Ch 3
Viewers 7k

🍒 Chapter 3




"တောင်းပန်ပါတယ်..." 


အန်းချင် မျက်ရည်များ ဝဲတက်မလာစေရန် အားတင်းထားရင်း ခေါင်းကို ဂျစ်ကန်ကန်ဖြင့် မော့ထားလိုက်သည်။ 


"အိမ်ထဲကို မဝင်ခင် ပိုးသတ်ရမယ်မှန်း ကျွန်တော် မသိခဲ့လို့ပါ"


"ဘာတွေ ပြောနေတာလဲ... ကိုယ့်အိမ်ကိုယ်ပြန်လာတာပဲ၊ ဘာလို့ ပိုးသတ်ရမှာလဲ" 


ချိုက်ရှီယွင် ထိုသို့ ဆိုလိုက်သော်လည်း အန်းချင် အနားသို့မူ တစ်လှမ်းမှ တိုးမလာခဲ့ပေ။


အန်းယန် သူမအား တွဲထားပေးရင်း မျက်လွှာချကာတိတ် ဆိတ်နေသည်။


အန်းကျင်းကျစ် ပထမဆုံးနေ့မှာတင် အခြေအနေ အဆင်မပြေဖြစ်မှာ စိုးသဖြင့် ချောင်းတစ်ချက် ဟန့်လိုက်သည်။ သူ မျက်နှာထားကို အနည်းငယ် လျှော့ချလိုက်ပြီးမှ   


"ရှေ့နေကျန်း ပြောပြထားပြီးလောက်ပြီ ထင်ပါတယ်၊ မင်းက ငယ်ငယ်တုန်းက ပျောက်သွားခဲ့တာပါ၊ ငါတို့ကလည်း မင်းကိုအမြဲ ရှာနေခဲ့တာ"


သူ့ စကားလုံးရွေးချယ်မှုမှာ အလွန်ပင် ပါးနပ်လှသည်။ အကယ်၍ အန်းချင် A City သို့ စတင်ရောက်ရှိခဲ့စဉ်ကပင် မျိုးရိုးဗီဇအင်ဂျင်နီယာသိပ္ပံသို့ သွားရောက်စုံစမ်းခဲ့ခြင်းမရှိခဲ့ပါက၊ ယခု သူ့စကားများကို ယုံကြည်မိသွားနိုင်ပေသည်။


အန်းချင် မည်သို့ပြန်ပြောရမည်မှန်း မသိသဖြင့် မျက်ရည်ဝဲနေသော မျက်ဝန်းများဖြင့်သာ တိတ်ဆိတ်စွာ ရပ်နေမိသည်။


သူသည် မျက်ရည်ကျလုနီးပါးဖြစ်နေပြီး ဘာကိုမှ မမြင်ဖူးသည့် လူတောမတိုးသော ပုံစံမျိုးဖြစ်နေသည်ကို မြင်ရသောအခါ အန်းကျင်းကျစ် စိတ်ထဲတွင် ဒေါသအနည်းငယ် ထွက်လာသည်။ 


"ဒီနေ့ ငါ ကုမ္ပဏီ သွားရမယ်၊ မင်း အိမ်မှာပဲ အရင် နားနေလိုက်ဦး"


ထိုသို့ ပြောပြီးနောက် သူ ချိုက်ရှီယွင်အား လှည့်ကြည့်လိုက်သည်။


 "သူ့ကို ဆေးစစ်ဖို့ ခေါ်သွားလိုက်ဦး၊ ကြိုတင်ကာကွယ်တဲ့ အနေနဲ့ပေါ့..."


ချိုက်ရှီယွင် ခေါင်းညိတ်ပြသော်လည်း အန်းချင်မျက်လုံးများကိုမူ တည့်တည့်မကြည့်ရဲပေ။ 


"ယန်ယန်... မင်းအစ်ကို့ကို အပေါ်ထပ်က အခန်းသွားပြလိုက်ပါဦး"


"ဟုတ်ကဲ့ပါ"


အန်းယန်မှာ အန်းချင်ထက် အရပ်ရှည်သဖြင့် သူ့ရှေ့တွင် ရပ်နေသည်မှာ အရှိန်အဝါတစ်ခုခုဖြင့် ဖိနှိပ်ထားသကဲ့သို့ပင်။ သူ ပြုံးနေသော်လည်း လေသံမှာမူ အေးစက်လှသည်။


 "သွားရအောင် အစ်ကို..."


အန်းချင် သူ့နောက်မှ လိုက်သွားခဲ့သည်။ လှေကားထစ်များပေါ်တွင် လျှောက်လှမ်းနေရသည်မှာ လေထဲမှ တိမ်တိုက်များပေါ် လျှောက်နေရသကဲ့သို့ ခံစားချက်မျိုး ဖြစ်နေသည်။


ပတ်ဝန်းကျင်တွင် ဘယ်သူမှ မရှိတော့သည့်အခါ အန်းယန်သည် သူ့ဟန်ဆောင်မှုများကို ချွတ်ချလိုက်သည်။ 


"မင်းသာ ငြိမ်ငြိမ်ဝပ်ဝပ် နေမယ်ဆိုရင် ဒီမိသားစုထဲမှာ မင်းကို ကျွေးထားဖို့က မခက်ခဲပါဘူး၊ တကယ်လို့ မင်းသာ အေး အေးဆေးဆေး မနေဘူးဆိုရင်တော့ ချမ်းသာတဲ့ မိသားစုတစ်ခုရဲ့စည်းစိမ်ဆိုတာ ဘာလဲဆိုတာ ငါ မင်းကို သိအောင် လုပ်ပေးရလိမ့်မယ်"


အန်းချင် သူ့နောက်မှ လိုက်ပါလာရင်း ခြေလှမ်းများမှာ ငှက်မွေးတစ်စ ကမ်းပြင်ပေါ် ကျသကဲ့သို့ ပေါ့ပါးလွန်းလှသည်။


"ကျွန်တော် ဘာလို့ ပြန်လာခဲ့တာလဲ..."


အန်းချင် ထိုမေးခွန်းအား မည်သူ့ကို မေးနေသည်မှန်း မသိပေ။ အန်းယန်ကိုလား၊ သူ့ကို စောစောစီးစီးကတည်းက စွန့်ပစ်ထားခဲ့သည့် မိဘများကိုလား၊ သို့မဟုတ် မိမိကိုယ်ကိုယ်လား?


အန်းယန် သူ့ရှေ့မှ အန်းချင်အား ကြည့်လိုက်မိသည်။ ဤသည်မှာ သူတို့ ပထမဆုံးအကြိမ် တွေ့ဆုံခြင်း ဖြစ်သော် လည်း၊ အန်းချင်၏သေးငယ်သော ခန္ဓာကိုယ်ထဲတွင် မည်သည့်နေရာမှ ရောက်ရှိလာမှန်း မသိသည့် အားကောင်းသော ခွန်အားတစ်ခု ကိန်းအောင်းနေသကဲ့သို့ ခံစားလိုက်ရသည်။


အန်းယန် ကြောင်အမ်းအမ်း ဖြစ်နေစဉ်မှာပင် အန်းချင် တံခါးကိုဖွင့်ကာ အထဲသို့ ဝင်သွားနှင့်ပြီဖြစ်သည်။


တံခါးပိတ်သွားသောအခါ အန်းချင် ကြမ်းပြင်ပေါ်သို့ ခွေခနဲ ထိုင်ချလိုက်ပြီး ဒူးနှစ်ဖက်ကြားတွင် မျက်နှာအပ်ကာလွန်ခဲ့ သော ရက်အနည်းငယ်က ဖြစ်ရပ်များအား ပြန်လည် စဉ်းစားနေမိသည်။


အန်းအိမ်တော်ရှိ အစေခံများ၏ လှောင်ပြောင်မှုများ၊ ရှေ့နေ ၏အထင်အမြင်သေးမှု၊ ဖခင်အရင်းဖြစ်သူ မျက်လုံးထဲမှ ကဲ့ရဲ့ရိပ်များ၊ မိခင်ဖြစ်သူ မျက်ဝန်းထဲမှ စိမ်းသက်နေသော အကြည့်များ...


သူ တကယ်ပဲ ပြန်လာခဲ့သင့်တာလား?


အန်းချင် ဘေးနားရှိ သူ့အထုပ်လေးအား ကြည့်လိုက်မိပြီးမှ ချုပ်တည်းထားသမျှ ခံစားချက်အားလုံးကို ဖွင့်ချလိုက်တော့သည်။ သူ ပြုံးလိုက်ရင်း  


"ဟုတ်တယ်... ငါ မင်းအတွက်နဲ့ ပြန်လာခဲ့တာ"


ထိုအပြုံးနောက်ကွယ်တွင် သူ့ဒူးခေါင်းအောက်မှ ကြမ်းပြင်ပေါ်၌ မျက်ရည်စက်များ စိုစွတ်ကုန်တော့သည်။


နောက်တစ်နေ့ နံနက်တွင် အန်းချင် အိမ်မက်ဆိုးတစ်ခုကြောင့် ပြန်လည် နိုးလာပြန်သည်။ သူ့အောက်ရှိ နူးညံ့လှသော အိပ်ရာခင်းများမှာ သူ့အား ဟာတာတာ ဖြစ်စေသဖြင့် ရိုက်ကူးရေးစခန်းရှိ စုပေါင်းအိပ်စင်များကိုပင် သတိရမိစေသည်။


အိမ်တော်ထိန်းကြီးမှာ တံခါးကို ရိုင်းစိုင်းစွာပင် လာရောက်ထုနှက်နေသည်။ အန်းချင် ထွက်လာသောအခါ သူမ မျက်လုံးကို အစွမ်းကုန်လှန်ကြည့်ရင်း 


"နယ်က လာတဲ့လူဆိုတော့လည်း ထုံးစံအတိုင်းပဲ၊ အဆင့် အတန်းဆိုတာ လုံးဝကို မရှိတာ"  


အန်းချင် အောက်ထပ်သို့ ဆင်းလာချိန်တွင် သူတို့ သုံးယောက်မှာ မနက်စာစားပြီးနေကြပြီ ဖြစ်သည်။ ချိုက်ရှီယွင် ခင်ပွန်းနှင့် သားဖြစ်သူအတွက် နက်ကတိုင်များ အသီးသီး ချည်ပေးနေသည်။


"ရှီယွင်... ဒီနေ့ သူ့ကို ဆေးစစ်ဖို့ သေချာခေါ်သွားနော်၊ ထူးဆန်းတဲ့ ရောဂါတွေ ပါလာမှာစိုးလို့ ပြီးတော့ သူ့ကို အဝတ်အစားတွေ ဝယ်ပေးဦး၊ ပြီးရင် ယဉ်ကျေးမှုရှိအောင်လည်း သင်ပေးလိုက်၊ ငါ့မျက်နှာ ပျက်အောင် မလုပ်စေနဲ့"


အန်းချင် ဘေးတစ်ဖက်တွင် တိတ်ဆိတ်စွာ ရပ်နေရင်း နှုတ်ခမ်းထောင့်တွင် အပြုံးဖျော့ဖျော့လေး ဆင်မြန်းကာ  


"အဖေ့ရဲ့ ဂရုစိုက်မှုအတွက် ကျေးဇူးတင်ပါတယ်"  


သူ့အားကျနေသော အကြည့်များမှာ အန်းယန်ထံသို့ ကျရောက်သွားသည် ။


 "ညီလေးက ဒီလိုအင်္ကျီကောင်းကောင်းတွေ ဝတ်ရတာကို တကယ် အားကျမိတယ်၊ ဒီလောက်ကောင်းတဲ့ ပိတ်သားမျိုးကို ကျွန်တော် တစ်ခါမှမမြင်ဖူးခဲ့ဘူး"


ချိုက်ရှီယွင် လက်များမှာ လေထဲတွင် တန့်သွားပြီး နှလုံးသားထဲတွင် ရုတ်တရက် ဝမ်းနည်းမှုတစ်ခုဖြတ်ပြေးသွားသည်။


 "မေမေ ဒီနေ့ သားကို ဈေးဝယ်ခေါ်သွားပါ့မယ်" 


သူမ ခဏလောက် စဉ်းစားပြီးနောက် အိတ်ထဲမှ ကတ်တစ်ခု ထုတ်ပေးလိုက်ရင်း "သား ပြန်ရောက်လာတာ၊ မေမေ သားကို မုန့်ဖိုးတောင် မပေးရသေးဘူးပဲ"


အန်းကျင်းကျစ် ထိုမြင်ကွင်းအားလုံးကို မြင်တွေ့နေရသော် လည်း တားဆီးခြင်းမပြုခဲ့ပေ။ သူသည် အန်းချင်အား မနှစ်သက်သည်မှာ မှန်သော်လည်း အန်းချင်မှာ သူ့သားအရင်းပင် ဖြစ်သည်။ သူ နွေးထွေးသော ဂရုစိုက်မှုအား မပေးနိုင်လျှင်ပင် အနည်းဆုံးတော့ ငွေကြေးကိုမူပေးနိုင်သည်ဟု ယူဆပုံရသည်။


အန်းမိသားစုမှ သားအဖနှစ်ယောက် ထွက်ခွာသွားပြီးနောက် ချိုက်ရှီယွင် အန်းချင်အား အန်းမိသားစုပိုင် ဆေးရုံသို့ ခေါ်ဆောင်သွားပြီး စစ်ဆေးနိုင်သမျှ အရာအားလုံး စစ်ဆေးစေတော့သည်။ အန်းချင် လက်ခံခြင်း မခံရမီ ဒုက္ခသုက္ခအမျိုးမျိုး ကြိတ်မှိတ်သည်းခံနေရသည့် လမ်းဘေးခွေးလေခွေး လွင့်တစ်ကောင်နှင့်ပင် တူနေတော့သည်။


အန်းချင် ထိုအရာများကို အရှက်တကွဲ ဖြစ်ရပ်များဟု မခံစားရတော့ဘဲ ထုံထိုင်းနေပြီ ဖြစ်သည်။


တစ်နေ့လုံး ဟိုရွှေ့ဒီပြောင်းနှင့် ရှုပ်ယှက်ခတ်နေပြီးနောက် အန်းချင် သူ့ပထမဆုံး လက်ကိုင်ဖုန်းအား ရရှိခဲ့သည်။


ထိုဖုန်းမှာ သူ့အတွက် ဘုရားပေးသည့် ဆုလာဘ်တစ်ခုကဲ့သို့ပင်။ သူသည် ရေငတ်နေသော ရေမြှုပ်တစ်ခုကဲ့သို့ ဖေးကျစ်ကျင်းနှင့် ပတ်သက်သမျှ သတင်းအချက်အလက် အားလုံး အငမ်းမရ ရှာဖွေဖတ်ရှုနေတော့သည်။


လွန်ခဲ့သော နှစ်ရက်လုံးလုံး သူ အခန်းထဲတွင်သာ အောင်းနေခဲ့ပြီး ဖုန်းကိုသာ ပွတ်နေမိသည်၊ သို့မဟုတ် ချိုက်ရှီယွင် သင်ကြားပေးသော ယဉ်ကျေးမှုရှိရန် စည်းကမ်းများကို နားထောင်နေခဲ့သည်။ အဘယ်ကြောင့်ဆိုသော် နောက်တစ်ပတ်တွင် အန်းကျင်းကျစ်မှ အန်းချင် မည်သူမည်ဝါဖြစ် ကြောင်း ကြေညာရန်အတွက် ဂုဏ်ပြုညစာစားပွဲ ကျင်းပမည် ဖြစ်သောကြောင့်ပင်။


ဆံပင်ညှပ်ဆရာ၏ လမ်းညွှန်မှုအောက်တွင် အန်းချင်၏ အဖြူရောင်ဆိုးထားသော ဆံပင်များကို အနက်ရောင်သို့ ပြန်လည်ပြောင်းလဲလိုက်ရာ သူသည် ပိုမိုနူးညံ့သိမ်မွေ့ပြီး နာခံတတ်သော ပုံစံမျိုးပေါက်သွားတော့သည်။ သူ့အား အမြဲမကြည်ဖြူခဲ့သော အန်းကျင်းကျစ်ပင်လျှင် ဆံပင်ညှပ်ဆရာကိုကြည့်ကာ ခေါင်းညိတ်ပြမိသည်။


သူဝတ်ဆင်ထားသော ဝတ်စုံမှာ ဂန္ထဝင်မြောက်သည့် အနက်ရောင်ဖြစ်ပြီး ငွေရောင်ဒီဇိုင်းများ ခပ်ဖျော့ဖျော့ ပါဝင်သဖြင့် ချမ်းသာကြွယ်ဝသည့် အရှိန်အဝါကို ဆောင်နေသည်။ ရင် ဘတ်ပေါ်ရှိ စိန်ရင်ထိုးလေးမှာ ငွေရောင်ပုံစံများနှင့် လိုက် ဖက်လှသော်လည်း အန်းချင်၏သေးငယ်သော မျက်နှာလေးနှင့် ယှဉ်လိုက်ပါက လူကြီးအင်္ကျီအား ကလေး ဝတ်ထားသကဲ့သို့ တစ်ခုခုတော့ လွဲချော်နေဆဲပင်။


ထို့နောက် ချိုက်ရှီယွင် အရှက်မကွဲစေရန် ညစာစားပွဲတွင် စကားအများကြီးမပြောရန် သူ့အား သတိပေးပြီး ဧည့်သည်များကို ကြိုဆိုရန် အလျင်အမြန်ထွက်သွားတော့သည်။ အန်းယန်နှင့် အန်းချင်တို့ နှစ်ယောက်တည်းသာ ကျန်ရစ်ခဲ့သည်။


အန်းယန် လှောင်ပြောင်လိုက်သည်။


"တောကြက်က ဘယ်တော့မှ ဒေါင်းမဖြစ်နိုင်ဘူးဆိုတာ ဒါကို ပြောတာပဲ၊ ဒေါင်းတောင်တွေကို ဝတ်ထားရင်တောင် စိတ်ဓာတ်ကတော့ နိမ့်ကျနေတုန်းပဲ"


အန်းချင် အန်းယန်စကားများကို အမြဲလျစ်လျူရှုထားလေ့ရှိသည်။ သူသည် ပြန်လည်ငြင်းခုံခြင်းမပြုဘဲ တိတ်ဆိတ်စွာသာ နားထောင်နေခဲ့သည်။


"ဒီမှာပဲ ငြိမ်ငြိမ်နေ၊ ငါ မခေါ်မချင်း အပြင်မထွက်လာနဲ့၊ အရှက်ရစရာကြီး"


အစောပိုင်းမှ ဆူညံနေသော မိတ်ကပ်ပြင်ခန်းမှာ ရုတ်တရက် တိတ်ဆိတ်သွားတော့သည်။


အန်းချင် သူ့ဖုန်းအား တင်းတင်းဆုပ်ထားရင်း ဖေးကျစ်ကျင်း အနုပညာလောကမှ ဘေးဖယ်ထုတ်ခံထားရသည်ဟူသော သတင်းကို ဖတ်လိုက်ရကာ ရင်ထဲတွင် မွန်းကျပ်သွားသည်။


ဖေးကျစ်ကျင်း ခုလေးတင် ဆုရထားတာပဲ၊ ဘယ်လိုလုပ် အပယ်ခံရမှာလဲ? ဒီအကျင့်ပျက် မီဒီယာတွေကတော့ တကယ့်ကို အောက်တန်းကျတာပဲ။ လူယုံကြည်လောက်မယ့် သတင်းကိုတောင် ရွေးပြီး မဖြန့်ကြဘူး။


မိတ်ကပ်ခန်းထဲတွင် သူ ဖေးကျစ်ကျင်းအတွက် မကျေမနပ် ဖြစ်နေစဉ်မှာပင် အပြင်ဘက်ရှိ ခန်းမအတွင်း၌ အန်းယန်၏ သူငယ်ချင်းများကလည်း အန်းယန်အတွက် မကျေမနပ် ဖြစ်နေကြသည်။


"မင်း တကယ်ပဲ ဒါကို သည်းခံနေတာလား? သူက မင်းဆီက အမွေကို လုဖို့ပြန်လာတဲ့သူလေ၊ မင်း ဘာလို့ သူ့အပေါ် ဒီလောက် ကောင်းနေရတာလဲ"