Ch 3
Viewers 2k


🍁 Chapter 3




သူ့ ရင်ထဲမှ တုန်လှုပ်မှုနှင့် သံသယများကို အတတ်နိုင်ဆုံးထိန်းချုပ်ရင်း ဇနီးဖြစ်သူအား အကူအညီ တောင်းသော မျက်လုံးများဖြင့်ကြည့်လိုက်သည်။


သူမ ခင်ပွန်းဖြစ်သူ ခံစားနေရသော သနားစရာကံကြမ္မာကို ကြားလိုက်ရပြီးနောက်တွင်မူ ကျန်းရှင်း ရင်ထဲမှ ဒေါသများမှာမျက်စိတစ်မှိတ်အတွင်း ပျောက်ကွယ်သွားတော့သည်။ သူများရဲ့ အတင်း အဖျင်းကို စားရသည်မှာ တကယ့်ကိုအရသာရှိလှပေသည်။


"ဘာမှမဖြစ်ပါဘူး၊ သမီးအဖေ စိတ်လှုပ်ရှားသွားလို့ပါ၊ ယင်းယင်းက အလိုက်သိပြီးလိမ္မာလိုက်တာ၊ သမီးကိုပြန်တွေ့တာ အမေတို့အတွက် တကယ့်ကံကောင်းခြင်းပဲ"


ကျန်းရှင်း အပြုံးမှာ နေရောင်ခြည်ကဲ့သို့ တောက်ပနေတော့သည်။


ရှင်က ငယ်ချစ်ဦးကို သေအောင်ချစ်နေတာ မဟုတ်လား? ကဲ... ချစ်စမ်းပါဦး!


ရှုယန်ဝမ် သူမကို အားငယ်စွာကြည့်လိုက်မိပြီး ငါ့မိန်းမက ငါ့ကိုလှောင်နေတာမဟုတ်ဘူး၊ သူ တကယ် ပျော်နေတာပါ ဟု ကိုယ့်ကိုယ်ကိုယ် တိတ်တဆိတ်နှစ်သိမ့်နေမိသည်။


သူသည် အသက်ကိုခပ်ပြင်းပြင်း အကြိမ်ကြိမ်ရှူလိုက်ပြီး စိတ်ထဲက သတင်းအချက်အလက်များကို ပြန်လည် စဉ်းစားနေမိသည်။ စဉ်းစားလေ ပိုသိချင်လေ၊ သိချင်လေ ပိုစိတ်ဝင်စားလေဖြစ်လာသည်။


သူနှင့် ကျန်းရှင်းတို့ အကြည့်ချင်းဆုံလိုက်ကြပြီး သီးသန့်စကားပြောရန် အချက်ပြလိုက်ကြသည်။ ကျန်းရှင်းတွင်လည်း မေးစရာ သံသယများစွာရှိနေသည် မဟုတ်ပါလား။ အကြည့်ချင်း ဖလှယ်ပြီး နောက် ကျန်းရှင်းက သမီးဖြစ်သူအားဆိုလိုက်သည်။


"အမေ ပြောစရာရှိတာ ပြောပြီးပြီဆိုတော့ သမီး ခဏနားလိုက်ဦး၊ ညနေကျရင် အဘိုးအိမ်မှာ အတူတူ ထမင်းသွားစားကြမယ်"


"ဟုတ်ကဲ့ပါ"


"အဖေလည်း ပြောစရာမရှိတော့ပါဘူး၊ ညနေ မသွားခင် သမီးကို ပြန်လာခေါ်မယ်နော်"


"ဟုတ်ကဲ့၊ အဖေနဲ့အမေ ဖြည်းဖြည်းသွားပါဦး"


နှုတ်ဆက်သံကို ကြားလိုက်ရသဖြင့် တံခါးဝတွင် ချောင်းနေသော ရှုယောင်ယောင်မှာ ရုတ်တရက် သတိဝင်လာကာ လူသွားလမ်းဘေးရှိအကာကွယ်နောက်သို့ အမြန်ပုန်းလိုက်ရသည်။


လင်မယားနှစ်ယောက် သူတို့အခန်းထဲ ပြန်ဝင်သွားသောအခါမှ သူမသည် တံခါးနားသို့ပြန်ကပ်ကာ နားစွင့်နေမိသည်။


ရှုယန်ဝမ် အခန်းတံခါး ပိတ်လိုက်သည်နှင့် ဇနီးဖြစ်သူအား မစောင့်နိုင်တော့ဘဲ မေးတော့သည်။


"ကျန်းရှင်း... မင်းလည်း ယင်းယင်းရဲ့ စိတ်ထဲကအသံကို ကြားတယ် မဟုတ်လား၊ သူ ပြောတာက"


ကျန်သောအကြောင်းအရာများကို ပြော၍မရသဖြင့် သူသည် လက်ဟန်ခြေဟန်ဖြင့် အသည်းအသန် ရှင်းပြနေရသည်။


"မင်း ကြားတယ်ဆိုရင် သိမှာပါ၊ ယောင်ယောင်က ငါ့ကလေး မဟုတ်ဘူးဆိုတာရယ်... သူနဲ့ ငါ့ကြားမှာ အဆက်အသွယ်မရှိတော့တာကြာပါပြီ၊ အဲဒီတုန်းက ငါအသည်းအသန်ကြိုးစားခဲ့ပေမဲ့ သူ ပြတ်ပြတ်သားသားထွက်သွားခဲ့တာ၊ ငါ တကယ် လက်လွှတ်လိုက်ပါပြီ၊ ငါ မင်းကို မလိမ်ပါဘူး၊ ငါ ကျိန်ဆိုရဲပါတယ်!"


ဤနေရာတွင် သူသည် အစောပိုင်းဇနီးဖြစ်သူ၏အေးစက်မှုနှင့် နာကျည်းမှုများမှာ အဘယ်ကြောင့် ဖြစ်သည်ကို နားလည်သွားပြီဖြစ်သည်။


"ကောင်းပြီ... ကျွန်မ သိပါတယ်၊ ရှင် လက်မထပ်ခင်ကတည်းက အဲဒီအမျိုးသမီးအကြောင်း ကျွန်မကို ဖွင့်ပြောခဲ့လို့သာပေါ့၊ မဟုတ်လို့ကတော့ ရှင့်ကို ကျွန်မ အလွတ်ပေးမှာမဟုတ်ဘူး"


ရှုယန်ဝမ် ဇနီးဖြစ်သူလက်ကို ဆုပ်ကိုင်ကာ ဖွင့်ဟလိုက်သည်။


"ဒါက မိသားစုချင် စီစဉ်တဲ့ လက်ထပ်ပွဲဆိုပေမဲ့ မင်းအပေါ် ငါ လုံးဝအသိအမှတ်မပြုတာ မဟုတ်ပါ ဘူး၊ မင်းက နူးညံ့သိမ်မွေ့ပြီး အသိအမြင်ရှိတယ် မင်းနဲ့လက်ထပ်ပြီးနောက်မှာ ငါ့ရဲ့ အသည်းကွဲ ဒဏ်ရာတွေက တဖြည်းဖြည်းပျောက်ကင်းသွားခဲ့တာပါ၊ မင်းအတွက် မတရားဘူးဆိုပေမဲ့ မင်းနဲ့ငါ အရင်မဆုံခဲ့မိတာ ငါ့အမှားပါ၊ အာရှင်း... ဒီနှစ်တွေမှာ မင်းနဲ့အတူ နေရတာ ငါ တကယ်ပျော်ရွှင်ပြီး စိတ်အေးချမ်းရတယ်၊ ယင်းယင်းရဲ့အသံက အမှန်ပဲဖြစ်ဖြစ်၊ အမှန်မဟုတ်တာပဲဖြစ်ဖြစ်၊ ဒါကို စုံစမ်းဖို့ လိုတယ်လို့ ငါခံစားရတယ်"


ကျန်းရှင်းတွင်လည်း ထိုအတွေးမျိုး ရှိနေသည်။


"ကျွန်မ ယောင်ယောင်ရဲ့မျိုးရိုးကို တစ်ခါမှ သံသယမဝင်ခဲ့ဖူးဘူး၊ အဲဒီတုန်းက DNA စစ်ခဲ့တာပဲလေ၊ အကယ်၍ ယင်းယင်းစိတ်ထဲက အသံအတိုင်းသာဆိုရင် ဒါ တကယ်ကြောက်စရာကောင်းတဲ့ ပူးပေါင်းကြံစည်မှုကြီးပဲ၊ ဒီကိစ္စကို စီစဉ်တဲ့သူရဲ့ စိတ်ဓာတ်က အရမ်းကိုအောက်တန်းကျလွန်းတယ်၊ ယင်းယင်း အနှစ်၂၀ ကျော်လုံးလုံး ဒုက္ခရောက်ခဲ့ရတာကိုတွေးမိတိုင်း ကျွန်မ ရင်ထဲနာကျင်ရတယ်၊ သူ အသက်ရှင်နေသေးလို့တော်သေးတာပေါ့၊ အဲဒီလူကသာ ပိုပြီးရက်စက်ခဲ့ရင် သူ့ကို ကျွန်မတို့ ဘယ်တော့မှ တွေ့ရတော့မှာ မဟုတ်ဘူး"


ကျန်းရှင်းသည် ပြောရင်းနှင့်ပင် ရင်ဘတ်ကိုဖိကာ ရှိုက်ကြီးတငင် ငိုကြွေးလေတော့သည်။ အကယ်၍ တစ်စုံတစ်ယောက်က တမင်လုပ်ခဲ့ခြင်းသာမှန်ပါက သမီးဖြစ်သူအပေါ် သူမ၏ မကောင်းသော အတွေးများအတွက် သူ့ကိုယ် သူ မိခင်ကောင်းတစ်ယောက်အဖြစ် မထိုက်တန်ဟုခံစားနေရသည်။


ရှုယန်ဝမ် သူမကို ရင်ခွင်ထဲထည့်ကာ ကျောကိုပွတ်ပေးရင်း နှစ်သိမ့်လိုက်သည်။


"စိတ်မပူပါနဲ့၊ ယင်းယင်းက လမ်းစပေးထားပြီဆိုတော့ ကိုယ်သေချာစုံစမ်းပါ့မယ်၊ ဘယ်လိုရလဒ်ပဲ ထွက်လာပါစေ၊ ယောင်ယောင်က ငါတို့သမီးပဲ၊ သူ့ရဲ့ စရိုက်ကို ငါ ယုံကြည်တယ်၊ သူက ငါတို့နှစ် ယောက် စနစ်တကျသင်ကြားပေးထားတဲ့ ကလေးကောင်းတစ်ယောက်ပဲ၊ ကျေးဇူးကန်းမယ့်သူ မဟုတ်ပါဘူး"


"အကယ်၍ ယင်းယင်းစိတ်ထဲကအတိုင်း ကြိုတင်ကြံစည်ထားတာဆိုရင်တော့ အရာအားလုံးက နောက်ကျသွားလိမ့်မယ်"


"ဟုတ်တယ်... အရာအားလုံး နောက်ကျသွားလိမ့်မယ်"


ရှုယောင်ယောင် မိမိအခန်းထဲသို့ပြန်လျှောက်လာသောအခါ ခြေလှမ်းများမှာ အကြောင်းပြချက်မရှိဘဲ လေးလံနေသကဲ့သို့ ခံစားရသည်။


ရှုယင်းယင်း ပြန်ရောက်လာခြင်းအပေါ် သူမသည် အနှစ်၂၀ ကျော်လုံးလုံး သူတစ်ပါးဘဝကို ယူထား ခဲ့မိသဖြင့် အားနာနေရရုံသာမက မိဘများ သူမကိုနှင်ထုတ်လိုက်မည်ကိုလည်း စိုးရိမ်နေမိသည်။


သူမသည် မှားယွင်းစွာပွေ့ချီခံခဲ့ရသော သမီးအတုဖြစ်လိမ့်မည်ဟု ယောင်လို့ အိပ်မက်ပင်မမက်ဖူး ချေ။ မိဘအရင်းများမှာ တစ်ညတည်းနှင့် မွေးစားမိဘများဖြစ်သွားကာ သူမကို ချစ်မြတ်နိုးသော အဘိုးနှင့် အဒေါ်ဖြစ်သူတို့မှာလည်း သွေးသားမတော်စပ်သူများ ဖြစ်ကုန်ကြသည်။


အထူးသဖြင့် သူမ၏အစ်မဖြစ်သူ အိမ်ပြန်ပါလာချိန်တွင် တွေ့လိုက်ရသော မျက်နှာထက်မှဝေခွဲမရ သည့် အမူအရာများ၊ အဝတ်အစားနွမ်းနွမ်းနှင့် ပိန်လှီသောခန္ဓာကိုယ်ကြောင့် ပေါ်လွင်နေသည့် အားငယ်မှုများကိုမြင်လိုက်ရသောအခါ သူမ ထိတ်လန့်မှုမှာ အထွတ်အထိပ်သို့ရောက်ရှိသွားခဲ့သည်။


အကယ်၍သာ အမှားမဖြစ်ခဲ့ပါက ထိုကဲ့သို့သော ဘဝမျိုးမှာ သူမ၏ဘဝဖြစ်နေပေလိမ့်မည်။


သူမ ယခုကဲ့သို့ ကောင်းမွန်စွာနေထိုင်နိုင်ခြင်းမှာ ဤလွဲချော်မှုကြောင့်သာ။ အခု အမှန်တရား ပေါ်လာပြီဖြစ်ရာ သူ ထွက်သွားရတော့မှာများလား?


သူမ တစ်ညလုံး ထိုင်စဉ်းစားနေခဲ့ပြီး အရုဏ်တက်ချိန်တွင် ဆုံးဖြတ်ချက်တစ်ခုချလိုက်သည်။


မထွက်ခွာမီ သူမသည် အစ်မဖြစ်သူနှင့် တွေ့ဆုံကာ သူ့ စိတ်ရင်းကို ပြောပြရန်နှင့် မိဘများ၏ အချစ်ကို လုယူရန်ဆန္ဒမရှိကြောင်း၊ ဤကိစ္စမှာ မည်သူမျှမမျှော်လင့်ထားသည့် မတော်တဆမှုသာ ဖြစ်ကြောင်း ရှင်းပြရန်ပြင်ဆင်လိုက်သည်။


တံခါးဖွင့်လိုက်သည်နှင့် အဖေဖြစ်သူ အစ်မ အခန်းထဲဝင်သွားသည်ကို တွေ့လိုက်ရသည်။


ထိုအခိုက်အတန့်တွင် သိချင်စိတ်က သူမ စိတ်ဓာတ်ထက်ပိုဦးဆောင်သွားကာ တံခါးနားတွင် ချောင်းနားစွင့်မိရာမှ သူမ ကျောရိုးတစ်ခုလုံး စိမ့်တက်သွားစေမည့် သတင်းစကားကို ကြားလိုက်ရ ခြင်းဖြစ်သည်။


မနေ့က သူမဆီကို ရုတ်တရက်ရောက်လာသော ထူးဆန်းသည့် မက်ဆေ့ခ်ျများကို ပြန်စဉ်းစား ကြည့်လျှင် အရာအားလုံးမှာ လမ်းစပေါ်လာရသည်။


သူ ဒီအတိုင်း ထွက်မသွားသင့်သေးပေ။ ထွက်သွားမည်ဆိုလျှင်တောင် လုပ်သင့်သည်များကို အဆုံးသတ်ပြီးမှသွားရမည်။


အဖေနှင့်အမေမှာ သူမကိုအလွန်ချစ်ကြပြီး ယခုအချိန်ထိ ယုံကြည်နေကြဆဲဖြစ်ရာ သူ မည်သို့လျှင် စိတ်မလှုပ်ရှားဘဲ နေနိုင်ပါမည်နည်း။


အကယ်၍ သမီးအရင်း၊ သမီးအတုကိစ္စနောက်ကွယ်တွင် တကယ်လို့ကြိုတင်ကြံစည်ထားသော ပူးပေါင်းကြံစည်မှုကြီးရှိနေသည်ဆိုပါက သူမသည် အဓိကအစိတ်အပိုင်းတစ်ခုအနေဖြင့် ထိုအကြံ အစည်ကိုဖြိုခွင်းပြီး မိဘများနှင့် အစ်မကို အန္တရာယ်မှဝေးရာသို့ ပို့ဆောင်ပေးရမည်။


သူ မျက်လွှာချလိုက်ပြီး ဖုန်းထဲမှ စိမ်းနေသောဖုန်းနံပါတ်တစ်ခုဆီသို့ တွေ့ဆုံရန် မက်ဆေ့ခ်ျတစ် စောင်ပို့လိုက်တော့သည်။