Ch 10
Viewers 7k

🍒 Chapter 10




အန်းချင် သီးသန့်ခန်းထဲသို့ ပြန်ရောက်သည့်အချိန်တွင် လူအတော်များများမှာ အရက်မူးပြီး အိပ်ပျော်နေကြပြီဖြစ်သည်။ ကံကောင်းသည်မှာ ဤဘားသည် ချိုက်ဖျင်ရွှမ်းနှင့် သူ့သူငယ်ချင်းများ မကြာခဏလာလေ့ရှိသည့်နေရာဖြစ်ပြီး မန်နေဂျာတွင်လည်း ၎င်းတို့ဒရိုင်ဘာများ၏ဖုန်းနံပါတ်များ ရှိနေခြင်းပင်။


အန်းချင်ကိုယ်တိုင်လည်း အရက်အတော်များများ သောက်ထားခဲ့သော်လည်း သူ့ရင်ခုန်သံများ မြန်ဆန်နေပြီး သတိမှာမူ အတော်လေး ကြည်လင်နေဆဲဖြစ်သည်။ သခင်လေးများ၏ ဒရိုင်ဘာများ တစ်ယောက်ပြီးတစ်ယောက် လာရောက်ခေါ်ဆောင်သွားသည်ကို သူစောင့်ကြည့်နေခဲ့ပြီး နောက်ဆုံးတွင် သူနှင့် ချိုက်ဖျင်ရွှမ်းနှစ်ဦးသာ ကျန်ရစ်တော့သည်။


သူ ချိုက်ဖျင်ရွှမ်းအားတွဲ၍ သီးသန့်ခန်းထဲမှ ထွက်လာခဲ့သော်လည်း အပေါက်ဝအရောက်တွင် မန်နေဂျာမှ သူတို့အား တားဆီးလိုက်သည်။ ယနေ့ညအတွက် ကျသင့်ငွေကို မည်သူမျှ မရှင်းရသေးကြောင်း သိလိုက်ရသည်။


အန်းချင် ချိုက်ဖျင်ရွှမ်းလက်အား တင်းတင်းဆုပ်ကိုင်လိုက်မိသည်။ မန်နေဂျာမှာ ယဉ်ကျေးပျူငှာသော အပြုံးဖြင့်သာ သူ့လမ်းအား ပိတ်ထားဆဲပင်။


"ကတ်နဲ့ ရှင်းလို့ရမလား?" 


အန်းချင် ဤမျှလူအုပ်ကြီးအတွက် တစ်ခါမှ မရှင်းဖူးသဖြင့် ကျသင့်ငွေ မည်မျှရှိမည်ကို မခန့်မှန်းနိုင်သော်လည်း သူတစ်ပါးရှေ့တွင် အားနည်းချက်ကိုတော့ မပြချင်ပေ။ ကံကောင်းသည်မှာ သူ့ထံတွင် အိမ်ကထွက်လာစဉ် အန်းကျင်းကျစ် ပေးလိုက်သော ကတ်ရှိနေခြင်းပင်။


"ရတာပေါ့ခင်ဗျာ၊ ခဏလောက် စောင့်ပေးပါဦး" 


မန်နေဂျာ အန်းချင် လက်ထဲမှ ကတ်ကိုယူလိုက်ပြီး သူ့အပြုံးမှာလည်း ပိုမိုတက်ကြွလာတော့သည်။


ကံကောင်းထောက်မစွာပင် ကတ်ထဲ၌ ငွေမလောက်သည့် အရှက်ရဖွယ်အခြေအနေမျိုး မကြုံတွေ့ခဲ့ရသဖြင့် အန်းချင် သက်ပြင်းချနိုင်သွားသည်။ စောင့်ဆိုင်းနေစဉ်မှာပင် ချိုက်ဖျင်ရွှမ်း ဒရိုင်ဘာရောက်လာပြီး သူ့ကိုခေါ်သွားသဖြင့် အန်းချင်တစ်ယောက်တည်း ဘားအဝင်ဝတွင် ကျန်ရစ်ခဲ့တော့ သည်။


ဘားအတွင်း၌ ဆူညံသံများမှာ အဆုံးအစမရှိသော်လည်း လမ်းမထက်၌မူ လူသူကင်းမဲ့ကာ ခြောက်ကပ်နေသည်။ အန်းချင် ထိုနေရာတွင် ရပ်နေရင်း ရုတ်တရက် လမ်းပျောက်နေသကဲ့သို့ ခံစားလိုက်ရသည်။


သူ လက်ကိုမြှောက်ကြည့်လိုက်ရာ ဖေးကျစ်ကျင်း သူ့အတွက် ရေးပေးခဲ့သော လက်မှတ်အား မြင်လိုက်ရသည်။ သီးသန့်ခန်းထဲတွင် အလွန်ပူလွန်းသဖြင့် အန်းချင်လက်မှာ ချွေးများစိုနေပြီး စာလုံးများမှာလည်း အနည်းငယ် ဝေဝါးနေပြီဖြစ်သည်။


အန်းချင် သူ့လက်ကို ရင်ဘတ်ပေါ်သို့ တင်လိုက်ရာ ချွေးစိုနေသော မင်ရည်များမှာ သူ၏ တီရှပ်အဖြူပါးပါးလေးပေါ်သို့ ပျံ့နှံ့သွားတော့သည်။ အဖြူနှင့် အမည်း ရောယှက်နေပုံမှာ အလင်းနှင့် အမှောင် ပေါင်းစပ်နေသကဲ့သို့ ထင်ရှားလှသည်။


ချက်ချင်းလာပါမည်ဟု ကတိပေးထားသော ဒရိုင်ဘာမှာမူ အရိပ်အယောင်ပင် မတွေ့ရသေးချေ။ တမင်သက်သက်လား သို့မဟုတ် မတော်တဆလားတော့မသိ၊ အစောပိုင်းက မကြာခင်ရောက်မည်ဟု ပြောခဲ့သော်လည်း နောက်ပိုင်းတွင် ဖုန်းဆက်၍ပင် မရတော့ပေ။


"တောင်းပန်ပါတယ် သခင်လေး၊ ခုနက သခင်လေးအငယ်ဆီ စာရွက်စာတမ်းတချို့ သွားပို့နေရလို့ပါ၊ စောင့်ခိုင်းမိတဲ့အတွက် တောင်းပန်ပါတယ်" 


အန်ကယ်ဟွမ်မှာ အန်းချင်အတွက် ကားတံခါးအား ဖွင့်ပေးလိုက်သော်လည်း သူ ကားထဲဝင်သည်ကို ခံစားချက်မပါဘဲ ကြည့်နေခဲ့သည်။


အမြဲတမ်း ပြုံးနေတတ်သောသူမှာ ရုတ်တရက် အမူအရာမဲ့သွားသဖြင့် ဒရိုင်ဘာ အနည်းငယ် စိတ်မသက်မသာဖြစ်သွားရသည်။


"ရပါတယ် အန်ကယ်ဟွမ်၊ ညီလေးရဲ့အလုပ်က ပိုအရေးကြီးတာပဲဟာ၊ ကျွန်တော် ဒီမှာ သုံးနာရီပဲ စောင့်လိုက်ရတာပါ၊ ဘာမှမဖြစ်ပါဘူး" 


အန်းချင် ကားစက်နှိုးသည်ကို ကြည့်ပြီးနောက် ပြတင်း ပေါက်အပြင်ဘက်သို့ မျက်နှာလွှဲလိုက်သည်။


သူ့ မုသားစကားမှာ အလွန်ပင် ကလေးဆန်လှသည်။ အန်းယန် မည်မျှပင် အလုပ်ကြိုးစားပါစေ သန်းခေါင်ယံအချိန်တွင် စာရွက်စာတမ်း ပို့ခိုင်းစရာအကြောင်းမရှိပေ။ အန်းချင် ထိုအချက်အား ထုတ်မပြောခဲ့ချေ၊ အကျိုးမရှိဟုသာ သူခံစားရသည်။ သူသည် အမြဲတမ်း လူမချစ် လူမခင်သူတစ်ယောက် ဖြစ်ခဲ့ဖူးသဖြင့် ယခုကဲ့သို့ အခြေအနေများကို ကျင့်သားရနေပြီဖြစ်သည်။


သို့သော်လည်း... သူ ကားမောင်းသင်ဖို့တော့ လိုအပ်နေပြီ။


မည်သည့်အချိန်မှ စတင်ခဲ့သည်မသိသော်လည်း အန်းမိသားစုမှာ နေ့တိုင်း မနက်စာအတူတူစားကြရသည်။ ၎င်းမှာ ချိုက်ရှီယွင်၏စည်းလုံးညီညွတ်သော မိသားစုဖြစ်လိုသည့် စိတ်ကူးယဉ်မှုအား ဖြည့်ဆည်းပေးနိုင်ပုံရသည်။


အရက်နာကျနေသဖြင့် အန်းချင် နိုးလာသောအခါ နားထင်များမှာ တဒိတ်ဒိတ်ခုန်နေပြီး လမ်းလျှောက်ရာတွင်ပင် အနည်းငယ် ယိုင်တိုင်တိုင်ဖြစ်နေသည်။


လှေကားထိပ်တွင် အန်းယန်နှင့် သူ ဆုံမိကြသည်။ အန်းယန် နှာခေါင်းရှုံ့လိုက်ပြီး အန်းချင်ပုခုံးကို အားပြင်းပြင်းဖြင့် တိုက်သွားခဲ့သည်။ အန်းချင် ကိုယ်ကိုထိန်းရန် လှေကားလက်ရန်းကို အမြန်ဖမ်းဆုပ်လိုက်ရသည်။


"ဪ... ဆောရီးနော်" 


အန်းယန် အားနာရိပ်မရှိဘဲ တောင်းပန်လိုက်ပြီး ထမင်းစားပွဲဆီသို့ ဆင်းသွားတော့သည်။


အန်းကျင်းကျစ်နှင့် ချိုက်ရှီယွင်တို့မှာ ထမင်းစားပွဲတွင် ထိုင်နေကြပြီဖြစ်ပြီး၊ ကံကောင်းထောက်မစွာပင် စက်ဆုပ်ရွံရှာဖွယ်ကောင်းသော ဆီဦးရွှဲနေသည့် အသားဟင်းများမရှိတော့ပေ။


"မနေ့ညက ဘာလို့ အဲ့လောက်တောင် နောက်ကျမှ ပြန်လာတာလဲ?"


အန်းကျင်းကျစ် ဆန်ပြုတ်တစ်ငုံသောက်ပြီးနောက် မျက် မှောင်ကြုတ်ကာ အန်းချင်အား မေးလိုက်သည်။ 


"ဘားကို သွားခဲ့တာလား?"


အန်းချင် ခေါင်းညိတ်လိုက်ပြီး တိုးညှင်းစွာ ဆိုလိုက်သည်။


"ဟုတ်ကဲ့... ဖျင်ရွှမ်းနဲ့အတူ သွားခဲ့တာပါ"


"မင်းကတော့ အမြဲတမ်း..."


သူ စကားမဆုံးခင်မှာပင် ချိုက်ရှီယွင် သူ့ပါးစပ်ထဲသို့ ဆန်ပြုတ်တစ်ဇွန်း ခွံ့လိုက်သည်။ 


"ဝိုး... အစ်ကိုက တကယ့်ကို အစွမ်းထက်တာပဲ၊ ပြန်ရောက်တာ မကြာသေးဘူး၊ ဘားတူတူသွားလို့ရတဲ့ သူငယ်ချင်းတွေတောင် ရနေပြီပေါ့" 


အန်းယန် ဆန်ပြုတ်ကို အေးအေးလူလူ သောက်ရင်း ခနဲ့လိုက်သည်။


အန်းချင် ထိုလှည့်ကွက်ထဲသို့ တမင်သက်သက် ဝင်လိုက်သည်။


"ကျွန်တော်က ညီလေးနဲ့ မတူဘူးလေ၊ ကလေးတွေ ဝိုင်းဝိုင်း လည်နေတဲ့ ပတ်ဝန်းကျင်မှာကြီးပြင်းခဲ့ရတာ မဟုတ်ဘူး မဟုတ်လား?"


"ကျွန်တော့်အတွက် သူငယ်ချင်းတစ်ယောက်ရဖို့ဆိုတာ တကယ်မလွယ်ဘူးလေ" 


အန်းယန်၏ စူးစိုက်ကြည့်နေသည့် အကြည့်အောက်တွင် အစားကို အပြီးသတ်စားသောက်ပြီးနောက် အန်းချင် ဆက်အိပ်ရန် အခန်းထဲသို့ပြန်ဝင်ခဲ့သည်။ သူ့လက်ဖဝါးပေါ်မှ ဖေးကျစ်ကျင်း၏လက်မှတ်မှာ ဆေးကြောစဉ်က ပျောက်ကွယ်သွားခဲ့ပြီဖြစ်သော်လည်း မနေ့ညက တီရှပ်ပေါ်တွင် စွန်းထင်ခဲ့သော မင်ရည်ကွက်လေးမှာမူ ကျန်ရှိနေဆဲပင်။


အန်းချင် အင်္ကျီလျှော်ဖွတ်သည့်အခါ ထိုမင်ကွက်လေးအား မပျက်စီးစေရန် အထူးဂရုစိုက်ပြီး သိမ်းဆည်းထားခဲ့သည်။ အန်းချင်တစ်ယောက် နှစ်ခြိုက်စွာ အိပ်ပျော်နေစဉ်မှာပင် ချိုက်ဖျင်ရွှမ်းထံမှ ဖုန်းဝင်လာသည်။


"မင်း 'ယဲ့ဖုန်း' ရဲ့ ကုမ္ပဏီကို သွားကြည့်ချင်တယ်ဆို? အခုထိ မနိုးသေးဘူးလား?"


ချိုက်ဖျင်ရွှမ်း၏အသံမှာ အားအင်အပြည့် ရှိနေဆဲဖြစ်ပြီး မနေ့က အရက်မူးထားသည့် အရိပ်အယောင်ပင် မတွေ့ရပေ။ အန်းချင်မှာမူ အိပ်ရာမှနိုးကာစဖြစ်သဖြင့် အနည်းငယ် ဝေဝေဝါးဝါး ဖြစ်နေဆဲပင်။ ပြတင်းပေါက်အပြင်ဘက်သို့ လှမ်းကြည့်လိုက်ရာ နေဝင်ရီတရော အချိန်သို့ ရောက်နေပြီဖြစ် ကြောင်း တွေ့လိုက်ရသည်၊ သူ မနက်မှ ညအထိ အိပ်ပျော်သွားခဲ့ခြင်းပင်။ သူ စကားမပြောနိုင်သေးဘဲ တိုးညှင်းစွာသာ "အင်း" ဟု ပြန်ထူးလိုက်မိသည်။


"ငါ ဒီည အစ်ကိုဖုန်းနဲ့ ညစာအတူစားမလို့၊ မင်း လိုက်မလား?"


"မလိုက်တော့ဘူး၊ ခေါင်းက အရမ်းကို ကိုက်နေလို့" 


ချိုက်ဖျင်ရွှမ်း "ဪ" ဟု ဆိုလိုက်ပြီးနောက် မေးပြန်သည်။


"မနေ့က မင်းပဲ ကျသင့်ငွေကို ရှင်းလိုက်တာလား?"


အန်းချင် ဘာမှပြန်မပြောပေ။ 


"ဒါတွေ အကုန်လုံး ယဲ့တင်းယွီလက်ချက်ပဲ!" 


"နောက်တစ်ခါကျရင် ငါ သူ့ကို ပြန်ပြီးလက်စားချေလိုက်မယ်" 


အန်းချင် ချိုက်ဖျင်ရွှမ်းနှင့် ယဲ့တင်းယွီတို့ရန်ပွဲကြားထဲသို့ မဝင်ချင်သဖြင့် 


"ကျွန်တော်ကလည်း ခင်ဗျားကို ထမင်းပြန်ကျွေးရမှာပဲလေ၊ နောက်တစ်ခါကျမှပဲ ခင်ဗျား ကျွေးတာကို စားတော့မယ်၊ အခုတော့ အရက်ရှိန်က မပြေသေးဘူး၊ ခေါင်းကလည်း မူးနေသေးလို့ အပြင်မထွက်တော့ဘူး"  


ချိုက်ဖျင်ရွှမ်းရှိသည့်ဘက်တွင် အတော်လေး ဆူညံနေသဖြင့် သူတို့တစ်နေရာရာတွင် ပျော်ပါးနေကြပြန်ပြီ ဖြစ်လောက်သည်။


"ဒါဆိုလည်း မနက်ဖြန်ကျရင် ငါ မင်းကို 'တိန်ဖုန်း အင်တာတိန်းမန့်' ဆီ ခေါ်သွားမယ်၊ မင်းကြိုက်တဲ့ အနုပညာရှင်ကို စိတ်ကြိုက်ရွေးလို့ရတယ်"


အန်းချင်: ......


ချိုက်ရှီယွင် ယနေ့ည ညစာပြန်မစားဖြစ်ကြောင်း စာပို့ထား သည်။ အိမ်ရှင်များ ပြန်မလာသည်ကို အိမ်တော်ထိန်းကြီးမှ သိထားသဖြင့် ညစာ ချက်ပြုတ်မထားပေ။ အန်းချင် အေးစက်တိတ်ဆိတ်နေသော ဗီလာကြီးထဲတွင် တစ်ယောက် တည်း ရပ်နေမိသည်။ နွေည၏လေညင်းမှာ တိုက်ခတ်လာသော်လည်း သူ့ရင်ထဲတွင်မူ ဆောင်းရာသီကဲ့သို့ စိမ့်အေးနေသည့် ခံစားချက်ကို ရနေသည်။ ထိုစဉ်မှာပင် သူ့ဖုန်း မြည်လာတော့သည်။


ချိုက်ဖျင်ရွှမ်းမှအပ သူ့ထံသို့ မည်သူက ဖုန်းဆက်လာနိုင်မည်နည်းဟု အန်းချင် အနည်းငယ် ကြောင်အမ်းသွားသည်။


ဖေးကျစ်ကျင်း: "သခင်လေး... ဒီနေ့ရော စိတ်ပြောင်းသွားပြီလား?"


ဖေးကျစ်ကျင်း၏စာကို မြင်လိုက်ရချိန်တွင် အန်းချင်ချမ်း အေးလှသော ဆောင်းရာသီမှ နွေးထွေးသော နွေဦးကာလသို့ ချက်ချင်းရောက်ရှိသွားသကဲ့သို့ ခံစားလိုက်ရပြီး၊ နွေးထွေးသော စီးဆင်းမှုတစ်ခု နှလုံးသားမှတစ်ဆင့် တစ်ကိုယ်လုံးသို့ ပျံ့နှံ့သွားတော့သည်။


သူ စာတိုရှည်ကြီးတစ်စောင် ရိုက်လိုက်သော်လည်း မသင့် တော်ဟု ခံစားရသဖြင့် ပြန်ဖျက်လိုက်သည်၊ ထို့နောက် အခြားစကားလုံးများဖြင့် ပြန်လည်စဉ်းစားပြန်သည်၊ သို့သော်လည်း စိတ်တိုင်းမကျသေးပေ။


ဖေးကျစ်ကျင်း: "မင်း စာစီစာကုံး ရေးနေတာလား ?"


ဖုန်းမျက်နှာပြင်ပေါ်တွင် သူ့ပုံရိပ်အား အန်းချင် မြင်နေရသည်။ ပါးပြင်နှစ်ဖက်မှာ နီရဲကာ လည်ပင်းအထိ ရောက်နေပြီဖြစ်သည်။ သူ စာပြန်နေချိန်တွင် ဖေးကျစ်ကျင်း၏ အမူအရာကိုပါ သူ မြင်ယောင်နေမိသည်။ ထိုသူ့နှုတ်ခမ်းထောင့်တွင် အပြုံးတစ်ခုရှိနေလိမ့်မည်၊ ထိုအပြုံးလေးမှာ ရုပ်ရှင်ထဲကအတိုင်း ဆွဲဆောင်မှုရှိနေမည်မှာ အသေအချာပင်။


အန်းချင်: "ခင်ဗျား အခုအတော်လေး ဒုက္ခရောက်နေတာလား? ကျွန်တော် ကူညီပေးနိုင်တာရှိရင် ပြောပါဦး" 


သူ ခဏမျှ စဉ်းစားလိုက်ပြီးနောက် တွန့်ဆုတ်စွာဖြင့် ဆက်ရေးလိုက်သည်။


"ဖောက်သည်တွေနဲ့ အပြင်ထွက်ပြီး အရက်မသောက်ပါနဲ့တော့"


"ခင်ဗျားမှာ ပိုက်ဆံမရှိရင် ကျွန်တော် ငှားပေးလို့ရပါတယ်"