Ch 2
Viewers 7k

🍒 Chapter 2




သူ ဆုရသွားတာလား? တကယ်ကို အံ့သြဖို့ကောင်းလိုက်တာ



ဖျင်ယန့်ချိုး စားပွဲအား လက်သီးဖြင့် ထုလိုက်ပြီး အံကြိတ်ကာ ပြောလိုက်သံကို အန်းချင် ကြားလိုက်ရသည်။


"သူ့မှာ ဘာသရုပ်ဆောင်ချက် ရှိလို့လဲ ? သူက သူ့ဘာသာ သင်ယူထားတဲ့ အပြင်သရုပ်ဆောင်ပဲ၊ ငါကမှ စနစ်တကျ သင်တန်းဆင်းလာတဲ့သူ! ဒိုင်တွေက မျက်စိကန်းနေကြတာလား?"


သူ့အေးဂျင့်မှ အလျင်အမြန်ပင် ချော့မော့လိုက်ရသည်။


"ကဲပါ... ကဲပါ... ဒီရုပ်ရှင်မှာပဲ အကောင်းဆုံး ကြိုးစားကြတာပေါ့၊ ဒါရိုက်တာကျန်း ပြောတာတော့ ဒီကားက ဆုတွေရဖို့ ရည်ရွယ်ထားတာတဲ့၊ Hibiscus ဆုနဲ့ လွဲခဲ့ရင်တောင် Magnolia ဆု ရှိသေးတယ်၊ ပြီးတော့ နိုင်ငံတကာဆုတွေလည်း ရှိသေးတယ်၊ ငါတို့ အကုန်သိမ်းကျုံးယူရမယ်"


ဖျင်ယန့်ချိုး စိတ်အေးသွားမှသာ မိတ်ကပ်ဆရာမ အလုပ်အား အရှိန်မြှင့်လိုက်ရသည်။ သူ့ဇာတ်ဝင်ခန်းများ ရိုက်ကူးရန် အချိန်နီးကပ်နေပြီ ဖြစ်သည်။


ဖျင်ယန့်ချိုး မိတ်ကပ်ခန်းထဲမှ ထွက်ခွာသွားသော အန်းချင်ကို ကြည့်ကာ သူ့လက်ထောက်အား ခေါ်ပြီး တစ်စုံတစ်ခုကို တိုးတိုးလေး မှာကြားလိုက်သည်။


သူ ယနေ့ စိတ်အနှောင့်အယှက် ဖြစ်နေရသဖြင့် အန်းချင် သူ့အတွက် ဒေါသပုံချစရာ ပစ်မှတ်ဖြစ်သွားသည်။ မိမိစိတ် ကျေနပ်စေရန်အတွက် အန်းချင်အား ဒုက္ခပေးရန် သူ ဆုံး ဖြတ်လိုက်ခြင်းပင်။


အန်းချင် ရွှံ့ဗွက်အိုင်ထဲမှ ပြန်တက်လာသောအခါ သူ့မျက်နှာတစ်ခုလုံး ရွှံ့များပေကျံနေပြီး သူ့အဝတ်အစားများမှာလည်း ဖြူသည်ဟုပင် မပြောနိုင်တော့ပေ။ ဤဇာတ်ဝင်ခန်း ပြီးသွားသောအခါ သူ့အား ဝိုင်းဝန်းရိုက်နှက်သည့် အခန်းတစ်ခု ကျန်သေးသည်။


ထိုကဲ့သို့သော အခန်းမျိုးအား ဖျင်ယန့်ချိုး ကိုယ်တိုင် ရိုက် ကူးမည် မဟုတ်သည်မှာ အသေအချာပင်။


အန်းချင် ကိုယ်လက် အမြန်သန့်စင်ပြီးနောက် ရိုက်ကူးရေး ဆက်လုပ်ရသည်။ ရုပ်ရှင်အဖွဲ့မှ သူ့အား အနားယူပြီး အချိန်ဖြုန်းခွင့် မပေးပေ။


ပုံမှန်အားဖြင့် တိုက်ခိုက်ရေးအခန်းများမှာ တကယ်ထိမိအောင် ရိုက်ခြင်းမဟုတ်ဘဲ ဟန်ဆောင်ရိုက်ခြင်းသာ ဖြစ်သည်။


သို့သော် အန်းချင် သရုပ်ဆောင်သည့်အခါ တစ်ခုခု မှားယွင်းနေကြောင်း သတိပြုမိလိုက်သည်။ သူ့မျက်နှာချင်းဆိုင်မှ သရုပ်ဆောင်များမှာ သူ့ကို တကယ်ပင် အားဖြင့် ထိုးနှက်နေကြခြင်းဖြစ်သည်။ အန်းချင်၏ မျက်လုံးထောင့်မှ ကြည့်လိုက်ရာ ဖျင်ယန့်ချိုး ဘေးတစ်ဖက်တွင် ရပ်ကာ ယုတ်မာသော အပြုံးများဖြင့် ကြည့်နေသည်ကို တွေ့လိုက်ရသည်။


ရိုက်ကူးရေးတွင် ပါဝင်သော အပိုသရုပ်ဆောင်များမှာလည်း အန်းချင်အား မကြည်ဖြူကြသူများ ဖြစ်သဖြင့်၊ ယခုကဲ့သို့ ဗြောင်ကျကျ ဒုက္ခပေးနိုင်မည့် အခွင့်အရေးကို လက်လွှတ်ခံမည် မဟုတ်ပေ။


ရိုးရှင်းသော ဇာတ်ဝင်ခန်းတစ်ခုမှာ တစ်ဖက်လူမှ တမင်တ ကာ အမှားအယွင်းများ ပြုလုပ်နေသောကြောင့် ထပ်ခါတလဲလဲ အရိုက်ခံရသည့် အခန်း ဖြစ်သွားခဲ့သည်။ ထိုအခန်း ရိုက်ကူးပြီးစီးသွားချိန်တွင် အန်းချင်၏ နှုတ်ခမ်းနှင့် မျက်လုံးများမှာ သွေးစို့နေပြီး ခန္ဓာကိုယ်တစ်ခုလုံးလည်း ဒဏ်ရာများဖြင့် ပြည့်နှက်သွားတော့သည်။


"ပင်ပန်းသွားပြီနော်... အန်းလေး" 


ဖျင်ယန့်ချိုး အန်းချင်အနားသို့ မလာဘဲ ခပ်လှမ်းလှမ်းမှနေ၍ စက်ဆုပ်ရွံရှာဖွယ် အကြည့်များဖြင့် လှမ်းပြောလိုက်လေသည်။


အန်းချင် ပြုံးလိုက်သော်လည်း ဒဏ်ရာရထားသော နှုတ်ခမ်းတစ်ဝိုက် နာကျင်သွားမှုကြောင့် ရှုံ့မဲ့သွားကာ မေးလိုက်သည်။


"ရပါတယ်... အခုကော စိတ်သက်သာရာ ရသွားပြီလားဟင်"  


သူ့အသံမှာ တိုးမနေဘဲ ဘေးပတ်ဝန်းကျင်ရှိ လူအားလုံး ကြားနိုင်လောက်သည့် အနေအထားဖြစ်သည်။ ဖျင်ယန့်ချိုး မျက်နှာပေးမှာ အနည်းငယ် ပြောင်းလဲသွားတော့သည်။


သူသည် အန်းချင် နားသို့ ခြေလှမ်းအနည်းငယ် တိုးလာပြီးနောက် ချစ်ခင်ကြင်နာဟန်ဖြင့် ပုခုံးအား ပုတ်ပေးလိုက်သည်။ သို့သော် ထိုသို့ပုတ်ရာတွင် သိသိသာသာ အားထည့်ထားသဖြင့် အန်းချင်မှာ နာကျင်လွန်း၍ ချွေးပင်ပြန်လာရသည်။ 


"ငါ့စိတ်က မကောင်းစရာ အကြောင်းမှမရှိတာ၊ မင်းကပဲ အထိခိုက်မခံနိုင်လွန်း ဖြစ်နေတာပါ"


အန်းချင် နာကျင်မှုကို အောင့်ထားရင်း ဖျင်ယန့်ချိုးအား တောင်းပန်တိုးလျှိုးသော လေသံဖြင့် ပြောလိုက်သည်။


"ကျွန်တော် နားကြားမှားတာဖြစ်မှာပါ အစ်ကိုကြီးရယ်၊ တောင်းပန်ပါတယ်"  


သူ့တောင်းပန်မှုမှာ အလွန်ပင် နှိမ့်ချလွန်းလှသဖြင့် ဖျင်ယန့်ချိုး ဒေါသထွက်နေသော်လည်း ဘာမှဆက်မလုပ်နိုင်ဘဲ သူ့အား ထွက်ခွာခွင့် ပေးလိုက်ရုံသာ ရှိတော့သည်။


အန်းချင် မှန်ထဲတွင် ပေကျံနေသော မိမိမျက်နှာကို ကြည့်လိုက်သည်။ သူသည် ဖျင်ယန့်ချိုး၏ ရှေ့တွင် နာခံတတ်သော မြေးတစ်ယောက်လို နေလာခဲ့သည်မှာ ကြာခဲ့ပြီဖြစ်ပြီး၊ ထိုလူ ဖေးကျစ်ကျင်းအပေါ် မကောင်းပြောသမျှကိုလည်း အကြိမ်ကြိမ်ကြားခဲ့ရသူ ဖြစ်သည်။ ယနေ့တွင်မူ ထိုလူအား အနည်းငယ် ပြန်လည် တုံ့ပြန်လိုက်နိုင်ပြီ ဖြစ်သည်။


"အန်းချင်၊ တစ်ယောက်ယောက် မင်းကို လာရှာနေတယ်"


အန်းချင် ဘာမှမဖြစ်သလိုပင် ပြန်ထူးလိုက်သည်။ ဤသည် မှာ တစ်စုံတစ်ယောက်မှ သူ့အား နောက်ပြောင်နေပြန်ပြီဟု သူ ထင်နေခြင်း ဖြစ်သည်။ အပြင်တွင် တစ်ယောက်ယောက်မှ ရှာနေသည်ဟု လိမ်ညာခေါ်ထုတ်ပြီးနောက် သူ အပြင်ရောက်လျှင် တံခါးကို ပိတ်ထားကာ မည်မျှပင် ခေါက်စေကာမူ ဖွင့်မပေးသည့် ဖြစ်ရပ်မျိုးမှာ အကြိမ်ကြိမ် ရှိခဲ့ဖူးသည်။


အန်းချင် ရုပ်ရှင်စတူဒီယို အပေါက်ဝသို့ လျှောက်သွားသောအခါ ဇိမ်ခံကားတစ်စီးကိုသာ တွေ့လိုက်ရသည်။ သူ အသာအယာ ရယ်လိုက်မိသည်။ သူ တစ်ယောက်တည်း စိတ်ကူးယဉ်နေမိခြင်းသာ ဖြစ်ပေလိမ့်မည်။


"နေကောင်းလား၊ မင်းက အန်းချင်လား?" 


ဝတ်စုံအပြည့်နှင့် အမျိုးသားတစ်ဦး ဇိမ်ခံကားပေါ်မှ ဆင်းလာသည်။ သူ အန်းချင်အား ပစ္စည်းတစ်ခု၏တန်ဖိုးကို တွက်ချက်စစ်ဆေးနေသကဲ့သို့ စူးစမ်းစွာ ကြည့်ရှုနေသည်။


"ခင်ဗျားက ဘယ်သူလဲ?"


ထိုလူသည် အိတ်ထဲမှ လိပ်စာကတ်တစ်ခုကို ထုတ်ပေးလိုက်ရင်း "ငါက A City က အန်းမိသားစုရဲ့ရှေ့နေပါ၊ DNA စစ်ဆေးဖို့အတွက် မင်း ငါနဲ့ လိုက်ခဲ့ရမယ်"


အန်းချင် နေရာတွင်ပင် ကျောက်ရုပ်ကဲ့သို့ အေးခဲသွားသည်။ သူ စကားပြောရန် နှုတ်ခမ်းကို လှုပ်ရှားလိုက်သော်လည်း လည်ချောင်းထဲတွင် တစ်စို့နေသဖြင့် ဘာမှမထွက်လာဘဲ 

"အန်းမိသားစု...?" ဟုသာ တိုးတိုးလေး ရေရွတ်နိုင်တော့သည်။


ရှေ့နေသည် အန်းချင်၏ မျက်နှာပေးကို ကြည့်ကာ သူ ဘာတွေးနေသည်ကို သိသည့်ပုံဖြင့် အထင်အမြင်သေးသော လေသံဖြင့် ပြောလိုက်သည်။


"မြန်မြန်လိုက်ခဲ့၊ ငါ့မှာ လုပ်စရာတွေ အများကြီး ရှိသေးတယ်"


အန်းချင်  "ကျွန်တော် ခဏလောက် ပြန်ပြီး ပစ္စည်းတွေ သွားသိမ်းလို့ ရမလား"  


"ဘာတွေ သိမ်းဦးမှာလဲ ? စစ်ဆေးချက် ရလဒ်က မတူဘူးဆိုရင် မင်း ဒီကိုပြန်လာရမှာပဲ၊ တကယ်လို့ တူခဲ့မယ်ဆိုရင်လည်း အဲ့ဒီ အမှိုက်ပုံတွေကို မင်း လိုတော့မှာ မဟုတ်ဘူး" 


ရှေ့နေမှာ သူ့အား စိုက်ကြည့်ရင်း အမိန့်ပေးလိုက်သည်။


"ကားပေါ်တက်တော့"  


အန်းချင် ဝေဝေဝါးဝါးနှင့်ပင် ကားပေါ်သို့ လိုက်ပါသွားခဲ့ပြီး၊ ဝေဝေဝါးဝါးနှင့်ပင် စစ်ဆေးမှုများ ပြုလုပ်ခဲ့သည်။


သူသည် ကြိုးဆွဲရာကရသော ရုပ်သေးရုပ် တစ်ရုပ်ကဲ့သို့ တစ်စုံတစ်ယောက်မှ တွန်းပို့သည့်အတိုင်းသာ လှုပ်ရှားနေမိသည်။


စစ်ဆေးချက် ရလဒ်များမှာ အလျင်အမြန်ပင် ထွက်ပေါ်လာခဲ့ပြီး၊ နောက်တစ်နေ့တွင် အန်းချင်အား အန်းအိမ်တော်သို့ ခေါ်ဆောင်ရန် လူတစ်ယောက် ရောက်လာခဲ့သည်။


ဇိမ်ခံကားသည် သူတို့နေထိုင်ရာ အဆောင်ရှေ့တွင် ရပ်တန့်သွားသည်။ အန်းချင်မှာ သူ့အထုပ်အပိုးများကို တိတ်ဆိတ် စွာပင် သိမ်းဆည်းလိုက်သည်။ သူ့တွင် ပစ္စည်းများများစားစား မရှိပေ။ အများဆုံးရှိလှမှ တီရှပ် နှစ်ထည်၊ ယခုရာသီတွင် ဝတ်၍မရသော အနွေးထည် တစ်ထည်နှင့် ဟောင်းနွမ်းနေသော အိတ်တစ်လုံးသာ ရှိသည်။


"ဟေး... တစ်ယောက်ယောက်တော့ ကံထူးသွားပြီ ထင်တယ်"


"မဖြစ်နိုင်တာ၊ ငါလောင်းကြေးထပ်ရဲတယ်၊ သူ ကိုယ်ခန္ဓာကို ရောင်းစားလိုက်တာ ဖြစ်မှာ"


"အေးလေ၊ သူ့မှာ အသုံးကျတာဆိုလို့ မျက်နှာလေးတစ်ခုပဲ ရှိတာကိုး"


"မင်း ကြီးပွားသွားရင် ငါတို့ ညီအစ်ကိုတွေကို မမေ့နဲ့ဦးနော်"


အန်းချင် ထိုကဲ့သို့သော လှောင်ပြောင်သံအားလုံးကို ကြားနေရသော်လည်း ပြန်လည် ငြင်းခုံရန် အားအင် မရှိတော့ပေ။ သူ ထိုအထင်အမြင်သေးသော အကြည့်များအောက်မှ အခန်းပြင်သို့ ထွက်ခွာလာခဲ့သည်။


ကျဉ်းမြောင်းလှသော အခန်းငယ်လေးထဲမှ ထွက်လာသော အခါ ကျယ်ပြောသော ကောင်းကင်နှင့် ပင်လယ်ပြင်ကြီးကို တွေ့ရသော်လည်း၊ သူ့အနာဂတ်မှာမူ မသေချာ မရေရာ ဖြစ်နေဆဲပင်။


ကားပြတင်းပေါက်မှ တရိပ်ရိပ် ကျန်ရစ်ခဲ့သော ရှုခင်းများအား ကြည့်ရင်း အန်းချင် ရှုပ်ထွေးနေသော စိတ်နှင့်အတူ သိမ်ငယ်သော မျှော်လင့်ချက်လေးတစ်ခုကိုလည်း ခံစားနေမိသည်။


သူသည် မသိနားမလည်သေးသော အရာများကို ရင်ဆိုင်ရန်အတွက် ခွန်အားယူသည့်အနေဖြင့် မိမိအထုပ်အပိုးလေးအား တင်းတင်းကျပ်ကျပ် ဆုပ်ကိုင်ထားမိသည်။


ကားမှာ ဗီလာအိမ်ကြီးတစ်လုံးရှေ့တွင် လျင်မြန်စွာ ရပ်တန့်သွားသည်။ အန်းချင် ကားပေါ်မှ ဆင်းလိုက်ပြီး သူ၏ တစ်ခုတည်းသော အထုပ်လေးကို ဖက်ကာ ငြိမ်သက်စွာ ရပ်နေမိသည်။


သူ ဝတ်ဆင်ထားသည်မှာ အရောင်လွင့်နေသော တီရှပ်အဖြူ၊ ပြဲအာနေသော ဘောင်းဘီနှင့် ဘေးမှ ကွဲထွက်နေသော ဖိနပ်တစ်စုံသာ ဖြစ်သည်။ တံခါးဝတွင် ရပ်နေသော ဒေါ်ကြီးတစ်ယောက်မှာ နှာခေါင်းရှုံ့ရင်း ကဲ့ရဲ့လိုက်သည်။


 "ရှေ့နေကျန်း... ဒါ ကျွန်မတို့ ရှာတွေ့ခဲ့တဲ့ သခင်လေး ဆိုတာလား?"  


ရှေ့နေကျန်းမှာ သူမကို ခေါင်းယမ်းပြလိုက်ပြီး အန်းချင်အား တံခါးအတွင်းသို့ ဦးဆောင်ခေါ်သွားခဲ့သည်။


"သူဌေး... ဒါ အန်းချင် ပါ" 


ရှေ့နေကျန်း အန်းချင်အား ရှေ့သို့ တွန်းထုတ်လိုက်သည်။


အန်းချင်မှာ အန်းမိသားစု၏ ရှေ့တွင် ကြောက်ရွံ့တုန်လှုပ်လျက်၊ ဝေခွဲမရစွာဖြင့် ရပ်နေမိသည်။ သူ့မျက်နှာပေါ်တွင် ဒဏ်ရာများ ရှိနေဆဲဖြစ်ပြီး၊ သူ့ဆံပင်များမှာလည်း အဖြူရောင် ဆိုးထားသဖြင့် ကြည့်ရသည်မှာ လူလေလူလွင့် တစ်ယောက်နှင့်ပင် တူနေတော့သည်။


အန်းကျင်းကျစ် မျက်မှောင်ကြုတ်လိုက်ပြီး ရှေ့နေကျန်းအား မေးလိုက်သည်။


"မင်း လူမှားခေါ်လာတာ မဟုတ်ဘူးလား ? ဒီလိုလူစားမျိုးက ငါတို့မိသားစုဝင် ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ"


အန်းချင် ရေခဲတွင်းထဲသို့ ပြုတ်ကျသွားသကဲ့သို့ ခံစားလိုက်ရပြီး၊ သူ့သွေးများမှာလည်း ခဲသွားကာ ဆက်မစီးတော့သလိုပင်။ စောစောက သူ ခံစားခဲ့ရသော နောက်ဆုံးမျှော်လင့် ချက် အလင်းတန်းလေးမှာ စူးရှသော မြှားအစင်းပေါင်းများစွာအဖြစ် ပြောင်းလဲသွားကာ သူ့နှလုံးသားအား တစ်ချက် ချင်း စိုက်ဝင်သွားသလို ခံစားလိုက်ရတော့သည်။


"သူဌေး... လုံးဝ မမှားနိုင်ပါဘူး၊ သူ DNA စစ်ဆေးတာကို ကျွန်တော်ကိုယ်တိုင် စောင့်ကြည့်ခဲ့တာပါ"


ရှေ့နေကျန်း စစ်ဆေးချက်အစီရင်ခံစာကို အန်းကျင်းကျစ်ထံ ကမ်းပေးရင်း အန်းချင်အား တစ်ချက် အကဲခတ်လိုက်သည်။ 


"အမှားအယွင်း ရှိမှာ မဟုတ်ပါဘူး"


မဒမ်အန်းဖြစ်သူ ချိုက်ရှီယွင်မှာ DNA စစ်ဆေးချက်ရလဒ်အား မြင်လိုက်ရသည်နှင့်တစ်ပြိုင်နက် မျက်ရည်များ ပိုးပိုးပေါက်ပေါက် ကျလာကာ ပါးလွှာသော စာရွက်လေးမှာ ချက်ချင်းစိုစွတ်သွားတော့သည်။ သူမသည် အန်းချင်ကို စိုက်ကြည့်နေမိသော်လည်း မျက်ဝန်းအိမ်တွင် ပြည့်လျှံနေသော မျက်ရည်များကြောင့် ပုံရိပ်လွှာမှာ ဝေဝါးနေပြီး သဲသဲကွဲကွဲ မမြင်ရပေ။


သူမ အန်းချင်ကို ပြေး၍ ဖက်ထားချင်သော်လည်း အန်းယန် သူမ အား တားဆီးလိုက်ရင်း "မေမေ... သူက..."


အန်းယန်၏မဆုံးသေးသော စကားလုံးများနောက်ကွယ်မှ အဓိပ္ပာယ်မှာ ရှင်းလင်းလှပါသည်။ အန်းချင် ရရှိသွားသော တုန်လှုပ်မှုဒဏ်မှ ပြန်လည်နိုးထလာခဲ့ပြီး သူ့အေးစက်နေသော လက်ဖျားခြေဖျားများမှာလည်း တဖြည်းဖြည်း ပြန်လည် နွေးထူးလာခဲ့သည်။


ထိုမျှော်လင့်ချက်နှင့် အားကိုးရာ အရိပ်အယောင်လေးမှာ လွန်ခဲ့သော တစ်နှစ်၊ သူ မျိုးရိုးဗီဇအင်ဂျင်နီယာသိပ္ပံမှ ထွက်ခွာလာခဲ့သည့် နေ့ကတည်းက ပျောက်ကွယ်သွားခဲ့သင့်သည်သာ ဖြစ်သည်။ အပိုသရုပ်ဆောင်အဖြစ် တစ်နှစ်ကျော်ကြာ ကျင်လည်ခဲ့စဉ်အတွင်း ယခုကဲ့သို့သော ဇာတ်ဝင်ခန်းပေါင်းများစွာကို သူ မြင်တွေ့ခဲ့ဖူးပြီးသား မဟုတ်လား?


ယခုအခါတွင်မူ အန်းချင် ခေါင်းကို ငုံ့ထားလိုက်သည်။ သူ့နှုတ်ခမ်းထောင့်တွင် အပြုံးရိပ်တစ်ခု ခဏတာဖြတ်ပြေးသွားသော်လည်း ထိုအပြုံး၌ နွေးထွေးမှု လုံးဝကင်းမဲ့နေ သည်။ မျှော်လင့်ချက် မရှိမှတော့ စိတ်ပျက်စရာလည်း ထပ်မရှိနိုင်တော့ပေ။


သူ ခေါင်းကို ပြန်မော့လိုက်သောအခါတွင်မူ အန်းချင်၏ မျက်ဝန်းအိမ်တွင် မျက်ရည်စများ ပြည့်လျှံနေပြီး ပေါက်ကနဲ ကျဆင်းတော့မည့်အတိုင်း ဖြစ်နေသည်။ မျက်တောင်တစ်ခတ်အတွင်းမှာပင် ငှက်တောင်ကဲ့သို့ စိပ်နေသော သူ့မျက် တောင်ဖျားများတွင် မျက်ရည်ဥလေးများ တွဲခိုနေပြီး မြင်ရသူအပေါင်း သနားစဖွယ်ဖြစ်အောင် ဖန်တီးလိုက်သည်။


သူသည်လည်း သရုပ်ဆောင်တတ်သည်ပင်။