Ch 4
Viewers 2k

🍁 Chapter 4


ညနေ ၆ နာရီအချိန်တွင် ကားလေးသည် ရှုအိမ်တော်မှ ထွက်ခွာလာပြီး မြို့ပြင်ရှိ စံအိမ်ကြီးဆီသို့ ဦးတည်မောင်းနှင်လာခဲ့သည်။


ရှုယန်ဝမ်သည် ကိုယ်တိုင်ကားမောင်းလာရင်း မီးပွိုင့်မိစဉ်တွင် ကားနောက်ခန်းရှိ ဇနီးနှင့် သမီးများကို မှန်မှတစ်ဆင့် လှမ်းကြည့်လိုက်သည်။


သမီးနှစ်ယောက်လုံးသည် မိခင်ဖြစ်သူဘေးတစ်ဖက်တစ်ချက်စီတွင် အေးအေးဆေးဆေး ထိုင်နေကြ သည်။ ယင်းယင်းသည် ပြတင်းပေါက်အပြင်ဘက်သို့လှည့်ကြည့်နေပြီး သူမ၏ဝိုင်းစက်သော မျက်လုံးလေးများမှာ အထူးအဆန်းဖြစ်မှုများဖြင့် ပြည့်နှက်နေကာ ကားပေါ်တက်ကတည်းက နှုတ်ခမ်းထက်မှ အပြုံးမှာပျောက်ကွယ်မသွားခဲ့ချေ။


တိတ်ဆိတ်ငြိမ်သက်နေသော ယောင်ယောင်သည်လည်း ပြတင်းပေါက်အပြင်ဘက်သို့ ငြိမ်သက်စွာ ငေးကြည့်နေပြီး မျက်ခုံးတန်းလေးများထက်တွင် အပြုံးနုနုလေးရှိနေသည်။ ဤမျှ လိမ္မာယဉ်ကျေး သော သမီးဖြစ်သူကို ယင်းယင်း စိတ်ထဲကပြောနေသည့် သူခိုးမလေးအဖြစ် ပုံဖော်ရန်မှာ ခက်ခဲလှပေသည်။


ယောင်ယောင်က တကယ်ကျိုးရှင်းယီရဲ့ ကလေးလား၊ ငါ့မှာ ရန်သူတွေ အများကြီးရှိတာ ဘယ်သူက များ သူ့ရဲ့အဖေ ဖြစ်နေမှာလဲ?


အားးးး အတင်းအဖျင်း တစ်ဝက်တစ်ပျက်ပဲသိရတာက တကယ်စိတ်အနှောင့်အယှက် ဖြစ်စရာပဲ၊ တိုက်ရိုက်မေးကြည့်လို့လည်း မရဘူး၊ မေးလိုက်ရင် အသံမကြားရတော့မှာလည်း စိုးရတယ်။


ဒါပေမဲ့ ပြန်စဉ်းစားကြည့်ရင် ကာယကံရှင်ကိုယ်တိုင် ဘာမှမသိတာ အကောင်းဆုံးပဲ။ အကယ်၍ သူ့ စိတ်ထဲကအသံကို သူများတွေ ကြားနေရတယ်ဆိုတာ သိသွားရင် သူ ထိတ်လန့်သွားပြီး ဘာမှ ပြောတော့မှာ မဟုတ်ဘူး၊ အဲဒီအခါကျရင် လမ်းစက ပိုပြီးပျောက်သွားလိမ့်မယ်။


တစ်နာရီခန့်အကြာတွင် ကားလေးသည် အဘိုးဖြစ်သူ နေထိုင်ရာ စံအိမ်ကြီးသို့ရောက်ရှိလာသည်။


ထွင်းထုထားသော သံတံခါးကြီးမှာ ဖြည်းဖြည်းချင်း ပွင့်သွားသောအခါ စိမ်းလန်းစိုပြည်သော သစ်ပင် ပန်းမန်များကို မြင်လိုက်ရသည်။ သေသေချာချာ ပုံဖော်ထားသော ပန်းခြံအပြင်အဆင်များနှင့် အလိုအလျောက် ရေဖျန်းစနစ်များကိုကြည့်ရုံဖြင့် ငွေကုန်ကြေးကျ မည်မျှများမည်ကိုသိနိုင်ပေသည်။


သစ်ပင်ရိပ်များကြားတွင် ဝှက်ကွယ်နေသော လက်ရာမြောက်သည့် အနောက်တိုင်းပုံစံ အဆောက် အအုံလေးများ၊ နွေဦးခန်းမဆောင်များ၊ ကြာပန်းကန်စွန်းများနှင့် လှပခမ်းနားသော ပန်းချီကား တစ်ချပ်ကဲ့သို့ ရှုခင်းများကို ကြည့်ရင်း သူ မနေနိုင်ဘဲ ကားမှန်ချကာ လတ်ဆတ်သော လေထုကို အားပါးတရ ရှူသွင်းလိုက်သည်။


[အို ဘုရားရေ ဒါ ငွေနံ့ပဲ၊ တကယ်ကောင်းလိုက်တာ၊ ဒီလိုနေရာမှာ နေရရင်တော့ အသက် ၁၀၀ အထိ ရှည်ဖို့က အာမခံချက်ပဲ၊ ဝူးဝူး ချမ်းသာတာ တကယ်ကောင်းတယ်]


[ဝါး စံအိမ်နောက်ဘက်မှာ ရေပူစမ်းတောင်ရှိသေးတယ်၊ အဲဒါကို အိပ်ခန်းတိုင်းရဲ့ရေချိုးခန်းထဲအထိ တိုက်ရိုက်သွယ်တန်းထားတာ ? အိမ်မှာတင် ရေပူစမ်းစိမ်လို့ရတာ တကယ့်ကို နတ်သက်ကြွေတဲ့ ဘဝပဲ၊ ဒီမှာပဲ အမြစ်တွယ်ပြီး မပြန်ချင်တော့ဘူး]


[မဟုတ်ဘူး ! မဟုတ်ဘူး ! ငါ ဒီလောက်ထိ ဗဟုသုတမရှိသလိုဖြစ်နေလို့မရဘူး၊ စိတ်အေးအေးထား ရှုယင်းယင်း၊ နင်ကလည်း အခုအချိန်မှာ သူဌေးသမီးပဲ၊ တစ်ဦးတည်းသောအချစ်ကို ရဖို့အတွက် သေလုအောင် မတိုက်ခိုက်သရွေ့ နင့်ကို သူဌေးမလေးအဖြစ် မွေးထားဖို့ကပြဿနာမရှိပါဘူး]


ကားပေါ်ရှိ လူသုံးယောက်လုံး သူမ စိတ်ထဲကအသံကို ကြားလိုက်ရသဖြင့် ဇနီးမောင်နှံမှာ မရယ်ဘဲ မနေနိုင်တော့ချေ။


ရှုယောင်ယောင်မှာလည်း အံ့ဩသွားရသည်။ သူ့ အစ်မမှာ အေးဆေးလွန်းသည်ဟု အမြဲထင်ခဲ့သော် လည်း ယခုကဲ့သို့တက်ကြွပြီး ချစ်စရာကောင်းလိမ့်မည်ဟု မထင်ထားခဲ့မိပေ။


ကားပေါ်ရှိ သက်သောင့်သက်သာရှိသော အခြေအနေနှင့် ယှဉ်လျှင် အိမ်မကြီးထဲရှိ လေထုမှာ အနည်းငယ် တင်းမာနေလေသည်။


ဒုတိယဦးလေး ရှုယန်ရွေ့နှင့် ဇနီးဖြစ်သူ ထန်ဝမ်တို့ရောက်ရှိနေကြပြီး ဧည့်ခန်းတွင် လက်ဖက်ရည် သောက်နေကြသည်။


"ဘယ်အချိန်ရှိပြီလဲ ? ဘာလို့ အခုထိ မရောက်သေးတာလဲ၊ အဘိုးကို ပထမဆုံးအကြိမ် လာတွေ့တာ တောင် ဒီလောက်ထိ ရိုင်းစရာလား၊ အစ်ကိုကြီးကလည်း ဘယ်လိုတွေ သင်ပေးထားမှန်းမသိဘူး"


"ယင်းယင်း ပြန်ရောက်တာ မနေ့ကတင် ရှိသေးတာ၊ တစ်ရက်တည်းနဲ့ ဘာတွေ သင်ပေးနိုင်မှာလဲ၊ ရှင်ကတော့ တမင်အပြစ်ရှာနေတာပဲ"


ရှုယန်ရွေ့ နှာခေါင်းရှုံ့ကာကျီစယ်လိုက်သည်။


"မင်းသာ စိတ်အေးနိုင်ရင် ဘာလို့ ဒီလောက်အရေးကြီးတဲ့ ဖျော်ဖြေရေးပွဲတွေကို ဖျက်ပြီးလာခဲ့မှာလဲ၊ မင်း တကယ်ပဲ မလောဘူးလား"


"ကျွန်မ လောလို့ရော ဘာထူးမှာလဲ၊ ကျွန်မမှာမှ စကားပြောပိုင်ခွင့် မရှိတာ"


ထန်ဝမ်က သူ့ကို ပြန်အပြောအဆိုဖြင့် ချေပပြီးနောက် စိတ်ပျက်လက်ပျက်ဖြင့် လက်ပိုက်ကာ ထိုင်နေလိုက်သည်။


ယခုအချိန်သည် အဘိုးအိုသည် သေတမ်းစာမူကြမ်းရေးဆွဲနေသော အရေးကြီးသည့် အချိန်ဖြစ်ပြီး အိမ်ကြီးအိမ်ဦး မိသားစုက ဤအချိန်တွင်မှ သမီးအရင်းကို ပြန်တွေ့ခြင်းမှာ တစ်ခုခု ကြံစည်နေသည်ဟု ထင်စရာ ဖြစ်နေသည်။


နောက်ဆုံးတော့ လူတစ်ယောက် ပိုလာခြင်းက အမွေကိုပိုခွဲဝေရမည်ဟု ဆိုလိုခြင်းပင်။ ရှုယောင်ယောင်က ဘယ်လိုပဲဖြစ်ဖြစ် ရှုမိသားစုက အနှစ် ၂၀ ကျော် ကျွေးမွေးထားသည့်သူဖြစ်ရာ အတုဖြစ်နေသည့်တိုင် နှင်ထုတ်ရန်မဖြစ်နိုင်ပေ။


ရှုမိသားစုက စီးပွားရေး အင်မတန်ကြီးမားသဖြင့် ကလေး ဆယ်ယောက်၊ ရှစ်ယောက်လောက် မွေးထားရန်မှာ ပြဿနာမဟုတ်ချေ။


"သိပ်ပြီး စိတ်မပူပါနဲ့၊ အဖေ့ရဲ့ ကလေး သုံးယောက်ထဲမှာ ငါတို့မိသားစုမှာပဲ သားရှိတာ၊ ယောက်ျားလေးကိုပဲ အမွေပေးရမယ်ဆိုတာ ငါတို့ ဘိုးဘွားစဉ်ဆက်စည်းကမ်းပဲလေ"


ထန်ဝမ်က ကြောက်ကြောက်လန့်လန့်ဖြင့် ပတ်ဝန်းကျင်ကို ဝေ့ကြည့်လိုက်ပြီး အသံကို နှိမ့်ကာ ဆူပူလိုက်သည်။


"ရှင် ရူးနေတာလား၊ ဒါက ဒီလိုနေရာမျိုးမှာ ပြောရမယ့် စကားလား၊ နံရံမှာ နားရှိတယ်ဆိုတာ မကြားဖူးဘူးလား"


သူမကတော့ သူ့ရဲ့ မိုက်မဲမှုကြောင့် သေရတော့မည်ဟု ခံစားနေရသည်။


ရှုယန်ရွေ့ကတော့ မကြောက်မရွံ့ပင် "ဒါက အမှန်တရားပဲလေ၊ ဘာရှက်စရာ ရှိလို့လဲ၊ အဘိုးကြီးလည်း တစ်ခါ သေကံမ‌ရောက်ခဲ့တဲ့သူပဲ၊ ငါတို့ထက် ပိုပြီး စိတ်ပွင့်လင်းပါတယ်၊ မဟုတ်ရင် သေတမ်းစာရေးဖို့ လောနေမှာမဟုတ်ဘူး၊ ငါ့အပိုင်ကို ဘယ်သူမှ လုယူလို့မရဘူး၊ ငါ့အပိုင် မဟုတ်ရင်လည်း ငါ သေသွားရင်တောင် ဖမ်းဆုပ်ထားလို့ရမှာမဟုတ်ဘူး၊ နားလည်လား"


ထန်ဝမ်က သူ့ကို မျက်စောင်းထိုးလိုက်ပြီး သူမ၏ ဖုန်းကိုသာ အာရုံစိုက်နေလိုက်သည်။


မကြာမီတွင် အစေခံတစ်ဦးက အစ်ကိုကြီးဆုံးမိသားစု ရောက်ရှိလာကြောင်း လာရောက်သတင်း ပို့သည်။


ထန်ဝမ်က မြက်တောထဲက ကြက်မလေးကနေ ဖီးနစ်ငှက် ဖြစ်လာမယ့် တူမကြီးကို မြင်ချင်ဇောဖြင့် ချက်ချင်းထ၍ ဆီးကြိုဆိုလိုက်သည်။


"အစ်ကိုကြီးနဲ့ မရီး"


ထန်ဝမ်ကမူ ရှုယန်ဝမ်နှင့် ဇနီးဖြစ်သူကို ဖော်ဖော်ရွေရွေ နှုတ်ဆက်ပြီးနောက် ရှုယင်းယင်းထံသို့ အကြည့်ကို ပို့လိုက်သည်။


"အို ဒါက ယင်းယင်းလား၊ ကြည့်စမ်း လှလိုက်တဲ့ ရုပ်လေး၊ မရီးနဲ့ တထေရာတည်းပဲ၊ ညီအစ်မ နှစ်ယောက်လုံးက အလှလေးတွေပဲ၊ မသိတဲ့သူဆိုရင် အမွှာတွေလို့တောင် ထင်ရမယ်၊ အစ်ကိုကြီးတို့ လင်မယားကတော့ တကယ်ကံကောင်းတာပဲ"


"နေကောင်းလား ဒေါ်လေး" ညီအစ်မ နှစ်ယောက်လုံးက ပြိုင်တူ နှုတ်ဆက်လိုက်ကြသည်။


[ကျွတ် ကျွတ် ဒီဒေါ်လေးက မျက်စိကန်းနေတာလား၊ ငါက ယောင်ယောင်နဲ့ ဘယ်နေရာ တူလို့လဲ၊ ဒီလိုပြောတာက မိဘတွေအပေါ် ကောလဟလတွေ မထွက်မှာ စိုးလို့လား၊ တူတယ်လို့ ပြောလိုက် တော့ အပြင်မှာလွင့်စင်နေတဲ့ တရားမဝင်သမီးလို့ ငါ့ကို  ချက်ချင်းထင်ကုန်ကြမှာပေါ့၊ ဒေါ်လေးကတော့ တကယ်ကို လောကကြီးက မဆူပူမှာစိုးနေတာပဲ]


[အဘိုးက သံသယများတတ်တယ်ဆိုတာ သိရက်နဲ့ ဘာလို့ မပြောသင့်တဲ့စကားတွေကို ရွေးပြောနေ ရတာလဲ၊ ရန်တိုက်ပေးတတ်တာကတော့ တကယ့်ကျွမ်းကျင်မှုရှိတာပဲ]


ရှုယန်ရွေ့နှင့် ထန်ဝမ်တို့ ရုတ်တရက် သူ့ စိတ်ထဲကအသံကို ကြားလိုက်ရသဖြင့် အံ့ဩသွားကြသည်။ ???


"နင်"


ထန်ဝမ်က ပြန်ပြောရန် ကြိုးစားလိုက်သော်လည်း သူမ စကားမပြောနိုင်သည်ကို တွေ့လိုက်ရသည်။


"သမီး ဘာဖြစ်လို့လဲဟင်"


ရှုယင်းယင်းက သူမ၏မျက်လုံးဝိုင်းကြီးများဖြင့် ဘာမှမသိသလို ကြည့်လိုက်သည်။


"နင်တို့ နှစ်ယောက်လုံး လိမ္မာပါတယ်၊ လာ ထိုင်ကြဦး"


ထန်ဝမ်မှာ ဇဝေဇဝါဖြစ်နေသော်လည်း လောလောဆယ်တွင် ဘာမှမတတ်နိုင်ဘဲ အံကြိတ်ကာ သည်းခံလိုက်ရသည်။


ရှုယန်ဝမ်နှင့် ဇနီးဖြစ်သူတို့က တစ်ဦးကိုတစ်ဦး ကြည့်လိုက်ကြပြီး ထိုလင်မယား၏ အမူအရာကို ကြည့်ခြင်းဖြင့် သူတို့လည်း သမီးဖြစ်သူ အသံကို ကြားနိုင်သည်ဟု ခန့်မှန်းလိုက်ကြသည်။


ထန်ဝမ်သည်များသောအားဖြင့် သူတို့အား စကားနာထိုးလေ့ရှိပြီး အဘိုးအရှေ့တွင် ရှုယန်ဝမ်မှာ သတ္တိမရှိကြောင်း၊ ကုမ္ပဏီမှ လူများကိုနှင်ထုတ်ပြီး ကိုယ်ပိုင်အုပ်စုဖွဲ့ကာ မိသားစုစီးပွားရေးကို တဖြည်းဖြည်း ဝါးမြိုရန်ကြံစည်နေကြောင်း အမြဲပြောလေ့ရှိသည်။


ရှုယန်ဝမ်သည် ရိုးသားပြီးနူးညံ့သူဖြစ်ရာ ထန်ဝမ်ကဲ့သို့ စကားအရာတွင် မကျွမ်းကျင်သလို ရှုယန်ရွေ့ ကဲ့သို့လည်း စကားပြောမကောင်းပေ။ အဘိုးအရှေ့တွင် သူသည် တည်ရှိမှုမရှိသကဲ့သို့ ဖြစ်နေပြီး ထိုလင်မယား၏ ဖိနှိပ်မှုကိုအမြဲခံခဲ့ရသည်။


ယခု ထန်ဝမ် အားငယ်သွားသည်ကို မြင်ရသောအခါ ဇနီးမောင်နှံမှာ ရင်ထဲတွင် ဖော်မပြနိုင်အောင် ပျော်ရွှင်သွားကြပြီး မျက်နှာပွင့်လန်းသွားကြသည်။


စကားပြော ကောင်းလှချည်ရဲ့ဆို၊ အခု ဘာလို့ မပြောတော့တာလဲ ?


ထန်ဝမ်က အံကြိတ်ကာ သူတို့ကို ဆိုဖာပေါ်တွင် ထိုင်ခိုင်းလိုက်ပြီး စိတ်အနှောင့်အယှက်ဖြစ်စရာ အသံကို ဆက်လက်နားထောင်နေရသည်။


[ဟင်း နောက်ဆက်တွဲ စကားဝိုင်းကတော့ ပျင်းစရာကောင်းပြီး မေးခွန်းတွေ မေးနေတော့မှာပဲ၊ ဂရုစိုက်သလိုလိုနဲ့ အမျိုးမျိုးစမ်းသပ်တော့မှာ၊ ရှောင်ချီ ဒီဒေါ်လေးမှာ အတင်းအဖျင်းရှိလား၊ ငါ နည်းနည်းလောက် စိတ်ပျံ့လွင့်ချင်လို့]


ပြီးခဲ့တဲ့ အနှစ် ၂၀ လုံးလုံး ဘယ်လိုနေခဲ့ရသလဲလို့ မေးဖို့ပြင်နေတဲ့ ထန်ဝမ်ဟာ ရုတ်တရက် ထိတ်လန့်သွားရသည်။


အတင်းအဖျင်းဆိုတာ ဘာလဲ? သူမ ဘာလုပ်ဦးမှာလဲ


[ဟုတ်ကဲ့ ဒေါ်လေးက အပြင်မှာ လူပျိုလေးတွေ အများကြီးမွေးထားတယ်၊ အားလုံးက Six Pack နဲ့ ချည်းပဲ]


[ဝါး အဲဒါ ဦးလေး သူ့ကို မကျေနပ်စေနိုင်လို့ပေါ့၊ ကျွတ်.. ကျွတ်.. ဦးလေးရဲ့မျက်လုံးတွေကပြာနှမ်း နေပြီး နှုတ်ခမ်းတွေက ဖြူနေတာပဲ၊ ကြည့်ရတာ ကျောက်ကပ်အားနည်းနေတဲ့ပုံပဲ အသက် ၃၀ ကျော်ရင် အမျိုးသမီးတွေက ကျားလို ဝံပုလွေလိုတဲ့၊ အသက် ၄၀ မှာ မြေကြီးပေါ် ထိုင်လိုက်ရင် တောင် မြေကြီးထဲက အာဟာရကိုစုပ်ယူနိုင်တယ်တဲ့]


ထန်ဝမ် မျက်နှာကြီးမှာ နီရဲသွားပြီး အံကို တင်းတင်းကြိတ်ထားမိသည်။