယခုမှစ၍ သူမ ဘဝလက်ကျန်အချိန်များမှာ ပျော်ရွှင်မှုနှင့် ငြိမ်းချမ်းမှုများသာ ရှိတော့မည်ဟု သူ ယုံကြည်နေတော့သည်။


အန်းချင် သူ့ထံသို့ စုပြုံကျရောက်နေသော အကြည့်များအား အနည်းငယ်မျှ ဂရုမစိုက်ဘဲ အန်းယန်နောက်မှ လိုက်သွားခဲ့သည်။


"ဪ... ဒါက မင်းရဲ့ အဆင့်မရှိတဲ့ အစ်ကိုဆိုတာလား" 


ယန်ကျားယွီ အန်းယန် ထိုကောင်လေးအား သူ့ထံ ခေါ်လာသည်ကို ကြည့်ရင်း အန်းယန်အား သူ့ဘေးသို့ ဆွဲခေါ်လိုက်သည်။ ထိုအခါ လူအုပ်မှာ နှစ်စု ချက်ချင်း ကွဲသွားတော့ သည်။ တစ်ဖက်တွင် အန်းချင် တစ်ယောက်တည်း ဖြစ်ပြီး၊ အခြားတစ်ဖက်တွင်မူ အန်းယန်နှင့် သူ့အပေါင်းအပါများ ဖြစ်သည်။


"ကြည့်ရတာတော့ အသွင်အပြင်ရှိသားပဲ၊ ဒါပေမဲ့ ဒီလို ခမ်းနားတဲ့ ပွဲမျိုးကို တစ်ခါမှ မမြင်ဖူးဘူး မဟုတ်လား" 


အန်းယန်၏နောက်လိုက်တစ်ဦးမှ ဝင်ပြောလိုက်သည်။


"ဒီရင်ထိုးက ပြီးခဲ့တဲ့ အခေါက်က သခင်လေးယန်က အန်းယန်ကို ပေးထားတဲ့ဟာ မဟုတ်လား? ဘယ်လိုဖြစ်ပြီး..."


အန်းချင် သူ့အဝတ်အစားပေါ်ရှိ ရင်ထိုးအား ငုံ့ကြည့်လိုက်မိပြီးမှ၊ အန်းယန် ဘာကြောင့် သူ့ကို ဤရင်ထိုး ဝတ်ခိုင်းရသလဲဆိုသည်ကို နားလည်သွားတော့သည်။


ယန်ကျားယွီ မျက်နှာပေးမှာ ပြောင်းလဲသွားပြီး နှုတ်ခမ်းထောင့်တွင် လှောင်ပြုံးတစ်ခု ဆင်မြန်းလိုက်သည်။


"ဟုတ်တယ်၊ ဒီနေ့တော့ ရင်ထိုးပေါ့... မနက်ဖြန်ကျရင်ကော ဘာကို ထပ်ခိုးဖို့ ကြိုးစားဦးမှာလဲ"


အန်းချင် မျက်တောင်ခတ်လိုက်ရာ မျက်ရည်များမှာ ချက် ချင်းဝဲတက်လာတော့သည်။ သူသည် တုန်ရင်နေသော လက်များဖြင့် ရင်ထိုးအား ဖြုတ်လိုက်ရင်း အသံတုန်တုန်လေးဖြင့် 


"တောင်းပန်ပါတယ်... ကျွန်တော် ထင်တာကတော့ ညီလေးက ဒါကို မလှဘူးထင်လို့ ကျွန်တော့်ကို ပေးတယ်လို့ ထင်ခဲ့တာပါ၊ ဒါက ခင်ဗျားတို့ရဲ့ အမှတ်တရ ချစ်သက်သေမှန်း ကျွန်တော် တကယ် မသိခဲ့ပါဘူး၊ တောင်းပန်ပါတယ်"


သူ ရင်ထိုးအား ယန်ကျားယွီထံသို့ ကမ်းပေးလိုက်သည်။ တောက်ပသော စိန်ရင်ထိုးအောက်မှ အန်းချင်၏သွယ်လျသော လက်ချောင်းလေးများပေါ်တွင်မူ ကျက်သွားပြီဖြစ်သော ဒဏ်ရာဟောင်းများမှ အဖြူရောင် အမာရွတ်များမှာ ဗရပွ ရှိနေသည်ကို မြင်တွေ့လိုက်ရသည်။


"မင်း ဘာတွေ လျှောက်ပြောနေတာလဲ!" 


အန်းယန် မျက်နှာမှာ ရှက်စိတ်ကြောင့် နီမြန်းသွားပြီး ယန်ကျားယွီအား ခိုးကြည့်လိုက်မိသည်။


"ကျွန်တော် မှားသွားပါတယ်၊ တောင်းပန်ပါတယ်၊ သူက ခင်ဗျားကို ဒီလောက်တောင် ကာကွယ်ပေးနေတာဆိုတော့ ခင်ဗျားတို့ရဲ့ ဆက်ဆံရေးက တကယ်ကို နက်ရှိုင်းမယ်လို့ ကျွန်တော် ထင်မိလို့ပါ" 


အန်းချင် ရင်ထိုးအား အန်းယန် လက်ထဲသို့ ထည့်ပေးလိုက်ပြီး လက်ဖမိုးဖြင့် မျက်နှာကိုသုတ်လိုက်သည်။ သူ့ပုခုံးလေးများမှာ တသိမ့်သိမ့် တုန်နေပြီး အလွန်ပင် မတရားစော်ကားခံထားရသည့် ပုံစံမျိုးပေါက်နေတော့သည်။


အန်းယန်အား ဝန်းရံထားသော လူများမှာ အနောက်သို့ ဆုတ်သွားကြသဖြင့်၊ လူအုပ်အလယ်တွင် အန်းယန်နှင့် ယန်ကျားယွီ နှစ်ဦးတည်းသာ ကျန်ရစ်တော့သည်။


"ကျားယွီ... သူ့စကားတွေကို နားမယောင်နဲ့နော်" 


အန်းယန်မျက်နှာမှာ နီရဲနေပြီ ဖြစ်သည်။ ယန်ကျားယွီ လက်မှာ မိမိပုခုံးပေါ်သို့ မသိမသာ ကျရောက်လာသည်ကို ခံစားလိုက်ရသဖြင့် သူ ပိုစိတ်လှုပ်ရှားသွားတော့သည်။


ဘေးတွင် ရပ်နေသော အန်းချင်ကမူ တစ်စုံတစ်ခုအား မှားပြောမိသွားသကဲ့သို့ ပါးစပ်ကို လက်ဖြင့် အုပ်လိုက်ရင်း


"ညီလေး... တောင်းပန်ပါတယ်၊ မင်း သူ့ကို အဲ့ဒီအကြောင်း မပြောရသေးဘူးဆိုတာ ငါမသိလို့ပါ..."


အန်းယန် ရှက်ဒေါသ ထွက်သွားကာ လက်ကိုမြှောက်၍ အန်းချင် ပါးအား ရိုက်ရန် ရွယ်လိုက်သည်။


 "ပါးစပ်ပိတ်ထားစမ်း!"


အန်းချင် ခြေတစ်လှမ်း ဆုတ်လိုက်ပြီး အန်းယန်လက်အား ရှောင်တိမ်းလိုက်သည်။ လန့်ဖျပ်နေသော ငှက်ငယ်လေးတစ်ကောင်ကဲ့သို့ သူ့ မျက်နှာကို ကာကွယ်ရင်း၊ ပုခုံးလေးများ ကျုံ့ကာ ကြီးမားသော မတရားမှုကို ခံစားလိုက်ရသကဲ့သို့ အဝေးသို့ ပြေးထွက်သွားတော့သည်။


ကျန်ရစ်ခဲ့သော အန်းယန်မှာ စိတ်ပျက်လက်ပျက်ဖြင့် မိမိလက်အား ကြည့်နေမိသည်။ သူ့အနောက်မှ တိုးတိုးတိုးတိုးဖြင့် ပြောဆိုနေကြသော အသံများကိုလည်း သူ ကြားနေရပြီ ဖြစ်သည်။


"ဒါဆို ရှောင်ယန်က သခင်လေးယန်အပေါ် အဲ့လို စိတ်မျိုး ရှိနေတာပေါ့? မဟုတ်ရင် သခင်လေးယန် ပေါ်လာတာနဲ့ သူက တခြားဘယ်သူ့ကိုမှ မမြင်တော့တာ မဆန်းပါဘူး"


"ငါကတော့ အန်းချင်က မောက်မာတဲ့သူ ထင်နေတာ၊ ကြည့်ရတာတော့ မဟုတ်ဘူးပဲ"


"လူတစ်ယောက်ဟာ ခဏခဏ အရိုက်ခံရမှသာ အခုလိုမျိုး မသိစိတ်ကနေ တုံ့ပြန်တတ်တာ၊ အန်းချင်က အိမ်မှာ ခဏ ခဏ အရိုက်ခံနေရတာလား မသိဘူး"


အန်းယန် အံတင်းတင်းကြိတ်ကာ ထွက်ခွာသွားသော အန်းချင်အား ကြည့်နေမိသည်။ သူ့လက်သည်းများမှာ လက်ဖဝါးထဲသို့ စိုက်ဝင်နေပြီ ဖြစ်သော်လည်း၊ ထိုနာကျင်မှုကို သုံး၍ စိတ်လှုပ်ရှားမှုအား ထိန်းချုပ်လိုက်ရင်း ယန်ကျားယွီကို တည်ငြိမ်သော မျက်နှာထားဖြင့် လှည့်ကြည့်လိုက်သည်။


"ကျားယွီ... ငါ မဟုတ်ပါဘူး၊ ငါ အဲ့လို မရည်ရွယ်ပါဘူး"


အန်းချင် ခပ်သွက်သွက် လျှောက်လာခဲ့သည်။ ညစာစားပွဲခန်းမအတွင်းရှိ လူတိုင်း၏စူးစမ်းသော၊ အထင်သေးသော အကြည့်များမှာ မမြင်ရသော ကြိုးများကဲ့သို့ သူ့အား အသက်ရှူကျပ်စေသည်။ သူ အပြင်ဘက်မှ လတ်ဆတ်သော လေကို အပူတပြင်း လိုအပ်နေတော့သည်။


ညစာစားပွဲခန်းမ၏ အပြင်ဘက်တွင် ရေပန်းတစ်ခု အလယ် ဗဟို၌ရှိသော ပန်းခြံငယ်လေးတစ်ခု ရှိနေသည်။ အန်းချင် ပန်းခြံ၏ အနက်ရှိုင်းဆုံးနေရာရှိ တန်းလျားတစ်ခုအား ရှာတွေ့ကာ ဝင်ထိုင်လိုက်သည်။ နက်ကတိုင်ကို အသာလျှော့ချလိုက်ပြီးမှသာ သူသည် လူပြန်ဖြစ်လာသကဲ့သို့ ခံစားလိုက်ရတော့သည်။


"အဲ့ဒီ အန်းမိသားစုရဲ့ သခင်လေးကို ကြည့်စမ်းပါဦး၊ တကယ်ချောတာပဲ၊ ငါလောင်းရဲတယ်၊ အန်းမိသားစုက သူ့ကို တစ်စုံတစ်ယောက်ဆီ လက်ဆောင်အဖြစ် ပေးဖို့အတွက်ပဲ မွေးစားထားတာ နေမှာ"


"ဘယ်သူ့ဆီ ပေးဖို့လဲ"


"ဘယ်သူရှိဦးမှာလဲ၊ ဖေးမိသားစုဆီပေါ့၊ အဲ့ဒီလူက ယောကျ်ားလေးချင်း စိတ်ဝင်စားတယ်လို့ ငါကြားတယ်၊ အန်းမိသားစုက မြို့မြောက်ပိုင်းက မြေကွက်ကို ဖေးမိသားစုဆီကနေ လိုချင်နေတာလေ၊ အဲ့တော့ သူတို့လည်း တစ်ဖက်လူ နှစ်သက်မယ့်အရာကို ပေးရမှာပေါ့"


အန်းချင် တုန်လှုပ်သွားပြီး တိတ်ဆိတ်နေသော ပန်းခြံအတွင်း သူ့နှလုံးခုန်သံမှာ အကျယ်ကြီးထွက်ပေါ်နေသည်။ ကံကောင်းထောက်မစွာပင် စကားပြောနေသော ထိုလူနှစ်ဦးမှာ အမြန်ပင်ထွက်ခွာသွားကြသည်။ အန်းချင် သူ့ရင်ဘတ်အား တင်းတင်းဆုပ်ထားမိပြီး သူ့မျက်ဝန်းများမှာလည်း မှောင်မှိုင်မှုများဖြင့် ပြည့်နှက်သွားတော့သည်။


သူ ဤနေရာတွင် ထိုင်နေသည်မှာ ကြာပြီဖြစ်၍ တစ်စုံတစ် ယောက်မှ သူ့အား မကြာခင် လာရှာတော့မည် ဖြစ်သည်။ သူ ထရပ်ရန် ပြင်လိုက်စဉ်မှာပင် အသံတစ်ခု သူ့နားစည်ကို ဖောက်ထွင်းဝင်ရောက်လာခဲ့သည်။


"မင်း အနုပညာလောကကနေ အပယ်ခံရတယ်ဆိုတော့ကော ဘာဖြစ်လဲ? မင်း တခြားဘာလုပ်နိုင်သေးလို့လဲ? အရံသရုပ် ဆောင် သွားလုပ်ရင် လုပ်ပေါ့၊ ရုပ်ရှင်စတူဒီယိုတွေမှာ နောက်ခံလူ လုပ်နေရင်းနဲ့ တစ်နေ့ကျရင်တော့ အခန်းကဏ္ဍတချို့ ရလာမှာပါ" 


ထိုအသံမှာ လေထုအားခွင်း၍ ထွက်ပေါ်လာပြီး အန်းချင်၏ အတွေးစအားလုံးကို ရုတ်ခြည်း ရပ်တန့်သွားစေသည်။


ဤအသံသည် သူ အကြိမ်ကြိမ်ကြားဖူးခဲ့သော အသံဖြစ်ပြီး၊ အိပ်မက်ထဲတွင်ပင် တမ်းတခဲ့ရသောအသံဖြစ်သည်။


ထိုလူသည်ကား... ဖေးကျစ်ကျင်းပင်။