Ch 1
Viewers 7k

🍒 Chapter 1




အန်းချင်၏ မျက်စိရှေ့တွင် မြင်တွေ့နေရသည်မှာ အဆုံးစွန်သော မှောင်မိုက်ခြင်းသာ ဖြစ်သည်။ ရှူရှိုက်ရ ခက်ခဲစေသည့် ထိုနက်ရှိုင်းပြီး တိတ်ဆိတ်သော ဖိနှိပ်မှုကြီးမှာ သူ့အား ဝန်းရံထားသည်။ ပတ်ဝန်းကျင်တစ်ခုလုံးမှာ အတိုင်းအဆမဲ့ ကျယ်ပြောလှပြီး တောအုပ်ဆီမှ တိုက်ခတ်လာသော လေတိုးသံကိုလည်း သူ ကြားနေရသည်။ သို့သော် သူ ခေါင်းကို လှည့်ကြည့်လိုက်သောအခါတွင်မူ သူသည် သံလှောင်အိမ်ငယ်လေးတစ်ခုထဲ၌ ပိတ်လှောင်ခံထားရဆဲ ဖြစ်ကြောင်း သိလိုက်ရသည်။ သူ့ထံ တောရဲတိရစ္ဆာန်တစ်ကောင်ကဲ့သို့ စူးရှသော အစွယ်များ ရှိနေသော်လည်း ဤချုပ်နှောင်မှုမှ ရုန်းထွက်၍ နေ့အလင်းရောင်ကို မြင်တွေ့နိုင်စွမ်း မရှိသေးပေ။


"အန်းချင်... ထတော့! မြန်မြန်ပြင်ဆင်ပြီး မိတ်ကပ်လိမ်းတော့၊ ဖျင်ယန့်ချိုး မကြာခင် ရောက်လာတော့မယ်"


လူတစ်ယောက်က အန်းချင်ခြေသလုံးကို အားဖြင့် ကန်လိုက်ရာ ဖိနပ်ပေါ်ရှိ သံမှိုများကြောင့် နက်မှောင်သော အနီစွဲရာများ ထင်ကျန်ရစ်သည်။


အန်းချင် ထိုအိမ်မက်ဆိုးမှ နိုးလာခဲ့သည်။ ခြေထောက်မှ နာကျင်မှုကြောင့် သူ့အသိစိတ်များ ချက်ချင်းပြန်လည် နိုးကြားလာကာ အလျင်အမြန်ထရပ်လိုက်ရင်း တုံ့ပြန်လိုက်သည်။


 "ဟုတ်ကဲ့၊ အခုပဲ လာခဲ့ပါ့မယ်"  


မှောင်မည်းနေသော ကောင်းကင်ယံအား ကြည့်ရင်း အချိန်ကို ခန့်မှန်းကြည့်ရာ မနက်အစောပိုင်း နှစ်နာရီ သို့မဟုတ် သုံးနာရီခန့် ရှိပေလိမ့်မည်။


တစ်နှစ်ကျော်တိုင်အောင် သူသည် ဤရုပ်ရှင်စတူဒီယိုတွင် နေ့စဉ်နှင့်အမျှ အလုပ်လုပ်ခဲ့ရသည်။ ကံကောင်းသည့်နေ့များတွင် အလောင်းအဖြစ် သရုပ်ဆောင်ကာ ထမင်းတစ်နပ်စာ ရှာနိုင်သော်လည်း၊ ကံမကောင်းသည့်အခါမျိုးတွင်မူ နှစ်ရက် သုံးရက်ဆက်တိုက် အလုပ်မရှိဘဲ နေရသည်မှာ ရိုးအီနေပြီဖြစ်သည်။


လွန်ခဲ့သော လအနည်းငယ်က လူကြိုက်များသော မင်းသားငယ် ဖျင်ယန့်ချိုး သရုပ်ဆောင်သည့် "ဖျင်ရှောင်" ဟုခေါ်သော ရှေးဟောင်းဝတ်စုံသုံး အချစ်ရုပ်ရှင် စတင်ရိုက်ကူးခဲ့သည်။ ဖျင်ယန့်ချိုး၏ လူစားထိုးသရုပ်ဆောင်မှာ တိုက်ခိုက်ရေးအခန်း ရိုက်ကူးရင်း ဒဏ်ရာပြင်းထန်စွာ ရရှိသွားသဖြင့် ဖျင်ယန့်ချိုးကိုယ်တိုင် အခန်းများစွာ ဆက်လက်ရိုက်ကူးရန် မဖြစ်နိုင်တော့ပေ။


ထိုအခိုက်အတန့်တွင် အန်းချင်သည် ဖျင်ယန့်ချိုး၏ လူစား ထိုးသရုပ်ဆောင်ဖြစ်လာရန် အခွင့်အရေးအား ဆုပ်ကိုင်နိုင်ခဲ့သည်။ သူသည် မူလလူစားထိုးထက်ပင် ဖျင်ယန့်ချိုးနှင့် ပိုမိုတူညီပြီး အရပ်အမောင်းမှာလည်း အတူတူပင်။ အန်းချင်မှာ ဖျင်ယန့်ချိုးထက် အနည်းငယ်ပိန်သော်လည်း မိတ်ကပ်နှင့် ဆံပင်ပုံစံ ပြင်ဆင်ပြီးပါက ခြားနားချက်အား သိသာရန် ခက်ခဲလှသည်။


အန်းချင် ရုပ်ရှင်အဖွဲ့၏ မိတ်ကပ်ခန်းရှေ့တွင် ရပ်လိုက်သည်။ ကျယ်ပြောလှသော ရိုက်ကွင်းတစ်ခုလုံးမှာ မှောင်အတိကျနေဆဲ။ သူ အပေါက်ဝတွင် ဝင်ထိုင်လိုက်ပြီး ဒူးနှစ်ဖက်ကို ပိုက်ကာ ကောင်းကင်ယံရှိ ကြဲပြန့်နေသော ကြယ်ပွင့်အချို့အား ငေးကြည့်နေမိသည်။


A City သို့ သူစတင်ရောက်ရှိခဲ့သည့် ထိုဆောင်းရာသီ ညတစ်ညကို သူသတိရမိသည်။ သူ အိမ်မှ ငွေအားလုံး ခိုးယူကာ ထွက်ပြေးလာခဲ့ခြင်း ဖြစ်သည်။ A City ၏ဆောင်းရာသီမှာ သူ့ဇာတိမြို့ထက် အဆပေါင်းများစွာ ပိုမိုအေးစက်လှပြီး သူ့စုတ်ပြတ်နေသော အဝတ်အစားများမှာ အအေးဒဏ်ကို မကာကွယ်နိုင်ခဲ့ပေ။


အန်းချင် လမ်းထောင့်တစ်ခုတွင် ကွေးကွေးလေး ဝပ်နေရင်း ရွာရှိ လူကြီးသူမများ ပြောလေ့ရှိသည့် စကားတစ်ခွန်းအား ပြန်လည်ကြားယောင်နေမိသည်။


'လူတစ်ယောက် အအေးမိပြီး သေဆုံးသွားတဲ့အခါ သူတို့ရဲ့ ရုပ်အလောင်းမှာ ပြုံးနေတဲ့ အရိပ်အယောင် ရှိတတ်တယ်' တဲ့။ သူသာ အအေးမိပြီး သေသွားခဲ့လျှင် သူသည်လည်း ပြုံးနေမည်ဖြစ်ကြောင်း၊ ထိုအပြုံးသည်လည်း ရုပ်ဆိုးမည်မဟုတ်ကြောင်း သူ တွေးနေမိသည်။


သူ့စိတ်အစဉ်မှာ ဝေဝါးနေပြီ ဖြစ်သော်လည်း သူ နည်းလမ်းမျိုးစုံဖြင့် ပြုံးကြည့်နေမိသည်။ နှုတ်ခမ်းကို ကွေးရမလား၊ မျက်ခုံးကို ပင့်ရမလားဟု စဉ်းစားနေသည်။ သူသည် "မီးခြစ်ရောင်းသူလေး" ပုံပြင်အား မဖတ်ဖူးသဖြင့် သူ မသေဆုံးမီ သူ့အနီးအနားမှ တစ်ဦးဦးမှ သူ့အား လာရောက်ခေါ်ဆောင် သွားမည်လား ဆိုသည်ကိုမူ သူ မသိနိုင်ခဲ့ပေ။


သူ့မျက်လုံးများ ပိတ်ခါနီးအချိန်မှာပင် အန်းချင်၏ကွေးကွေးလေးဖြစ်နေသော ကိုယ်လုံးလေးပေါ်သို့ အနွေးထည်အပွကြီးတစ်ထည် လွှမ်းခြုံလာခဲ့သည်။ ဤကဲ့သို့သော နွေးထွေးမှုအား သူ မခံစားရသည်မှာ ကြာပြီဖြစ်သည်။ ထိုအနွေးထည်ထံမှ သင်းပျံ့သော ရနံ့တစ်ခု ရနေသည်။ အန်းချင် စာအုပ်များများစားစား မဖတ်ဖူးသဖြင့် ထိုရနံ့အား မည်သို့ဖော်ပြရမည်မှန်း မသိသော်လည်း အလွန်မွှေးပျံ့သည်ဟုသာ သူ ခံစားရသည်။


ထိုလူမှာ နှင်းနှင့် လေဒဏ်ကို ဖြတ်ကျော်ကာ ရောက်လာပြီး သူ့အား အနွေးထည်ကြီးနှင့် ပတ်ပေးကာ သူ့မျက်နှာကို လက်ဖြင့် ပွတ်သပ်ပေးနေသည်။ သူ့မျက်နှာလေး နီမြန်းလာသည်ကို တွေ့မှသာ ထိုသူမှာလက်မောင်းနှင့် ခြေထောက်များကိုပါ ဆက်လက် နှိပ်နယ်ပေးတော့သည်။


သွေးလည်ပတ်မှု ပြန်လည်ကောင်းမွန်လာသည်။ အန်းချင် မျက်လုံးကို တဝက်ခန့် ဖွင့်ကြည့်လိုက်ရာ သူ့ရှေ့ရှိ လူ၏ ဘေးတိုက်ပုံရိပ်အားမြင်လိုက်ရသည်။ လမ်းဘေးရှိ ဝါကျင့်ကျင့် မီးရောင်အောက်တွင် ထိုသူ၏ထင်ရှားသော မေးရိုးအား တွေ့ရသည်။ သူ့ပါးလွှာပြီး စေ့ထားသော နှုတ်ခမ်းလွှာများမှမချိုသာသော လေသံဖြင့် ထွက်ပေါ်လာသည်။


"ဒီလောက်အရွယ်လေးနဲ့ ဘာဖြစ်လို့ အိမ်ကနေ ထွက်ပြေးလာရတာလဲ!"


အန်းချင် ပြန်ပြောချင်သော်လည်း စကားတစ်လုံးမျှ မထွက်နိုင်ခဲ့ပေ။


ထိုလူမှာ သူ့အား ရဲစခန်းသို့ ပို့ရန် ရည်ရွယ်ထားသော်လည်း သူ့ဖုန်းမှာ အဆက်မပြတ် မြည်နေသဖြင့် အရေးကြီးကိစ္စ ရှိပုံရသည်။ ထိုသူ သက်ပြင်းတစ်ချက်ချကာ အိတ်ကပ်ထဲမှ ငွေအကြွေ အထပ်လိုက်ကို အန်းချင် ခြုံထားသောအနွေး ထည်ထဲသို့ ထိုးထည့်ပေးလိုက်ရင်း "ကလေး၊ မြန်မြန် တက္ကစီငှားပြီး အိမ်ပြန်တော့" ဟု ဆိုကာ ထွက်ခွာသွားခဲ့သည်။


မှိန်ပျပျ အလင်းရောင်အောက်တွင် အန်းချင်၏လက်များ တုန်ရင်နေသည်။ ထိုသူ ချန်ထားခဲ့သော အရာများဖြစ်သည့် ငွေအကြွေအချို့၊ နွေးထွေးသော အင်္ကျီတစ်ထည်နှင့် အသက်ရှင်သန်ရန် လမ်းစတို့ကို သူ စိုက်ကြည့်နေမိသည်။


ထိုသူ၏ အမည်မှာ "ဖေးကျစ်ကျင်း" ပင်။


အတိတ်ပုံရိပ်များ တရိပ်ရိပ် ပြန်လည်ပေါ်ပေါက်လာပြီးနောက် အန်းချင် သမ်းဝေလိုက်ကာ နံရံကို မှီရင်း အတွေးနက်နေမိသည်။


အခြားသူများအားလုံး ဖျင်ယန့်ချိုး၏လူစားထိုး ဖြစ်ချင်ကြသည်။ သရုပ်ဆောင်ရခြင်း၊ ရရှိသော ငွေကြေးနှင့် တစ်ခါတရံ ရရှိတတ်သော မုန့် သို့မဟုတ် သကြားလုံးများကြောင့်ဖြစ် သည်။ အန်းချင်မှာ ရွေးချယ်ခံရသူဖြစ်၍ အခြားသူများ၏ မနာလိုတိုက်ခိုက်မှု ပစ်မှတ်ဖြစ်လာခဲ့သည်။


သို့သော် သူတို့ အမှန်တရားအား မသိကြပေ။ သူတို့ မြင်တွေ့နေရသည်မှာ အန်းချင်၏တောက်ပြောင်လှပသော အပြင်ပန်း အပေါ်ယံ အလွှာတစ်ခုသာ ဖြစ်ပေတော့သည်။


ရုပ်ရှင်စတူဒီယိုရှိ အပိုသရုပ်ဆောင်များမှာ တစ်လလျှင် ယွမ် ၂၀၀ ပေးရသော စုပေါင်းအိပ်စင်များတွင် နေထိုင်ကြရသည်။ အန်းချင်သည် ဖျင်ယန့်ချိုး၏ လူစားထိုးသရုပ် ဆောင်ဖြစ်လာကတည်းက ကုတင်ပေါ်တွင် ကောင်းကောင်းမွန်မွန် အိပ်စက်ခွင့်မရတော့ပေ။ သူ့အိပ်ရာမှာ ရေစိုနေတတ်သလို၊ တစ်ခါတရံတွင်လည်း သူ့အိပ်ရာခင်းများမှာ ကြမ်း ပြင်ပေါ်သို့ ပစ်ချခံထားရပြီးခြေရာဗရပွဖြင့် ပေကျံနေတတ်သည်။


သူ ထိုအရာများကို ဂရုမစိုက်ပေ။ မျက်စိမှိတ်နားခွင့်ရလျှင်ပင် တော်ပြီဟူသော စိတ်ဖြင့် နံရံကိုမှီကာ ထိုင်အိပ်လေ့ရှိသည်။


သူ ဖျင်ယန့်ချိုး၏ ရုပ်ရှင်အဖွဲ့ထဲသို့ အရောက်သွားချင်ရသည့် အကြောင်းရင်းမှာ ထိုနေရာတွင် သူ အမြဲကြားလိုသော နာမည်တစ်ခု ရှိနေသောကြောင့်ဖြစ်သည်။


ဖေးကျစ်ကျင်း~


ဖေးကျစ်ကျင်းဆိုသည်မှာ သူ့နှလုံးသား၏ အနုညံ့ဆုံးသော နေရာလေးဖြစ်ပြီး၊ သာမန်လူသားများ မထိတွေ့နိုင်သော စင်ကြယ်သည့် နယ်မြေလေးတစ်ခုလည်း ဖြစ်သည်။


"အန်းချင်... ဘာလို့ ဒီလောက်စောစော ရောက်နေတာလဲ?" 


မိတ်ကပ်ဆရာမ တံခါးဖွင့်လိုက်စဉ် ဘေးတစ်ဖက်တွင် ဆောင့်ကြောင့်လေး ထိုင်နေသော အန်းချင်အား တွေ့လိုက်ရသည်။


အန်းချင် မျက်နှာပေါ်ရှိ ပင်ပန်းနွမ်းနယ်မှုများ ချက်ချင်း ပျောက်ကွယ်သွားပြီး သူမအား တောက်ပစွာ ပြုံးပြလိုက်ရင်း 


"ဒီနေ့က နောက်ဆုံးအခန်း ရိုက်ရမှာလေ၊ ကျွန်တော့်မှာ ဖုန်းမရှိတော့ နောက်ကျသွားမှာ စိုးလို့ပါ"


ဤရုပ်ရှင်လောကထဲတွင် အသက်ဆက်နိုင်ရန် ကြိုးစားရင်း သူ အများကြီး သင်ယူခဲ့ရသည်။ တစ်ခါတရံတွင် မိမိအား နည်းချက်ကို အနည်းငယ် ထုတ်ပြခြင်းမှာ အခြေအနေအား ပိုမိုသက်သာစေမှန်း သူ နားလည်လာသည်။


မိတ်ကပ်နှင့် ဆံပင်ပြင်ဆင်ပြီးနောက် ဇာတ်ဝင်ခန်းဝတ်စုံကို ဝတ်ဆင်ကာ အန်းချင်မှာ ထောင့်တစ်နေရာတွင် ကွေးကွေးလေး ထိုင်ရင်း အတွေးလွန်နေမိသည်။ ထို့နောက်မှ ဖျင်ယန့်ချိုးသည် နောက်ကျပြီးမှ ရောက်ရှိလာတော့သည်။


"Hibiscus ဆုပေးပွဲ ရလဒ်တွေ ထွက်လာပြီ၊ ငါ အကောင်းဆုံး မျက်နှာသစ်သရုပ်ဆောင်ဆု မရဘူးကွာ!" 


ဖျင်ယန့်ချိုး တစ်ညလုံး မအိပ်ထားသည့်ပုံစံမျိုး ဖြစ်နေသဖြင့် မိတ်ကပ်ဆရာမမှာ သူ့ မျက်ကွင်းညိုမှုများကို အဆက်မပြတ် ဖုံးအုပ်ပေးနေရသည်။


မိတ်ကပ်ခန်းထဲရှိ လူအားလုံးမှာ ဖျင်ယန့်ချိုး၏ လူယုံများသာ ဖြစ်ကြသည်။ အန်းချင်ကိုမူ သူ ပြိုင်ဘက်တစ်ယောက်အဖြစ်ပင် ထည့်မတွက်ပေ။ လူစားထိုး သရုပ်ဆောင်တစ်ယောက်က ဘာများ ဒုက္ခပေးနိုင်မှာမို့လို့လဲ? သူ့အား နှိပ်ကွပ်ရန် နည်းလမ်းများစွာ ရှိသည်။ 


ဖျင်ယန့်ချိုး၏အကြည့်များမှာ အန်းချင်ထံတွင် ခဏတာ ရပ်တန့်သွားသည်။ အန်းချင် ပြင်ဆင်မှုမှာ မူရင်းဇာတ် ကောင်နှင့် သူကိုယ်တိုင်ထက်ပင် ပိုလိုက်ဖက်နေပြီး၊ ဈေးပေါသော အဝတ်အစားများ ဝတ်ထားရသော်လည်း သူ့ထူးခြားသော ဆွဲဆောင်မှုအား မဖုံးကွယ်နိုင်ပေ။


ထိုအမြင်ကြောင့် ဖျင်ယန့်ချိုး၏ မကောင်းလှသော မျက် နှာထားမှာ ပိုမိုမှောင်မှောင်မှိုင်မှိုင် ဖြစ်သွားတော့သည်။


ဖျင်ယန့်ချိုး မန်နေဂျာမှ သူ့ကျောအား ပုတ်ကာ နှစ်သိမ့်လိုက်သည်။


 "မတတ်နိုင်ဘူးလေ၊ ဖေးကျစ်ကျင်းက ဇာတ်ညွှန်းကောင်းရသွားတာကိုး၊ မင်းရဲ့ သရုပ်ဆောင်ချက်က သူ့ထက် မနိမ့်ပါဘူး!"


မှိုပွင့်လေးတစ်ပွင့်လို ကွေးထိုင်နေသော အန်းချင်မှာ ထိုစကားကို ကြားသောအခါ နားစွင့်လိုက်မိသည်။


'ဖေးကျစ်ကျင်း... ဖေးကျစ်ကျင်း...'